မအောင်မမြင်ဖြစ်ခြင်း
Vol. 9 Ch. 116
ထိုစကားများကို ကြားသည့်အခါ ဟန်လိသည် ခေါင်းမော့ကာ သန်းဝေလိုက်၏။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ထေ့လှောင်၏။ “ကျုပ်ကို မမျှမတ ဘာမှ မလုပ်ဘူး ဟုတ်လား။ တယ်ဆိုတဲ့ စကားပါလား။ ခင်ဗျားတို့က ကျုပ်ဟာ မော့အိမ်တော်ကို တကယ်ပဲ ကြောက်နေတယ်လို့ ထင်နေတာလား…”
“သမားတော်မော့ကသာ ကျုပ်အပေါ် ဆရာအဖြစ် ရှိပေးခဲ့တဲ့ နေ့ရက်အများကြီး မရှိခဲ့ရင် သူ့ဆေးပညာရပ်တွေကို မသင်ပေးခဲ့ရင် ကျုပ် လက်တဖက်တည်းနဲ့ ခင်ဗျားတို့ မော့အိမ်တော်တခုလုံးကို သတ်ပစ်နိုင်တယ်။ မော့အိမ်တော်ရဲ့ ခွေးတကောင်၊ ကြက်တကောင်တောင် မကျန်အောင် ကျုပ် လုပ်နိုင်တယ်…”
ဟန်လိ၏ စကားများမှာ အရိုးထဲထိ အေးစိမ့်နေ၏။ သူ၏အမူအရာမှာလည်း အန္တရာယ်ပြုနိုင်သော ဟန်ပန် ပေါက်နေ၏။
ဟန်လိသည် အစီအစဉ် ချထားပြီး ဖြစ်၏။ သူသည် မော့အိမ်တော်၏ အဖိုးတန်ကျောက်စိမ်းပြားကို လှည့်ဖြားမယူနိုင်သည်ဖြစ်၍ အကြမ်းနည်းသုံးမည်၊ အညံ့ခံခိုင်းမည့် နည်းလမ်းများကို သုံးမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်၏။ သူက သူ၏ စွမ်းရည်ကို အနည်းငယ် ပြသကာ သူသည် ရင်ဆိုင်ရခက်သောသူ ဖြစ်ကြောင်းကို ထိုဇနီးများကို သိစေမည်။ သူတို့ သူ့ကို အဖိုးတန်ယန်ကျောက်စိမ်းပြား ပေးလာအောင် အတင်းအကြပ် လုပ်မည် ဖြစ်၏။
အမျိုးသမီးယန်နှင့် တခြားသူများသည် ဟန်လိ၏ ခပ်ကြမ်းကြမ်း စကားများကို ကြားသည့်အခါ အားလုံး မင်သက်သည့် အမူအရာများ ဖြစ်ကုန်၏။ သို့သော် တအောင့်အကြာ၌ သူတို့က ခါးသက်သက် ပြုံးလာသည်။ တတိယဇနီးလျှိုက ခါးညွှတ်သည့်အထိပင် အားပါးတရ ရယ်မောလိုက်သေး၏။
ထိုအမျိုးသမီးများက ဟန်လိ၏ စကားများကို မယုံတာ ထင်ရှား၏။ သို့သော် တအောင့်အကြာ၌ သူတို့၏မျက်နှာများမှာ တောင့်တင်းကုန်သည်။
အကြောင်းကား ဟန်လိက သူ့လက်ချောင်းကို ရှေ့ဆန့်ထုတ်လိုက်ခြင်းကြောင်ပင်။ မီးလုံးတလုံးက သူ့လက်ချောင်းထိပ်၌ ရုတ်တရက် ပေါ်လာ၏။ အရက်ခွက်လောက် ရှိသော ထိုမီးလုံး ပေါ်လာသည့်အခါ အခန်းတခုလုံး၏ အပူရှိန်သည် ရုတ်ချည်း မြင့်တက်လာသည်။ သည်ဇနီးများသည် ခြစ်ခြစ်တောက်ပူသော နွေရာသီထဲ ရောက်သွားကြသည့်အလား ခံစားမိရ၏။
ထို့နောက် ဟန်လိ၏ အေးစက်စက် အကြည့်က သူတို့ထံ ဝေ့ခတ် ကျရောက်လာ၏။ သူက သူ့မီးလုံးပညာရပ်အတွက် ပစ်မှတ်ကို ရှာဖို့ ကြိုးစားနေသည့်အလား။ ထိုဇနီးများက သူ၏ ကြမ်းတမ်းပုံကို သိအောင် လုပ်ရပေမည်။ သို့ပေမည့် ဟန်လိ မလှုပ်ရှားခင်မှာပင် အမျိုးသမီးယန်က အလန့်တကြား ထအောင်၏။ “ကျင့်ကြံသူ…”
ဟန်လိပင် ထိုသို့ ထအော်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ကျန်သည့်သူများမှာလည်း သေလောက်အောင် ဖြူဖပ်ဖြူရောများ ဖြစ်ကုန်၏။ ဟန်လိက ထိုအမျိုးသမီးများသည် သူ့ကို အံ့ဩလွန်းအား ကြီးသော အကြည့်တို့ဖြင့် ကြည့်နေသည်ကို မြင်၏။ သူတို့မှာ စိတ်လှုပ်တရှားလည်း ဖြစ်နေကြသည်။
ထိုအမျိုးသမီးများသည် ကျင့်ကြံသူများ၏ တည်ရှိမှုနှင့် ပတ်သတ်၍ သိထား၏။ သူတို့၏ အမူအရာများမှာ ပို၍ သုန်မှုန်လာတော့သည်။
“နင်က တကယ်ပဲ ကျင့်ကြံသူတစ်ယောက်လား…” တတိယဇနီးလျှိုက မျက်လုံးအပြူးသားဖြင့် မေးလာ၏။ သူမ၏ လှပသောမျက်လုံးထဲ၌ သံသယအချို့လည်း ရှိနေ၏။
ဟန်လိက နှာခေါင်းရှုံ့၏။ သူက စကားထပ် မဆိုတော့ဘဲ မီးလုံးကို အမျိုးသမီးလျှိုဘေးရှိ စားပွဲထံ ပစ်ခတ်၏။ ထိုအခါ ၎င်းစားပွဲသည် ချက်ခြင်း ပြာကျသွားတော့သည်။
ဟန်လိ၏ သည်အပြုအမူကြောင့် အမျိုးသမီးလျှို၏ မျက်နှာထက်၌ အကြောက်တရား ပြည့်နှက်ကာ ဖြူဖပ်ဖြူရော ဖြစ်သွားသည်။ သူမသည် ထရပ်ကာ ပြာကျသွားသော စားပွဲနားကနေ တယီးတယိုင်ဖြင့် ခြေလှမ်းကာ နောက်ဆုတ်သွားသည်။ ခုလက်ရှိ၌ တခြားယောက်ကျားသားတစ်ယောက်ယောက်က သူမ၏ လှပချစ်ခင်ဖွယ်ကောင်းသော နူးညံ့သည့် မျက်နှာလေးကို တွေ့မြင်ရပါက ရူးသွပ်မတတ် ဖြစ်သွားပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ဟန်လိကမူ ထိုမြင်ကွင်းကို လုံးဝ စိတ်မဝင်စားပေ။ သူက ခုလက်ရှိ၌ ‘ကျင့်ကြံသူ’ ဟု အော်ဟစ်လိုက်သော အမျိုးသမီးလီကိုသာ စိုက်ကြည့်နေသည်။ သူက အေးစက်စက် မေးလိုက်၏။ “ဒုတိယဇနီး…ခင်ဗျားက ကျင့်ကြံသူတွေကို သိတာလား…။ အရင်တုန်းက ခင်ဗျား ကျင့်ကြံသူတွေကို မြင်ခဲ့ဖူးလား…”
“ငါ…” အမျိုးသမီးလီမှာ အလန့်တကြား ဖြစ်နေမိပေပြီ။ သူမသည် ဟန်လိ၏ ကျင့်ကြံသူဟူသော အဆင့်အတန်းကို ကြီးစွာ ထိတ်လန့်နေမိသည်။
“ဒုတိယညီမကို မေးမနေနဲ့။ ငါ ကျင့်ကြံသူတွေနဲ့ ပတ်သတ်လို့ နင့်ကို ပြောပြနိုင်တယ်…”
ဘေးမှ အမျိုးသမီးယန်သည် သူမ၏ ပင်ပန်းနေသော အမူအရာနှင့်အတူ မျက်လုံး မှိတ်ထားသည်။ သူမက ဟန်လိ၏ အမေးကို ကြားဝင်ဖြေသည်။
“အို…ကျုပ်ကို အလင်းပြပါအုံး…” ဟန်လိသည် နှာခေါင်းပွတ်ကာ ပြောလိုက်၏။ သူ၏အသွင်ဟန်ပန်က အေးဆေးဖြစ်နေပုံ ရသည်။
“ဒါက ဖုံးကွယ်ထားစရာ မလိုပါဘူ။ ကျားယွမ်မြို့မှာ လူဦးရေ အများကြီး ရှိတယ်။ လူတိုင်းက ကျင့်ကြံသူတွေရဲ့ တည်ရှိမှုကို သိကြတယ်…” အမျိုးသမီးယန်က ခါးသီးစွာ ပြုံး၍ ထိုသို့ ပြောလိုက်သည်။
“တချို့သူတွေဆို မြို့အပြင်မှာ ကျင့်ကြံသူတွေကြား တိုက်ပွဲတွေကို ကိုယ်တိုင်ပါ မြင်ဖူးကြတယ်။ သူတို့က လေတွေ၊မိုးတွေကို ဆင့်ခေါ်နိုင်ပြီး မီးတောက်တွေကိုလည်း ထိန်းချုပ်နိုင်တယ်လို့ ဆိုကြတယ်။ သူတို့တစ်ယောက်ချင်းစီဟာ သက်ရှိတန်ခိုးရှင်တွေလိုပဲတဲ့…”
အမျိုးသမီးယန်သည် ထိုသို့ ပြောကာ ဟန်လိကို လှမ်းကြည့်သည်။
“ဒီတော့ အဲ့လိုပေါ့…” ဟန်လိက သူ့ခေါင်းကိုယ်သူ ပုတ်လိုက်မိ၏။ သူသည် ကျားယွမ်မြို့မှာ ကောင်းကင်သက်တန့်တောင်ကဲ့သို့ ဒေသငယ်လေးနှင့် မတူမှန်းကို သူ မထင်မှတ်စွာ မေ့သွားခဲ့၍ပင်။ ကျင့်ကြံသူများ ဒီနေရာတွင် ပေါ်လာသည်က ရှားပါးသော ဖြစ်ရပ် မဟုတ်နေပေ။ မနေ့တုန်းက သူကိုယ်တိုင်ပင် အပြာရောင်ဝတ်စုံနှင့်လူကို တွေ့မြင်ခဲ့ရသေးသည် မဟုတ်လား။
“ဒီတော့ ဆရာမော့ကလည်း ကျင့်ကြံသူတွေရဲ့ တည်ရှိမှုကို သိထားလား…”
ဟန်လိသည် တခုခုကို တွေးမိသော်လည်း မမေးလိုက်မိဘဲ မနေနိုင် ဖြစ်သွား၏။
“ဒါပေါ့…သူ သိတာပေါ့။ အရှင်ခင်ပွန်းဟာ ကျင့်ကြံသူတွေကြား တိုက်ပွဲကို သူ့မျက်လုံးနဲ့ပါ ကိုယ်တိုင် မြင်ခဲ့ဖူးသေးတယ်…” အမျိုးသမီးယန်သည် မည်သည်ကိုမျှ ဖုံးကွယ်မထားဘဲ ချက်ခြင်း ပြန်ဖြေပေးသည်။
“သမားတော်မော့က ကျင့်ကြံသူတွေနဲ့ ပတ်သတ်ပြီး အတော်လေး စွဲလမ်းမှု ရှိခဲ့လောက်တယ်။ ကံမကောင်းစွာနဲ့ သူဟာ စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်ခဲ့တာပဲ။ ဒါ့ကြောင့် သူ့အကြံအစည်တွေဟာ အချည်းနှီးဖြစ်ခဲ့ပြီး ငါ့အတွက် အကျိုးအနည်းငယ် ရှိစေခဲ့တာပဲ…” ဟန်လိက ထိုသို့ တွေးသည်။
သို့ပေမည့် ဟန်လိသည် ရုတ်တရက် ခေါင်းရှုပ်မိသွားသည်။ အမျိုးသမီးယန်သည် ခုလက်ရှိ၌ ဘာကြောင့် သည်မျှ နာနာခံခံ ရှိနေရသနည်း။ သူ မေးတိုင်း သူမက တလေးတစားဖြင့် ချက်ခြင်း ပြန်ဖြေပေးနေသည်။ ထိုသည်က နည်းနည်းတော့ ထူးဆန်းနေ၏။ သူ့ကို ကျင့်ကြံသူတစ်ယောက်ဟု ထင်မြင်ချက် ရှိရုံလေးဖြင့် တဘက်အုပ်စုက လုံးဝ အညံ့ခံလေသလား။ ထိုအဖြစ်ကို ဟန်လိသည် ယုံဖို့ခက်နေ၏။
ဟန်လိက အမျိုးသမီးယန်၏ အမူဟန်ပန်ကို သေချာ စူးစမ်းကြည့်၏။ သူမသည် အနည်းငယ် စိတ်မရှည် ဖြစ်နေသော ဟန်ပန်ဖြင့် စိတ်အေးလက်အေး ရှိနေပုံကို သူ မြင်ရသည်။
“သူမက ငါ့ကို အချိန်ဆွဲဖို့ ကြိုးစားနေတာလား…” ဟန်လိက မျက်မှောင်ကြုတ်သွား၏။ သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်သည်။ အဆောက်အဦအနားသို့ ကျူးကျော်လာသော အပြင်လူဟူ၍လည်း တစ်ယောက်မျှ ရှိမနေပေ။
ဟန်လိသည် ဘေးပတ်လည်သို့ ကြည့်ကာ ရုတ်တရက် ထရပ်၏။ သူက အခန်းထဲသို့ လှည့်ပတ်လျှောက်သွားပြီး နေရာစုံထောင့်စုံကို သေချာစူးစမ်းသည်။
တခုခု သံသယဝင်စရာ ရှိမနေပုံ ပေါ်သည်။ အခန်းတွင်းရှိ ပရိဘောဂအထားအသို၊ အခန်းအပြင်အဆင်တို့မှာလည်း ရိုးရိုးရှင်းရှင်းသာ။ စားပွဲနှင့်ကုလားထိုင်များမှာလည်း မနေ့တုန်းက အတိုင်းပင်။ တဝက်တိတိ လောင်ကျွမ်းပြီးသော အဖြူရောင်ဖယောင်းတိုင် တတိုင်ကလွဲ၍ ကျန်သည့်အရာအားလုံးမှာ မနေ့တုန်းကအတိုင်းပင်။
“ဖယောင်းတိုင်လား…” ဟန်လိ၏ အကြည့်က ၎င်းဖယောင်းတိုင်ပေါ် ကျရောက်သွားသည်။ သူသည် အစတုန်းက သမားတော်မော့အတွက် အမှတ်ရခြင်းအားဖြင့် သည်ဖယောင်းတိုင်ကို ထွန်းထားသည်ဟု ထင်ထားခဲ့သည်။ သို့ဖြစ်၍ သူက ၎င်းကို စိတ်ထဲ မထားခဲ့ပေ။ သို့သော် အခု သူ သတိရသွားသည်။ သည်အမျိုးသမီးများသည် သူတို့၏ ခင်ပွန်းအတွက် သတိတရရှိကြောင်း ပြုလုပ်လိုပါက အဘယ်ကြောင့် အမွှေးတိုင်များကို လုံးဝ မထွန်းငြှိထားရသနည်း။ ဤသည်မှာ ပုံမှန်မဟုတ်ပေ။ ထူးခြားနေ၏။
ထိုသို့ တွေးမိကာ ဟန်လိသည် သူ့နှာခေါင်းကို အသုံးပြု၍ သေချာ အနံ့ခံကြည့်သည်။ အခန်းထဲရှိ လေထု၌ စန္ဒကူးနံ့ သင်းနေသည်ကို သူ အနံ့ရလိုက်သည်။ ထိုအနံ့က မသိသာလွန်းပေ။ အာရုံစိုက်၍ အနံ့မခံကြည့်ပါက ကျိန်းသေပေါက် သတိပြုမိလိမ့်မည် မဟုတ်ပေ။
အမျိုးသမီးယန်က ဟန်လိ ဖယောင်းတိုင်ကို လှမ်းကြည့်တာ မြင်သည့်အခါ သူမသည် ထရပ်လာ၏။ သို့သော် ဟန်လိသည် လေရှုကြည့်သည်ကို မြင်သည့်အခါ သူမ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ ထိုအခိုက်၌ ဟန်လိ၏ မျက်နှာပေါ်တွင် ရွှင်ရွှင်မြူမြူး အပြုံးတစ်ခု ပေါ်လာသည်။
“ဘာ ရယ်စရာပါလဲ။ နင် ဒီဖယောင်းတိုင်ရဲ့ လှည့်ကွက်ကို ရှာတွေ့ခဲ့ရင်တောင် နောက်ကျလွန်းခဲ့ပြီ။ သာမန်လူတွေက ဒီရနံ့ကို ရှုမိရင် သူတို့ရဲ့ အရိုးတွေ ချည့်နဲ့၊ ကြွက်သားတွေ ပျော့ဆင်းပြီး သူတို့ရဲ့ လက်ချောင်းကိုတောင် မြှောက်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ သိုင်းပညာရှင်တွေက ဒီရနံ့ကို ရှုမိရင်တော့ သူတို့ရဲ့ အစစ်အမှန်ချီနဲ့ သိုင်းစွမ်းရည်ကို ဆုံးရှုံးရလိမ့်မယ်။ နင်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင်ဒီအခန်းထဲမှာ အချိန်အကြာကြီ ရှိနေခဲ့တာ ဖြစ်တဲ့အတွက် သက်ရောက်မှု ခံရမှာပဲ…”
အမျိုးသမီးယန်သည် သူမ၏ စိတ်ရှည်မှုကို ဆုံးရှုံးသွားပုံရသည်။ သူမသည် သွေးတိုးစမ်းစကားများကို ဆိုလာလေပြီ။
“ဘာရယ် မဟုတ်ပါဘူး။ ကျုပ်ကံက သိပ်မဆိုးဘူးလို့ ခံစားမိလို့ ရယ်မိတာပါ…” ဟန်လိက အပြုံးနှင့်ဆိုသည်။
“ကျုပ် ချီးရွှမ်ဂိုဏ်းမှာ ရှိခဲ့တုန်းက ကျန်းဟူ(သိုင်းလောက)မှာ တစ္ဆေဂိုဏ်းလို့ အမည်ရတဲ့ ဂိုဏ်းတစ်ခု ရှိတယ်လို့ ကြားခဲ့ဖူးတယ်။ သူတို့က အဆိပ်ပညာမှာ ကျွမ်းကျင်ကြတယ်တဲ့။ အထူးသဖြင့် အနံ့မဲ့ အဆိပ်တွေအပေါ် ကျုပ် အနေနဲ့ တကယ်ပဲ အထင်ကြီးမိခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျုပ်ဟာ အန္တရာယ်တွေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိ၊ ခက်ခက်ခဲခဲ ကြိုးစားခဲ့ဖူးရင်တောင် ဒီလိုအဆိပ်တွေကို မကာကွယ်နိုင်မှာ ဆိုးလို့ပဲ။ သာမန်လူတစ်ယောက်ကတောင် အဆိပ်သုံးပြီး ကျွမ်းကျင်သူတစ်ယောက်ကို သတ်ပစ်နိုင်တာကြောင့် ကျုပ်လည်း ကျုပ်ကိုယ်ကျုပ် မသန်မစွမ်းဖြစ်သွားစေမယ့် အင်အားချည်နဲ့သွားစေမယ့် ဆေးတွေ၊ အဆိပ်တွေကနေ ကာကွယ်နိုင်ဖို့ အဖြေတခု ထုတ်နိုင်အောင် ခေါင်းပူအောင် စဉ်းစားခဲ့ဖူးတယ်။ နောက်ဆုံးမှာ ဒီလိုအဆိပ်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ကျုပ် ရရှိခဲ့တယ်…”
အမျိုးသမီးယန်နှင့် တခြားသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ “ဘာနည်းလမ်း ဖြစ်မလဲ။ သူက ခုထိ ဘယ်လိုကြောင့် လဲပြိုမသွားရသေးတာလဲ။ သူ ပြောခဲ့တဲ့အတိုင်း မှန်ဖို့က များတယ်…”
ယင်းသို့သော အတွေးများသည် သည်အမျိုးသမီးများ၏ စိတ်ထဲ ဝင်ရောက်လာကြသည်။
သူတို့အားလုံး၏ အမူအရာများမှာ သွေးမရှိသည့်နှယ် ဖြူဖပ်နေကြပြီ။
“ဘာနည်းလမ်းလဲ…” သမားတော်မော့၏ ဇနီးများသည် ဟန်လိ ပြောနေသော နည်းလမ်းကို အသည်းအသန် သိချင်နေကြကာ ထိုသို့ မေးလာ၏။ သူမတို့မှာ အစွမ်းကုန် နားစွင့်ထားကြသည်။ သို့သော် ဟန်လိက ရယ်မောလှောင်ပြောင်ကာ ပြန်ပြောလာ၏။
“ကျုပ် ခင်ဗျားတို့ကို မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ရန်သူတွေကို ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေ ချပြတဲ့ အလေ့အထ ကျုပ်မှာ မရှိလို့ပဲ…”
ဟန်လိသည် ချိန်းခြောက်သောဟန်ပန်ဖြင့် ပြောလိုက်သည်။