← Chapters

ကြည်သာမြစ် အပျော်အိမ်

Vol. 9 Ch. 121

ကြည်သာမြစ် အပျော်အိမ်

Vol. 9 Ch. 121

စတုတ္ထအဆင့်ဂိုဏ်း၏ ခေါင်းဆောင် ရှန်းကျုံးရှန်၏ စိတ်အခြေအနေမှာ ခုလက်ရှိတွင် အတော်လေး ကောင်းမွန်နေသည်။ ကောင်းဆို သူ့လက်ကြမ်းကြီးများဖြင့် မိန်းမလှလေးတစ်ယောက်၏ နူးနူးညံ့ညံ့ခန္ဓာကိုယ်ကို ရင်ခွင်ထဲ သိမ်းဖက်ထားသည် မဟုတ်လား။ အခု သူသည် ကြည်သာမြစ်အပျော်အိမ်၏ သီးသန့်အခန်းထဲ၌ ရှိနေခြင်းပင်။

ရှန်းကျုံးရှန်က စိတ်မရှည် ဖြစ်နေပုံ ရ၏။ သို့သော် သူ၏ အင်တိုက်အားတိုက် ထွေးပွေ့ထားမှုက သည်မိန်းမလှကို တခစ်ခစ် ရယ်မောနေစေတော့သည်။

“သူငယ်မကျင်း…ငါတော့ နင် တို့ဂိုဏ်းချုပ်ကို လက်ခံသင့်ပြီလို့ ထင်တယ်။ သူ့အနေနဲ့ မိန်းမတစ်ယောက်ကို တမ်းတမ်းစွဲ ဖြစ်တာ ခုက ပထမဆုံးအကြိမ်ပဲ။ သူ ဒီကို လာဖို့အတွက် ဂိုဏ်းကိစ္စတွေကိုတောင် မြန်မြန် ဖြတ်ခဲ့ပြီး အပြီးထိတောင် လက်စမသပ်ခဲ့ရဘူး…”

ထိုသို့ ပြောလာသူမှာ အသားမည်းမည်း၊လူဝကြီးတစ်ယောက် ဖြစ်၏။ သူ့ခြေဆန်လက်ဆန်များမှာ ပုံမှန်လူများထက် နှစ်ဆလောက်ကို ရှိနေသည်။ ထိုသို့ ပြောဆိုပြီးနောက် သူက အံတင်းတင်း ကြိတ်လိုက်၏။

“အမှန်ပဲ…သူငယ်မကျင်းရှီ…။ ကျုပ်တို့ ဂိုဏ်းချုပ်ဟာ ငါးရက်လုံးလုံး နေ့လယ်နေ့ခင်းတိုင်း နင့်ရှိ လာလည်ပတ်ပြီးပြီး၊ ငွေကြေး အမြောက်အများလည်း သုံးစွဲခဲ့ပြီးပြီး။ နင်လည်း တော်တော်လေး အကျိုးအမြတ် ရပြီးပြီမလား။ ဒါပေမဲ့ နင်က ကျုပ်တို့ ခေါင်းဆောင်ကို ထွေးဖက်ခွင့်ပဲ ပေးပြီး နင်နဲ့ တညလုံး ရှိခွင့် မပြုသေးဘူး။ ဒါတော့ အဓိပ္ပာယ် သိပ်မရှိဘူးနော်…”

ထိုသို့ ပြောလာသူမှာ သက်လတ်ပိုင်းအရွယ် ရှိသည့် ပညာတတ်အသွင်နှင့် အမျိုးသားတစ်ယောက်ပင်။ သူ၏မျက်လုံးထဲ၌ ကြမ်းကြုတ်ရက်စက်မှုကို ဖုံးကွယ်ထားသည်။ သူသည် အကြံအစည်များသော သူလည်း ဖြစ်ပုံရ၏။

ခုလက်ရှိ၌ ရှန်းကျုံးရှန်အပြင် သည်အခန်းထဲတွင် လူသုံးယောက် ရှိနေသည်။ သူတို့မှာ စတုတ္ထအဆင့်ဂိုဏ်း၏ ကာကွယ်သူသုံးယောက်ကလွဲ၍ အခြား မဟုတ်ပေ။

အသားမည်းမည်းလူဝကြီးမှာ အရူးလက်သီးဘွဲ့ရထားသော ချမ်ကျင့်ပင်။ သူက ဖက်တီးဖြစ်နေသော်လည်း ဒေါသလက်သီးဆယ့်ရှစ်ကွက်ကို တဖက်ကမ်းခတ် ကျွမ်းကျင်သူ ဖြစ်၏။ သည်ပညာရပ်ဖြင့် သူ သတ်ခဲ့သော ကျွမ်းကျင်သူများမှာ မနည်းလှပေ။

ပညာရှိဟန်ပန်နှင့်သူကိုတော့ အငြှိုးပညာရှင် ဟုခေါ်၏။ သူ့အမည်မှာ ဖန်ကျူး ဖြစ်၏။ သူသည် လျှင်မြန်ကြမ်းတမ်းသော လေနှင်းဓားပညာရပ်ကို ကျင့်ကြံထားသည်။ သူ့ကို ကျော်ကြားစေသည်က ထိုပညာရပ်အပြင် သူ၏ မကောင်းသောစိတ်ဓာတ်၊ ရက်စက်သော နည်းလမ်းများ၊ အကောက်ကြံခြင်း စသည့်အချက်များကြောင့်ပင်။

တဖက်တွင် ရှိနေသူမှာ ခုထိ စကားတခွန်းမှ မဆိုသေးသောသူ ဖြစ်၏။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ထိုသူမှာ ကာကွယ်သူသုံးယောက်၌ အစွမ်းထက်ဆုံး ဓားမြှောင်ရှန်းစန်း ဖြစ်၏။ သူက တရစပ်တည်း ဓားမြှောင့်ဆယ့်ရှစ်ချောင်းကို ပစ်ခတ်တိုက်ခိုက်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ဂိုဏ်းချုပ်ရှန်းကျုံးရှန်၏ ရန်သူတော်များစွာကို ရှင်းပေးခဲ့ဖူးသူပင်။ ထို့အပြင် ရှန်းစန်းမှာ ရှန်းကျုံးရှန်နှင့်လည်း ဆွေမျိုးနီးစပ် တော်၏။ ထို့ကြောင့် စတုတ္ထအဆင့်ဂိုဏ်း၌ သူ၏အဆင့်အတန်းမှာ အလွန်မြင့်မားသည်။

ရှန်းကျုံးရှန်ကဲ့သို့ ထိုကာကွယ်သူသုံးယောက်၏ ရင်ခွင်ထဲ၌လည်း မိန်းမလှလေး တစ်ယောက်စီ ရှိနေကြသည်သာ။ သို့သော် ထိုမိန်းကလေးများက ရှန်းကျုံးရှန် တမ်းတမ်းစွဲ ဖြစ်နေသော၊ ခု သူ့ရင်ခွဲထဲ ထည့်ထားသော မိန်းကလေးကျင်းရှီကိုမူ ယှဉ်၍ မရပေ။ သူမက နူးညံ့၏။ ခန္ဓာကိုယ် အချိုးအဆစ်ကလည်း စွဲဆောင်မှု ရှိလှသလို အမူဟန်ပန်မှာလည်း ညုတုတုနိုင်လှသည်။

သည်အခိုက်၌ တခစ်ခစ် ရယ်နေသော ထိုမိန်းကလေး ကျင်းရှီက သံလက်သီးနှင့်အငြှိုးပညာရှင်တို့၏ စကားကို ကြားသည့်အခါ သူမ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာတော့သည်။ သူမသည် အချိန်မရွေး မျက်ရည်ချူနိုင်သည့်သူအလား ထင်ရလေ၏။

“သခင်ကြီးဖန်နဲ့ သခင်ကြီးချမ့်တို့ ကျမကို ဒီလိုတော့ မပြောပါနဲ့။ ကျမက ရှင်တို့ ထင်သလို မဟုတ်ပါဘူး။ သခင်ကြီးရှန်းကို တခြားသူတွေက မြင်တာနဲ့ သူရဲကောင်းတစ်ယောက်မှန်း တန်းသိကြမှာပဲ။ အဲ့လိုလူနဲ့ ကျမက ဘာလို့များ အတူတူ ပျံသန်းပြီး အသိုက်အမြုံတစ်ခု မတည်ဆောက်ချင်ရမှာလဲ။ ဒါတွေက ကျင်းရှီရဲ့ ဆန္ဒအမှန်ပါ..”

“ဒါပေမဲ့ ကျမရဲ့ ခန္ဓာကိုယ်ကို ကြည်သာမြစ်အပျော်အိမ်က ပိုင်ဆိုင်တာ သခင်ကြီးတို့နှစ်ယောက်လုံး သိပါတယ်။ အပျော်အိမ်ရဲ့ အမကြီးဝမ် ခွင့်ပြုချက် မရဘဲ ကျင်းရှီသာ ထွက်သွားရင် သေလောက်အောင် အရိုက်ခံရပါလိမ့်မယ်။ သခင်ကြီး ရှန်းက ကျမကို ဒီကနေ ခေါ်ထုတ်ဖို့ အမကြီးဝမ်ကို သွားမပြောခဲ့ဘူလား။ သူမသာ သဘောတူရင် ကျမက ဒီတညလုံး သခင်ကြီးရှန်း စိတ်ကျေနပ်အောင် ကျိန်းသေ လုပ်ပေးချင်တာပေါ့…”

ကျင်းရှီက ရှန်းကျုံးရှန်ကို တပ်မတ်မှုအပြည့်ဖြင့် ကြည့်ကာ သူမ၏ ချိုအိပျစ်ချွဲနေသောလေသံဖြင့် ဆိုလာသည်။

သူမ၏ စကားများက အတော်လေး လက်သင့်ခံဖို့ ကောင်းသည်။ တချိန်တည်းမှာလည်း ဟန်ဆောင်ပန်ဆောင် ဖြစ်နေပြန်သည်။ သို့ဖြစ်၍ ချမ့်ကျင့်နှင့် ဖန်ကျူးတို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ စွံအကုန်သည်။

တကယ်တော့ သူတို့သည် ဒီသူငယ်မလေး ကျင်းရှီနှင့် ညအိပ်ရဖို့အတွက် ဈေးသွားမေးပြီးပြီ ဖြစ်သည်။ သို့သော် အမကြီးဝမ် တောင်းဆိုသော ဈေးနှုန်းက ဂိုဏ်းချုပ်ရှန်းကျုံးရှန်ကိုပါ ရင်တုန်သွားစေခဲ့ပေသည်။ သို့ဖြစ်၍ သူတို့သည် ခုထိ သဘောတူညီမှု မရသေးတာပင်။

သူတို့အဖို့ အကြမ်းနည်းသုံး၍လည်း မဖြစ်။ အကြောင်းမှာ ကြည်သာမြစ်အပျော်အိမ်၏ နောက်ကွယ်တွင် ကျားယွမ်မြို့၏ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တဂိုဏ်းဖြစ်သော အာဏာရှင်ဂိုဏ်း ရှိနေသောကြောင့်ပင်။

“ဟားဟား…ဟုတ်ပါပြီ။ ကျုပ်ကိစ္စအတွက် ပူပန်ပေးကြတဲ့ ငါ့ရဲ့ ညီတော်မောင်နှစ်ယောက်ကို တကယ်ပဲ ကျေးဇူးတင်တယ်။ ဒါပေမဲ့ စိတ်မပူကြနဲ့။ လွန်ခဲ့တဲ့နှစ်ရက်က ကျုပ် ခပ်ကြီးကြီး စီးပွားရေးတစ်ခု လုပ်ဖို့ သဘောတူထားပြီးပြီ။ အဲ့တော့ ဒီလောက်ငွေကြေးလေးက ပြဿနာ မဟုတ်ပါဘူးလေ။ ကဲ အလှလေး…နင် ပြောခဲ့တဲ့ စကားတွေကိုသာ မေ့မသွားနဲ့။ ဒီအရှင်က စီးပွားရေးကိစ္စပြီးလို့ နင့်ရှိလာမယ့် အချိန်ကို စောင့်နေနော်…”

ရှန်းကျုံးရှန်က ထိုသို့ စကားဆိုနေရင်း သူ့ရင်ခွင်ထဲရှိ ကျင်းရှီ၏ ပါးနှစ်ဖက်ကို ခပ်ဖွဖွ လှမ်းကိုက်လိုက်သည်။

ရှန်းကျုံးရှန်သည် လူကောင်ကြီးပြီး သူ့ရင်ဘက်နှင့်လက်များတွင်လည်း အမွှေးအမျှင်က ထူလှ၏။ သူ၏လက်နှစ်ဖက်သည် ပုံမှန်လူများထက် များစွာ ပိုရှည်သေးသည်။ ထိုမျှသာမက သူက သားရဲဝတ်ရုံကို ဝတ်ဆင်ထားသေးကာ လူအများကို မြင်ရုံဖြင့် ကြောက်မိသွားစေလောက်အောင် အမှန်ပင် ရုပ်စိုးသူ တစ်ယောက် ဖြစ်၏။

လွန်ခဲ့သောနှစ်အချို့က သည်လူသည် အဖွင့်လက်သီးချက်ဟု အမည်ရသော ပညာရပ်ကို ကျွမ်းကျင်စွာ အသုံးပြု၍ စတုတ္ထဂိုဏ်း၏ အရင်ဂိုဏ်းဆောင်ဟောင်း၊ ကောထျန်၊သူ့လူယုံများနှင့် စစ်ဘုရင်လေးယောက်တို့ကို သတ်ဖြတ်ကာ ဂိုဏ်းချုပ်ရာထူးကို ရယူခဲ့သူပင်။ ထို့အတွက်ကြောင့် ကျားယွမ်တမြို့လုံးတွင်ပင် သူ့ကို ထိပ်ပိုင်းကျွမ်းကျင်သူများထဲ၌ တစ်ယောက်ပါသူဟု သတ်မှတ်ကြကာ လျှော့တွက်၍တော့ မရပေ။

“အရှင်ရှန်းကလဲ…” ရှန်းကျုံးရှန်က သူမ၏ ပါးပြင်ကို ခပ်ဖွဖွ ကိုက်သည့်အခါ ကျင်းရှီထံမှ ညုတုတုအသံ ထွက်ပေါ်လာ၏။ ရှန်းကျုံးရှန်သည် သူ့ကိုယ်သူ အတော်လေး ကျေနပ်သွားကာ အားပါးတရ ရယ်မောလိုက်လေသည်။

“ဒေါက်…ဒေါက်…ဒေါက်…” ထိုစဉ် တစုံတယောက်က တံခါးလာခေါက်၏။

“ဘယ်သူလဲ…” သံလက်သီးချမ့်ကျင့်က မရွှင်မလန်း ဖြစ်နေပေသည်။ သူက ရန်လိုသောစိတ်ဖြင့် လှမ်းအော်မေးလိုက်သည်။

“ကျနော်က ဒီအခန်းထဲက လူကြီးမင်းတွေအတွက် အရက်လာပို့ပေးတာပါ…”

လူငယ်တစ်ယောက်၏အသံသည် အခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။

“မင်း အရက်လာပို့တာ ဘာကြောင့် ကြာနေတာလဲ။ ငါတို့ အရက်ကုန်တော့မယ်လို့ ပြောထားတာဖြင့် ကြာနေပြီ…” ချမ့်ကျင့်က အပြင်ဘက်မှ ဖြေသံကို ကြားသည့်အခါ စဉ်းစားမနေဘဲ လှမ်းပြောသည်။

ချမ့်ကျင့်၏ စကားကို ကြားသည့်အခါ အစေခံဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက်သည် တိုးဝင်လာသည်။ သူ၏လက်ထဲ၌ လင်ဗန်းတခုကို သယ်ဆောင်ထားသည်။ ထိုလင်ဗန်းထဲ၌ အစားအသောက်များနှင့် အရက်နှစ်ပုလင်းတို့ ပါလာသည်။

“ကဲ အရက်မြန်မြန် ယူလာခဲ့။ ဘယ်လောက် အရသာ ရှိမလဲ ငါ မြည်းကြည့်မယ်…”

လူဝချမ့်ကျင့်သည် အရက်သမား ဖြစ်၏။ သို့ဖြစ်၍ အရက်နှစ်ပုလင်းကို မြင်သည်နှင့် သူ့မျက်လုံးမှာ တောက်ပသွားချေသည်။

“ဟုတ်ကဲ့ပါ…ဒီအစေခံက လူကြီးမင်းရှိ ယူဆောင်လာပေးပါ့မယ်…” ထိုလူငယ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာပြီး စားပွဲပေါ်၌ အရက်ခွက်ကို ချသည်။

လူဝချမ့်ကျင့်က ထိုအရက်ခွက်ကို မြင်သည်နှင့် လှမ်းကိုင်ယူကာ သောက်ချင်နေပေပြီ။

“ခဏနေအုံး ချမ့်ကျင့်…” တိတ်ဆိတ်နေသော ဝတ်ရုံနက်နှင့် ရှန်းစန်းက ခွက်မော့ရန် ဟန်ပြင်နေသော ချမ့်ကျင့်ကို ရုတ်တရက် လှမ်းဟန့်တားလိုက်သည်။

All Chapters