← Chapters

သဘောတူညီမှု

Vol. 9 Ch. 123

သဘောတူညီမှု

Vol. 9 Ch. 123

“ကိစ္စ…ဘာကိစ္စလဲ…။ ကျုပ် ဒီကိုလာခဲ့တာ ခင်ဗျားတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို မေးဖို့ပဲ။ ခင်ဗျားတို့ ဒီနေရာကနေ ထွက်သွားပြီး အေးအေးဆေး နေမလား။ ဒါမှမဟုတ် ခင်ဗျားတို့ ရန်သူတော်တွေထဲက တစ်ယောက်ကို ကျုပ် ရှင်းပေးရမလား လာမေးတာပဲ…” ဟန်လိသည် သူ့အကြည့်ကို အဝါရောင်အပေါ်ထပ်ဖြင့် မိန်းကလေးထံကနေ ပြန်ရုတ်ပြီးနောက် မျက်နှာကြောတင်းတင်းဖြင့် အားနာမှုတစက်မျှ မရှိဘဲ ပြောချလိုက်သည်။

အမျိုးသမီးယန်က ဟန်လိ၏ စကားကို ကြားသည့်နောက် သူက မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “သခင်လေးဟန်…အလျင်မလိုပါနဲ့။ ကျမတို့ ညီအစ်မတွေ မနေ့ညက တညလုံး ဆွေးနွေးပြီးပြီ။ ကျမတို့က ဒုတိယကမ်းလှမ်းချက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကျမတို့ သခင်လေးဟန်ရဲ့ ကမ်းလှမ်းချက်မှာ နည်းနည်းလောက် အပြောင်းအလဲလေး လုပ်ပေးစေချင်တယ်…”

“ကျုပ်က တပြားသားမှ မလျှော့ပေးနိုင်ဘူးလို့ ပြောခဲ့ပြီးပြီ။ ကျုပ် ဒီကိစ္စကို ပြောင်းလဲ မပေးနိုင်ဘူး။ ခင်ဗျားတို့ ကျုပ်ပြောထားတဲ့ ရွေးချယ်မှု နှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ရမယ်…” ဟန်လိက အလိုမကျဟန်ဖြင့် ရုတ်တရက် ပြောလာသည်။

“လူငယ်သခင်လေး…ကျမတို့ သမီးတွေက ကြည့်ကောင်းတယ်လို့ မထင်ဘူးလား…”

အမျိုးသမီးယန်က ဟန်လိ၏ အလိုမကျဟန်ကို သတိမပြုမိချင်ယောင် ဆောင်ကာ စကားလမ်းကြောင်းကို မော့အိမ်တော်၏သမီးတော်သုံးယောက်ထံ ပြောင်းလိုက်သည်။

“နူးညံ့ပြီး ကျက်သရေရှိလှတဲ့ အလှပဂေးလေးတွေပါ။ သူတို့က နတ်သမီးလေးတွေလို လှကြပါတယ်။ သူတို့ကို လှတယ် ဆိုတဲ့ ရိုးရိုးစကားလုံးနဲ့တောင် ဖော်ပြလို့တောင် မရဘူး…” ဟန်လိက အံ့အားသင့်သွား၏။ သို့သော် သူက ချက်ခြင်းပင် အပြုံးနှင့် ပြန်ဖြေသည်။ သူသည် အမျိုးသမီးယန်၏ အကြံအစည်ကို ရေးတေးတေး သဘောပေါက်သည်။

“ကျမတို့ရဲ့ တောင်းဆိုမှုက ဘောင်အတွင်းမှာပါ။ လူငယ်သခင်လေးက သက်တန့်ဂိုဏ်းနဲ့ ဟာချီမွန်အိမ်တော်ရဲ့ ခေါင်းဆောင်တွေကို ရှင်းပေးနိုင်တာနဲ့ ကျမတို့က ရှင့်ကို အဖိုးတန်ယန်ကျောက်စိမ်းပြားကို ပေးမှာပါ။ ဒါတင် မကပါဘူး။ ရှင့်အနေနဲ့ ဒီညီမသုံးယောက်ကို ဇနီးအဖြစ်၊ ဒါမှမဟုတ် ကိုယ်လုပ်တော်အဖြစ် သဘောရှိသလို သိမ်းပိုက်နိုင်ပါတယ်။ ဒါနဲ့ သခင်လေးဟန်က စောစောလေးကတင် ဖန်းဝူကို ငေးကြည့်ခဲ့သေးတယ်မလား။ ရှင်သာ သဘောတူတာနဲ့ သူမက သခင်လေးဟန်ရဲ့ အပိုင်ပါပဲ…” အမျိုးသမီးယန်သည် ထိုသို့ ပြောလာပြီး သူမနောက်မှ မော့ယုကျူးနှင့် တခြားနှစ်ယောက်ထံ လက်ညှိုးထိုးပြလိုက်သည်။

“စတုတ္ထအမေ…”

“အမေ…”

မော့ယုကျူးနှင့် မော့ချိုက်ဟွန့်တို့၏ အမူဟန်ပန်မှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူတို့က လှမ်းမအော်မိဘဲ မနေနိုင် ဖြစ်သွား၏။ အမျိုးသမီးယန်၏ အလျင်စလို ပေးလိုက်သော ကတိကြောင့် သူမတို့သည် အထိတ်တလန့် ဖြစ်သွားမိ၏။ သည်အကြောင်းကို သူမတို့ ကြိုမသိထားတာ သိသာသည်။

အမျိုးသမီးယန်၏ အသားအရေသည် အနည်းငယ် ဖြူရောသွားရုံကလွဲ၍ သူမ၏ တည်ငြိမ်မှုကို ဆက်၍ ထိန်းထားနိုင်တုန်းပင်။

သို့ဖြစ်၍ သည်မိန်းကလေးများ အလန့်တကြား ဖြစ်သွားတာ အံ့ဩစရာ မရှိတော့ပေ။ဟန်လိ၏ အသွင်ကမူ လုံးဝ မအံ့ဩသည့်ပုံပင်။ သူ့ပုံစံသွင်ပြင်က ထိုမိန်းကလေးနှစ်ယောက်၏ စိတ်ကူးထဲမှ ခင်ပွန်းနှင့် လုံးဝကွဲပြားနေမှာကို သူ သိပေ၏။ ထိုမိန်းကလေးများက ဟန်လိကို မည်သို့ လက်ထပ်ချင်စိတ် ရှိပါ့မည်နည်း။

“တော်တော့။ ဒါက ငါနဲ့ နင်တို့ အမေတွေ ဆုံးဖြတ်ပြီးတဲ့ ကိစ္စပဲ။ နင်တို့ မလိုက်နာရင် မော့အိမ်တော်ကနေ မောင်းထုတ်ခံရမယ်…”

အမျိုးသမီးယန်သည် ခေါင်းငုံ့ကာ အေးစက်စက် ပြောလိုက်၏။

အနှီစကားများ ထွက်ပေါ်လာသည့်အခါ မော့ညီအစ်မသုံးယောက်လုံး မင်သက်ကုန်သည်။

မော့ယုကျူးက သူမ၏ ဖူးသွယ်သောနှုတ်ခမ်းလေးကို အနည်းငယ် ကိုက်ထား၏။ မော့ချိုက်ဟွန့်က သူမ၏ အမေနှစ်နှင့်အမေငါးတို့ထံ အကြည့်ရောက်နေ၏။ ထိုနှစ်ယောက်က သူမကို အလိုလိုက်ဆုံး၊ အချစ်ဆုံး မဟုတ်လား။ သူမက တောင်းပန်သောအကြည့်ဖြင့် သူတို့ကို လှမ်းကြည့်နေခြင်းပင်။ မော့ဖန်းဝူကမူ အခြေအနေ ပိုကောင်း၏။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေ၏။ သူမက နံရံကို မှီကာ မလှုပ်မယှက် ရှိနေသည်။

“ဒီအလှပဂေးလေးတွေကို ချိန်းခြောက်ဖို့ မလိုပါဘူး။ ကျုပ် ခင်ဗျား ပြောတဲ့ အခြေအနေကို သဘောမတူနိုင်ဘူး။ ကျုပ်က ကျုပ်အသက်ကို တန်ဖိုးထားတတ်တဲ့သူပါ…”

တအောင့်အကြာ၌ ဟန်လိသည် အမျိုးသမီးယန်၏ ကမ်းလှမ်းချက်ကို ငြင်းဆန်သည်။

ဟန်လိသည် မော့အိမ်တော်မှ သည်လှပသောမိန်းကလေးသုံးယောက်ကို ရင်ဆိုင်ရာ၌ ရင်မခုန်သလို ပြောလိုက်ခြင်းသည် တကယ်တော့ မဟုတ်ပေ။ သို့သော်လည်း ဟန်လိက သူသည် လန်စီရင်စု၏ တခြားဂိုဏ်းကြီးနှစ်ခုလုံးမှ ခေါင်းဆောင်နှစ်ယောက်လုံးကို သတ်လိုက်ပါက တစုံတစ်ယောက်၏ သတိပြုမိခြင်းကို ခံရနိုင်ကာ သူ့အတွက်လည်း ဘေးဒုက္ခ ကပ်ပါလာနိုင်သည်ဟု ထင်မိသောကြောင့်ပင်။

သက်တန့်ဂိုဏ်းနှင့်ဟာချီမွန်အိမ်တော်တို့ ပျက်စီးသွားသည့်နောက်ပိုင်းတွင် အမျိုးသမီးယန်က ရေလွှမ်းနဂါးအဖွဲ့အစည်း၏ စွမ်းအားကို တိုးတက်အောင် လုပ်မှာသေချာ၏။ သူမသာ အကျိုးအမြတ်အရဆုံးလူ ဖြစ်သွားနိုင်သည်။

ထို့အပြင် မော့အိမ်တော်ရှိ သည်အလှပဂေးလေး သုံးယောက်က သူ့လို သူစိမ်းတစ်ယောက်၏ ဇနီးများဖြစ်သည်ဟု သိရှိသွားပါက ထိုဂိုဏ်းကြီးနှစ်ခုမှ ခေါင်းဆောင်များ အသတ်ခံရခြင်းသည် သူ့ကြောင့်ဟု အားလုံးက သံသယ ရှိသွားပေလိမ့်မည်။

ထိုဂိုဏ်းခေါင်းဆောင်နှစ်ယောက်လုံးကို သတ်ပစ်ခြင်းက ကျင့်ကြံသူများ စောင့်ကြည့်နေသော ဆန်းကြယ်သည့်အဖွဲ့အစည်းတစ်ခုခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါက သူ့အသက်ကို ဆက်၍ ထိန်းသိမ်းထားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ ထိုသို့ဖြစ်လာခဲ့ပါက သည်ကျော့ရှင်းလှပသော မော့ညီအစ်မ သုံးယောက်ကို ရယူနိုင်ခဲ့လျှင်ပင် သူ့အတွက် ဘာများ ထူးခြားအုံးမည်နည်း။

သို့ဖြစ်၍ ဟန်လိသည် ခါးသီးစွာ ပြုံး၍ သူ့ဘေးရှိ အလှလေးသုံးယောက်၏ စွဲဆောင်မှုကို အရေးမစိုက်သည့်ဟန် ပြုမူခဲ့တာ ဖြစ်သည်။

မော့အိမ်တော်၏ ညီအစ်မများက သူ့ကို သဘောကျသည် ဖြစ်စေ၊ မကျသည်ဖြစ်စေ သူ့အနေဖြင့် နည်းနည်းလေးမျှ အရေးမစိုက်ပေ။ အကယ်၍ သူသာ ဒီအလှပဂေးသုံးယောက်ကို ပိုင်ဆိုင်ရပါက သူတို့၏နှလုံးသားကိုရဖို့မှာ အချိန်တခုသာ လိုပေလိမ့်မည်။ သို့သော် ခုချိန်အခါ၌ သည်နှလုံးသားကိစ္စရေးရာများက သူ့အတွက် အလကားသာ ဖြစ်သည်။ ခုလက်ရှိ၌ သူသည် သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသော အအေးဓာတ်ယင်အဆိပ်ကို ဖယ်ရှားဖို့နှင့် အန္တာရယ်များသော ဒီနေရာကနေ ထွက်သွားနိုင်ရေးတို့ကိုသာ ဖြေရှင်းရပေမည်။ မော့အိမ်တော်အတွက် ဘေးဒုက္ခကျသည်ဖြစ်စေ၊ ကံကောင်းခြင်း ကျရောက်သည်ဖြစ်စေ သူနှင့် လားလားမျှ မဆိုင်ချေ။

ဟန်လိက ငြင်းဆန်သည့်အခါ အမျိုးသမီးယန်နှင့် တခြားဇနီးများက မျက်နှာပျက်သွားသော်လည်း မော့ညီအစ်မသုံးယောက်သည် သူ့အပေါ်တော့ အထင်အမြင် အတန်ငယ် ကောင်းသွားသည်။

ထို့အပြင် မော့ယုကျူးနှင့် မော့ဖန်းဝူတို့၏ ဟန်လိအပေါ် အမြင်က အတန်ငယ် ပျော့ပြောင်းသွား၏။ သူမတို့က သူ့ကို အမြင်သစ်ဖြင့် ကြည့်ကြ၏။

အမျိုးသမီးယန်က သက်ပြင်းချ၏။ ကျန်သည့်သူများမှာ တစ်ယောက်နှင့်တစ်ယောက် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များကို တဖက်သို့ လှည့်လိုက်သည်။ အကူအညီမဲ့စွာဖြင့် အမျိုးသမီးယန်က ပြောလာသည်။ “သခင်လေးဟန်က စိတ်မပြောင်းနိုင်ဘူးဆိုမှတော့ ကျမတို့လည်း ဘယ်တတ်နိုင်တော့မလဲ။ သခင်လေးဟန်ရဲ့ တောင်းဆိုချက်အတိုင်း လုပ်ကြတာပေါ့လေ။ သခင်လေးဟန်က ဟာချီမွန်အိမ်တော်ရဲ့ အိမ်တော်သခင် ဒေါသခြင်္သေ့ ချူးယောင်ဖေထျန်ကို သတ်နိုင်တာနဲ့ ကျမတို့က သခင်လေးဟန်အတွက် အဖိုးတန်ယန်ကျောက်စိမ်းပြားကို ပေးပါ့မယ်…”

“ဟားဟား…ခင်ဗျားတို့မိန်းမတွေက အတော်လေး အကြံကြီးပါလား။ ကျုပ် ကြားဖူးတာတော့ ဒီချူးယောင်ဖေးထျန်ဟာ သူ့အသက်ကို အတော်လေး တန်ဖိုးထားတယ်တဲ့။ ပြီးတော့ သူက ခုထိ ကလေးယူနိုင်လောက်အောင် သန်မာသေးတယ်။ သူ သေသွားခဲ့ရင် ဟာချီမွန်အိမ်တော်ဟာ ကျိန်းသေပေါက် ပျက်စီးလုနီးပါး ဖြစ်သွားမှာပဲ။ သူ့ရဲ့ လက်အောက်ငယ်သားတွေကလည်း ရေလွှမ်းနဂါးအဖွဲ့အစည်းကို ပူပန်တဲ့အတွက် အလုပ်ရှုပ်ပြီး လုံးဝ ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်…” ဟန်လိက နှာခေါင်းပွတ်ကာ ခပ်တိုးတိုး ရယ်မောကာ ပြောဆို၏။

အမျိုးသမီးယန်သည် ဟန်လိ၏စကားများကို ကြားသည့်အခါ သူမက ဟန်လိကို အေးစက်စက် တချက်လှမ်းကြည့်သည်။

“သခင်လေး ပြောသလို မဟုတ်ဘူး။ ဝူကျန်းမင်ကို မော့အိမ်တော်ရှိ စေလွှတ်ခဲ့တာ ဘယ်သူလဲ ရှင် သိလား။ သူက ဒီအိမ်တော်သခင်ချူးယောင်ရဲ့ အမိန့်ကြောင့် ဒီကို ရောက်လာခဲ့တာ။ ဒါ့အပြင် ဝူကျန်းမင်ဟာ ချူးယောင်ဖေးထျန်ရဲ့ ခုနစ်ယောက်မြောက်တပည့် ဖြစ်သလို သူ့ရဲ့ သဘောကျခြင်းကိုလည်း ခံရတဲ့သူပဲ…”

“ဟာချီမွန်တော်ရဲ့ အိမ်တော်သခင်ဟာ ကျမတို့ ခင်ပွန်းနဲ့ မျိုးဆက်တူတူပဲ။ အသက်အရွယ်လည်း မတိမ်းမယိမ်းပဲ။ သူဟာ လန်စီရင်စုရဲ့ အုပ်စိုးသူ ဖြစ်ချင်ကြောင်း သူ့ကိုယ်သူ အစောကတည်းက ဝန်ခံထားပြီးသား။ ဒါ့ကြောင့် အားနည်းရာကနေ အားကောင်းတဲ့ဆီ တဆင့်ချင်းတက်တဲ့ ဗျူဟာကို အသုံးပြုခဲ့တယ်။ သူက အရင်ဆုံး ရေလွှမ်းနဂါးအဖွဲ့အစည်းကို ဖျက်စီးပြီး ပြီးမှ သက်တန့်ဂိုဏ်းနဲ့ ရင်ဆိုင်မယ်လို့ ကြံစည်ထားခဲ့တယ်..”

“လွန်ခဲ့တဲ့နှစ်တွေတုန်းက သူဟာ ကျမခင်ပွန်းရဲ့ ညီငယ်မာကုံးထျန်နဲ့ ဒုတိယတပည့်ဖြစ်သူ ကျောက်ခွန်းတို့ကို သွေးထိုးခဲ့ပြီး ရေလွှမ်းနဂါးအဖွဲ့အစည်းကို စည်းလုံးမှု ပျက်ပြားအောင် လုပ်ဆောင်ခဲ့တယ်။ ကျမတို့ညီမတွေက ဒါကို သိမြင်ခဲ့တဲ့အတွက် သူတို့နှစ်ယောက်နဲ့ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေကို အရင်ဦးအောင် သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲ့အခြေအနေကြောင့် ရေလွှမ်းနဂါးအဖွဲ့ရဲ့ အင်အားဟာ အများကြီး ထိခိုက်ခဲ့ရတယ်…”

အမျိုးသမီးယန်က ရေလွှမ်းနဂါးအဖွဲ့အစည်း၏ လျှို့ဝှက်ချက် အနည်းအကျဉ်းကို ပြောပြလာသည်။

“ဒါပေမဲ့ ကျားယွမ်မြို့မှာ ခင်ဗျားတို့ရဲ့ လွှမ်းမိုးမှုက အများကြီး မလျော့ကျသွားပါဘူး။ ဒါ့အပြင် ဟာချီမွန်အိမ်တောက်က ခင်ဗျားတို့ကို တချီတည်းနဲ့ ဘာလို့ အပြတ်မရှင်းနိုင်ရတာလဲ…” ဟန်လိက ခဏ စဉ်းစားပြီးနောက် အနည်းငယ် ပဟေဠိဖြစ်ဟန်ဖြင့် မေးလိုက်သည်။

“ဟားဟား အဲ့အရူးကောင် ချူးယောင်ဖေထျန်းက ဒီနေရာကို လာမတိုက်ဝံ့ပါဘူး။ သူ့မှာလည်း သူ့အကြောင်းရင်းတွေ ရှိတယ်။ သခင်လေးက ကျမတို့ညီမတွေရဲ့ မူလတောင်းဆိုမှုတွေကို သဘောတူတာနဲ့ ကျမက ဒီအကြောင်းရင်းတွေ ရှင့်ကို ပြောပြပေးနိုင်ပါတယ်…”

တတိယဇနီးလျှိုက တခစ်ခစ် ရယ်ကာ စွဲဆောင်မှုအပြည့် လေသံဖြင့် ပြောလာသည်။

“ဟားဟား ဒီကိစ္စကို ထားလိုက်ပါတော့။ ကျုပ်က နည်းနည်း သိချင်စိတ် ဖြစ်မိရုံပါ…”

ဟန်လိသည် လုံးဝ တည်ငြိမ်စွာ ရှိနေ၏။

“တကယ်ကြီးလား။ သန်သန်မာမာ ယောက်ျားသားတစ်ယောက်က မိန်းမလှတွေကို နည်းနည်းတောင် မတို့မထိ ချင်ဘူးပေါ့…”

တတိယဇနီးလျှိုက ဟန်လိကို ကျိစယ်သည့်အလား စွဲဆောင်မှုအပြည့်ဖြင့် ထပ်မံ ပြောသည်။

အမျိုးသမီးယန်နှင့် တခြားသူများသည် တတိယဇနီး၏ အပြုအမူကြောင့် မျက်တောင်ခတ်သွားကြ၏။ သို့သော် မော့ညီအစ်မသုံးယောက်၏ မျက်နှာများကမူ နီမြန်းသွားလေသည်။

မော့ချိုက်ဟွန့်က နှုတ်ခမ်းစူကာ ဟန်လိကို တချက်လှမ်းကြည့်သည်။

သို့ပေမည့် ဟန်လိက မသိကျေးကျွန်ပြုကာ ပြန်ဖြေလိုက်၏။ “တတိယဇနီးပြောပုံကတော့ ပေါ့ပေါ့ပါးပါးပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ အသက်အတွက် တန်ကြေးပေးရနိုင်တဲ့အတွက် ကျုပ်အနေနဲ့ သန်သန်မာမာ ယောက်ကျား မဖြစ်လဲ အဆင်ပြေတယ်။ ကျုပ်က ယောက်ျားတစ်ယောက် ဖြစ်နေရင်ပဲ ရပါပြီ…”

ဟန်လိ၏ နောက်ဆုံးစကားက အနည်းငယ် ပွင့်လင်းပုံပေါ်သည်။ သို့သော် သူ့စကားက တတိယဇနီးလျှိုကို မင်သက်သွားရုံသာမက ဒုတိယဇနီးနှင့် အမျိုးသမီးယန်တို့လည်း စိတ်အနှောက်အယှက် ဖြစ်သွားစေသည်။

“ဒါဆိုလည်း သခင်လေး… ချူးယောင်ဖေးထျန်ရဲ့ အသက်ကို ယူဖို့ ရှင် ဘယ်လို စီစဉ်ထားလဲ။ ဒီလူက အမြဲတမ်း အိမ်တော်မှာ ပုန်းနေတဲ့ရက်က များတယ်။ အပြင် ထွက်ခဲတယ်။ သူက သိုင်းပညာမှာလည်း အထွတ်အထိပ် ရောက်နေရုံသာမက လိမ္မာပါးနပ်မှုလည်း ရှိတယ်။ သူဟာ အတော်လေး ရင်ဆိုင်ဖို့ ခက်တဲ့သူပဲ…”

အမျိုးသမီးယန်သည် မျက်နှာကြောတင်းတင်းဖြင့် ပြောလာသည်။

“စတုတ္ထဇနီးယန်က စိတ်ပူဖို့ မလိုပါဘူး။ ကျုပ်အတွက် မြင်းကောင်းတကောင်းနဲ့ အဲ့လူရဲ့ ပုံတူကိုပဲ ပေးလိုက်ပါ။ ပြီးတာနဲ့ ကျုပ်က သူ့ကို ဒီလောကကနေ ပျောက်သွားအောင် လုပ်ပေးမယ်…”

“အဲ့လိုဖြစ်ဖို့ပဲ ကျမ မျှော်လင့်ပါတယ်…” အမျိုးသမီးယန်က ထိုသို့ဆိုသည်။

“ကဲ ဒါဆိုလည်း ခင်ဗျားတို့က ကျုပ် တာဝန်ပြီးလို့ ပြန်ရောက်လာခဲ့အခါကျရင် ကျုပ် တောင်းဆိုထားတဲ့အရာကို အာမခံချက် ပေးသင့်တယ် မထင်ဘူးလား..”

ဟန်လိက ထိုသို့ဆို၏။

“သခင်လေးက ဘယ်လို အာမခံချက်မျိုး လိုချင်တာပါလဲ…”

အမျိုးသမီးယန်က ဟန်လိ၏ စကားကို မကျေမနပ် ဖြစ်သွားပုံ မရပေ။ သူမက ဟန်လိ ထိုသို့ ပြောဆိုလာမည်ကိုပင် မျှော်လင့်ထားပုံ ရ၏။

“ဒီဆေးပုလင်းထဲမှာ ဆေးလုံးရှိတယ်။ ဒါဟာ အဆိပ်ဆေးလုံးပဲ။ ကျုပ်က ခင်ဗျားတို့ကို ဒီဆေးလုံး သောက်ဖို့ တောင်းဆိုရလိမ့်မယ်။ ဒီအဆိပ်ဆေးလုံးက ဘယ်လို အမျိုးအစားလဲတော့ ကျုပ် ပြောပြမှာ မဟုတ်ဘူး။ ဒီနည်းနဲ့ ကျုပ် ချူးယောင်ကို သတ်ပြီးလို့ ပြန်ရောက်လာတဲ့အခါကျရင် အဖိုးတန်ယန်ကျောက်စိမ်းပြားနဲ့ အဆိပ်ဖြေဆေးကို လဲကြတာပေါ့…”

ဟန်လိက ထိုသို့ ဆိုပြီးနောက် ပုလင်းကို စားပွဲပေါ်သို့ တင်ကာ အမျိုးသမီးယန်နှင့် သူမ၏ မိသားစုဝင်များကို အေးစက်စက် စိုက်ကြည့်လိုက်၏။

အမျိုးသမီးယန်က ထွေထွေထူးထူး ဆက်ပြောမနေတော့၊ သူမ၏ ဖြူနုသောလက်ဖြင့် ယင်းပုလင်းကို လှမ်းယူ၏။ သူမက ပုလင်းထဲမှ ကျောက်စိမ်းရောင်ဆေးလုံးတလုံးကို ထုတ်ယူကာ မြိုချလိုက်၏။ တခြားသူများပင် သူမကို တားဆီးဖို့ အချိန်မရလိုက်ပေ။

“ကောင်းလိုက်တဲ့ သတ္တိ၊ ပြတ်သားလိုက်တဲ့ စိတ်ဓာတ်။ ခင်ဗျားက ရေလွှမ်းနဂါးအဖွဲ့အစည်းကို ဦးဆောင်တဲ့သူ ပီသပါပေတယ်။ ထိုက်တန်ပါပေတယ်…”

ဟန်လိက အမျိုးသမီးယန်ကို မချီးကျူးမိဘဲ မနေနိုင် ဖြစ်မိ၏။ ထို့နောက် သူက တခြားသူများထံ အကြည့်ရောက်သွား၏။

All Chapters