ဂိုဏ်းတစ်ခုအပေါ် အကြံအစည်
Vol. 9 Ch. 120
“ သူက အချိန်ကိုတော့ မပြောခဲပါဘူး။ ဒါပေမဲ့ သူ ပြောပုံအရ သိပ်မလိုတော့တဲ့ ပုံပါပဲ။ တွေ့ဆုံကြမယ့် နေရာကိုတော့ မပြောခဲ့ပါဘူး…” စွန်းအာကုံးက ခေါင်းကုတ်ကာ အရှက်ရဟန်ဖြင့် ပြန်ဖြေသည်။
ဟန်လိက မျက်မှောင်ကြုတ်သွား၏။ စွန်းအာကုံး တင်ပြလာသော သတင်းသည် တစ်ရာရာခိုင်နှုန်း မတိကျလောက်ပေ။
ဟန်လိသည် ခေါင်းငုံ့ကာ စဉ်းစားနေ၏။ ရုတ်တရက် သူ့ခေါင်းထဲတွင် အကြံကောင်းတခု ပေါ်လာသည်။
သူက စွန်းအာကုံးကို တချက်လှမ်းကြည့်ပြီး ပြုံး၍ ဆိုလိုက်၏။ “စွန်းအာကုံး…ပြီးခဲ့တဲ့ ရက်ပိုင်းက မင်း ငါခိုင်းတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ခဲ့တဲ့အပေါ် ငါ အတော်လေး ကျေနပ်ခဲ့တယ်။ အထူးသဖြင့် အခု မင်း တင်ပြလာတဲ့ နောက်ဆုံးသတင်းကိုပေါ့။ ဒါ့ကြောင့် ငါ့အနေနဲ့ မင်းကို ဆုလဒ်ကြီးကြီး ချီးမြှင့်ဖို့ ပြင်ဆင်ထားတယ်…”
စွန်းအာကုံးက ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာမှာ ဝင်းထိန်သွားလေ၏။
စွန်းအာကုံးသည် သတင်းအချက်လေး နည်းနည်းလောက် တင်ပြပေးတာလောက်ဖြင့် သည်သခင်လေးထံမှ အသိအမှတ်ပြုမှု၊ ဆုလဒ်တို့ကို ရလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။ ကြည့်ရသည်မှာ သည်သခင်လေးက ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ရက်ရောပုံ ရသည်။ သူသည် ဟန်လိက သူ့ကို ဘာကြောင့် ဆုလဒ်ပေးမည်ကို မသိသော်လည်း ဟန်လိသည် သူ့အား ရွှေ၊ငွေရတနာများစွာ ပေးလိမ့်မည်ဟု မျှော်လင့်မိနေသည်။
စွန်းအာကုံးသည် သူ ရတော့မည် ဆုလဒ်နှင့် ပတ်သတ်၍ စိတ်ကူးမယဉ်မိဘဲ မနေနိုင် ဖြစ်နေသည်။
“ စတုတ္ထဂိုဏ်းတခုလုံးရဲ့ ဂိုဏ်းခေါင်းဆောင်ကြီး ဖြစ်လာဖို့ စိတ်ဝင်စားလား…”
ဟန်လိ၏ အမေးက စွန်းအာကုံးကို အံ့အားသင့်သွားစေကာ သူ့မျက်နှာအမူအရာပင် ပြောင်းသွား၏။ သူသည် ထခုန်မိမတတ်ပင် ဖြစ်မိသည်။
“ သခင်လေးက ဒီအစေခံကို နောက်နေတာ ဖြစ်ရမယ်။ ကျနော့်ရဲ့ အရည်အချင်းလေးနဲ့ ဘယ်လိုလုပ် ခေါင်းဆောင် ဖြစ်လာနိုင်ပါ့မလဲ…” စွန်းအာကုံးသည် မှုန်ကုပ်ကုပ်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ မင်း နောက်မှာ ငါ ရှိနေမှာပဲ။ ဒီလို ဂိုဏ်းလေးလောက်ကတော့ လွယ်လွယ် သိမ်းပိုက်လို့ ရတယ်။ ဒါမှမဟုတ် မင်းက ဘာမဟုတ်တဲ့ ခေါင်းဆောင်ငယ်လေး အဖြစ်နဲ့ ဒီဆိပ်ကမ်းမှာ မင်းရဲ့ လက်ကျန်ဘဝကို အချိန်ကုန်ချင်တာလား…” ဟန်လိသည် ရယ်မောကာ မြှောက်ပင့် ပြောဆိုသည်။
စွန်းအာကုံးသည် ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာထက်၌ စိတ်ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသည်။ ယင်းတို့မှာ အံ့အားသင့်မှု၊ ကြောက်ရွှံ့မှု၊ အများဆုံးကတော့ စိတ်လှုပ်ရှားမှုတို့ ဖြစ်၏။
ယောက်ျားတစ်ယောက်အနေဖြင့် တနေ့၌ အလှပဂေးလေးများ ဝန်းရံကာ နေရမည့် အဖြစ်ကို သူ့အနေဖြင့် စိတ်ကူးမကြည့်မိဖူးဘဲ မည်သို့ ရှိပါ့မည်နည်း။ သူ့လက်ထဲ၌ တစုံတစ်ယောက်၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်း ရှိသော အာဏာတရပ်ကို ပိုင်ဆိုင်ဖို့ စိတ်ကူးမကြည့်မိဘဲ မည်သို့ နေပါ့မည်နည်း။
သူ့စိတ်နှလုံးအတွင်း၌ ရှိနေသော ယင်းအတွေးစိတ်ကူးကို ဟန်လိက စကားအနည်းငယ်ဖြင့် တောက်လောင်စေလိုက်ခြင်းပင်။ သို့သော် စွန်းအာကုံးသည် စိတ်ထဲ စနိုးစနှောင့် ဖြစ်နေသေး၏။ ထို့ကြောင့် သူက ဟန်လိကို ချက်ခြင်း သဘောမတူသေးပေ။
“ ခုလက်ရှိ ခေါင်းဆောင်နဲ့ သူ့ကာကွယ်သူသုံးယောက်ရဲ့ သိုင်းပညာက ပေါ့သေးသေး မဟုတ်ပါဘူး။ သခင်လေးက သူတို့ကို အနိုင်ယူနိုင်တာ သေချာပါရဲ့လား…”
“ အနိုင်ယူတာ ဟုတ်လား…။ ဟားဟား ဒါက ဘာအသုံးဝင်လည်း။ သူတို့ကို ဒီအတိုင်း သတ်လိုက်ရုံပေါ့…” ဟန်လိသည် ထိုလူတို့ကို အရေးမကြီးဟန်ဖြင့် အေးစက်စက် ပြောလိုက်သည်။
စွန်းအာကုံးသည် ထိုစကားကို ကြားသည့်အခါ သိမ့်သိမ့်တုန်သွားသည်။ သည်သခင်လေး၏ အသတ်အဖြတ်စိတ်ဆန္ဒမှာ အမှန်ပင် ကြီးမားလှ၏။ သဘောမတူပါက စွန်းအာကုံးသည် မည်သို့ခံစားရမည်ကို မသိဖြစ်ကာ ကြောက်လန့်မိသွားသည်။
“သခင်လေးက အစေခံအပေါ် ခုလို မြင့်မြင့်မှန်း ထားပေးမှတော့ အစေခံရဲ့ အသက်ဟာလည်း သခင်လေးအတွက်ပါပဲ။ သခင်လေး ပြောသမျှဆိုသမျှကို နာခံ နားထောင်ပါ့မယ်…”
ဟန်လိ၏ စကားများကြောင့် စွန်းအာကုံးသည် တချို့စွန့်စားမှုများကို ပြုလုပ်ဖို့ စိတ်အားထက်သန်သွားသည်။
“ကောင်းတယ်…ဒီလိုပဲ ဖြစ်သင့်တယ်…” ဟန်လိက ကျေနပ်သွားကာ ခေါင်းညိတ်၏။
“ ဒီရက်ပိုင်းအတွင်း မင်းတို့ ခေါင်းဆောင်ရဲ့ လှုပ်ရှားသွားလာမှုနဲ့ ပတ်သတ်ပြီး ငါ့ကို ပြောပြ…” ဟန်လိက ပညာသားပါဟန်ဖြင့် မေးလိုက်သည်။
“မှတ်မှတ်ထင်ထင် ဖြစ်တာ တစ်ခုတော့ ရှိပါတယ်။ ဒီရက်ပိုင်း သူက မြို့အရှေ့ပိုင်းက နာမည်ကျော် အပျော်အိမ်ကို နေ့လယ်နေ့ခင်းတိုင်း သွားတတ်ပါတယ်။ သူက အဲ့က ခေါင်းဆောင်မိန်းကလေး ရှောင်ကျင်းဇီကို အကြိုက်တွေ့နေတာပါ။ ဒါပေမဲ့ ကာကွယ်သူ သုံးယောက်ကလည်း သူနဲ့ အတူ အဖော်လိုက်ပေးပါတယ်။ ဒါ့ကြောင့် သူတို့ကို ရင်ဆိုင်ဖို့ နည်းနည်း ခက်မှာကို ကျနော် စိုးရိမ်မိတယ်။ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ပြီး ပိုကောင်းတဲ့ အခွင့်အရေး ရှာရင်ကော အဆင်ပြေနိုင်မလား သခင်လေး…”
“မလိုပါဘူး…။ ငါတို့က အချိန်နဲ့နေရာကို သိပြီဆိုမှတော့ သူတို့ရဲ့ ဘာမဟုတ်တဲ့ အသက်လေးတွေကို လွယ်လွယ်ပဲ သွားယူကြတာပေါ့…”
ဟန်လိက သာမန်ကာလျှံကာ ပြောလိုက်၏။
“ဒါပေမဲ့ သူတို့ သေသွားတဲ့နောက် စတုတ္ထဂုဏ်းကို ထိန်းချုပ်ယူနိုင်မယ့် စွမ်းရည် မင်းမှာ မရှိတာကို စိတ်ပူနေတာမလား…”
“ဟုတ်ပါတယ်။ ဂိုဏ်းထဲမှာက ဒီအစေခံဟာ ခေါင်းဆောင်ငယ်သာသာပါ။ ကျနော့်ထက် ရာထူးပိုမြင့်၊ အရည်အချင်း ပိုရှိတဲ့သူတွေ အများကြီး ရှိနေပါတယ်…”
စွန်းအာကုံးသည် ရှက်ရွှံ့စွာ ပြောဆို၏။
“စိတ်မပူနဲ့။ မင်းကို စတုတ္ထအဆင့်ဂိုဏ်းရဲ့ခေါင်းဆောင် ဖြစ်အောင် လုပ်ပေးမယ်လို့ ငါ ပြောပြီးပြီ။ မင်းကို စောင့်ကြည့်ပေးဖို့အတွက် ငါ ဝိညာဉ်သေကို ခဏ ငှားပေးထားမယ်။ သူက မင်းကို ပုန်ကန်တဲ့သူအားလုံးကို ဖယ်ရှားပေးလိမ့်မယ်။ အချိန်တခုထိ မင်းရဲ့ သက်တော်စောင့် လုပ်ပေးလိမ့်မယ်…” ဟန်လိက ယုံကြည်မှုရှိရှိ ပြောလိုက်၏။
ထို့နောက်တွင် ဟန်လိသည် အခန်းထဲရှိ တံခါးနားထံ အမြန်လှမ်းသွားကာ သုံးကြိမ်သုံးခါ တံခါး ခေါက်၏။ တအောင့်အကြာတွင် ဝိညာဉ်သေသည် သူတို့ရှေ့၌ ပေါ်လာသည်။
“ဒီဟာကို မင်း ကိုယ်နဲ့မကွာ သိမ်းထားလိုက်။ မင်းမှာ ဒီဟာ ရှိနေသ၍ ဝိညာဉ်သေက မင်း အမိန့်တိုင်းကို နာခံလိမ့်မယ်။ သူက မင်းရဲ့ ရန်သူတိုင်းကို ရှင်းပေးပြီး မင်းကို ခေါင်းဆောင်ကြီး နေရာရောက်အောင် ကူညီပေးလိမ့်မယ်…”
ဟန်လိက သူ့အင်္ကျီရင်ဘက်ထဲကနေ ဝိညာဉ်မြှူဆွယ်ခြင်းနာရီကို ထုတ်ကာ စွန်းအာကုံးကို ပေးလိုက်သည်။
ထိုနာရီကို ကိုင်ဆောင်ထားသော သူသည် ဝိညာဉ်သေ၏ အရှင်သခင် မဟုတ်သော်လည်း ၎င်းကို ထိန်းချုပ်နိုင်ပေသည်။ ဝိညာဉ်သေကို ထိန်းချုပ်သည့် နောက်ထပ်နည်းလမ်းတစ်ခုကို သမားတော်မော့ထံကနေ ဟန်လိ သိရှိခဲ့သေး၏။ ထိုနည်းလမ်းမှာ အရင်ပိုင်ရှင် သူ့သွေးအနှစ်သာရကို ဝိညာဉ်သေပေါ်သို့ အစက်ချခဲ့ပါက တခြားသူများသည် ၎င်းကို ပိုင်ဆိုင်အောင် လုပ်နိုင်စွမ်း ရှိကြတော့မှာ မဟုတ်ပေ။ သို့ဖြစ်၍ ဟန်လိသည် စွန်းအာကုံးထံ၌ တခြား အကြံအစည်များ၊ ရည်ရွယ်ချက်များ ရှိနေမှာကို စိုးရိမ်နေဖို့ မလိုတော့ပေ။
စွန်းအာကုံးသည် ဒီဝိညာဉ်သေ၏ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူသည် ဝိညာဉ်သေကို ထိန်းချုပ်နိုင်မည့် နာရီကို ရသည့်အခါ သူ့သတ္တိများ တဟုန်ထိုး တိုးတက်လာတော့သည်။
“သခင်လေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီအစေခံက သခင်လေးရဲ့ကောင်းပေးမှုကို အသက်နဲ့ရင်းပြီး ပြန်ပေးဆပ်ပါ့မယ်…”
စွန်းအာကုံးက အကင်းပါသူ တစ်ယောက် ဖြစ်၏။ သူက စတုတ္ထအဆင့်ဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့လျှင်ပင် အမှန်တော့ သူသည် ဒီသခင်လေးဟန်၏ ရုပ်သေး ဖြစ်နေမည်ကို သိသည်။ ထို့ကြောင့် သူသည် အခွင့်အရေး ရတိုင်း သူ၏ သစ္စာရှိကြောင်းကို ထုတ်ပြောနေတာပင်။
“ကဲ ပြန်ပြီးတော့ အရင်ဆုံး ပြင်ဆင်ထားလိုက်အုံး။ မင်းတို့ ဂိုဏ်းရဲ့ အခုလက်ရှိ ခေါင်းဆောင် သေသွားတာနဲ့ မင်းအနေနဲ့ အခြေအနေ ရှုပ်ထွေးမှုကို အခွင့်ကောင်း ယူပြီး စတုတ္ထဂိုဏ်းကို ထိန်းချုပ်နိုင်အောင် လုပ်ရမယ်။ ဒါပေမဲ့ အင်မောတယ်စုံတွဲကို တွေ့ခဲ့တဲ့ ဆိုတဲ့သူကို ငါ့ရှိ ပို့ပေးဖို့ကိုတော့ မမေ့နဲ့။ ငါ သူ့ကို မထိမခိုက်ဘဲ အလိုရှိတယ်။ ငါ့မှာ သူ့ကို မေးစရာလေးတွေ ရှိတယ်။ နားလည်လား…”
ဟန်လိ၏ နောက်ဆုံးစကားများတွင် လေသံက မာနေ၏။ သည်ကိစ္စမှာ အရေးကြီးကြောင်း ထင်ရှားသည်။
“ကျေးဇူးပြုပြီး စိတ်ချနေပါ သခင်လေး။ ဒီအစေခံက ကျိန်းသေပေါက် သူ့ကို မထိမခိုက်စေဘဲ သခင်လေးရှိ ပို့ပေးပါ့မယ်။ ဒီအစေခံက သခင်လေးကို လုံးဝ စိတ်မပျက်စေရစေဖို့ အာမခံပါတယ်…” စွန်းအာကုံးသည် သူ့ရင်ဘက်ကိုယ်သူ ပုတ်ကာ အခိုင်အမာ ဆိုလာ၏။
“မင်း နားလည်ရင် ပြီးတာပဲ။ ကဲ…ဝိညာဉ်သေကို မင်းနဲ့အတူ ခေါ်သွားတော့။ နောက်တခါ မင်း ငါ့ကို လာတွေ့ရင် မင်းအနေနဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်နေရမယ်…”
ဟန်လိက ထိုသို့ ပြောကြားလိုက်သည်။
“ဒီအစေခံ ခုပဲ ထွက်သွားပါတော့မယ်…” စွန်းအာကုံးသည် ဟန်လိက သူ့ကို ထွက်သွားစေချင်ပြီကို သတိပြုမိ၍ တည်းခိုးခန်းကနေ အလျင်အမြန် ထွက်သွားတော့သည်။ ဝိညာဉ်သေက သူ့နောက် ကပ်ပါလာသည်။
စွန်းအာကုံး ထွက်သွားပြီးနောက် ဟန်လိက ထရပ်၏။ ထို့နောက် ဟန်လိသည် လေချွန်သံ ပေးလိုက်သည်။ တအောင့်အကြာ၌ အခန်းပြတင်းပေါက် အပြင်ဘက်ကနေ တိမ်တောင်ပံငှက်သည် ပျံသန်းဝင်ချလာကာ ဟန်လိ၏ ပုခုံးပေါ် ဆင်းသက်လိုက်သည်။
ဟန်လိက သူ့အင်္ကျီရင်ဘက်ထဲကနေ ပုလင်းတလုံးကို ထုတ်ယူကာ ထိုငှက် နှစ်သက်သော အဝါရောင်ဆေးလုံးကို လက်ထဲ သွန်ချလိုက်ပြီး ၎င်းငှက်ကို ညင်ညင်သာသာ အစာကြွေးနေ၏။ ထို့နောက်တွင် သူက ခပ်တိုးတိုး ဆိုသည်။ ကဲ “မိတ်ဆွေလေး…ခုလေးတင် တည်းခိုခန်းက ထွက်သွားတဲ့သူနောက်ကို လိုက်တော့။ သူ မြို့ထဲကနေ ထွက်ပြေးသွားတာ မြင်ရင် ချက်ခြင်း ပြန်လာပြီး ငါ့ကို လာပြောချေ…”
တိမ်တောင်ပံငှက်သည် ဟန်လိ၏ စကားကို နားထောင်ပြီးသည့်အခါ ၎င်းက ဘာလုပ်ရမည်ကို သိသည့်အလား တကျိကျိ အသံပေးပြီး ပြတင်းပေါက်ကနေ ပျံသန်းထွက်ကာ ပျောက်ကွယ်သွားတော့သည်။