← Chapters

ယန်ကော၏ စွဲလမ်းမှု

Vol. 9 Ch. 114

ယန်ကော၏ စွဲလမ်းမှု

Vol. 9 Ch. 114

နောက်ဆုံးမှာတော့ ဟန်လိသည် ဒီညအတွက် အိပ်စက်အနားယူဖို့ မော့အိမ်တော်၏ အိပ်ခန်းများထဲမှ တစ်ခုထံ ရောက်လာခဲ့ပေပြီ။ မော့ချိုက်ဟွန်သည် ပါးနပ်သူ ဖြစ်၍ ဟန်လိအနား ပတ်လည်တွင် ဆက်၍ မနေဘဲ အကြောင်းပြချက် ပေးကာ မြန်မြန် ထွက်သွားခဲ့ပေသည်။ သူမ၏ ရုတ်တရက်ကြီး ထဖြစ်သော ရင့်ကျက်သည့်အမျိုးသမီးတစ်ယောက်၏ ဟန်ပန်က ဟန်လိကို အံ့အားတသင့် ဖြစ်ကာ ကျန်ခဲ့စေသည်။

ဟန်လိသည် မော့အိမ်တော်ရှိ လူများ၏ ရည်ရွယ်ချက်အပေါ် ရှင်းရှင်းလင်းလင်း မသိသေး၍ သူ့အနေဖြင့် အန္တရာယ် ရှိနိုင်၊ မရှိနိုင်ကို သေချာ မသိသေးပေ။ သို့ဖြစ်၍ သူက ကောင်းကောင်း အနားမယူနိုင်ဘဲ အိပ်ယာထက်တွင် လှဲ၍ အတွေးများနေခဲ့သည်။

နောက်နေ့ နံနက်ခင်းတွင် ဟန်လိသည် အိပ်ရေးပျက်၍ မူးနောက်နောက် ဖြစ်နေစဉ်တွင် တစုံတစ်ယောက်က အခန်းတံခါးကို လာခေါ်လေသည်။

“ဟို ဂြိုဟ်ကောင်မလေးများလား…” ဟန်လိသည် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူက ခေါင်းယမ်းလိုက်သည်။ ဒီလို ညင်ညင်သာသာ တံခါးခေါက်သံအရ မော့ချိုက်ဟွန် မဟုတ်တာ ကျိန်းသေတယ်။ ဒါပေမဲ့ ငါ ဒီမှာ ရှိနေတာ သိတဲ့သူက အနည်းငယ်ပဲ ရှိတာမလား…”

ဟန်လိသည် အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။ သူက မျက်နှာသုတ်ပုဝါကို ရှာကာ မျက်နှာသုတ်ပြီး ထို့နောက်တွင် အခန်းတံခါး သွားဖွင့်ပေးသည်။ အသက်နှစ်ဆယ်လောက် ရှိမည့် မျက်ခုံးကောင်းကောင်း၊ မျက်လုံးကြီးကြီး လူငယ်တစ်ယောက်က သူ့အခန်း အပြင်ဘက်တွင် ရပ်နေသည်။

ထိုလူငယ်က ဟန်လိ ထွက်လာသည်ကို မြင်သည်နှင့် ဟန်လိကို ခေါင်းအစခြေအဆုံး တချက် ကြည့်လိုက်၏။ ထို့နောက် သူက တတေလးတစားဖြင့် လက်သီးဆုပ်ဟန် ပြုကာ ဟန်လိကို နှုတ်ဆက်စကားဆိုသည်။ “မင်းက ဂျူနီယာညီလေးဟန်ပဲ ဖြစ်ရမယ်။ ငါကတော့ ယန်ကောပါ။ ဆရာရဲ့ အကြီးဆုံးတပည့်၊ မင်းရဲ့ စီနီယာအစ်ကိုကြီးအဖြစ် သတ်မှတ်လို့ ရပါတယ်…”

“ယန်ကော…” ဟန်လိသည် အတွေးများသွားသည်။ သည်လူမှာ သမားတော်မော့၏ အကြီးဆုံးတပည့် ဖြစ်နေသည်။

“ဟားဟား…ငါဟာ ဆရာ့ရဲ့ အကြီးဆုံး တပည့် ဖြစ်ပေမယ့်လည်း ငါ့ပါရမီက သိပ်မကောင်းဘူး။ ဆရာရဲ့ ကိုယ်ပိုင်ပညာရပ်တွေကိုလည်း များများစားစား မရခဲ့သလို သူ့ကိုတောင် အရှက်ရစေခဲ့သေးတယ်…”

ယန်ကောက ဟန်လိကို ပွင့်ပွင့်လင်းလင်း ပြောလာ၏။

ဟန်လိသည် သည်လူငယ်မှာ ပွင့်လင်းသည်ကို မြင်သည့်အခါ ယန်ကောကို ခင်ခင်မင်မင် ဖြစ်သွား၏။ သူလည်း ပြန်နှုတ်ဆက်လိုက်သည်။ “စီနီယာအစ်ကိုယန်…မင်္ဂလာနံနက်ခင်းပါ။ စကားပြောရအောင် ကျေးဇူးပြုပြီး အခန်းထဲ ဝင်လာပေးပါလား…”

“မလိုပါဘူးဟ။ ကျုပ်တို့ရဲ့ ဆရာကတော်တွေက မင်းရှိကို လာခိုင်းလိုက်တာ။ သူတို့က ဂျူနီယာတပည့်ဟန်ကို တခုခုအတွက် ရှာခိုင်းလိုက်တာပဲ။ သူတို့က မင်းကို သူတို့ရှိ လာစေချင်နေတယ်…” ယန်ကောက ရယ်မောကာ လက်နှစ်ဖက်ဆုပ်၍ စကားဆိုသည်။

ဟန်လိသည် ထိုသည်ကို ကြားသည့်အခါ ခဏ မင်သက်သွား၏။ သို့သော် သူက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် အခန်းတံခါးကို ပြန်ပိတ်ကာ ယန်ကောဘေးနားသို့ လျှောက်လာသည်။

ယန်ကောသည် ဟန်လိကို အတော်လေး စိတ်ဝင်စားနေ၏။ လမ်းတလျှောက်လုံး သူက ဟန်လိကို အမေးအမြန်းထူခဲ့သည်။ သူသည် ကျင်းစီရင်စု၏ ဒေသအလေ့အထနှင့် ယဉ်ကျေးမှုနှင့် ပတ်သတ်ပြီး စပ်စုကာ ဟန်လိကို တရစပ် မေးနေတော့သည်။

သူတို့နှစ်ယောက်သည် အနောက်ဘက်ခြံဝန်းရှိ ဥယျာဉ်ကို ဖြတ်လျှောက်လာချိန်၌ မထင်မှတ်ဘဲ လူငယ်တစ်ယောက်နှင့် အမျိုးသမီးငယ်တစ်ယောက်တို့နှင့် ဆုံသည်။ ထိုနှစ်ယောက်မှာ ဟန်လိ မနေ့တုန်းက မြင်ခဲ့ဖူးသော မော့ယုကျူးနှင့် ဝူကျန်းမင်တို့ပင်။ ထိုနှစ်ယောက်က ဥယျာဉ်ထဲ၌ ရင်ဘက်ချင်းနီးသော ချစ်သူများကဲ့သို့ အတူတူ လမ်းလျှောက်နေကြသည်။

အလားတူပင် မော့ယုကျူးနှင့်ဝူကျန်းမင်တို့မှာလည်း ဟန်လိနှင့် ယန်ကောတို့ကို မြင်သည်။ သို့ဖြစ်၍ သူတို့အတွဲက ဟန်လိတို့ထံ လျှောက်လာသည်။ အနား ရောက်လာသည့်အခါ မော့ယုကျူးက သာမန်ရုပ်သွင်သာ ရှိသော ဟန်လိကို ဝေ့ခတ်ကြည့်ရှုသည်။ သို့သော် သူမက မည်သည့်စကားမျှ မဆိုပေ။ သို့ပေမည့် လူငယ်သခင်လေးဝူကမူ ဟန်လိ မည်သူမည်ဝါမှန်း သိချင်စိတ် ဖြစ်နေသည်။

“စီနီယာအစ်ကိုယန်…မင်္ဂလာမနက်ခင်းပါ။ ဒီညီလေးကို မသိသလိုပဲ။ သူက ဘယ်သူ့တပည့်များလဲ…” ဝူကျန်းမင်က ရယ်ကာမောကာဖြင့် မေးလိုက်သည်။

ဟန်လိသည် သူ့ဘေးမှ အစ်ကိုကြီးယန်က ဝင်ဖြေပေးမည်ဟု ထင်ထားခဲ့သည်။ သို့သော် သူ အချိန်အတန်ကြာ စောင့်နေသော်လည်း သူ့ဘေးမှ စီနီယာအစ်ကိုကြီးထံမှ မည်သည့်တုန့်ပြန်သံကိုမျှ မကြားရပေ။ စဉ်းစားမရဖြစ်ကာ ဟန်လိသည် ခေါင်းမော့၍ ယန်ကောကို လှမ်းကြည့်မိသည်။

ထိုအခါ ဟန်လိသည် စွံ့အမိသွား၏။

ယန်ကောမှာ မော့ယုကျူးကို မျက်လုံးအပြူးသား၊ တပ်မက်စိတ်ဖြင့် ကြည့်နေကာ မိန်းမောနေသည် မဟုတ်လား။ သို့ဖြစ်၍ သူက ဝူကျန်းမင်၏ အမေးကို မည်သို့ ခွန်းတုန့်ပြန်နိုင်ပါ့မည်နည်း။

“ကျနော်က ဆရာကတော်သုံးရဲ့ တူတစ်ယောက်ပါ။ ကျနော့် မိဘတွေရဲ့ အမိန့်အရ ဆရာကတော်သုံးဆီ လာလည်ပြီး သူမရှိမှာ အလုပ်လေးဘာလေး လာတောင်းတာပါ…”

ဟန်လိက ထိုသို့ဆိုကာ ဝူကျန်းမင်၏ အမေးကို သူ့ဘာသာ ဖြေရှင်းလိုက်တော့သည်။ ဟန်လိသည် တမင် ရည်ရွယ်ချက်ရှိရှိ သူ့ကိုယ်သူ နှိမ့်ချကာ ပြောခဲ့တာ ဖြစ်၏။

“အို…ဟုတ်ပါပြီ…” ဝူကျန်းမင်သည် ဟန်လိ၏ စကားများကို ကြားသည့်အခါ သူက ဟန်လိအပေါ် လုံးဝ စိတ်ဝင်တစား မရှိတော့ပေ။ ထိုသည်က အံ့ဩစရာတော့ မရှိပေ။ ဟန်လိ၏ ရုပ်သွင်မှာ သာမန်ဆန်လွန်းသည် မဟုတ်လား။ သူက သိုင်းပညာရပ် တတ်မြောက်ထားသော လက္ခဏာလည်း ရှိမနေပေ။ သို့ဖြစ်၍ သခင်လေးဝူ၏ မျက်လုံးထဲ၌ မည်သို့ အရေးထားပါ့မည်နည်း။

သခင်လေးဝူက တဖက်သို့ ခေါင်းလှည့်လိုက်၏။ သူ့အမူအရာမှာ အလိုမကျဟန်ပေါ်နေသည်။ သူသည် ယန်ကောက မော့ယုကျူးကို စူးစူးစိုက်စိုက် ကြောင်တောင်နှိုက် ကြည့်နေတာကို မကျေမနပ် ဖြစ်နေခြင်းပင်။ တကယ်တော့ သူ့ဘေးရှိ အလှလေး ယုကျူးက သူ၏ သတိုးသမီးလောင်းအဖြစ် မှတ်ယူထားသူ မဟုတ်လား။

ခုချိန်၌ ဟန်လိသည် မော့ယုကျူးနှင့် အနီးကပ် ရှိနေ၍ သူမ၏ အမူအရာများကို ရှင်းရှင်းလင်းလင်း တွေ့မြင်သည်။ သူမသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ မပျော်မရွင်ဟန် ပေါက်နေ၏။ သူမသည် ယန်ကော၏ တပ်မက်သောအကြည့်ကို မနှစ်မြို့တာ သိသာသည်။

“စီနီယာအစ်ကိုယန်…တခြား ကိစ္စ မရှိရင် သခင်လေးဝူနဲ့ ကျမတို့ အရင်ဆုံး သွားအနားယူ ပါတော့မယ်…” မော့ယုကျူးက အေးတိအေးစက်ဟန်ဖြင့် စကားဆိုသည်။ ထို့နောက် သူမသည် ဒီနေရာကနေ ထွက်သွားတော့၏။ ဝူကျန်းမင်မှာ ယန်ကောကို မကျေမချမ်း ကြည့်ကာ စကားတခွန်းမှ မဆိုတော့ဘဲ ယုကျူးနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတော့၏။

ဟန်လိက ထွက်သွားသော ထိုနှစ်ယောက်၏ နောက်ကျောကို လှမ်းကြည့်၏။ သူ့နှုတ်ခမ်းထောင့်တွင် ထူးခြားသော အပြုံးတစ်ခု ရိပ်သန်းသွားသည်။ သည့်နောက် သူက စီနီယာအစ်ကိုယန်ကို လှည့်ကြည့်၏။ သည်ယန်ကောမှာ ခုထိ မော့ယုကျူးကို အရူးတစ်ယောက်ကဲ့သို့ လှမ်းကြည့်နေတုန်း ဖြစ်သည်ကို ဟန်လိ မြင်လိုက်ရ၏။

ဟန်လိသည် သက်ပြင်းချမိသည်။ သည်ယန်ကောမှာ အမှန်ပင် အချစ်ကြီးသူ ဖြစ်ရမည်။ သို့သော် အမျိုးသမီးမော့ယုက သူ့အပေါ် အထင်အမြင်ကောင်း ရှိပုံ မရပေ။

ဟန်လိက ယန်ကော၏ ပုခုံးကို ခပ်ပြင်းပြင်းလေး လှမ်းရိုက်သည်။ ထိုအခါကျမှ ယန်ကောသည် မိန်းမောနေရာကနေ သတိပြန်ဝင်လာသည်။

“တောင်းပန်ပါတယ်…ညီလေးဟန်။ ငါ့ အမူအရာက ညီလေးဟန် ရှေ့မှာ ရယ်စရာဖြစ်အောင် လုပ်ခဲ့မိပြီ…” ယန်ကောသည် အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်သော စိတ်အခြေအနေသို့ ပြန်ရောက်လာသည့်နောက် သူ့အပြုအမူအတွက် သူသည် အတော်လေး အရှက်ရမိနေသည်။

“ပြဿနာ မရှိပါဘူး။ လှပတဲ့၊ ကျော့ရှင်းတဲ့ စရိုက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ရင်ဆိုင်ရတဲ့အခါ ဒါက ယောက်ျားတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဘာမှ ရှက်ရွှံ့နေစရာ မလိုပါဘူး…” ဟန်လိသည် ရယ်ကာမောကာဖြင့် ပြောဆိုလိုက်သည်။

ယန်ကောသည် ဟန်လိ၏ နှစ်သိမ့်စကားကို ကြားသော်လည်း စိတ်ထဲ မသက်သာသွားပေ။ ထိုအစား သူက ခါးသက်သက် ရယ်မောကာ ဖြည်းဖြည်းချင်း ပြောလ၏။ “မင်းကို ထိန်ချန်ထားစရာ မရှိပါဘူး။ ငါနဲ့ ယုကျူတို့ဟာ အတူတူ ကြီးပြင်းလာခဲ့ကြတာ။ အဲ့အချိန်တုန်းက ငါတို့ဟာ ငယ်ချစ်တွေ မဟုတ်ခဲ့ရင်တောင် တယောက်နဲ့တယောက် ခံစားချက်လေးလေးနက်နက်ရှိခဲ့တဲ့ ကစားဖော်တွေ ဖြစ်ခဲ့ကြတာပေါ့…”

“ကံမကောင်းစွာနဲ့ ယုကျူး အရွယ်ရောက်လာတဲ့အခါ သူမဟာ ငါ့ကို အစ်ကို တစ်ယောက်လိုပဲ ဆက်ဆံပြီး စိတ်ဝင်စားမှု တစက်မျှ မရှိခဲ့ဘူး။ ဒါ့ကြောင့် သူမရဲ့ ငြင်းဆိုမှုကို ငါ အကြိမ်ကြိမ် ခံခဲ့ရတဲ့နောက် ငါ လက်လျှော့ဖို့ပဲ ရှိခဲ့တော့တယ်။ သူမကို တသက်လုံး ပျော်ရွှင်အောင် ထားနိုင်မယ့် ခင်ပွန်းကောင်းတစ်ယောက် ရှာတွေ့ပါစေလို့ပဲ ငါ ဆုတောင်းပေးနိုင်တော့တယ်။ ဒါပေမဲ့ ဒီနေ့ တယောက်ယောက်နဲ့ တွဲနေတဲ့ ယုကျူးကို မြင်ရတော့ ငါ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ သတိလက်လွတ်ဖြစ်သွားခဲ့တာကို ငါ သိလိုက်ပါပြီ…”

ယန်ကော၏ နောက်ဆုံးစကားများတွင် သူ့ကိုယ်သူ လှောင်ပြောင်လိုသော သဘောများ ပါနေပေသည်။

ဟန်လိသည် ယန်ကော၏ ရှင်းပြချက်ကို ကြားရပြီးနောက် စကားထပ်မဆိုတော့ပေ။ ထိုအစား သူက ယန်ကောကို ခေါင်းအစား ခြေအဆုံး ကြည့်လိုက်၏။ သူသည် ယန်ကောကို ရှားပါးသတ္တဝါကဲ့သို့ ရှုမြင်မိသွားသည်။ အရင်တုန်းက ဟန်လိသည် ထိုကဲ့သို့ အချစ်ကို စွဲလမ်းသူများမှာ စာအုပ်များနှင့် တခြားပုံပြင်ဇာတ်လမ်းများထဲ၌သာ ရှိနိုင်သည်ဟု တွေးမိခဲ့ဖူးသည်။ တနေ့မှာ သည်လိုလူမျိုးကို သူ့မျက်စိနှင့် ကိုယ်တိုင် မြင်ရလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ဖူးပေ။

ယန်ကော ပြောခဲ့သည့် အခြင်းအရာများက အမှန်တကယ် ဖြစ်ခဲ့လျှင် ဟန်လိသည် သူ၏ စွဲလမ်းမှုအချစ်စိတ်ကို လေးစားရမည်လား၊ ရူးလှသည်ဟု အပြစ်တင်ဆဲဆိုရမည်လားကို မသိတော့ပေ။

လမ်းတလျှောက်၌ ဟန်လိက ယန်ကောကို စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် တခြားအကြောင်းများသာ ပြောလာခဲ့၏။ သူက ယန်ကော၏ စိတ်ကို ပုံမှန်အခြေအနေတိုင်း ပြန်ရောက်စေခဲ့သည်။ သည်လိုဖြင့် သူတို့နှစ်ယောက်သည် ရယ်ကာမောကာ ပြောဆိုလာရင်း ဟန်လိ မနေ့ညက ခိုးဝင်လာခဲ့သော အဆောက်အဦငယ် ရှေ့ထိ ရောက်လာခဲ့ကြသည်။ သမားတော်မော့၏ ဇနီးများသည် ဟန်လိ ရောက်လာမည်ကို ပြင်ဆင်၍ စောင့်နေကြ၏။ သူတို့က ဟန်လိအတွက် အံ့အားသင့်မှုတစ်ခုကို ပေးကြမည်ပင်။

All Chapters