လျှို့ဝှက်စာ
Vol. 8 Ch. 112
“အစ်မလေး ပြောပုံအရ ဒီဟန်ဆိုတဲ့သူက အရည်အချင်းအချို့ ရှိပုံရတယ်…” နံပါတ်နှစ်ဇနီးလီက မဆိုသလောက် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ဆို၏။
ဇနီးသုံးကလည်း သက်ပြင်းချကာ သူမစိတ်ထဲရှိတာ ပြောလာ၏။ “ထပ်ပြောနေဖို့ မလိုတော့ဘူး။ သူ့စိတ်အင်အားက ဟိုအယောင်ဆောင်ကောင်ထက် အများကြီး ပိုအားကောင်းတယ်။ အဲ့အယောင်ဆောင်ကောင် လူချောလေးဝူ ကျမရဲ့ မျက်နှာကို မြင်ခဲ့ချိန်တုန်းကဆို ကျမရဲ့ မဟာမြေခွေးပညာရပ်ရဲ့ တနေ့လုံး သက်ရောက်ခြင်းကို ခံရပြီးမှ ပြန်ကောင်းမွန်လာခဲ့တာ။ ဒီဟန်ဆိုတဲ့ တစ်ယောက်ကတော့ ခဏ မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားပေမဲ့ ချက်ခြင်းပဲ သူ့စိတ်ကို ပြန်ကြည်လင်သွားအောင် လုပ်နိုင်ခဲ့တယ်။ ဆိုတော့ သူစိတ်အင်အားဟာ ကောင်းမွန်လှတာ သိသာနေတာပဲ။ သူဟာ သာမန်တော့ မဖြစ်နိုင်ဘူး…”
ထိုစကားများကို ကြားသည့်နောက် ဇနီးသုံးယောက်လုံးသည် ငြိမ်သက်သွားပြန်သည်။ လူတိုင်းက တွေးနေကြ၏။ သူတို့ထံ၌ အဆိုးဘက်ရောက်သော စကားများ ပြောစရာ ရှိနေသည့်အလား။
တအောင့်အကြာတွင် အမျိုးသမီးယန်သည် ခါးသီးစွာ ပြုံး၍ စကားစဆိုလာသည်။ “ဒီလို ကြမ်းတမ်းတဲ့ တစ်ယောက်ဟာ ငါတို့ မော့အိမ်တော်အတွက် ကံကောင်းမှု ယူလာမလား၊ ဘေးဒုက္ခ ယူလာမလားကို ချက်ခြင်း ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး…”
“အရင်ဆုံး လျှို့ဝှက်စာကို ထုတ်လိုက်ပါ။ လူတိုင်း ဒါကို ကြည့်လိုက်ရင် ရှင်းသွားလိမ့်မယ်…” ထိုစကားများကို ပြောလာသူမှာ အမျိုးသမီးယန်မဟုတ်၊ သမားတော်မော့၏ ဇနီးငါး ဖြစ်သူပင်။ သူမက စကားဆိုရင်း အခန်းထဲ လှမ်းဝင်လာသည်။
“ကျမ ဘေးပတ်ဝန်းကျင်ကို သေချာ ထောက်လှမ်းကြည့်ပြီးပြီ။ မီတာနှစ်ရာ ပတ်ပတ်လည်မှာ အပြင်လူအရိပ်အယောင် လုံးဝ မတွေ့ဘူး။ ဒါ့အပြင် အစောင့်တွေကိုလည်း ထပ်ဖြည့်တင်းထားတယ်…”
အမျိုးသမီးယန်က အတွေးထဲ နစ်မြောကာ ခေါင်းငုံ့နေ၏။ ထို့နောက် သူမသည် စကား ထပ်ဆိုသည်။
“ညီမတို့ အရှင်ခင်ပွန်း မထွက်သွားခင်တုန်းက သူ ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးလား။ သူ မထွက်သွားခင်က တစုံတစ်ယောက်ဟာ လျှို့ဝှက်စကားမပါတဲ့ အမှတ်အသား မပါတဲ့ စာတစောင် လာပို့ရင် သူ ဘေးကင်းတယ်။ ငါတို့ သူ့ကို စိတ်ပူစရာမလိုဘူးလို့ ပြောထားခဲ့တယ်။ဒါပေမဲ့ စာမှာ အမှတ်အသားပါပြီး လျှို့ဝှက်စကားကို ဖုံးကွယ်ထားခဲ့ရင် အဲ့သတင်းက ကျိန်းသေပေါက် သတင်းဆိုး ဖြစ်လိမ့်မယ်တဲ့။ ငါတို့ စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားရအောင်။ ဒီစာကတော့…”
“ကောင်းပါပြီ။ လူတိုင်းပဲ ပြင်ဆင်ထားပြီးပြီ ဆိုတော့ တို့ ခုပဲ ဒီလျှို့ဝှက်စကားကို ဖော်ထုတ်ကြတာပေါ့…” အမျိုးသမီးယန်က ပြတ်သားစွာ ပြောလိုက်သည်။
တုံ့နှေးမနေတော့ဘဲ သူမက အနီးအနား စားပွဲပေါ်က ရေနွေးခွက်နှင့်ရေနွေအိုးကို လှမ်းယူကာ ခွက်တဝက်ထိ ရေအေးလောင်းထည့်သည်။ ထို့နောက် သူမသည် သူမ၏ နဂါးလက်စွပ်ကို ယူကာ အကြိမ်အနည်းငယ် လေထဲသို့ မြှောက်လိုက်ဖမ်းလိုက် လုပ်၏။ မထင်မှတ်စွာပင် ထိုလက်စွပ်သည် နှစ်ပိုင်းကွဲထွက်ကာ ကွယ်ဝှက်ထားသော အဖြူရောင်ဆေးမှုန့် ပေါ်လာ၏။
အမျိုးသမီးယန်က ထိုဆေးမှုန့်ကို ရေနွေးခွက်ထဲ ထည့်၏။ သည့်နောက် သူမသည် ဘေးမှ လူများကို လှမ်းကြည့်သည်။ နံပါတ်နှစ်ဇနီးလီက အမျိုးသမီးယန်ကို ပြန်ကြည့်ပြီး ဦးဆုံး ထရပ်သည်။
သူမက စားပွဲရှေ့နား လှမ်းလာပြီး သူမ၏လက်ကို ပင့်မြှောက်၏။ သူမ၏သန့်ရှင်းဖြူစင်သော လက်ချောင်း၌ မထင်မှတ်စွာပင် အလားတူလက်စွပ်ကို ဝတ်ထားပေသည်။
ထိုအမျိုးသမီးလီက ယင်းလက်စွပ်ထံမှ ဆေးမှုန့်အနည်းငယ်ကို ထုတ်ယူကာ ရေနွေးခွက်ထဲ သွန်းထည့်သည်။ သို့ပေမည့် သူမ၏ ဆေးမှုန့်က အနီရောင် ဖြစ်၏။ အမျိုးသမီးယန်၏ ဆေးမှုန့်နှင့် မတူပုံ ရသည်။
ဇနီးသုံးနှင့်ဇနီးငါးတို့မှာလည်း ထိုသို့ လိုက်ပါလုပ်ဆောင်ကြသည်။ သူတို့နှစ်ယောက်လုံးတွင်လည်း နဂါးလက်စွပ်များ ရှိကြ၏။ သူတို့၏ လက်စွပ်များထဲတွင်မူ အဝါရောင်နှင့်အမဲရောင်ဆေးမှုန့်များ အသီးသီး ရှိကြသည်။
အမျိုးသမီးယန်သည် လူတိုင်းက ရေနွေးခွက်ထဲ ဆေးမှုန့်ထည့်ပြီးသည့်ထိ စောင့်နေပြီးနောက် ၎င်းကို ညင်သာစွာ မွှေသည်။ ထိုအခါ မူလတုန်းက ရောင်စုံအရည်သည် အမှန်တကယ် ကြည်လင်လာသည်။
“ပြီးပြီ။ ဒီရေ ကြည်လင်သွားလိမ့်မယ်။ ညီမနှစ်..နင်က လက်သိုင်းအတော်ဆုံးပဲ။ ဒါ့ကြောင့် နင်ပဲ ဒီရေကို စက္ကူနဲ့ ထိသုတ်လိုက်ပါ…” အမျိုးသမီးယန်က ထိုသို့ဆိုသည်။
ဇနီးနှစ်(လီ)က ပြုံး၏။ ထို့နောက် သူမသည် အလုပ်စသည်။
အမျိူးသမီးလီက ထိုဆေးရည်ကို သမားတော်မော့၏ လက်ရေးစာပေါ်၌ လိမ်းသုတ်နေ၏။ အခန်းတခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။ သို့ဖြစ်၍ အခန်းလေထုမှာ တင်းကြပ်လာ၏။
“ပြီးပြီ။ ဒီစာကို ဆေးရည်နဲ့ လုံးဝ သုတ်လိမ်းပြီးပြီ။ ပြီးရင်တော့ ငါတို့ ညီမငါးအကူအညီနဲ့ ဒီစာကို အခြောက်ခံရမယ်။ ညီမငါး နင့်အတွင်းအားကို အသုံးပြုပေးပါ…”
အမျိုးသမီးလီက ခါးပြန်ဆန့်၏။ သူမ၏နှဖူးထက်၌ စို့နေသော ချွေးများကို သုတ်ကာ ဇနီးငါးထံ ပြုံး၍ လှမ်းပြောသည်။
အေးစက်ကျော့ရှင်းသော အမျိုးသမီးက ခေါင်းညိတ်ကာ ဆေးရည်ပေနေသောစာကို ယူသည်။
ထို့နောက် သူမက တခြားလက်တဖက်ကို ဆန့်ထုတ်၏။ အားအနည်းငယ် အသုံးပြုသည့်အခါ သူမ၏လက်ဝါးထံမှ ခပ်ဖျော့ဖျော့ မီးလျှံအပူဓာတ်တစ်ခုကို ထုတ်လွှတ်လာသည်။ သူမသည် လက်ဝါးကို စာနှင့် သုံးလက်မအကွာ၌ ထားကာ တဖြည်းဖြည်း အပူဓာတ်ပေးကာ စာကို သွေ့ခြောက်သွားအောင် ပြုလုပ်သည်။
အချိန်ခဏ ကြာပြီးနောက် ထိုစာသည် လုံးဝ သွေ့ခြောက်သွားသည်။ စာ၏ မင်နက်များမှာလည်း အလုံးစုံ ကွယ်ပျောက်သွားပြီး ခပ်ဖျော့ဖျော့ အနီရောင်လက်ရေးတချို့ ပေါ်လာ၏။ ဤသည်မှာ ဟန်လိကို သူ၏ ဇနီးများထံ လျှို့ဝှက်စာ ပေးပို့ခြင်း၌ အသုံးပြုခဲ့သော သမားတော်မော့၏ အကြံအစည်ပင်။
ဟန်လိကတော့ ထိုအခန်းထဲ၌ ဖြစ်ပျက်နေသည်များကို မသိနေပေ။ ခုချိန်၌ သူသည် သူ့ရှေ့တွင် ရပ်နေသော ဂြိုဟ်ကောင်မလေးနှင့် ပတ်သတ်ပြီး ခေါင်းကိုက်နေရသည်။
လမ်းတလျှောက်လုံး မော့အိမ်တော်၏ နံပါတ်သုံးသမီးတော်လေးက မထင်မှတ်စွာဖြင့် သူမ၏ စီနီယာအစ်ကိုဖြစ်သော သူ့ထံကနေ ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်ကို တတီတီတောင်းနေခဲ့ပေသည်။
“ဂျူနီယာညီမလေးက ဘယ်လို လက်ဆောင်မျိုး လိုချင်တာလဲ…” သည့်ထက် ပိုမပြောတတ်တော့၍ ဟန်လိသည် အကူအညီမဲ့စွာဖြင့် သူမ၏ တောင်းဆိုမှုကို ကျေနပ်သွားအောင် လုပ်ပေးဖို့ ပြင်ဆင်ရတော့သည်။
“တန်ဖိုးရှိတဲ့ ကျောက်မျက်တွေ၊ လက်ဝတ်ရတနာတွေ ဘာပဲဖြစ်ဖြစ် ရတယ်။ ဒါမှမဟုတ် လုပ်ရမှာ ပျော်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အရာတစ်ခုခု။ ကျမက သိပ်တော့ ဂျီးမများတတ်ပါဘူး။ ဒီအရာတွေ စီနီယာအစ်ကိုဟန်မှာ မရှိဘူးဆိုလည်း ငွေစင်ရှစ်ထောင်ခုနစ်ထောင်လောက် ပေးရင်လည်း လက်ခံပါတယ်…”
မော့ချိုက်ဟွန်သည် ထိုသို့ တောင်းဆိုသည့်အပေါ် စိတ်စနိုးစနှောင့်လုံးဝ မဖြစ်ဘဲ သူမ၏ မျက်ဝန်းနက်နက်များကို ပေကလပ်ပေကလပ် လုပ်နေသည်။
“ငွေစင်ခုနစ်ထောင်၊ရှစ်ထောင် ဟုတ်လား…” ဟန်လိက သည်စကားကို ကြားသည့်အခါ မြေပေါ်သို့ ပစ်လဲမတတ် ဖြစ်သွားမိ၏။ သည်ဂြိုဟ်ကောင်မလေးက ပါးစပ်အစွမ်းကုန် ဖြဲထားသော ခြင်္သေ့တစ်ကောင်နှင့်ပင် တူနေလေပြီ။
“ငါ့ ရှိသမျှ ထိုင်ရေတွက်ရင်တောင် ဒီလောက်များတဲ့ငွေ ဘယ်ရှိပါ့မလဲ။ ငါ့မှာ ရှိခဲ့ရင်လည်း သူမကို ပေးဖို့ မဖြစ်နိုင်ဘူး။ သူမက ငါ့ကို အရူးလို့ ထင်နေတာလားဟ…”
ဟန်လိသည် ထိုသို့တွေးနေသော်လည်း သူ့အမူအရာကမူ မပြောင်းလဲသွားပေ။ သို့ပေမည့် မိန်းကလေး၏ ဟန်အမူအရာကို ကြည့်ခြင်းအားဖြင့် သူမ၏အကြည့်ထဲ၌ အဓိပ္ပာယ်အချို့ ရှိလို့နေသည်။
မော့ချိုက်ဟွန့်သည် အတော်လေး တော်၏။ တချက်ကြည့်ရုံဖြင့်ပင် သူမက ဟန်လိ၏ အတွေးများထဲမှ တချို့တလေကို ခန့်မှန်းမိသည်။
သူမက သူမ၏ ပါးစပ်လေးကို ရွဲ့ကာမဲ့ကာဖြင့် အံ့အားတသင့် အော်ပြောသည်။ “စီနီယာအစ်ကိုဟန်…နင့်မှာ ဒီမွေးစားညီမလေးနဲ့ ပထမဆုံးတွေ့တာကို ပေးဖို့ ဘာလက်ဆောင်မှ မရှိတာလား။ငါ သခင်လေးဝူနဲ့ ပထမဆုံးတွေ့တုန်းကဆို သူက ငွေစင်တစ်သောင်းတန်တဲ့ ချက်လက်မှတ်ကို မုန့်ဖိုး ပေးခဲ့တာ နင် သိသင့်တယ်…”
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ ဒေါသ ပိုထွက်လာသည်။ “ဟက်…အဲ့ဝူဆိုတဲ့ကောင်က နင့်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို ရဖို့ အကြံအစည်နဲ့ လူလေ၊ ငါကတော့ နင့်ကို အဲ့လိုလက်ဆောင်ပေးဖို့ စိတ်ကူး တစက်လေးတောင် မရှိဘူး။ ဒါ့အပြင် နင့်ရဲ့အဖေက ငါ့ကို ယင်အဆိပ် ခတ်ခဲ့သေးတာ။ ငါ့ဘဝလေးက အချိန်မရွေး အဆုံးသပ်သွားနိုင်တယ်…”
ဟန်လိသည် စိတ်ထဲကနေ ထိုသို့ ပြောမိနေ၏။
ဟန်လိသည် ဒေသပုန် ထမိနေသည်။ သို့သော် သူက မိုးပေါ်သို့ ရိုးရိုးရှင်းရှင်း မော့ကြည့်နေ၏။ မလှုပ်မယှက်ဖြင့် မော့အိမ်တော်မှ သည်ဂြိုဟ်ကောင်မလေးက ဟန်လိထံ၌ အနည်းဆုံးတော့ မည်သည့်တန်ဖိုးရှိ ပစ္စည်း ပိုင်ဆိုင်မည်နည်းဟု စတင် စဉ်းစားနေပေသည်။
မော့ချိုက်ဟွန်က ထိုဟန်လိသည် အသားမည်းမည်းကောင်လေး ဖြစ်ပြီး အမှန်ကတယ် အရူးလုပ်၍ ရသည်ဟု မြင်နေမိ၏။ သူက သူမကို အရေးမထားသည့်အခါ စိတ်ထဲ၌ ပူပန်သလို ဖြစ်လာသည်။
ပြီးခဲ့သောနှစ်မှစ၍ သူမသည် လူငယ်သခင်လေးဝူထံမှ ငွေမြောက်များစွာ ရပြီးနောက် နောက်ထပ် တစ်ယောက်ယောက်ကများ ထိုသို့ ထပ်ပေးမည်လားဟု ညတိုင်း အိပ်မက်ပင် မက်ခဲ့ရပေသည်။
အခု သူမထံ၌ နောက်ထပ်အခွင့်အရေးတစ်ခု ရှိလာပြီ မဟုတ်လား။ သို့သော် သူမအဖေ၏ တပည့် အမှန်တကယ် ဖြစ်ဟန်တူသော သည်ကောင်က လှုပ်ပင် မလှုပ်ပေ။ သူ့မျက်နှာက အရေထူးလွန်းသည်မှာ မြို့နံရံထက်ပင် သာအုံးမည်။ ထိုသူက သူမလို မိန်းမလှလေးရှေ့၌ ခုလိုမျိုး အပြုအမူကို မည်သို့သောစိတ်ဖြင့် လုပ်ဆောင်နိုင်ရသနည်း။ သူ့ထံ၌ ကိုယ်ချင်းစာတရား နည်းနည်းလေးတောင် မရှိလေသလား။ မျက်ရည်ထွက် မြန်စေဖို လေ့ကျင့်ထားသဖြင့် ကျဆင်းနေသော သူမ၏ပါးပြင်ထက်မှ မျက်ရည်များကို သူ မမြင်လေသလား။ သည်ကောင်က ခုထိ မထူးခြားနားဟန်ဖြင့် ရှိနေတုန်းပင်။ သူက တကယ် စိတ်တိုဖို့ ကောင်းလိုက်တာ။