ညှိနှိုင်းခြင်း
Vol. 9 Ch. 117
ဟန်လိ၏ စကားများကို ကြားသည့်အခါ သူတို့၏ မျက်နှာဟန်ပန်များမှာ ဖြူရာကနေ နီမြန်းသွားသဖြင့် မဆိုသလောက် ပိုအလှတိုးသွား၏။
အမျိုးသမီးယန်က ဦဆုံး တည်ငြိမ်လာ၏။ သူမက ဆံထုံးထဲ ဆံထိုးကို အားနည်းနည်း စိုက်၍ ထိုးထည့်ကာ တည်ငြိမ်သောလေသံဖြင့် ထပ်မံ ပြော၏။ “ နင်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လို့ ဒီမွှေးရနံ့ကို မကြောက်ဘူးဆိုရင်တော် နင့်ခန္ဓာကိုယ်ထဲက ယင်အဆိပ်နဲ့ ပတ်သတ်ပြီးတော့ကော မပူပန်ဘူးလား….”
သူမက နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလာခဲ့ပြီ။
ဟန်လိက သူမ၏ အပြောကို ကြားသည့်အခါ သူ့အပြုံးက ချက်ခြင်း အေးစက်သွား၏။ သမားတော်မော့က ဒီအမျိုးသမီးကို သူနှင့် ရင်ဆိုင်ဖို့ ဝှက်ဖဲတစ်ခု ပေးနိုင်ခဲ့တာ သေချာသွားလေပြီ။
“အမှန်ပါပဲ။ ကျုပ်ကိုယ်ထဲမှာ အအေးဓာတ်ယင်အဆိပ် ရှိပါတယ်။ ဒါပေမဲ့ ဒီအဆိပ် မပျံ့နှံ့ခင် ကျုပ်က မော့အိမ်တော်တခုလုံးကို ပြောင်းပြန်လှန်ပစ်ရလဲ အားနာနေမှာ မဟုတ်ဘူး…။ အကုန်လုံး သတ်ပြစ်လိုက်ရုံပေါ့…”
ဟန်လိက ပြောင်စပ်စပ်ဟန်ဖြင့် ပြောလိုက်၏။ သို့သော် သူ၏စကားလုံးများထဲမှ ချိန်းခြောက်မှုကို ဒီအမျိုးသမီးများက ရှင်းရှင်းလင်းလင်း ကြားသည်။
အမျိုးသမီးယန်က ခဏ ငြိမ်သက်သွား၏။ ကျန်သည့်သူများကလည်း ဘာစကားမျှ ဟမလာသေးပေ။ သေရေးရှင်ရေး ကိစ္စ ဆိုက်ရောက်လာချိန်၌ မော့အိမ်တော်၌ ဆုံးဖြတ်ရသူမှာ ဒီလေးယောက်မြောက်ဇနီးယန်သာ ဖြစ်ဟန် တူသည်။
“တို့နှစ်ဖက်လုံးမှာ ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ရှိနေမှတော့ နှစ်ဖက်လုံး အကျိုးယုတ်စေမယ့်ဟာ မဖြစ်စေချင်ဘူး။ ကောင်းကောင်းမွန်မွန်ပဲ စကားနဲ့ ဖြေရှင်းကြတာပေါ့…”
အမျိုးသမီးယန်က ခဏ ငြိမ်သက်ပြီးနောက် အေးစက်စက် လေသံဖြင့် ပြောလာ၏။
“ဒါပေါ့။ ကျုပ်ကလည်း ခုလောက် အသက်အရွယ်လေးနဲ့ အလကားဟသ မသေချင်သေးပါဘူး…”
ဟန်လိလည်း သူ့အသက်ကိုယ်သူ စိတ်ပူ၍ သူမ၏ အကြံပေးချက်ကို စိတ်လိုလက်ရ သဘောတူသည်။
ထို့နောက် သူက အမျိုးသမီးယန်၏ ရှေ့၌ ထိုင်ချလိုက်သည်။
“ဒါပေမဲ့…ငါတို့ ဆွေးနွေးမှုမစခင် နနင်ဟာ ငါ့အရှင်ခင်ပွန်းကို ကိုယ်တိုင်သတ်ခဲ့လား ထပ်ကြားချင်တယ်။ တကယ်တော့ ငါတို့ဟာ ခင်ပွန်းနဲ့ ဇနီး ဖြစ်ခဲ့ဖူးတဲ့ သူတွေ မဟုတ်လား။ သူ သေရတဲ့ အကြောင်းရင်းမှန်ကို သိမှ စိတ်အေးနိုင်မှာပေါ့။ ဒါပေမဲ့ အရှင်ခင်ပွန်းဟာ နင့်လက်ချက်နဲ့ သေခဲ့ရရင်တောင် ငါတို့ အနေနဲ့ လက်စားချေဖို့ စိတ်ကူး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ငါတို့ဟာ မုဆိုးမတွေ ဖြစ်နေခဲ့ပြီးပြီး။ ထပ်ပြီး ဒုက္ခမများချင်တော့ဘူး။ ကိုယ့်သေလမ်းကိုယ်လည်း မရှာချင်တော့ဘူး…”
နောက်ဆုံး စကားများကို အမျိုးသမီးယန်က အားငယ်ဟန်ဖြင့် ပြောလိုက်တာ ဖြစ်၏။ မသိလျှင် ဟန်လိက အမျိုးသမီးများနှင့် ကလေးများကို အနိုင်ကျင့်သော ယုတ်မာသည့် လူဆိုးတစ်ယောက် ဖြစ်နေသည့်အလား။
အမျိုးသမီးယန်၏ မျက်နှာဟန်ပန်ကို ကြည့်ကာ ဟန်လိမှာ ခေါင်းကိုက်မိသွားသည်။ သူက အမျိုးသမီးယန်သည် သရုပ်ဆောင်နေမှန်း သိသော်လည်း သူမ၏ သနားစဖွယ်အနေအထားကို မြင်သည့်အခါ သူ့စိတ်နှလုံးမှာ နည်းနည်းတော့ ပျော့ပြောင်းသွားမိ၏။
သမားတော်မော့ အသတ်ခံရပုံကို ပြောပြရုံပဲမလား။ ဒီကိစ္စက ဖုံးကွယ်ထားစရာ မလိုပေ။ တကယ်တော့ ဟန်လိသည် သမားတော်မော့၏ သေဆုံးခြင်းက သူ၏ အမှားမဟုတ်ကြောင်း သတ်မှတ်ထား၏။ ထိုအဖြစ်ဆိုးအတွက် အပြစ်တင်ချင်ပါက သမားတော်မော့နှင့် ယွီကျစ်ထုံတို့ပေါ်သာ အပြစ်တင်ရလိမ့်မည်။
“ကောင်းပါပြီ။ ကျုပ်က သမားတော်မော့ သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ် ပြောပြပေးမယ်။ ဒါပေမဲ့ ခင်ဗျားတို့ နားထောင်ပြီးတဲ့နောက် ကျုပ်အပေါ် အတင်းအကြပ် လက်စားချေဖို့ လုပ်လာခဲ့ရင်တော့ ကျုပ်လည်း ခင်ဗျားတို့ကို အချိန်မရွေး မျိုးဖြုတ်ပစ်မှာ…”
ဟန်လိက ခဏစဉ်းစားပြီးနောက် သူမ၏ တောင်းဆိုမှုကို သဘောတူလိုက်သည်။
“ကျေးဇူးတင်ပါတယ်…လူငယ်သခင်လေးဟန်…” အမျိုးသမီးယန်က ဟန်လိသည် အမှန်တရားကို ပြောပြချင်စိတ်ကို ခံစားမိ၏။ သူမ၏မျက်နှာမှာ ချက်ခြင်း ရွှင်လန်းသွားသည်။
“ဒါက သူ ဘယ်လိုဘယ်ပုံ သေဆုံးခဲ့လဲ ဆိုတာပဲ။ သမားတော်မော့က ကျုပ်ကို လှည့်စားခဲ့တယ်။ ကျုပ်က ထာဝရနွေဦးပညာရပ်ကို နှစ်များစွာ ကျင့်ကြံပြီးတဲ့နောက်မှ ဒီအကြောင်းကို သိလာခဲ့တာ…”
ဟန်လိက သူ သမားတော်မော့၏ လှည့်စားခံရပုံ၊ အဆိပ်ခက်ခံရပုံ ထာဝရနွေဦးပညာရပ်ကို အတင်းအကြပ် လေ့ကျင့်ခဲ့ရပုံတို့ကို ဒီအမျိုးသမီးများအား အသေးစိတ် ပြောပြသည်။
သူသည် သမားတော်မော့က သူ၏ အသွေးအသားခန္ဓာကိုယ်ကို သိမ်းပိုက်လိုကြောင်း၊ သူ၏ အခြေခံအနှစ်သာရကို သုံးစွဲချင်ကြောင်းတို့ကို ရှင်းပြ၏။ ထို့နောက်တွင် ယွီကျစ်ထုံ ပေါ်လာခဲ့ပုံ စသဖြင့် ဇာတ်လမ်းအကြောင်းစုံကို ပြောပြသည်။ နောက်ဆုံး၌ ဟန်လိက သူထံ၌ ယင်အအေးဓာတ်အဆိပ်မိနေသည်ကို သိခဲ့ပြီး ရွေးချယ်စရာ မရှိ၍ လန်စီရင်စုထံ လာရောက်ကာ သူမိထားသော အဆိပ်ကို ဖြေနိုင်ဖို့ အဖိုးတန်ယန်ကျောက်စိမ်းပြားကို လာယူပုံတို့ကို ပြောပြသည်။ သူက အဖြစ်သနစ်အစုံကို အမှန်တိုင်း ပြန်ပြောပြခဲ့တာ ဖြစ်၏။ ဟန်လိက ဒီဇနီးများကို သမားတော်မော့၏ သေဆုံးခြင်း၌ အမှန်တကယ် သားကောင် ဖြစ်ခဲ့တာက သူမှန်း သိစေချင်သည်။
အမျိုးသမီးယန်နှင့် တခြားဇနီးများက ဟန်လိ ပြောပြသော ဇာတ်လမ်းကို ကြားသည့်နောက် တစ်ယောက်နှင့် တစ်ယောက် လှမ်းကြည့်မိသည်။
ဟန်လိ၏ စကားများသာ အမှန်ဖြစ်ပါက သူတို့အရှင်ခင်ပွန်း၏ သေဆုံးခြင်းမှာ ဟန်လိ၏ အမှားကြောင့် မဟုတ်တော့ပေ။ ထို့အပြင် သမားတော်မော့ အသုံးပြုခဲ့သော နည်းလမ်းများနှင့် အကြံအစည်များကို ကြားသည့်အခါ သေဆုံးသွားပြီးဖြစ်သော သူမတို့၏ ခင်ပွန်းအပေါ် အမြင်ပင် တမျိုး ဖြစ်ရသည်။ ထို့အပြင် သူမတို့ လက်ခံရခဲ့သည် ဖုံးကွယ်ထားသော စာ၌ ဒီဇာတ်လမ်းကို အနည်းအကျဉ်းမျှ မဖော်ပြထားခဲ့ပေ။ သူမတို့က ဟန်လိ၏ ဇာတ်လမ်းသည် အနည်းနှင့်အများတော့ အမှန်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိကြ၏။
“သခင်လေးဟန် ပြောတဲ့အတိုင်း အမှန်ဆိုင် အရှင်ခင်ပွန်းရဲ့ သေဆုံးမှုက ရှင့်ကို အပြစ်တင်စရာ မရှိတော့ဘူး။ ဒါက ယွီကျစ်ထုံဆိုတဲ့သူရဲ့ အမှား ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ကျမတို့ရဲ့ ခင်ပွန်း အများ ဖြစ်ချင် ဖြစ်လိမ့်မယ်…”
အမျိုးသမီးယန်က သက်ပြင်းချ၏။ သူမ၏ စကားများက ဟန်လိကို မျက်ခုံး ပင့်သွားစေသည်။
“ဒီအမျိုးသမီးယန်က သူမရဲ့ ခင်ပွန်းအပေါ် အတော်လေး အမြတ်တနိုး ရှိတာ။ စကားလေး အနည်းအငယ်နဲ့ သူမက သမားတော်မော့ကို ဘယ်လိုလုပ် အပြစ်တင်ပစ်ရတာလဲ…”
ဟန်လိက အမျိုးသမီးယန်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်သည်။ သူက စကားတခွန်းမှ မဟသော်လည်း သူ၏ အမူအရာ၌ ထူးခြားသောစိတ်ခံစားချက် ပေါ်နေသည်။
ဟန်လိ၏ အကြည့်အောက်၌ အမျိုးသမီးယန်က ရှက်သွေးဖြာသွားခြင်းလည်း မရှိသလို ပျော်မြူးသွားခြင်းလည်း မရှိပေ။ သူမ၏အကြည့်ကို တဖက်သို့ ရွှေ့သည်။
ဟန်လိက ကြိတ်၍ ခါးသက်စွာ ပြုံးမိသည်။ ထိုအမျိုးသမီး၏ မျက်နှာမှာ အတော်လေး အရည်ထူပုံ ရ၏။ သူက ခေါင်းလှည့်ကာ တခြားဇနီးများထံ မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
ဇနီးသုံးလျှိုက ပြုံးနေဆဲသာ သူမ၏ ကလက်တက်တက် အမူဟန်ပန်က နည်းနည်းလေးမျှ မပြောင်းသွားပေ။ သူမက ဟန်လိ လှမ်းကြည့်သည်ကို မြင်သည့်အခါ ဟန်လိကိုပင် ကလူကျီစယ်ဟန်ဖြင့် ပြန်ကြည့်သေး၏။ ဟန်လိမှာ ငြိမ်သက်သွားရသည်။
ဒုတိယဇနီးလီက ဟန်လိ၏ အကြည့်ကို မြင်သည့်အခါ သူမက စိတ်မသက်မသာဟန်ဖြင့် ခေါင်းငုံ့သွား၏။ သူမက ချမ်းသာကြွယ်ဝကာ ပညာတတ်မိသားစုမှလာသော မိန်းကလေး ပီသ၏။ အမျိုးသမီးယန် အစောလေးက ပြောခဲ့သော စကားများအပေါ် သူမက အရှက်ရသွားတာ သိသာသည်။
ငါးယောက်မြောက်ဇနီးဝမ်ကမူ အေးစက်ကျော့ရှင်းဟန် အမူအရာ ရှိနေသောလည်း သူမ၏လက်ချောင်းများကို ပူးလိမ်နေ၏။ သူမစိတ်ထဲရှိ ပုံမှန်မဟုတ်မှုကို ပြနေသည်။ သူမ၏ ရည်ရွယ်ချက်ကိုမူ ဟန်လိ မသိပေ။
“သခင်လေးရဲ့ စောနက စကားတွေအရ ငါတို့အချင်းချင်း အမုန်းတရား ကြီးကြီးမားမား မရှိနေတော့ဘူးပေါ့။ အဲ့လိုဆိုရင် ငါတို့ အေးအေးဆေးဆေး ပြောကြတာ အကောင်းဆုံးပဲ…”
အမျိုးသမီးယန်က သူမ၏ ဖူးအိဝိုင်းသော နှုတ်ခမ်းကို ဟကာ ခပ်တိုးတိုး ပြောလိုက်၏။
ဟန်လိက အမျိုးသမီးယန်၏ စကားများကို ကြားသည့်အခါ ခေါင်းပြန်လည့်၍ စကားဆိုသည်။ “ကျုပ်တို့ ဘာကို ဆွေးနွေးကြမလဲ။ ကျုပ်ကို အဖိုးတန်ယန်ကျောက်စိမ်းပြား ပေးလိုက်ပါ။ ကျုပ် လှည့်ထွက်သွားမယ်။ ကျုပ်အနေနဲ့ မော့အိမ်တော်ကို မနှောက်ယှက်တော့ဘူး…”
“ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲ…” အမျိုးသမီးယန်က ခပ်ရေးရေး ပြုံး၍ ချက်ခြင်း တန်းငြင်း၏။
“ဘာကြောင့် လက်မခံနိုင်ရတာလဲ…” ဟန်လိက မကျေမနပ်ဟန်ဖြင့် ပြောလိုက်၏။
“မနေ့တုန်းက သခင်လေးဟာ ကျမအခန်းရဲ့ အပြင်ဘက်မှာ ရှိနေခဲ့တာ ဆိုတော့ မော့အိမ်တော်ရဲ့ အခုလက်ရှိ အခြေအနေတွေကို ကြားလောက်မှာပါ။ ဒါ့ကြောင့် သခင်လေးလို ပြင်ပအကူအညီမရှိရင် ကျမတို့ မော့အိမ်တော်က လုံးလုံး ပျက်စီးခြင်း ဆိုက်တော့မှာ။ ဒါဟာ အချိန်တခုပဲလိုတော့တယ်။ အဲ့လိုသာဆိုရင် သခင်လေးက ကျမတို့ ညီမတွေကို စောစောစီးစီး အခု သတ်ပစ်လိုက်တာကမှ ပိုကောင်းအုံးမယ်။ ဒုက္ခ ငြိမ်းသွားတာပေါ့…”
အမျိုးသမီးယန်က သူမ၏ နီရဲသော မျက်လုံးများဖြင့် သနားဖွယ်လေသံဖြင့် စကားဆိုလာသည်။
ထိုသည်ကို ကြားသည့်အခါ ဟန်လိသည် အမျိုးသမီးယန်ကို စိုက်ကြည့်မိ၏။ သို့သော် သူမက ဟန်လိနှင့် အကြည့်ချင်းမဆုံအောင် ဆက်၍ ရှောင်ဖယ်နေတုန်းပင်။
ဟန်လိသည် သက်ပြင်းရှည်ကြီး ချမိသည်။ သူက မော့ချိုက်ဟွန်က ဘာကြောင့် အကြံအစည်များသော ဂြိုဟ်ကောင်မလေး ဖြစ်နေမှန်း ခုမှ သိသွားတော့၏။ သူမက သူမအမေ(အမျိုးသမီးယန်)ဖြစ်သူထံကနေ ဒီလိုအကြံအစည်များခြင်းကို သင်ယူထားတာ သိသာသည် မဟုတ်လား။