အဆိပ်ဖြင့် အသတ်ခံရခြင်း
Vol. 9 Ch. 122
“ဘာဖြစ်လို့လဲ…” ချမ့်ကျင့်က ရှန်းစန်း သတိလှမ်းပေးတာကို မေးခွန်းပြန်ထုတ်သည်။ သူသည် ရှန်းစန်းကို ယုံကြည်မှုကြောင့် အရက်သောက်တော့မည့် ဟန်ပြင်နေရာကနေ အလိုလို ရပ်လိုက်မိ၏။
“ခါတိုင်း အစားအသောက်တွေ လာပို့တာ မင်း မဟုတ်ပါဘူး။ တခြား တစ်ယောက် မဟုတ်လား…” ရှန်းစန်းက လူဝ၏ အမေးကို ပြန်မဖြေ၊ ထိုအစား သူ့ခါးရှိ ဓားပေါ် လက်တင်ကာ ဖြည်းဖြည်းချင်း ထရပ်လာသည်။ သူက အစေခံလူငယ်ကို အေးစက်စက် လှမ်းမေး၏။
“ဧည့်သည်တွေ များလွန်းတာကြောင့် လီအာဟာ တခြားအခန်းကို ဝန်ဆောင်မှု သွားပေးနေရပါတယ်။ ဒါ့ကြောင့် သူ့အစား ကျနော် ရောက်လာခဲ့တာပါ။ လူကြီးမင်း…ဘာများ ဖြစ်လို့လဲ…”
ရှန်းစန်း၏ အေးစက်စက် စကားသံကြောင့် အရက်လာပို့သော လူငယ်၏ အသားအရေမှာ ဖြူဖပ်ဖြူရောဖြစ်ကာ အလွန်ကြောက်လန့်ဟန်ဖြင့် ပြန်ဖြေသည်။
သူ၏အမူဟန်ပန်ကို မြင်သည့်အခါ ရှန်းစန်း၏ အမူအရာသည် အတန်ငယ် စိတ်အေးသွားသည်။ သို့ပေမည့် သူက သတိလက်လွတ် မနေသေးပေ။ သူက ခေါင်းမော့ကာ ရှန်းကျုံးရှန် ထွေးဖက်ထားသော ကျင်းရှီထံ လှမ်းကြည့်၍ မေးလိုက်သည်။ “သူငယ်မကျင်း…နင်…သူ့ကို သိလား။ သူက တကယ်ပဲ နင်တို့ ကြည်သာမြစ်အပျော်အိမ်က လူလား…”
“ဒါက…” အံဩလောက်အောင် စွဲဆောင်မှုရှိသော အလှလေးက ရှက်ရွှံ့ဟန် ဖြစ်ပေါ်ကာ မတင်မကျ ဖြေလာ၏။ “ကျမ သူ့ကို သေချာတော့ မသိပါဘူး…လူကြီးမင်းရှန်း…။ ဒါပေမဲ့ ကျမတို့ ကြည်သာမြစ်အပျော်အိမ်မှာ စားပွဲထိုးတွေက ရာချီ ရှိတယ်လေ။ ဒါ့ကြောင့် ဒီအမျိုးသမီးက သူ့ကို အရင်က မမြင်ဖူးတာဟာ သိပ်တော့ မထူးဆန်းပါဘူး…”
“ဟားဟား…ညီလေးစန်း…မင်းက ညီမကျင်းကို ဘာလို့ အဲ့လို့ မေးရတာလဲဟ။ သူ့လို့ အလှလေးက ဘယ်လိုလုပ် သူ့လက်အောက်မှာ ရှိတဲ့ လူတိုင်းကို ဘယ်သိပါ့မလဲ။ ဒီလူက လုပ်ကြံတဲ့သူလို့ ညီလေးစန်းက ယုံနေတာလာ…” ရှန်းကျုံးရှန်းက သူ့ရင်ခွင်ထဲရှိ စွဲညှို့နိုင်သော အမျိုးသမီးကို ခေါင်းငုံ့ကြည့်ကာ မေးလိုက်သည်။
“အရှင်…ကျုပ်တို့က ဓားသွားပေါ်မှာ လမ်းလျှောက်နေရတာပါ။ ကျုပ်တို့ ကြိုပြီး သတိထားတာ ပိုကောင်းပါတယ်…” ရှန်းစန်း၏မျက်နှာ၌ ခံစားချက်မဲ့နေသည်။ ထို့နောက် သူက စားပွဲထိုးလူငယ်ကို ခပ်မာမာလှမ်းကြည့်သည်။
“ဟားဟား…သူ ခြေလှမ်းလှမ်းတာက နမော်နမဲ့နဲ့။ သူ့မျက်လုံးကလည်း ထက်သန်မှု မရှိဘူး။ တချက်ကြည့်ရုံနဲ့ သူက သိုင်းမတတ်ဘူးလို့ ငါ ပြောနိုင်တယ်။ ခင်ဗျားက ဒီလို မခံစားမိဘူးဆိုရင်လည်း သူ့စစ်မှန်မှုကို ခွဲခြားစမ်းသပ်ဖို့ ကျုပ်မှာ နည်းလမ်း ရှိတယ်…”
အငြှိုးပညာရှိဖန်ကျူးက အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။
သူက စတုတ္ထဂိုဏ်းသို့ ဝင်လာခဲ့သည့် အချိန်မှစ၍ ရှန်းစန်းအပေါ် ထားရှိသော ရှန်းကျုံးရှန်၏ ယုံကြည်မှုအပေါ် မကျေမနပ် ဖြစ်နေခဲ့သူပင်။ ရှန်းစန်းက စတုတ္ထဂိုဏ်း၏ ဦးနှောက်ဟုလည်း ဆိုနိုင်ပေ၏။ သို့ဖြစ်၍ အခွင့်သာတုန်း သူက ရှန်းစန်းကို စကားအားဖြင့် သာသာနှင့်နာနာ နှက်လာသည်။
“အို…ဘယ်လိုနည်းလမ်းမျိုးလဲ။ ကျုပ်ရဲ့ မိတ်ဆွေလေးဖန်း။ မြန်မြန် စမ်းသပ်တော့လေ…” ရှန်းကျုံးရှန်းက သူရဲကောင်းဆန်သောဟန်ဖြင့် ပြောလိုက်သော်လည်း အမှန်တော့ သူက သူ့အသက်ကို သေရမှာ အတော်ကြောက်သူပင်။ သို့ဖြစ်၍ သူသည် အစောပိုင်းတုန်းက သူ့မှတ်ချက်ကို ပြန်ရုတ်သိမ်းကာ ဖန်ကျူးကို စမ်းသပ်ခွင့် ပြုလိုက်တာပင်။
“ဒီလူက သိုင်းပညာရပ်တွေကို မသိဘူးဆိုတော့ သူသာ ကျုပ်တို့ကို တကယ်ပဲ အန္တရာယ် ပြုချင်ရင် အစားအသောက်ထဲမှာ အဆိပ်ခတ်မှာပေါ့။ ဒါ့ကြောင့် အရင်ဆုံး သူ့ကို မြည်းခိုင်းလိုက်…”
အငြှိုးပညာရှိက သူ့အင်္ကျီလက်အိုးကို ပင့်ကာ ဟန်ပန်ပါနှင့် ဆိုသည်။
“အစ်ကိုဖန်း…အကြံကောင်းတယ်။ ကောင်လေး…ဒီအရက်နဲ့အစားအသောက်တွေကို မင်း အရင် လာမြည်းကြည့်။ မင်း နည်နည်း တွေဝေနေတာနဲ့ ငါ မင်းရဲ့ ခေါင်းကို ဖြတ်ပစ်မယ်…” လူဝကြီးချမ့်ကျင့်က ကျယ်လောင်စွာ ရယ်မော၍ ဆိုလိုက်သည်။
ဝတ်ရုံနက်လူရှန်းစန်းကမူ ဖန်ကျူး၏ စကားများကို ကြားသည့်အခါ ထိုနည်းလမ်းက မဆိုးလှဟု သူ ခံစားမိသည်။ သို့ဖြစ်၍ သူက သူ့အမြင်ကို ထပ်မပြောတော့ပေ။ သူက ဘေးတွင်သာ အေးတိအေးစက် ရပ်ကြည့်နေလိုက်၏။
ရှန်းကျုံးရှန်နှင့် သူ့ရင်ခွင်ထဲရှိ ကျင်းရှီတို့ကမူ ထွေထွေထူးထူး မပြောကြပေ။
သို့ဖြစ်၍ အစားအသောက်နှင့်အရက်လာပို့သော လူငယ်အစေခံသည် ထိတ်လန့်တကြားဟန်ဖြင့် အရက်တခွက်ကိုသောက်၊ အစားအသောက်အနည်းငယ်ကို စားရတော့၏။
သူက ထိုသို့ ပြုမူသည်ကို မြင်သည့်အခါ ဖန်းကျူးသည် ကျေနပ်စွာ ပြုံး၍ ရှန်းစန်းထံ လှမ်းပြော၏။ “ကြည့်ရတာ…မိတ်ဆွေရှန်းက သတိလွန်ကဲနေပြီ။ ဒီလူက အမှန်တကယ်ပဲ အစေခံ တစ်ယောက်ပါ။ ကဲကဲ…စားကြသောက်ကြတာပေါ့…”
“အဟက်…” ရှန်းစန်းက နှာခေါင်းရှုံ့လိုက်၏။ သူက ဖန်ကျူး၏ အပြုအမူများကို အရေးစိုက်မနေတော့ပေ။ ထိုအစား သူက စိတ်အေးအေးဖြင့် ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။
“ဟားဟား…ဒါက အရေးမကြီးပါဘူး။ နားလည်မှု လွဲတာလေးပါ…” ရှန်းကျုံးရှန်သည် သူ့လက်အောက်နှစ်ယောက်မှာ အစေးမကပ်သည်ကို သိနေသည်သာ။ သို့သော် ဤသည်က သူ မြင်ချင်သော အရာပင်။ သို့ဖြစ်၍ သူက အားပါးတရ ပြုံးလိုက်၏။
“ဒါက နားလည်မှုလွဲတာ ဖြစ်မှတော့ ဒီအစေခံလေးကို ထွက်သွားခိုင်းလိုက်တော့။ မင်းကို ငွေစနည်းနည်းလောက် ဘောက်ဆူးပေးလိုက်မယ်…”
ရှန်းကျုံးရှန်က ပြောပြောဆိုဆို ငွေစ အနည်းငယ် ထုတ်ယူကာ လူငယ့်ထံ ပစ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်…လူကြီးမင်း။ ကျနော်လည်း ဒီမှာ ကိစ္စမရှိတော့ ထွက်သွားခွင့်ပြုပါ..” စားပွဲထိုးလူငယ်သည် ငွေစအနည်းငယ်ကို မြင်သည့်အခါ အူမြူးဟန် ပေါက်သွားပြီး အခန်းတံခါးထံ လျှောက်ကာ ပြန်ထွက်သွားတော့၏။
“အို…လူကြီးမင်းရှန်းက တကယ် ရက်ရောတဲ့သူပဲ။ အနာဂတ်မှာတော့ ကျင်းရှီအပေါ် မတွန့်တိုရဘူးနော်…” ကောင်မလေးကျင်းရှီ၏ ချိုအိနေသော စကားသံ အခန်းထဲ၌ ပျံ့လာ၏။
“ဒါပေမဲ့ အလှလေးရဲ့။ ညီမက အစ်ကိုအတွက်တော့ ရတနာတပါးပဲ မဟုတ်လား။ ညီမသာ အစ်ကိုကို ကောင်းကောင်း ပြုစုပေးနေသ၍ ကျိန်းသေပေါက် မနစ်နာစေရပါဘူး။ ကဲကဲ…လာလာ ညီအစ်ကိုတို့။ ကျုပ်တို့ တခွက်တဖလား ချကြရအောင်…။ မမူးဘဲ အိမ် မပြန်ဘူးဟေ့…”
ရှန်းကျုံးရှန်၏ ရှတတအသံကို အခန်းအပြင်ဘက်ရှိ အစောပိုင်းတုန်းက ထွက်သွားသော လူငယ်စားပွဲထိုးလေးသည် ကောင်းကောင်း ကြားလိုက်ရသည်။
လူငယ်သည် ရုတ်တရက် နှာခေါင်းရှုံ့လိုက်၏။ သူက ချက်ခြင်း မထွက်သွားသေးဘဲ သည်နေရာ၌ တစ္ဆေတစ်ကောင်ကဲ့သို့ ရပ်နေ၏။ သူသည် တခုခုကို စောင့်နေသည့်အလား။
လဘ္ဘက်ရည်တအိုး ကျိုချက်ချိန်လောက် ကြာမြင့်ပြီးနောက် အခန်းတွင်းမှ ထိတ်လန့်တကြား အော်ဟစ်သံ ပေါက်ကွဲထွက်လာ၏။ “အဆိပ်…၊ ဒီအရက်နဲ့ အစားအသောက်တွေမှာ အဆိပ် ပါနေတယ်။ ငါ အဆိပ်မိသွားပြီ..”
သူတို့ သောက်ရင်းစားရင်း ရယ်မောနေကြစဉ်မှာပင် လူဝချမ့်ကျင့်၏ စကားသံ ပေါက်ကွဲထွက်လာ၏။
“မင်းက တကယ်ပဲ ငါတို့ကို အဆိပ်ခတ်ဝံ့တယ်ပေါ့။ ငါ မင်းကို သတ်မယ်…”
ရှန်းကျုံးရှန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သို့သော် နောက်ကျလွန်းသွားပေပြီ။ သူက စကားဆုံးအောင်ပင် မဆိုရသေးဘဲ အောက်သို့ လဲပြိုကျကာ သေသွားတော့သည်။
“အဆိပ်ပညာရှင်…” ဖန်ကျင်းနှင့် ရှန်းစန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အလန့်တကြား ကြည့်ကာ တပြိုင်တည်း အော်လိုက်မိ၏။ “ဟိုစားပွဲထိုးက ကျုပ်တို့ကို အဆိပ်ခတ်ခဲ့တာပဲ…”
“ဒီအစေခံမှာ သေချာပေါက် ဖြေဆေး ရှိရမယ်…”
သူတို့နှစ်ယောက်သည် ရင်ခွင်ထဲ ရောက်နေသော မိန်းကလေးများကို ချက်ခြင်း တွန်းဖယ်ကာ အခန်းတံခါးထံ ပြေးလေတော့သည်။
ကံမကောင်းစွာဖြင့် သူတို့ တံခါးကနေ ထွက်လာရုံ ရှိသေး အားခနဲ အော်ဟစ်ကာ အောက်သို့ ဖြည်းဖြည်းချင်း လဲကျသွားတော့သည်။
“လူဝချမ့်ကျင့်က အရက်အများဆုံး သောက်ခဲ့သူ ဖြစ်၍ သူသည် အရင်ဆုံး အဆိပ်သက်ရောက်မှုကို ခံခဲ့ရတာ ဖြစ်နိုင်တယ်။ ပြီးတော့ ရှန်းကျုံးရှန်ပေါ့။ ဟိုဝတ်ရုံနက်လူနဲ့ ပညာရှိဟန်ပန်နဲ့လူကတော့ သိပ်များများစားစား မသောက်ပေမယ့်လည်း ငါ့ရဲ့ ရယ်မောခြင်းဝိညာဉ်မှုန့်ရဲ့ အဆိပ်ဒဏ် သင့်ခံခဲ့ရတာပဲလေ။ ဒီအမှုန့် ဝင်နေတဲ့ အရက်ကို တစက်လောက် သောက်မိရင်တောင် သေဖို့ သေချာနေပြီ…”
အစေခံလူငယ်က ထိုသို့ တွေး၏။ ထို့နောက် သူသည် အခန်းတံခါးကို ဖွင့်ကာ အခန်းထဲ ဝင်လာသည်။
အခန်းထဲ တချက် ကြည့်ပြီးနောက် သူက အသက်ရှင်သူ တစ်ယောက်မျှ မရှိသည်ကို မြင်သည်။ ကျင်းရှီနှင့် တခြားမိန်းကလေးသုံးယောက်မှာလည်း အရက်တခွက်စီ သောက်ထားသဖြင့် သူတို့ သေနေတာ ကြာခဲ့လေပြီ။
ဟန်လိသည် အသက်ရှင်သူ မည်သူမျှ မရှိတာကို အတည်ပြုပြီးနောက် ဒီနေရာကနေ မြန်မြန်ဆန်ဆန် ထွက်သွားတော့သည်။
“ရှန်းကျုံးရှန် အဆိပ်မိ သေတဲ့ သတင်း ပျံ့နှံ့သွားတာနဲ့ လူတွေက သူတို့ကို ကျန်းဟူထဲက သူတို့ရဲ့ ရန်သူတော်တွေ လုပ်ကြံသတ်ဖြတ်တာ ခံရတာလို့ ထင်ကြမှာပဲ။ ဒါ့ကြောင့် ငါ့အတွက် ပြဿနာ သိပ်မဖြစ်နိုင်ဘူး…” ဟန်လိသည် ပြန်လာသော လမ်းတဝက်၌ ထိုသို့တွေးကာ စိတ်အေးလက်အေး ရှိနေသည်။
“ဒီဝိညာဉ်မှုန့်က တကယ် သက်ရောက်မှုကြီးတာပဲ။ ငါကတော့ အဆိပ်ဖြေဆေး ကြိုသောက်ထားတဲ့အတွက် ဘယ်လို အဆိပ်မျိုးကိုမဆို ကာကွယ်နိုင်လိမ့်မယ်…”
ဟန်လိသည် ဝင့်ကြွားစွာ ပြုံးလိုက်သည်။
ပြန်လာသော လမ်းတလျှောက်၌ ဟန်လိသည် သတိထားရမည့်သူ တစ်ယောက်ကိုမျှ မမြင်ခဲ့ပေ။ ထို့နောက် သူသည် တည်းခိုးခန်း ပြန်ရောက်လာကာ သူ့အခန်းထဲ ပြန်ဝင်လာပြီး အိပ်ယာပေါ်တွင် လှဲကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ဤသည်မှာ ဟန်လိ၏ အကျင့်တစ်ခု ဖြစ်နေခဲ့တာပင်။ သူက တချို့အရေးကြီးသော ကိစ္စများကို ဖြေရှင်းကာ အပြီးသပ်ပြီးသည်နှင့် အိပ်ယာပေါ်တွင် လှဲ၍ မြန်မြန်ဆန်ဆန် အိပ်ပျော်သွားရခြင်းကို အထူး နှစ်သက်နေပေသည်။ ထိုသို့ အိပ်စက်ခြင်းဖြင့် သူ၏ ပင်ပန်းထားသော ကိုယ်နှင့်စိတ်ကို ပြေလျှော့စေသည် မဟုတ်လား။
ရှန်းကျုံးရှန် သေသွားသည့်သတင်းကို မည်သူကမျှ မစုံစမ်းကြပေ။ အကြောင်းမှာ ကျားယွမ်မြို့၌ သန်မာသူများသာ ကြီးစိုးသည်။ ဤသည်က ဒီမြို့၏ ဥပဒေသပင်။ ရှန်းကျုံးရှန်က အရင်ဂိုဏ်းခေါင်းဆောင်ကို သတ်၍ အခုနေရာကို ရလာခဲ့သူ ဖြစ်၏။ အလားတူပင် စတုတ္ထဂိုဏ်း၏ ကျန်သည့် ခေါင်းဆောင်များသည် သူ သေသွားသည့်နောက် လွတ်လပ်သွားသော ဂိုဏ်းချုပ်နေရာကိုသာ စိတ်ဝင်စားကြပေ၏။
သို့ဖြစ်၍ ဂိုဏ်းချုပ်ရာထူးအတွက် ပြိုင်ဆိုင်မှုများ စတုတ္ထဂိုဏ်းအတွင်း၌ ဖြစ်ပွားလာသည်။
နောက်နေ့ မနက်ပိုင်း၌ သည်ပြိုင်ဆိုင်မှုများ၏ ရလဒ် ထွက်ပေါ်လာသည့်အခါ အဆင့်နိမ့်ဂိုဏ်းဝင်များမှာ တုန်လှုပ်ကုန်သည်။ ရှန်းကျုံးရှန် သေသွားပြီးနောက် နောက်တက်လာသည့် ခေါင်းဆောင်မှာ မည်သူမျှ မထင်ထားသော စွန်းအာကုံး ဖြစ်နေသောကြောင့်ပင်။
လွန်ခဲ့သောည၌ ထိုစွန်းအာကုံးသည် သူ၏ စီနီယာပြိုင်ဘက်များကို အမှန်တကယ်ပင် သတ်ဖြတ်ခဲ့ပေ၏။ မည်သူကမျှ သူနှင့် ဆန့်ကျင်ဘက်တွင် မရပ်ဝံ့ကြသည့်အခါ သူသည် စတုတ္ထဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်တော့သည်။ ထို့ထက်ပို၍ မြို့အနောက်ပိုင်းတခုလုံးရှိ တခြားဂိုဏ်းများကလည်း ဒီအဖြစ်သနစ်ကို သတိပြုမိကြသည်။
ထိုကိစ္စရပ်များ၏ နောက်ကွယ်တွင် အစီအစဉ်ချ ကြိုးကိုင်ခဲ့သော ဟန်လိကမူ သက်တောင့်သက်သာဖြင့် မနက်ခင်းပိုင်းတွင် နိုးနေပြီး သူက မော့အိမ်တော်၏ တမူထူးသော အဆောက်အဦငယ်တစ်ခု၌ ရောက်နေလေပြီ။ သူက အမျိုးသမီးယန်နှင့် တခြားခပ်လှလှ အမျိုးသမီးများနှင့် မျက်နှာချင်းဆိုင်နေသည်။ အရင်နှင့်မတူသည်က အခုတကြိမ်တွင် ထိုအမျိုးသမီးများ၏ နောက်တွင် ကျားယွမ်မြို့၏ နာမည်ကျော် အလှပဂေးသုံးယောက်လည်း ရပ်နေကြခြင်းပင်။ ထိုသုံးယောက်မှာ သေသွားပြီဖြစ်သော သမားတော်မော့၏ သမီးချောများပင်။
ဟန်လိက မော့ယုကျူးနှင့် မော့ချိုက်ဟွန့်တို့ကို အရင်က မြင်ခဲ့ဖူး၏။ ထို့ကြောင့် သူ့အကြည့် သူ မမြင်ဖူးသေးသော သမားတော်မော့၏ မွေးစားသမီး မော့ဖန်းဝူထံ အများဆုံး ကျရောက်နေသည်။
အသက်ဆယ့်ခြောက်၊ဆယ့်ခုနစ်လောက်သာ ရှိအုံးမည် မော့ဖန်းဝူသည် ကျက်သရေရှိလှကာ ဟန်လိကို နူးညံ့သိမ့်မွေ့သော အငွေ့အသက်အား ပေးစွမ်းနေချေသည်။ သူမက အဝါရောင်အပေါ်ထပ် အင်္ကျီကို ဝတ်ဆင်ထားသည်။
ဟန်လိက သူမကို စူးစူးစိုက်စိုက် ကြည့်နေသဖြင့် မော့ဖန်းဝူသည် ရှက်ရွှံ့ဟန်ဖြင့် ခေါင်းငုံ့သွားသည်။ ထိုအခါ သူမ၏ ဖြူဖွေးနုဖပ်နေသော လည်တိုင်ကျော့ရှင်းရှင်းက အထင်းသား ပေါ်သည်။ ထိုသည်ကိုမြင်သည့်အခါ ဟန်လိသည် ကြိတ်၍ တံတွေးမြိုချမိတာ အခါခါပင်။
“သခင်လေးဟန်…ကျမတို့ဂိုဏ်းရဲ့ ဖန်းဝူကိုပဲ ကြည့်နေတာ့မှာလား။ မနေ့တုန်းက ကိစ္စကို ဆက်မပြောတော့ဘူးလား…”
ဇနီးသုံးက ရွှန်းရွှန်းပပ ပြုံးကာ စွဲဆောင်မှုအပြည့်ဖြင့် စကားဆိုလာသည်။