← Chapters

လေရနံ့ဆေးလုံး

Vol. 9 Ch. 113

လေရနံ့ဆေးလုံး

Vol. 9 Ch. 113

ညပိုင်းအခါ ကြယ်စုံနေပြီး လေထုမှာ သိပ်အေးလှသည် မဟုတ်ပေ။ သို့သော် မော့ချိုက်ဟွန်၏ နူးညံ့သောမျက်နှာမှာ အတန်ငယ် အေးစက်နေ၏။ သူမသည် ဟန်လိကို ရန်စွဲငေါငေါဖြင့် စိုက်ကြည့်နေ၏။ သူမ၏စိတ်ထဲ၌လည်း အံတင်းတင်းကြိတ်ထားမိကာ သည်အရည်ထူလှသော စီနီယာအစ်ကိုဆိုသူကို မကျေမချမ်း ဖြစ်နေသည်။

ခုချိန်၌ သူတို့နှစ်ယောက်လုံးသည် အနောက်ဘက်ခြံဝန်းနှင့် ဆက်သွားထားသော လမ်းသွယ်လေးပေါ်တွင် ရပ်နေကြတာ တစ်နာရီလောက် ရှိနေပေပြီ။ သူတို့က ခြေတလှမ်းမှ မလှမ်းဘဲ အအေးဒဏ်ခံကာ သည်အတိုင်း ရပ်နေကြ၏။ မော့ချိုက်ဟွန်က သူမ၏ ချစ်ခင်စဖွယ်ကောင်းအောင် ပြုမူခြင်း၊ နန့်တန့်တန့်လုပ်ပြခြင်း၊ မျက်ရည်ကျပြခြင်း စသည့်နည်းလမ်းသုံးခုက ဟန်လိအပေါ် မသက်ရောက်သည်ကို သဘောပေါက်ပြီးနောက် မကျေမချမ်းဖြင့် အံတင်းတင်းကြိတ်ကာ ရှေ့ဆက်မလျှောက်ဘဲ နေရာတွင် ရပ်နေခြင်း ဖြစ်၏။ အစတုန်းက ထိုနည်းလမ်းများဖြင့် သူမသည် ဟန်လိကို ဖမ်းစားနိုင်မည်ဟု တွေးထားခဲ့၏။ သို့သော် သူမမှာ အောင်မြင်မှု မရခဲ့ပေ။ သို့ဖြစ်၍ အခုအခါ၌ သူမသည် အလိုမကျဟန်၊ သနားစဖွယ်ကောင်းဟန် ဖြစ်ပေါ်နေသာ အကြည့်ဖြင့် ဟန်လိကို စိုက်ကြည့်နေ၏။ သူမက ဟန်လိ သူမကို အလျှော့ပေးဖို့ မျှော်လင့်နေသည်။

သို့သော် မော့ချိုက်ဟွန်၏ သနားစဖွယ်ကောင်းသော အခြေအနေကို မြင်သည့်အခါ ဟန်လိက အလိုလို ရယ်မိသွားသည်။

သူမ၏အပြုအမူဟန်ပန်က သူ့သူငယ်ချင်းကောင်း လီဖေးယွီကို ပြန်အမှတ်ရမိသွားစေ၏။ အရင်တုန်းက လီဖေးယွီသည် ဟန်လိ၏ အကူအညီ လိုအပ်တိုင်း ထိုသို့သော အမူအရာဖြင့် ဟန်လိ သနားကာ သူ့ကို ကူညီပေးလာအောင် ပြုမူတတ်ပေသည်။ ထိုသို့သော အတွေ့အကြုံ ရှိဖူး၍ ဟန်လိသည် ယင်းသနားအောင်လုပ်သော အပြုအမူများနှင့်ပတ်သတ်၍ ခံနိုင်ရည် ရှိထားသည်။

ထိုအခါ မော့ချိုက်ဟွန်က သူမ၏ သနားစရာအကောင်းဆုံးဟန်ပန်ဖြင့် ဟန်လိကို ကြည့်နေချိန်၌ သူလည်း နေရာတွင် မလှုပ်မယှက် ရပ်နေခြင်းပင်။ သူက မော့ချိုက်ဟွန်၏ သရုပ်ဆောင်နိုင်မှုကိုတော့ ကြိတ်၍ ချီးကျူးမိသည်။ သူက ရယ်ချင်စိတ်ဖြင့် မကြာခဏ ခေါင်းယမ်းနေမိသည်။

ဟန်လိ၏ ရက်စက်လှသော တန်ပြန်အပြုအမူကြောင့် မိန်းမချောလေး မော့ချိုက်ဟွန်မှာ အရှုံးပေးရတော့သည်။ သူမသည် ရုပ်သေးကဲ့သို့ ရပ်ကာ အသနားခံအကြည့်ဖြင့် ကြည့်နေခြင်းကို ရပ်ပြီး ထိုအစား ရန်လိုသောအကြည့်ကို ပြောင်းလာသည်။

တကယ်လည်း မော့ချိုက်ဟွန်သည် သူမ၏ လုပ်ဆောင်မှုများအပေါ် နောင်တ စရနေမိပြီ။ သူမ၏ အမေကသာ ဒီကိစ္စကို သိသွားပါက သူမသည် ဟန်လိထံမှ မည်သည့်အကျိုးအမြတ်မှ မရသည့်အပြင် ဂိုဏ်းစည်းကမ်းအတိုင်း အပြစ်ပေးခံရမှာကိုပါ ကြောက်မိနေ၏။

ထိုသို့တွေးမိကာ သူမသည် ဟန်လိကို မုန်းတီးစွာ ကြည့်တော့၏။ ထိုတောသားမှာ သူမကို တခုခုကို မပေးနိုင်ဘူးလား။ သူက မိန်းကလေးတစ်ယောက်နှင့် မည်သို့ လိုက်ရောညီထွေ ဆက်ဆံရမည်ကို မသိတာလား။ သူမ၏ ဒီစီနီယာအစ်ကိုဟန် ဆိုသူမှာ အမှန်ပင် လူ့ယဉ်ကျေးမှု မသိသောတောသား ဖြစ်ရမည်။

ခုချိန်၌ သူမသည် အစောပိုင်းလေးက ဟန်လိထံကနေ သူမ၏ လွန်လွန်ကဲကဲ တောင်းဆိုမှုများကိုပါ မေ့သွားပြီ ဖြစ်၏။

ဟန်လိသည် မိန်းကလေးများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံ မရှိသော်လည်း သူက မော့အိမ်တော်၏ ခွန်အားကို ငှားယမ်းအသုံးချမည် ဆိုပါက သူတို့ကို ရန်စ၍မရမှန်းတော့ သိသည်။ သို့ဖြစ်၍ မော့ချိုက်ဟွန်ကို အချိန်တခုကြာ ဒေါသထွက်နေစေပြီးနောက် သူ့ဝတ်ရုံထဲ လက်နှိုက်ကာ သည်ဂြိုဟ်ကောင်မလေးအတွက် သင့်တော်မည့် တခုခုကို ရှာကြည့်သည်။

နောက်ဆုံး၌ ဟန်လိက အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။ ယင်းထဲ၌ မွှေးပျံ့သောရနံ့ကို ထုတ်လွှတ်နေသည့် အနီရောင်ဆေးလုံးအနည်းငယ် ရှိနေသည်။

ထိုဆေးလုံးများကို လေရနံ့ဆေးလုံးဟု သိကြသည်။ နန်းတော်ရှိ တော်ဝင်ကိုယ်လုပ်တော်များက သည်ဆေးလုံးကို သဘောကျ နှစ်ခြိုက်ကျပေသည်။ အကြောင်းမှာ ယင်းဆေးလုံး တမူးထူးသော မွှေးရနံ့ကို ထုတ်လွှတ်ပေးကာ စိတ်ကျေနပ်မှုကိုလည်း ပေးပြီး အချိန်ကြာကြာလည်း ရနံ့ခံသောကြောင့်ပင်။ ထို့အပြင် ဆေးလုံးကို အင်းဆက်ပိုးမွှားများ၏ ကိုက်ခဲခြင်းကနေ ကာကွယ်ရာ၌လည်း အသုံးပြုနိုင်သေးသည်။ ထို့ကြောင့်လည်း သည်ဆေးလုံးမှာ တော်ဝင်ကိုယ်လုပ်တော်များကြား နှစ်သက်သည့်အရာတစ်ခု ဖြစ်ခဲ့သည်။

ထိုသို့သော ဆေးလုံးမျိုးကို မိန်းကလေးငယ်တစ်ယောက်အတွက် လက်ဆောင်အဖြစ် ပေးရခြင်းက အတန်ငယ် နှမြောဖို့ ကောင်းပေသည်။ ယင်းဆေးလုံးကို ဖော်စပ်ဖို့အတွက် အဓိကလိုအပ်သော ဆေးအမယ်အချို့မှာ ရှားပါးကာ အဖိုးတန်သောကြောင့်ပင်။ နန်းမြို့တွင်ပင် ယင်းဆေးအမယ်များကို တွေ့ရခဲသည်။ အကြောင်းမှာ တော်ဝင်နန်းတော်၏ လိုအပ်ချက်ကို မှီအောင် မဖြည့်ပေးတင်နိုင်သောကြောင့်ပင်။ သို့ဖြစ်၍ သည်ဆေးလုံးသည် အချိန်ကာလ၏ အောက်မှာ ပျောက်ဆုံးခဲ့ပေသည်။

ဟန်လိသည် သူ့ကို အကူအညီ ပေးနိုင်လိမ့်မည် မဟုတ်သော သည်လိုဆေးလုံးမျိုးကို လုံးဝ မဖော်စပ်ခဲ့ပေ။ သို့သော် သူ ချီးရွှမ်ဂိုဏ်းတွင် နေခဲ့စဉ်အတွင်း သူသည် လီဖေးယွီကြောင့် သည်လိုဆေးလုံးကို ဖော်စပ်ပေးခဲ့ရသည်။ အကြောင်းကား လီဖေးယွီက ကျန်းရွှယ်အာကို မျက်နှာလိုမျက်နှာရ လုပ်ဖို့အတွက် ဟန်လိကို အတင်းအကြပ် ဆေးဖော်ပေးဖို့ အကူအညီတောင်းခဲ့သောကြောင့်ပင်။ နောက်ဆုံး၌ ဟန်လိလည်း နားပူမခံနိုင်တော့၍ လီဖေးယွီ၏ တောင်းဆိုမှုအရ သည်ဆေးလုံးများကို ဖော်စပ်ပေးခဲ့ရတာ ဖြစ်သည်။

အခု သူ့ထံ၌ ဆေးလုံးအနည်းငယ်သာ ကျန်တော့သည့် ဆေးပုလင်းတစ်လုံးသာ ရှိတော့၏။ အစတုန်းက ဟန်လိသည် ဒီဆေးလုံးတွေကို အင်းဆက်များ ရန်က ကာကွယ်ဖို့ သူ ကိုယ်တိုင်အတွက် အသုံးပြုမည်ဟု ကြံထားခဲ့တာပင်။ သို့သော် ခုချိန်တွင်မူ သူသည် ဒီဆေးပုလင်းကို သုံး၍ သူ့ရှေ့မှ ဂြိုဟ်ကောင်မလေး စိတ်ကျေနပ်အောင် လုပ်ပေးမှ ဖြစ်ပေတော့မည်။

ဟန်လိသည် ထိုကျောက်စိမ်းပုလင်းကို မော့ချိုက်ဟွန်ထံ လှမ်းပစ်ပေးလိုက်သည်။ မော့ချိုက်ဟန်က တွန့်ဆုတ်တွန့်ဆုတ် မယူချင့်ယူချင်ဟန် လုပ်နေသေး၏။ ပြီးခါမှ သူမသည် ဒီဆေးလုံးကို ဖမ်းယူကာ မေးလာသည်။ “ဒါက ဘာကြီးလဲ…”

သူမ၏ စူပုတ်နေသော မျက်နှာထက်၌လည်း အပြုံးကို ပြန်မြင်ရလေ၏။ သူမသည် နောက်ဆုံး၌ သည်ကပ်စီးနည်းထံမှ လက်ဆောင်တစ်ခုကို အရယူနိုင်လိုက်ပြီ မဟုတ်လား။ ထိုသည်က သိပ်များများစားစား မဟုတ်လှသော်လည်း မော့ချိုက်ဟွန်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာအောင် လုပ်ဖို့တော့ လုံလောက်သွားသည်။

“ဒီဆေးလုံးကို လေရနံ့ဆေးလုံးလို့ ခေါ်တယ်။ သူ့ရဲ့ သက်ရောက်မှု တကယ်ပဲ ဆန်းပြားတယ်။ ပြီးတော့ ဒီဆေးလုံးက…” ဟန်လိသည် မော့ချိုက်ဟွန် အပျော်လွန်ကာ ကျေနပ်သွားအောင် သည်ဆေးလုံးအကြောင်း ရှင်းပြလာသည်။ သို့သော် မော့ချိုက်ဟွန့်က ကျောက်စိမ်းပုလင်းကို ကောက်ဖွင့်ကာ ရနံ့ကို ရှုကြည့်ပြီး ဖြစ်နေသည်။ ဟန်လိ အံ့အားသင့်မိသွား၏။ ထိုသို့ ဆေးရနံ့ကို ကောက်ရှုပြီးနောက် သူမက ဆေးပုလင်းကို ချက်ခြင်း ပြန်ပိတ်ကာ သတိအနေအထား ဖြစ်သွားသည်။

သူမက ဟန်လိကို သတိထားနေသော အကြည့်ဖြင့် လှမ်းကြည့်ပြီး ဂရုတစိုက် မေးလာသည်။

“ဒီဆေးလုံးက လူကို အသိစိတ်လွတ်စေပြီး ကာမစိတ် ထက်သန်အောင် လုပ်ပေးတဲ့ ဆေးလုံးတော့ မဟုတ်ဘူးမလား။ ဒါပေမဲ့ ဒီဆေးလုံးရဲ့ ရနံ့က အစ်မတွေ ပြောပြထားတဲ့ ကာမအားတိုးဆေးလုံးနဲ့ ဘာလို့ တူနေရတာလဲ…။ ရှင် ကျမကို တခုခု လုပ်ဖို့ ကြံနေတာလား…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မင်သက်မိရာကနေ ပါးစပ်ဟောင်းလောင်း ဖြစ်ကာ စွန့်အသွားမိတော့၏။ ရုတ်တရက် သူသည် သွေးအန်မိမလိုပါ ခံစားမိသွားသည်။ သည်မိန်းကလေး၏ အတွေးများက ခန့်မှန်းရတာ ခက်ခဲလှချေ၏။ သူမသည် သည်ဆေးလုံး၏ ရနံ့နှင့် ကာမအားတိုးဆေးကို အမှန်တကယ် ချိတ်ဆက်ပစ်ကာ ပြောဆိုခဲ့ပေသည်။

အခု ဟန်လိသည် မည်သို့ လုပ်ရမည်မှန်းကို မသိတော့ပေ။ သူသည် ငိုရမလို၊ရယ်ရမလို ဖြစ်သွား၏။ ထိုစဉ် မော့ချိုက်ဟွန့်က စကားဆက်လာ၏။ “ရှင့်ပုံစံကြည့်ရတာ ဒီဆေးလုံးက အစစ်အမှန်တော့ ဖြစ်ပုံရတယ်။ ဒါပေမဲ့ ကျမ ဒါကို အသုံးမပြုခင် ကျမအစ်မကို အရင် စမ်းသပ်ခိုင်းရမယ်။ တကယ်တော့ မိန်းမတွေအားလုံးဟာ သူတို့ ဘာလုပ်လုပ် သတိထားတတ်ကြတယ်လေ…”

မော့ချိုက်ဟန်သည် ဟန်လိကို မှန်ကန်ဖြောင့်မတ်သော လေသံဖြင့် ပြောဆိုလာခဲ့တာ ဖြစ်၏။

“အဟွတ်…အဟွတ်…နင် ကြိုက်သလိုသာ လုပ်ပါတော့…”

ဟန်လိသည် သူ့မျက်နှာထက်ရှိ အရှက်ရသွားမှုကို ဖုံးကွယ်နိုင်ဖို့ ဟန်ဆောင်ကာ ချောင်းဟန့်လိုက်ရတော့၏။ သူသည် သူနှင့် သည်ဂြိုဟ်ကောင်မလေးကြား အကွာအဝေးကို ထိန်းသိမ်းထားတာ ပိုကောင်းမည်ဟု ခံစားမိသည်။ သူသာ ထိုသို့ မလုပ်ပါက စိတ်ဓာတ်ကျကာ သေသွားမလား မပြောတတ်တော့ပါ။

“ဒါပေမဲ့လည်း ဒီဆေးလုံးက ရှင် ပြောသလို အကျိုးသက်ရောက်မှု တကယ် ရှိခဲ့ရင်တော့ စမ်းသပ်မှု အောင်ပြီလို့ ကျမ ရှင့်ကို သတ်မှတ်ပေးလိုက်မယ်။ ဒီနေ့ ပြီးရင် ရှင်အနေနဲ့ မော့အိမ်တော်မှာ ဘာပဲအကူအညီလိုလို ကျမချိုက်ဟွန်ကို လာရှာနိုင်တယ်။ ကျမက ရှင့်ပြဿနာကို ဖြေရှင်းပေးမယ်…”

မော့ချိုက်ဟန်သည် ပုလင်းကို လှုပ်ယမ်းကာ ပျော်ရွှင်စွာ ပြုံးနေလေ၏။

“ဟုတ်ပါပြီ…ဂျူနီယာညီမလေး။ စီနီယာအစ်ကို အကူအညီလိုရင် ပြောပါ့မယ်…”

ဟန်လိသည် ပြုံး၍ အလိုက်သင့် ဆိုသည်။ သူက မော့ချိုက်ဟန်ကို ထိုသို့ ဆိုလိုက်သော်လည်း စိတ်ထဲကမူ အောက်ပါအတိုင်း တွေးနေမိသည်။

“ဟား…နင့်ရှိက အကူအညီတောင်းဖို့ ဟုတ်လား… ငွေဓားပြရဲ့။ အိပ်မက် မက်နေလိုက်…”

မော့ချိုက်ဟွန်သည် ဟန်လိ၏ စိတ်ထဲက‌ ပြောစကားများကိုတော့ မကြားနိုင်ပါ။ သူမက စိတ်ကျေနပ်မိနေ၏။ အကြောင်းမှာ ဟန်လိက သူမကို လိုက်လျောလာသောကြောင့်ပင်။ ရုတ်တရက် သူမသည် ဟန်လိမှာ စိတ်ဝင်စားဖို့ ကောင်းသော ငနဲတစ်ယောက်ဟု ခံစားမိလာ၏။ သူမက ဟန်လိသည် အတော်လေး ကြည့်ကောင်းသူဟုပင် ခံစားမိသေး၏။

“ကဲ သွားကြစို့…စီနီယာအစ်ကိုရေ။ ကျမ စီနီယာအစ်ကို အနားယူဖို့အတွက် အခန်းကောင်းကောင်း ရှာပေးမယ်…” မော့ချိုက်ဟွန်က တောက်ပစွာ ပြုံး၍ ရှေ့က ဦးဆောင်သွားသည်။

သူမနောက်တွင် ရပ်နေပြီး ဟန်လိသည် နောက်ဆုံး၌ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။ သူလည်း သူမနောက်မှ ဖြည်းဖြည်းချင်း လိုက်လာတော့၏။

“တော်တော် ထူးခြားတဲ့ ကောင်မလေးပဲ။ ငါ သူနဲ့တော့ အတူ မရှိနိုင်ဘူး။ ဒီဘောစိမလေးက ငါ့လို သာမန်လူတစ်ယောက်ကို ချစ်မိသွားပြီလိုတော့ မပြောနဲ့။ သူမက တကယ်ပဲ ငါ့ကို ချစ်မိသွားတယ်ဆိုရင်တောင် ငါ တန်းငြင်းရလိမ့်မယ်။ သူမရဲ့ အစောပိုင်းက လုပ်ချင်ရာလျှောက်လုပ်တဲ့အပြုအမူတွေကိုတောင် ငါ ရင်ဆိုင်ရ ခက်နေပြီ။ ငါတို့သာ တကယ်ပဲ အတူရှိရရင် ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ…”

ဟန်လိသည် စိတ်ထဲကနေ ထိုသို့ တွေးမိနေပြီး သူ၏ ဇနီးဖြစ်လာနိုင်မည့် သူများ၏ တင်ကြိုစာရင်းထဲကနေ မော့ချိုက်ဟွန်ဟူသော အမည်ကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

All Chapters