ပြောင်းလဲခြင်းအစ
Vol. 9 Ch. 115
သူတို့ ဒုတိယထပ် ရောက်လာသည်နှင့် အရှေ့မှ ယန်ကောသည် တံခါး ခေါက်လိုက်၏။ အမျိုးသမီးယန်၏ အသံသည် အခန်းတွင်းမှ ထွက်ပေါ်လာသည်။
“ဟန်လိနဲ့ ယန်ကောလား…”
“ဟုတ်ပါတယ်…ဆရာကတော်ယန်…” ယန်ကောက တလေးတစား ပြန်ဖြေသည်။
“ယန်ကော…အရင်ပြန်သွားနှင့်။ ဟန်လိ တစ်ယောက်တည်း အခန်းထဲ ဝင်လာခဲ့…”
အမျိုးသမီးယန်၏အသံကို အခန်းတွင်းမှ ကြားရသည်။
“ဟုတ်ကဲ့ပါ…” ယန်ကောသည် အမျိုးသမီးယန်ကို အလွန်လေးစားပုံ ပေါ်သည်။ သူက သူမအမိန့်အတိုင်း တသွေမတိမ်း လိုက်နာ၏။ ဟန်လိကို ပြုံးပြပြီးနောက် သူသည် ဒုတိယထပ်ကနေ ပြန်ဆင်းသွားသည်။ ထိုအထပ်၌ ဟန်လိတစ်ယောက်သာ အခန်းအပြင်ဘက်တွင် ကျန်နေခဲ့သည်။
ဟန်လိသည် အခန်းတံခါးကို အေးစက်စက် ကြည့်၏။ သို့သော် သူသည် ချက်ခြင်း ဝင်ရမည့်အစား သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ အခန်းတွင်းရှိ အခြေအနေကို ထောက်လှမ်းသည်။ သူသည် သတိလက်လွတ် တခါတည်း မဝင်သွားချင်ပေ။ အကြောင်းမှာ ကင်းပုန်းများက သူ့ကို အလစ်အငိုက်တိုက်ခိုက်ကာ သတ်ဖြတ်မည်ကို စိုးသောကြောင့်တည်း။ သို့ဖြစ်၍ သူက သတိထားတာ ပိုကောင်း၏။
အခန်းတခုလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေသည်။ အတွင်း၌ လူများများစားစား ရှိမနေပေ။ ဟန်လိသည် အမျိုးသမီးယန်နှင့် တခြားသူများ၏ အသက်ရှုသံနှင့် နှလုံးခုန်သံများကိုသာ ကြားရ၏။ နောက်ထပ် ကင်းပုန်းများ ရှိနေသည့် အရိပ်အယောင် မပေါ်ပေ။ ထို့ကြောင့် ဟန်လိမှာ စိတ်အေးသွားမိ၏။
သူက ရှေ့သို့ လှမ်းလာပြီး အခန်းတံခါးကို ခပ်ဖွဖွ နှစ်ကြိမ်ခေါက်၏။ ထို့နောက် အခန်းတံခါးကို ဖွင့်ကာ အထဲမဝင်ခင် အခြေအနေကို ခပ်မြန်မြန် ကြည့်လိုက်သေး၏။ သို့ပေမည့် အခန်းအတွင်း၌ တွေ့မြင်လိုက်ရသည့်အရာကြောင့် ဟန်လိ၏ အသားအရေမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူ့ခြေလှမ်းပင် တိုးလို့တန်းလန်း ဖြစ်သွား၏။
သည်အခန်းမှာ မနေ့ညတုန်းက အတိုင်း ဖြစ်၏။ စားပွဲ၊ ထိုင်ခုံ၊ အပြင်အဆင်များသည် အကုန်အတူတူပင်။ ကွာခြားသွားတာ ဟူ၍ သမားတော်မော့၏ ဇနီးချောများ ဝတ်စားဆင်ယင်ပုံသာ ဖြစ်၏။ အမျိုးသမီးယန်နှင့် တခြားဇနီးများသည် ခေါင်းစခြေအဆုံး ဖုံးသော အဖြူရောင်ပိုးသား ဝတ်ရုံကို ဝတ်ဆင်ထားကြ၏။ သူတို့အားလုံးက ထိုင်ခုံပေါ်တွင် ထိုင်ကာ ဟန်လိထံ အေးစက်စက်အကြည့်များဖြင့် စိုက်ကြည့်နေသည်။
ဟန်လိ၏ အသားအရေမှာ အနည်းငယ် ဖြူဖပ်ဖြူရော ဖြစ်သွားသည်။ သို့သော် သူက လန့်မသွားပေ။ ထိုအစား သူက ကွယ်လွန်သွားပြီဖြစ်သော သမားတော်မော့နှင့် ပတ်သတ်၍ စိတ်ပျက်မိသွားရသည်။
သမားတော်မော့ကဲ့သို့ မြေခွေးအိုကြီးက သူ့ကို ချောက်ချလိုက်တာ ထင်ရှားနေလေပြီ။ အစောတည်းက ဟန်လိ ခန့်မှန်းခဲ့သလို သမားတော်မော့ ချန်ထားခဲ့သော စာ၌ လျှို့ဝှက်စကားများ ပါဝင်နေတာမှာ အမှန် ဖြစ်နေ၏။ ထိုလျှို့ဝှက်စကားမှာ သမားတော်မော့ သေဆုံးသွားပြီ ဖြစ်သော အကြောင်း ဖြစ်ပေမည်။
ဟန်လိက အသက်ခပ်ဝဝ ရှုသွင်း၏။ သူ့အသားအရေမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သူက အခန်းထဲသို့ မားမားဝံ့ဝံ့ဟန်ဖြင့် လှမ်းဝင်လာ၏။ သူ့ဟန်ပန်၌ ယဉ်ကျေးမှု လုံးဝ ရှိမနေပေ။ သူက ခုံတစ်ခုကို ရှာ၍ သမားတော်မော့၏ ဇနီးများရှေ့တွင် မောက်မောက်မာမာဟန်ဖြင့် ထိုင်ချသည်။ သူတို့က စကားတခွန်းမှ မဆိုသေးသည်ကို မြင်သည့်နောက် သူက ထိုအမျိုးသမီးများသည် သူနှင့်ပတ်သတ်၍ မည်သို့ရင်ဆိုင်ဖို့ အကြံရှိနေသလဲဟု စူးစမ်းကြည့်နေ၏။
ဒုတိယဇနီးလီ၏ အမူအရာမှာ အလွန်တရာ အေးစက်နေ၏။ ဟန်လိသည် မနေ့ညတုန်းက သူတို့ကို ဆရာကတော်ဟု ရည်ညွှန်း ဆက်ဆံခဲ့၏။ သို့သော် အခုအခါ၌မူ ဒီဟန်လိက သူတို့ကို မျိုးဆက်တူ တစ်ယောက်ကဲ့သို့ ဆက်ဆံနေသည့်ပုံ ရသည်။ သမားတော်မော့၏ ဇနီးနှစ်မှာ ပညာတတ်အသိုင်းအဝိုင်းက လာသူ ဖြစ်၍ မျိုးဆက်ကွာဟမှုကို အလေးထားသူပင်။ သို့ဖြစ်၍ ဟန်လိ၏ မလေးမစားဟန်ပန်ကို မြင်သည့်အခါ သူမက ဒေါသပုန် မထဘဲ မည်သို့ နေပါ့မည်နည်း။
တတိယဇနီးလျှိုကမူ အမျိုးသမီးလီနှင့် ကွာခြားသည်။ သူမက ဒေါသမထွက်ရုံသာမက ဟန်လိကိုပါ စိတ်ဝင်စားသော အမူအရာဖြင့် ကြည့်နေသည်။ သို့သော် သူမ၏ ညှို့ငင်နိုင်စွမ်းကြောင့် ဟန်လိသည် သူမကို တိုက်ရိုက် မကြည့်ဝံ့ပေ။ သူက သူမကို သာမန်သာ ဝေ့ခတ် ကြည့်ရှုလိုက်၏။
အမျိုးသမီးယန်နှင့် အေးစက်ကျော့ရှင်းသော အမျိုးသမီးဝမ်တို့ကမူ အတူတူပင်။ သူတို့က ဟန်လိကို အေးစိမ့်သော အကြည့်ဖြင့် စကားတခွန်းမှ မဆိုဘဲ စိုက်ကြည့်နေ၏။
“ငါ့အရှင်ခင်ပွန်းရဲ့ နောက်ဆုံးတပည့်ဖြစ်တဲ့ နင့် သတ္တိကတော့ ချီူးကျူးစရာပဲ…”
လဘ္ဘက်ရည်တအိုး တည်ချိန်လောက် ကြာမြင့်ပြီးနောက် အမျိုးသမီးယန်က စကားဆိုလာသည်။ သူမ၏ စကားလုံးများထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။
“ဆရာကတော်…ခင်ဗျားတို့ သိချင်တာ ရှိရင်၊ ဒါမှမဟုတ် ပြောချင်တာ ရှိရင် ကျေးဇူးပြုပြီး တိုက်ရိုက်သာ ပြောပါ။ ကျုပ် အဓိပ္ပာယ် မရှိတဲ့၊ မလိုအပ်တဲ့ စကားတွေ မကြားချင်ဘူး…”
ဟန်လိက မျက်နှာကြောတင်းတင်းဖြင့် စကားဆိုသည်။
ဟန်လိသည် ဒီပြဿနာကို ကွေ့ဝိုက်မနေဘဲ တည့်တည့်ဖြေရှင်းသည်က ပိုကောင်းလိမ့်မည်ဟု ခံစားမိ၏။
အခန်းထဲ၌ ပုန်းကွယ်နေသော ဓားအရိပ်များ၊ ဆေဘာဓားအလင်းများ ရှိမနေသည် ဖြစ်၍ ထိုဇနီးများသည် ခုလက်ရှိ၌ သူ့ကို သတ်ဖြတ်ဖို့ အကြံ မရှိသေးဟု ဟန်လိက ကောက်ချက်ချလိုက်သည်။ သူတို့က သူနှင့် ပတ်သတ်၍ ဒွိဟဖြစ်နေသေးသည်လော၊ သို့မဟုတ် သူ့ထံမှ တခုခု တောင်းဆိုစရာများ ရှိနေသေးသည်လော ထင်ရသည်။ ထိုသို့ဖြစ်မှတော့ ဟန်လိသည် ယဉ်ကျေးနေစရာ မလိုတော့ပေ။ သမားတော်မော့ သေဆုံးခြင်းကိစ္စအပေါ် ဟန်လိသည် အရှက်တရား ခံစားနေစရာ အကြောင်း မရှိလေပေ။
“နင်…” အမျိုးသမီးယန်သည် ယောက်ျားသားများကြား တိုက်ပွဲများစွာနှင့် ပတ်သတ်၍ ဗဟုသုတ ရှိထားသော်လည်း ဟန်လိ၏ ရန်စောင်သော လေသံက သူမကို စွံ့အမိသွားစေသည်။
“ကောင်းပြီ။ ငါ နင့်ကို မေးမယ်။ ငါ့အရှင်ခင်ပွန်းက နင့်ရဲ့ ညစ်ပတ်တဲ့လက်တွေကြောင့် သေသွားခဲ့ရတာလား…” ဒုတိယဇနီးသည် ဒေါသထွက်လွန်းသဖြင့် သူမ၏မျက်လုံးမှာ အခိုးအငွေ့များပါ တောက်နေသည်။ သူမ၏ ပညာတတ်ဟန် အငွေ့အသက်ပင် လုံးဝ ပျောက်သွားပြီး မကျေမချမ်းဖြစ်မှုသာ သူမ၏ သဏ္ဌာန်၌ ကျန်နေတော့သည်။
“ညီမနှစ်…” အမျိုးသမီးယန်က မျက်မှောင်ကြုံ့ကာ ဒုတိယဇနီးကို လှမ်းဟန့်၏။
“ဒီအမျိုးသမီးလီကသာ အရေးကြီးဆုံး မေးခွန်းကို ပွင့်ပွင့်လင်းလင်း တန်းမေးတဲ့သူပဲ…”
ဟန်လိက နှာခေါင်းရှုံ့ကာ ဆို၏။
“ကျုပ် သူ့ကို သတ်ခဲ့တာလို့လည်း ပြောနိုင်တယ်။ သူ့ကိုယ်သူ သတ်ခဲ့တာလို့လည်း ဆိုနိုင်တယ်…” ဟန်လိသည် မထူးခြားနားသော လေသံဖြင့် ပြောလိုက်၏။
သူ၏ သည်စကားက သူ့ရှေ့တွင် ထိုင်နေကြသော ဇနီးများကို တုန်လှုပ်သွားစေသည်။ သူတို့သည် ဟန်လိသည် ဒီကိစ္စကို ငြင်းဆန်မည်၊ သို့မဟုတ် မျက်နှာပြောင်တိုက်၍ အရှက်မရှိ ဝန်ခံလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ခုလို အဖြေမျိုးကို ကြားရလိမ့်မည်ဟုတော့ မထင်ထားကြပေ။
ဒုတိယဇနီးလီက ခဏ မင်သက်တုန်လှုပ်သွား၏။ သို့သော် သူမသည် ချက်ခြင်းပင် ဒေါသအကြီးအကျယ် ထွက်လာသည်။ သူမသည် ဟန်လိက သူတို့နှင့် လာကစားနေသည်ဟု ယုံကြည်နေတာ သိသာသည်။
“အဓိပ္ပာယ် မရှိလိုက်တာ။ နင်က ငါတို့ခင်ပွန်းကို ထိခိုက်စေခဲ့တာ အသိသာကြီးပဲ…”
အမျိုးသမီးလီ၏ လေသံမှာ မကျေနပ်စိတ်၊ ဒေါသစိတ်တို့ကြောင့် တုန်ယင်နေ၏။
“ကျုပ် သူ့ကို သတ်ခဲ့တာလို့ ဘာလို့ သေချာနေရတာလဲ။ ကျုပ် သတ်ခဲ့တာကို ခင်ဗျား မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာလား..” ဟန်လိက ယဉ်ကျေးမှုတစက်မျှ မရှိဘဲ ပြန်မေးသည်။ သူသည် သမားတော်မော့၏ စာထဲ၌ သူ အသတ်ခံခဲ့ရကြောင်းကို ရေးထားခဲ့လိမ့်မည်ကို ကောင်းကောင်း သဘောပေါက်သည်။ သမားတော်မော့၏ ဇနီးများသည် ဟန်လိလက်ချက်ကြောင့် သမားတော်မော့ အသတ်ခံခဲ့ရခြင်း ဟုတ်၊မဟုတ်ကိုမူ သေချာ သိကြလိမ့်မည် မဟုတ်ပေ။ ဟန်လိသည် ထိုစာထဲ၌ သမားတော်မော့က သူ့ဇနီးများကလွဲ၍ တခြားသူ မသိနိုင်သော သီးသန့်စကားလုံးများကို ရေးခဲ့မည်ဟု ခန့်မှန်းမိသည်။ သို့ဖြစ်၍ ဟန်လိသည် သည်ဒွိဟဖြစ်စရာ အချက်များကို ပြန်ချေပနေခြင်းပင်။ ထိုဇနီးများသည် သမားတော်မော့ မည်သို့မည်ပုံ သေဆုံးခဲ့ရသည်နှင့် ပတ်သတ်၍ တိတိကျကျ သိပုံ မရပေ။
“နင်က ဒီလိုပြောမှတော့ ငါတို့ရဲ့ အရှင်ခင်ပွန်းက ဘယ်လိုဘယ်ပုံ အသတ်ခံခဲ့ရလဲဆိုတာ ပြောပါ။ နင်နဲ့ တကယ်ပဲ မဆိုင်ဘူးဆိုရင် ငါတို့က နင့်ကို မမျှမတ လုပ်မှာ မဟုတ်ဘူး…”
တချိန်လုံး ငြိမ်သက်တိတ်ဆိတ်နေသော ဇနီးငါးဖြစ်သူ အမျိုးသမီးဝမ်က နောက်ဆုံး၌ စကားဆိုလာသည်။