ရွေးချယ်မှုတစ်ခု
Vol. 9 Ch. 118
“ကဲ ပြောသင့်တာတွေလည်း ပြောပြီးပြီး။ ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ။ ရိုးသားပါ။ ကျုပ် ထပ်ပြီး အလုပ်မရှုပ်ချင်တော့ဘူး..” ဟန်လိက အေးတိအေးစက် ပြော၏။
အမျိုးသမီးယန်က မျက်မှောင်ကြုတ်သည်။ သူမတို့ရှေ့၌ ရှိနေသော လူငယ်မှာ သူမ ထင်ထားတာထက် ရင်ဆိုင်ဖို့ ပိုခက်နေပေသည်။ သူမတို့ အသုံးပြုခဲ့သော အပျော့နည်း၊အကြမ်းနည်းများက အသုံးမတည့်သည်ကို မြင်သည့်အခါ သူမသည် ထိုလူငယ်ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိတော့ပေ။
သူမသည် ဇနီးငါးထံ ခေါင်းလှည့်ကာ ကြည့်လိုက်၏။ သူတို့ညီမများထဲ၌ အမျိုးသမီးဝမ်သာ သူမ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်နိုင်သူ မဟုတ်လား။ ထို့ကြောင့် သူမက အမျိုးသမီးဝမ်ထံ၌ ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှိ၊မရှိ သိရအောင် လှမ်းကြည့်လိုက်ခြင်းပင်။
“သူနဲ့ ပတ်သတ်တဲ့ ကိစ္စကို အစ်မလေးပဲ လုပ်ဆောင်ပါ။ ကျမ ဘာပဲ ဖြစ်ဖြစ် သဘောတူပါတယ်…” အမျိုးသမီးဝမ်က အမျိုးသမီးယန်၏ အကြည့်ထဲရှိ အဓိပ္ပာယ်ကို မြင်သည်။ ထို့ကြောင့် သူမက ရေခဲတမျှ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
အမျိုးသမီးယန်က ထိုစကားကို ကြားသ့်နောက် ချက်ခြင်းပင် သူမ၏ စိတ်ကို တည်ငြိမ်အောင် လုပ်၏။
“ကောင်းပြီ။ ဆရာက အလုပ်ရှုပ်မခံချင်တော့ဘူးဆိုတော့ ကျမတို့ ညီအမတွေကလည်း လိုရင်းကိုပဲ တည့်ပြောတော့မယ်..”
အမျိုးသမီးယန်ထံမှ ထိုစကားများ ထွက်ပေါ်လာသည့်အခါ သူမသည် ကျားယွမ်မြို့၏ အဓိကဂိုဏ်းသုံးခုထဲမှ တစ်ခုဖြစ်သော ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ယောက်ဟန် ပေါ်လွင်နေပေသည်။ အစောတုန်းက အစွမ်းကင်းမဲ့နေကာ ထိတ်လန့်နေသော ခံစားချက်များသည် သူမထံကနေ လုံးဝ ပျောက်ကွယ်သွားသည်။ သူမ၏ကိုယ်ဟန်ပန်က ခေါင်းဆောင်တစ်ယောက်ဟန် အပြည့်ပင်။
“ကောင်းတယ်။ စတည်းက ကျုပ်က မျှမျှတတ ညှိနှိုင်းစကား ပြောချင်တာ…” ဟန်လိက ခပ်ရေးရေး ပြုံးကာ ဆိုသည်။
“နင်က ရေလွှမ်းနဂါးအဖွဲ့ရဲ့ ရန်သူတော်တွေ ဖြစ်တဲ့ သက်တန့်ဂိုဏ်းနဲ့ ဟာချီမွန်အိမ်တော်တို့ကို ဖယ်ရှားပေးရင် မော့အိမ်တော်က နင့်ကို အနာဂတ်မှာ ဘာပြဿနာမှ မရှာဘူး။ ငါတို့က နင့်ကို အဖိုးတန်ယန်ကျောက်စိမ်းပြားကိုလည်း ပေးအုံးမယ်။ ဒါ့အပြင် ငါတို့ရဲ့ သမီးတွေက နင် ကြိုက်နှစ်သက်တဲ့တစ်ယောက်ကို နင့်ရဲ့ ဇနီးအဖြစ် ရွေးချယ်ခွင့်ပါ ပေးအုံးမယ်…”
“ဒါပေမဲ့လည်း နင်က ငါတို့ရှိက ကျောက်စိမ်းပြားကို အတင်းအကြပ် လုယူမယ်ဆိုရင်၊ ဒါမှမဟုတ် တို့ညီမတွေကို ချိန်းခြောက်မယ်ဆိုတော့ မှားသွားလိမ့်မယ်။ ငါက ဒီအဖိုးတန်ကျောက်စိမ်းပြားကို ငါ့ လူယုံတော်တစ်ယောက်ကို ပေးထားခဲ့ပြီးပြီ။ တခုခု ပြဿနာ တက်တဲ့ အရိပ်အယောင် တွေ့တာနဲ့ အဲ့ကျောက်စိမ်းပြားကို သူက ချက်ခြင်း ဖျက်စီးပစ်လိမ့်မယ်။ ဒါဆို ငါတို့ နှစ်ဦးနှစ်ဖက်လုံး အပြန်အလှန် ပျက်စီးခြင်းနဲ့ အဆုံးသပ်သွားလိမ့်မယ်…” အမျိုးသမီးယန်သည် မတုန်မလှုပ်ဟန်ဖြင့် စကားဆိုလာသည်။
“အမျိုးသမီးယန်…ခင်ဗျား တောင်းဆိုမှုက မများဘူးလား။ ကျုပ် တစ်ယောက်တည်းနဲ့ သက်တန့်တောင်နဲ့ ဟာချီမွန်အိမ်တော်တို့ကို အပြက်ရှင်းရမယ် ဟုတ်လား။ ခင်ဗျားက ဒီလို တွေးတာဆိုရင်တော့ အဓိပ္ပာယ်မရှိဘူး…” ဟန်လိသည် အမျိုးသမီးယန်၏ ချိန်းခြောက်မှုကို မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။ သူက လုံးဝ အရေးစိုက်ပုံလည်း မရပေ။
ဟန်လိသည် အဖိုးတန်ယန်ကျောက်စိမ်းပြားကို အလျင်စလို အရယူ၍ မရမှန်း သိပြီး ဖြစ်၏။ ထိုအမျိုးသမီးများ၏ ချိန်းခြောက်မှုများအပြင် သူတို့ထံ၌ နောက်ထပ် လျှို့ဝှက်အဖွဲ့ဝင် မည်မျှများများ ရှိသည်ကိုလည်း သူ မသိသောကြောင်ပင်။ ထို့ကြောင့် တဖက်လူကို ဖမ်၍ ကျောက်စိမ်းပြားကို အတင်းအကြပ် တောင်းယူခြင်းက အောင်မြင်နိုင်ချေ သိပ်မရှိပေ။ တဖက်လူက သူတို့ဘာသာ လိုလိုလားလားဖြင့် သူ့ကို ပေးချင်အောင် ပြုလုပ်တာကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။
“သခင်လေးဟန်…နင်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား။ ဒါ့ကြောင့် ကျန်းဟူက လူတွေက နင့်ကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်ပါ့မလဲ။ ဒါ့အပြင် ငါတို့က ဂိုဏ်းတခုလုံးကို အမြစ်ဖျက် သုတ်သင်ပစ်ချင်တာ မဟုတ်ဘူး။ သူတို့ရဲ့ အဓိကခေါင်းဆောင်တွေထဲက တချို့ ပျောက်ကွယ်သွားရင်ပဲ လုံလောက်ပြီ…”
သည်တကြိမ်၌ စကားဆိုလာသူမှာ ဆွဲဆောင်မှုအပြည့် ရှိသည့် တတိယဇနီးဖြစ်သူပင်။ ဟန်လိ၏ ဝိညာဉ်ကို တုန်လှုပ်စေမည့် ညှို့ငင်နိုင်စွမ်းအပြုံးကို ပြုံး၍ သူမက ကျက်သရေ ရှိလှသော အသံဖြင့် ဆိုလာခဲ့တာပင်။
“ကျင့်ကြံသူတစ်ယောက် ဖြစ်တော့ကော ဘာဖြစ်လဲ။ တခြား ကျင့်ကြံသူတွေကိုတော့ ကျုပ် မသိဘူး။ဒါပေမဲ့ ကျုပ် စွမ်းရည်ကိုတော့ ကျုပ် ကောင်းကောင်းသိတယ်။ ခင်ဗျားတို့က လူတစ်ယောက်တည်းကို လွှတ်ပြီး ထောင်သောင်းချီအဖွဲ့ဝင်ရှိတဲ့ ဂိုဏ်းကြီးနဲ့ သွားတိုက်ခိုက်စေချင်တာဟာ ရူးတာပဲ…။ ကျင့်ကြံသူတွေက သာမန်လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ရင် ဂယက်မထစေနိုင်ဘူးလို့များ ခင်ဗျားတို့အားလုံးက တကယ်ကြီး ထင်နေကြတာလား…”
ဟန်လိသည် တတိယဇနီးကို အေးစက်စက် လှမ်းကြည့်သည်။ ထိုအေးစက်မှုက သူမ၏အပြုံးကို တောင့်တင်းသွားစေသည်။ သူမ၏ အညှို့ဓာတ်မှာ ထာဝရနွေဦးပညာရပ်ကို အသက်သွင်းထားသော ဟန်လိအပေါ်သို့ သက်ရောက်ခြင်း မရှိလေပေ။
“ဘာကြောင့်လဲ။ သခင်လေးဟန်က ကျင့်ကြံသူတွေအတွက် သာမန်လူတွေနဲ့ ပတ်သတ်ပြီး လုပ်ဆောင်မှုမှာ အကန့်အသတ်တွေ ရှိတယ်လို့ ဆိုလိုတာလား…”
ဟန်လိ၏ အထက်ပါစကားကြောင့် အမျိုးသမီးယန်မှာ အံ့အားတသင့်ဟန်ဖြင့် မေးလိုက်သည်။
“ကျုပ်လည်း အသေးစိတ်တော့ သေချာမသိဘူး။ တကယ်တော့ ကျုပ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာ မကြာသေးဘူး။ ဒါ့ကြောင့် ဒီစည်းမျဉ်းတွေနဲ့ ပတ်သတ်ပြီး အကျွမ်းတဝင် မရှိလှဘူး…”
ဟန်လိက မင်သေသေဖြင့် ပြောလိုက်၏။ ထို့နောက် သူက တခုခု ပြောချင်နေဟန် တူသော အမျိုးသမီးယန်ကို လက်ဝေ့ယမ်းကာ တားဆီး၍ အေးစက်စက် ဆက်ပြောလာသည်။ “ဒါပေမဲ့ ခင်ဗျား ဦးနှောက် ကောင်းသေးတယ်ဆိုရင် ကျင့်ကြံသူတွေက သူတို့ ဆန္ဒရှိသလို သေမျိုးတွေကို သွားလုပ်လို့ မရဘူးဆိုတာ သိသာနေတာပဲ။ တကယ်တော့ ခင်ဗျားတို့ ကျားယွမ်မြို့ရဲ့ ဂိုဏ်းကြီးသုံးခုဆိုတဲ့ ဂိုဏ်းတွေ ခုထိ တည်ရှိနေသေးတာ ဘာလို့လဲ။ ကျင့်ကြံသူတွေက သေမျိုးကိစ္စရပ်တွေမှာ နက်နက်နဲနဲ ဝင်မပါလို့ပေါ့။ မဟုတ်ရင်တော့ မမှန်မကန်တဲ့ ကျင့်ကြံသူတွေရဲ့ အကြံအစည်တွေအောက်မှာ ဒီဂိုဏ်းတွေ ကျရှုံးသွားတာကို ရေနိုင်မှာတောင် မဟုတ်ဘူး။ ခင်ဗျားလို မိန်းမလှတောင် သူတို့ရဲ့ ကစားစရာ ဖြစ်နေလောက်ပြီ…”
ဟန်လိသည် နောက်ဆုံးစကားကို တုံးတိတိကြီး ပြောချပစ်၏။ ထိုအခါ သူ့မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးများ၏ မျက်လုံးထဲတွင် သတိအနေအထား ဖြစ်ကုန်သည်။
“ဒါပေမဲ့ ဒါက သခင်လေးဟန် ခန့်မှန်းချက် သပ်သပ်ပဲလေ။ အမှန်ဖြစ်ဖို့ သိပ်သေချာတာ မဟုတ်ဘူး…” အမျိုးသမီးယန်က သဘောမတူလိုပုံ ရသည်။
“ဖြစ်နိုင်ချေ ရှိနေတဲ့အတွက် လူတစ်ယောက်ဟာ သူ့ကိုယ်သူ ပျက်စီးစေမယ့် အပြုအမူတွေတော့ လုပ်မှာ မဟုတ်ဘူးမလား…”
ဟန်လိသည် အမျိုးသမီးယန်ကို တစက်လေးမျှ မျက်နှာသာမပေးဘဲ အားနာခြင်းမရှိ ပြောလိုက်၏။
“ဆိုတော့ သခင်လေးက ကျမတို့ရဲ့ သမီးတစ်ယောက်ကို ခန်းဝင်ပစ္စည်းတွေနဲ့အတူ ခေါ်သွားပြီး ကျမတို့အတွက်တော့ ဘာမှ မချန်ထားခဲ့ဘူးလို့တော့ မပြောနဲ့…”
အမျိုးသမီးယန်သည် ခန်းဝင်ပစ္စည်း ဟူသော စကား၌ သိသိသာသာ ဖိပြောလိုက်ပေသည်။
သူမ ပြောသည်ကို ကြားသည့်အခါ ဟန်လိ၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း စိတ်ထဲကမူ ဒေါကန်မိသွား၏။
“ခင်ဗျားတို့ရဲ့ ယောက်ျားက ကျုပ်ကို အရင်ဆုံး အဆိပ်ခတ်ခဲ့တာလေ။ ကျုပ်သာ အဲ့အဆိပ်ကို ကုပြီးသွားခဲ့ရင် ခင်ဗျားတို့ရှိ လာပြဿနာ ရှာမနေဘူး။ သေချာလည်း စဉ်းစားကြည့်ကြအုံး…”
ဟန်လိသည် စိတ်ထဲကနေ မုန်းတီးစွာ ထိုသို့ တွေးလိုက်၏။
သို့သော် ဟန်လိသည် အခုသာ သူ့စိတ်ထဲက စကားများကို ပြောလိုက်ပါက သည်ဇနီးများသည် ထိုအချက်ကို နင်းကာ သူ့ကို အဖိုးတန်ကျောက်စိမ်းပြားအား ထုတ်မပေးတော့မှာ သေချာနေသည်ကို သိသည်။
သို့ဖြစ်၍ ဟန်လိသည် သူ့လက်ကို ပင့်မြှောက်ကာ လည်ချောင်းရှင်း၍ ကြည်လင်သောလေသံဖြင့် စကားဆိုလိုက်တော့၏။ “ကျုပ် ခင်ဗျားတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ကြိုက်တဲ့ တစ်ခုကို ရွေးချယ်ကြ…”
“တခုက ခင်ဗျားတို့ မော့အိမ်တော်ဟာ အထုတ်အပိုးပြင်ပြီး လန်စီရင်စုရဲ့ အဝေးကို ထွက်သွားရမယ်။ ခင်ဗျားတို့ရဲ့ ရန်သူတော်တွေ ရှာမတွေ့တဲ့ နေရာတခုကို ရှာပြီး သာမန်လူတွေလို ချမ်းချမ်းသာသာ နေထိုင်နိုင်မယ်။ ခင်ဗျားတို့ရဲ့ ကျန်တဲ့ တဘဝလုံး အေးအေးချမ်းချမ်းနဲ့ ကုန်ဆုံးလိမ့်မယ်။ ကျန်းဟူရဲ့ အင်အားစုတွေကြား ပဋိပက္ခတွေ၊ တိုက်ပွဲတွေနဲ့ ကင်းကင်းနေနိုင်လိမ့်မယ်။ ဒီခရီးစဉ်တခုလုံးလည်း ဘေးကင်းစေဖို့ ကျုပ် အာမခံတယ်။ ကျုပ် ကိုယ်တိုင် လိုက်လံ စောင့်ကြပ်ပေးမယ်။ ခင်ဗျားတို့ ရန်သူတွေက နောက်ယောင်ခံလိုက်ဖို့ စေလွှတ်လိုက်တဲ့သူတွေက ခင်ဗျားတို့ကို ထိခိုက်အောင် မလုပ်နိုင်စေဖို့လည်း ကျုပ် အာမခံတယ်…”
ဟန်လိသည် သူ့စကားကို ထိုနေရာတွင် ရပ်ကာ သမားတော်မော့၏ ဇနီးများ၏ အမူအရာများ၌ ပြောင်းလဲမှုကို ကြည့်သည်။
ဒုတိယဇနီးလီ၏ အမူအရာအနည်းငယ် ပြောင်းလဲသွားရုံကလွဲ၍ အမျိုးသမီးယန်နှင့်တတိယဇနီးလျှိုတို့မှာ လုံးဝ ငြိမ်သက်နေသည်။ သူတို့က သည်ကမ်းလှမ်းချက်ကို စဉ်းစားနေတာ သိသာသည်။ ဟန်လိက သမားတော်မော့၏ ဇနီးငါးကိုမူ ကြည့်နေဖို့ မလိုပေ။ သူမလို အမြဲအေးစက်စက်ဖြစ်နေသော ဟန်အမူအရာ ရှိသူထံကနေ သူ့အတွက် အသုံးတည့်စရာ တခုခု ရအောင်လုပ်ဖို့မှာ မဖြစ်နိုင်သည် မဟုတ်လား။
ဟန်လိက အခြေအနေကို ကြည့်နေ၏။ အမျိုးသမီးယန်နှင့် အမျိုးသမီးလျှိုတို့မှာ ရည်မှန်းချက် ရှိသူများ ဖြစ်ကြသည်။ သူတို့အတွက် ရေလွှမ်းနဂါးအဖွဲ့၏ အာဏာကို လက်လွှတ်ကာ သာမန်ရွာသူအမျိုးသမီးများအဖြစ် အေးအေးဆေးဆေး နေဖို့မှာ မဖြစ်နိုင်ပေ။ ဟန်လိက သည်ကမ်းလှမ်းချက်ကို ပြောသည့်အချိန်တည်းက ထိုအချက်ကို ကောင်းကောင်း သဘောပေါက်ထားပြီး ဖြစ်သည်။
“နောက်ထပ် ရွေးချယ်စရာ တစ်ခုကကော…” တတိယဇနီးလျှိုက ဟန်လိ စကားရပ်သွားသည်ကို သတိပြုမိ၍ သူ့ကို မေးခွန်းမေးလာသည်။
“နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိပါသေးတယ်…”
ဟန်လိသည် ထိုင်ခုံကနေ ထကာ ရပ်၏။ သူက အခန်းအပေါ်သို့ မော့ကြည့်ကာ နောက်ထပ်ရွေးချယ်စရာတခုအား သည်အမျိုးသမီးများကို ဖြည်းဖြည်းချင်း စပြောလေ၏။