ဖန်းဝူ
Vol. 9 Ch. 124
“ညီမတို့က ဒီအဆိပ်ကို သောက်ဖို့ မလိုပါဘူး။ ငါ တစ်ယောက်တည်းရဲ့ အသက်နဲ့တင် လုံလောက်တယ်မလား။ ငါတို့က ဆွေမျိုးသားချင်းတွေပဲ…”
အမျိုးသမီးယန်က အဆိပ်ဆေးလုံး သောက်ရန် လှမ်းလာနေသော ဒုတိယဇနီးလီကို ဟန့်တား ပြောဆိုလိုက်၏။
ဟန်လိသည် အမျိုးသမီးယန်၏ စကားများကို ကြားသည့်အခါ အနည်းငယ် မင်သက်သွား၏။ သူက အံ့အားလည်း သင့်မိသည်။
ထို့နောက် သူက အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဆရာကတော်(လေး)က ညီမတွေအပေါ် တကယ်ပဲ ခံစားချက် လေးနက်တာကို။ ကျုပ်၊ဟန်လိက အကြောင်းအကျိုး မသိတတ်တဲ့သူ မဟုတ်ပါဘူး။ ကောင်းပြီလေ…ဒီလိုဆိုမှတော့ ဆရာကတော်နှစ်နဲ့ ကျန်တဲ့သူတွေက ဒီအဆိပ်ကို သောက်ဖို့ မလိုတော့ပါဘူး…”
ထိုသို့ ပြောပြီးနောက် ဟန်လိက အမျိုးသမီးယန်၏ လက်ထဲမှ ပုလင်းကို ပြန်ယူကာ သူ့အင်္ကျီရင်ဘက်ထဲ ပြန်ထည့်သိမ်းလိုက်၏။
“ကဲ လာရင်းကိစ္စလည်း ပြီးပြီဆိုတော့ ကျုပ် အရင်ဆုံး ထွက်သွားတော့မယ်။ မနက်ဖြန် ကျရင် ချူးယောင်ရဲ့ ပုံတူကားချပ်နဲ့ တခြား လိုအပ်တဲ့ ပစ္စည်းလေးတွေ လာယူဖို့ မော့အိမ်တော်ကို လာခဲ့မယ်။ ပြီးတာနဲ့ ကျုပ် ဟာချီမွန်အိမ်တော်ကို တန်းသွားမယ်…”
“ကျေးဇူးတင်ပါတယ်…သခင်လေးဟန်…” အမျိုးသမီးယန်နှင့် တခြားသူများက ထိုင်နေရာကနေထ၍ ဟန်လိကို နှုတ်ဆက်သည်။
ဟန်လိက ခပ်ရေးရေး ပြုံးမိ၏။ သူက တဖက်သို့ လေအလျင်လျား သွက်လက်စွာ လှည့်၍ အခန်းထဲမှ ထွက်ခွာသည်။
သူ သည်အဆောက်အဦငယ်ထဲမှ ထွက်လာပြီးပြီးချင်း သူ့နောက်မှ အလျင်စလို လိုက်ပါလာသော ခြေသံများကို ကြားလိုက်ရ၏။
“စီနီယာအစ်ကိုဟန်…ခဏ စောင့်ပါအုံး။ ညီမနှစ်က ရှင့်ကို ကိစ္စတစ်ခု မေးစရာ ရှိလို့ပါ…”
ဟန်လိက အသံစာစာနှင့် လှမ်းအော်လိုက်သော မော့ချိုက်ဟွန့်၏ အသံကို ကြားလိုက်ရသည်။ သူသည် အကူအညီမဲ့စွာဖြင့် တဖက်သို့ ပြန်လှည့်လိုက်ရ၏။
သူသည် ထိုဂြိုဟ်ကောင်မလေးက ရှေ့က ဦးဆောင် လျှောက်လာပြီး သူ့နောက်တွင် မော့ဖန်းဝူနှင့် မော့ယုကျူးတို့ လိုက်ပါလာသည်ကို လှမ်းမြင်သည်။ သူတို့က သူ့ထံ တန်းတန်းမတ်မတ် လျှောက်လာကြခြင်းပင်။
မော့ချိုက်ဟွန့်က ဟန်လိကို ခြေလှမ်းအနည်းကျော်ကာ လျှောက်သွား၏။ ထို့နောက် သူမက မျက်လုံးအပြူးသားဖြင့် ဟန်လိကို ဝိုင်းပတ်ကာ လျှောက်ပြီး ရှားပါးအရာတစ်ခုကို ကြည့်သည့်ဟန်မျိုးဖြင့် ကြည့်လေ၏။
“ဟူး…စီနီယာအစ်ကိုဟန်…ကျမကတော့ လှည့်စားခံခဲ့ရတဲ့အတွက် အတော်လေး ခါးခါးသီးသီး ဖြစ်မိတယ်။ ဒါပေမဲ့ ရှင့်ကို အယောင်ဆောင်တစ်ယောက်လို့ ကျမ မမျှော်လင့်ထားမိဘူး။ ရှင်ဟာ တကယ်ပဲ သေးငယ်တဲ့အရာလေး အသုံးပြုပြီး ကျမကို လှည့်စားခဲ့တာပဲ…”
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မျက်လုံး ပေကလပ်ပေကလပ် ဖြစ်ကာ ထိုမိန်းလေးကို ကြည့်မိ၏။ “ဘာလဲဟ သေးငယ်တဲ့အရာ ဆိုတာက…”
“တတိယညီမလေး…မရိုင်းနဲ့လေ။ သခင်လေးဟန်ကို ပြဿနာ မရှာနဲ့တော့…”
ဤသည်မှာ မော့ဖန်းဝူ၏ အသံကို ဟန်လိအနေဖြင့် ပထမဆုံး ကြားဖူးလိုက်တာပင်။ ထိုအသံက နူးညံ့မှုအပြည့်၊ ညင်သာမှုအပြည့် ပါရှိ၏။ လူတစ်ယောက်ကိုလည်း ကြားရတာ သက်တောင့်သက်သာ ဖြစ်စေသည်။
“ဘာလဲ။ ကျမက အမေတို့ရဲ့ ကိုယ်စား သူ့ကို လက်စားပြန်မချေရတော့ဘူးလား။ အမေရှေ့မှာ မောက်မောက်မာမာ ပြုမူဖို့ သူ့ကို ဘယ်သူကများ ခွင့်ပြုလို့လဲ…”
မော့ချိုက်ဟွန့်က ဒေါသတကြီး ပြန်မေးလိုက်၏။
ဒီဂြိုဟ်ကောင်မလေး မော့ချိုက်ဟွန့်က သူ့ကို ဒေါသ ဖြစ်နေတာ သိသာ၍ ရန်လာစတာ သေချာပေသည်။ သို့ဖြစ်၍ သူသည် မော့ချိုက်ဟွန့်ကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ မော့ဖန်းဝူထံ လှည့်၍ မေးလိုက်၏။ “ဒုတိယစီနီယာညီမ…နင် ငါ့ကို လာရှာတာ နင့်စိတ်ထဲမှာ ပြောစရာ တခုခုများ ရှိလို့လား…”
ဟန်လိ၏ စကားက သူမ၏ အသားအရေကို အနည်းငယ် နီမြန်းသွားစေ၏။ သို့ပေမည့် သူမက ဆက်၍ ညင်သာစွာ ပြောလာသည်။ “ဖန်းဝူက သခင်လေးကို လာရှာတဲ့အကြောင်းရင်းက တတိယညီမလေးရဲ့ လေရနံ့ဆေးလုံးကို သခင်လေးဟန်က လက်ဆောင်ပေးခဲ့တာ တကယ်လား သိချင်လို့ပါ။ ပြီးတော့ ကျမအဖေက သခင်လေးဟန်ကို သူ့ရဲ့ ဆေးပညာရပ်တွေ အပြည့်အစုံ သင်ကြားပေးခဲ့လား၊ လက်လွှဲပေးခဲ့လားလည်း သိချင်ပါတယ်…”
ဟန်လိသည် မော့ဖန်းဝူကို ပထမဆုံး မြင်သည့်အချိန်မှာတည်းက သူမအပေါ် အမြင်ကောင်း ရှိထားပေသည်။ အခု ကျောက်စိမ်းလို ကျော့ရှင်းလှပသော သည်မိန်းကလေးက ညင်သာနူးညံ့စွာ ပြောလာသည်ကို မြင်သည့်အခါ သူ့စိတ်ထဲ၌ သူမအပေါ် သနားကြင်နာစိတ် မဖြစ်မိဘဲ မနေနိုင် ဖြစ်မိရသည်။
သို့ဖြစ်၍ သူက ကောင်းကောင်းမွန်မွန် ပြောလိုက်၏။ ဂျူနီယာညီမနှစ်ရဲ့ အမေးကို ပြန်ဖြေရမယ်ဆိုရင်တော့ ကျုပ် ဟန်လိက သူ သိထားခဲ့သမျှ အားလုံးကို ပြောပြပေးနိုင်ပါတယ်။ ပြီးတော့ ဂျူနီယာညီမမော့ချိုက်ဟန့်ရဲ့ လေရနံ့ဆေးလုံးကိုလည်း ကျုပ်ပဲ လက်ဆောင်ပေးခဲ့တာ အမှန်ပါ။ ဒါ့အပြင် ကျုပ်က ဆေးဝါးဖော်စပ်နည်းများစွာကို လေ့လာခဲ့ဖူးပြီး ဆေးကုသရာမှာလည်း အတွေ့အကြုံ ရှိတယ်။ လေရနံ့ဆေးလုံးက ဆေးဝါးဖော်စပ်နည်းတစ်မျိုးနဲ့ ဖော်စပ်ထားတာ။ ဂျူနီယာညီမဖန်းဝူက ဒါကို စိတ်ဝင်စားလို့လား…”
ဟန်လိသည် မော့အိမ်တော်၏ အနောက်ဘက်ခြံဝန်းထဲ၌ ဆေးပင်များ ရှင်သန်ကြီးထွားနေသည်ကို တွေ့မြင်ခဲ့သည့် အချိန်ကစ၍ သည်နေရာ၌ သမားတော်မော့၏ ဆေးပညာရပ်ကို သင်ယူနေသောသူ တစ်ယောက်ယောက် ရှိနေမှာကို သိထားခဲ့သည်။ အခု သူက မော့ဖန်းဝူက ဒီဆေးပညာအကြောင်း မေးလာသည်ကို မြင်သည့်အခါ ထိုဆေးပင်များကို စိုက်ပျိုးခဲ့သူမှာ သူ့ရှေ့မှ အလှလေး ဖြစ်မှန်း စိတ်ထဲကနေ သေချာ သိလိုက်သည်။
ဟန်လိက ထိုစကားများကို ပြောပြီးသည့်နောက် မျှော်လင့်ထားသလိုပင် သည်မိန်းကလေးဖန်းဝူသည် ရွှင်မြူးဟန် ဖြစ်ပေါ်သွား၏။ သူမက ဆက်၍ စကားဆိုသည်။ “ကျမ သခင်လေးဟန်ကို မဖုံးကွယ်ထားပါဘူး။ ဖန်းဝူ ကလေးတည်းက အဖေ့ရဲ့ ဆေးပညာရပ်ကို အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။ အဖေ့ရဲ့ ဆေးစာအုပ်တွေ၊ ဆေးကုသတဲ့အတွေ့အကြုံတွေကိုလည်း စိတ်ပါလက်ပါ လေ့လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ အဖေက မော့အိမ်တော်ကို ခွဲခွာသွားတဲ့အချိန် ရောက်တော့ ဖန်းဝူရဲ့ အသက်ဟာ ငယ်ငယ်ပဲ ရှိခဲ့သေးတယ်။ ဒါ့ကြောင့် ကျမအတွက် ဆေးပညာရပ်ဟာ အကန့်အသတ် ရှိလာခဲ့ပါတယ်…”
ထိုသို့ ပြောပြီးနောက် မော့ဖန်းဝူက တခုခုကို ချီတုံချတုံ ဖြစ်နေဟန် ပေါ်၏။ သို့သော် သူမက ဆက်၍ ပြောသည်။ “ဒါ့ကြောင့် ဖန်းဝူဟာ သခင်းလေးဟန်အနေနဲ့ ဒီကန့်သတ်ချက်ကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။ သခင်လေးဟန်က အဖေရဲ့ ဆေးပညာရပ်တွေကို ကူးယူရေးသားပြီး ဖန်းဝူရဲ့ ဆေးပညာရပ်အပေါ် အမြင်ကျယ်သွားအောင်၊ ဖန်းဝူ လေ့လာလို့ရအောင် ပေးဖို့ ဖြစ်နိုင်မလား…”
ယင်းစကားများကို ပြောဆိုပြီးနောက် မော့အိမ်တော်၏ သည်ဂျူနီယာညီမနှစ်က ရှက်သွေးဖြန်းနေ၏။ သူမက သူ့ကို ထိုသို့တောင်းဆိုရခြင်းအပေါ် အတော်လေး ရှက်မိနေတာ သိသာသည်။
ဟန်လိက ထိုအလှလေး၏ တောင်းဆိုမှုကို ကြားသည့်နောက် စဉ်းစားမနေဘဲ ချက်ခြင်း သဘောတူလိုက်၏။
“ပြဿနာ မရှိဘူး။ မနက်ဖြန်ကျရင် ကျုပ် မော့အိမ်တော်ကို လာတဲ့အခါ သမားတော်မော့ ကျန်ခဲ့တဲ့ ဆေးပညာရပ်နဲ့ ပတ်သတ်တဲ့ လက်ရေးမူတွေ ဂျူနီယာညီမနှစ်ကို ပေးမယ်လေ။ တကယ်တော့ ဒါတွေက မော့အိမ်တော်ရဲ့ အပိုင်ပါပဲ။ ကျုပ် အစတုန်းကတော့ ဒီလက်ရေးမူတွေကို ဆရာကတော်(လေး)ကို ပေးမလို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ အခု ဂျူနီယာညီမနှစ်က လိုချင်မှတော့ ဂျူနီယာညီမနှစ်ကို ပေးလိုက်လည်း အတူတူပါပဲလေ…”
ဟန်လိက ပြုံး၍ ဆို၏။
“ကျေးဇူးအများကြီး တင်ပါတယ်…သခင်လေးဟန်။ ဖန်းဝူက ကျေးဇူးမတင်မိဘဲ မနေနိုင် ဖြစ်မိပါတယ်…” မော့ဖန်းဝူ၏ မျက်နှာထက်တွင် ကျေးဇူးတင်ဟန်တို့ ပေါ်လွင်နေသည်။
“အမနှစ်…နင် ဘာကြောင့် သူ့ကို ဒီလောက်ကြီး ကျေးဇူးတင်ကြောင်း တတွတ်တွတ် ပြောနေရတာလဲ။ သူ ပြောခဲ့တာ နင် မကြားဘူးလား။ ဒီအရာတွေက တို့ရဲ့ မော့အိမ်တော်က အပိုင်တဲ့။ ဒါ့ကြောင့် သူ့ အသိစိတ်နဲ့သူ ကျမတို့ကို ပေးသင့်လို့ ပေးတာလေ။ ဘာလို့ ကျေးဇူးတင်နေရမှာလဲ…”
အနီးအနားတွင် ရှိနေသော မော့ချိုက်ဟွန့်က ဘုဆတ်ဆတ်လေသံဖြင့် ကြားဖြတ် ဝင်ပြောလိုက်သည်။
ဟန်လိက ထိုဂြိုဟ်ကောင်မလေး၏ စကားကို ကြားသည့်နောက် သူမကို တချက် လှမ်းကြည့်လိုက်သည်။ သူက စိတ်ထဲကနေလည်း တွေးလိုက်၏။ “နင့်ဒုတိယအစ်မလို ကျော့ရှင်းလှပတဲ့သူလေးက ငါ့ရှိက တောင်းဆိုခဲ့တာကြောင့်သာ မဟုတ်ရင် ငါ့လက်ထဲ ရောက်နေပြီး ငါ့အပိုင် ဖြစ်နေတဲ့ ဒီလက်ရေးမူတွေကို မော့အိမ်တော်ကို ပြန်ပေး ရအုံးမှာလား။ အဲ့လိုပေးဖို့ တွေးတောင် မတွေးကြည့်ဖူးဘူး…”
“တတိယညီမလေး…စကားကို လက်လွတ်စပယ် မပြောနဲ့လေ။ သခင်လေးဟန်က အဖေ ကျန်ခဲ့တဲ့ ဆေးပညာရပ်အမွေအနှစ်ကို နည်းနည်းလေးတောင် တွန့်တိုမှု မရှိဘဲ ယူလာပေးမယ်လို့ ပြောပြီးပြီး။ ဒါက သခင်လေးဟန်ရဲ့ စိတ်ရင်းကို ပြသဖို့ လုံလောက်နေပြီ…”
ဟန်လိနှင့် မော့ချိုက်ဟွန့်တို့ကြား သဘောထား ကွဲလွဲမှုအချို့ ရှိနေသည်ကို မြင်သည့်အခါ မော့ဖန်းဝူက ပေကပ်ကပ်လုပ်နေသော ညီမဖြစ်သူကို ဆွဲခေါ်၏။ ထို့နောက် သူမက ဟန်လိကို ကျက်သရေ ရှိစွာ လေးစားသမှု ပြပြီးနောက် ထွက်ခွာသွားတော့သည်။
အစကနေ အဆုံးထိ မော့အိမ်တော်၏ သမီးကြီးဖြစ်သူ မော့ယုကျူးသည် စကားတခွန်းမျှ မဆိုခဲ့ပေ။ သူမက သူမ၏ ညီမနှစ်ယောက် ထွက်သွားသည်ကို မြင်သည့်နောက် ဟန်လိကို လေးလေးနက်နက် တချက် လှမ်းကြည့်ပြီး ထွက်သွားတော့သည်။
“မော့အိမ်တော်ရဲ့ သမီးကြီးရဲ့ အကြည့်က ဘယ်လို သဘောလဲဟ…။ သူမက ငါ့ကို အသိအမှတ်ပြုတာလား။ စက်ဆုပ်ရွံရှာတာလား။ ဒါမှမဟုတ်…နှစ်ခုလုံးလား…”
ဟန်လိက ထွက်သွားပြီ ဖြစ်သော မော့ယုကျူးထံ တချက် လှမ်းကြည့်လိုက်မိ၏။
ထို့နောက် ဟန်လိသည် ပုခုံးတွန့်ကာ ဒီအကြောင်း ဆက်မတွေးတော့ဘဲ မော့အိမ်တော်ထဲကနေ ထွက်ခွာလာတော့သည်။
ဟန်လိ တည်းခိုခန်းသို့ ပြန်ရောက်လာချိန်တွင် စတုတ္ထအဆင့်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် စွန်းအာကုံးနှင့် တခြားတစ်ယောက်တို့သည် သူ့အခန်းအပြင်ဘက်တွင် စောင့်နှင်နေကြသည်။ ဝိညာဉ်သေလည်း ထိုနေရာတွင် ရှိနေသည်။
ဟန်လိက စွန်းအာကုံးကို မြင်သည့်နောက် ခေါင်းညိတ်ပြကာ သူ့အခန်းတံခါးကို တွန်းဖွင့်၏။ စွန်းအာကုံးနှင့် နောက်တယောက်မှာ သူ့နောက်ကနေ ချက်ခြင်း လိုက်ဝင်လာသည်။ ထို့နောက် သူတို့နှစ်ယောက်က တလေးတစားဟန်ဖြင့် အခန်းထဲ၌ ရပ်နေ၏။
ဟန်လိက ထိုင်လိုက်ပြီးနောက် စွန်းအာကုံးနှင့် အတူပါလာသော သူစိမ်းကို ကြည့်၏။ ထိုသူမှာ အသက်သုံးဆယ်ခန့် ရှိမည် ဖြစ်ပြီး သူ၏ မျက်နှာမှာ ရုပ်စိုးကာ ကြောက်ဖို့ ကောင်းသော အသွင် ရှိသည်။
“မင်းရဲ့ မြူးထူးနေတဲ့ မျက်နှာကို ကြည့်ရပုံထောက်တော့ မင်း စတုတ္ထအဆင့်ဂိုဏ်းချုပ် ထိုင်ခုံကို ရယူနိုင်ခဲ့တာပဲ ဖြစ်ရမယ်…” ဟန်လိက စွန်းအာကုံးကို ထိုသို့ ဆိုသည်။
“ဒီဂိုဏ်းချုပ်နေရာကို အရယူနိုင်ခဲ့တာဟာ သခင်လေးက ဒီအစေခံရဲ့ နောက်မှာ ရှိနေလို့ပါ…” စွန်းအာကုံးသည် မြူးထူးသောလေသံဖြင့် ချက်ခြင်း ပြန်ဖြေသည်။
“မင်း သိရင် ပြီးတာပဲ။ ငါက အဲ့ဂိုဏ်းရဲ့ ကိစ္စတွေမှာ ဝင်ပါမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းအနေနဲ့ စတုတ္ထဂိုဏ်းရဲ့ အင်အားကို အသုံးပြုပြီး ငါ့ ညွှန်ကြားချက်တွေကို ပိုမြန်ဆန် ပြီးမြောက်အောင် လုပ်ဖို့ လိုတယ်။ မဟုတ်ရင် ငါ့အနေနဲ့ နောက်ထပ် ဂိုဏ်းခေါင်းဆောင် တစ်ယောက် ပြောင်းပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး…”
ဟန်လိက အေးစက်စက် လေသံဖြင့် သတိပေးစကားပြောသည်။
သူ၏ စကားများကြောင့် အူမြူးနေသော စွန်းအာကုံးမှာ ချက်ခြင်း ကတုန်ကယင် ဖြစ်သွား၏။
“ကျုပ်က သခင်လေးရဲ့ ညွှန်ကြားချက်တွေကို ဘယ်ပဲ လုပ်ပေးရလုပ်ပေးရ လိုက်နာမှာပါ။ ကျုပ် အသက်ကို ပေးရမယ်ဆိုရင်တောင် လုပ်ဆောင်ပါ့မယ်…”
စွန်းအာကုံးသည် သစ္စာရှိသော ဟန်ပန်ဖြင့် ခပ်သွက်သွက် ဆို၏။
ထို့နောက်တွင် ဟန်လိသည် စွန်းအာကုံးကို ထပ်မံ၍ အရေးစိုက်မနေတော့ဘဲ သူ့အကြည့်က နောက်တစ်ယောက်ထံ ကျရောက်သွားသည်။
“မင်းက အင်မောတယ်စုံတွဲရဲ့ အပြန်အလှန် ပြောစကားတွေကို ကြားခဲ့တဲ့သူ ဖြစ်ရမယ်…”
ဟန်လိက စိတ်ဝင်တစားရှိဟန်ဖြင့် မေးလာသည်။
“ဟုတ်ပါတယ်ဗျ။ ဒီအစေခံ သံမဏိနွား(ရှီထျဲနျူ)က အမှန်ပဲ သူတို့စကားတွေကို ကြားသိခဲ့ရပါတယ်…” ရုပ်စိုးစိုးလူက တလေးတစား ပြန်ဖြေ၏။
ထိုသူသည် လူကြမ်းပုံပေါက်သည်ဟု ထင်ရသော်လည်း သူက လုံးဝ တုံးအသူတော့ မဟုတ်ပေ။ သူက သူ့ရှေ့မှ လူငယ်လေးသည် မူလက သူနှင့်အဆင့်တူသာ ဖြစ်သော စွန်းအာကုံးကို ဂိုဏ်းချုပ်နေရာသို့ ရောက်အောင် ပံ့ပိုးပေးခဲ့သူမှန်း ကောင်းကောင်း သိပေသည်။ သို့ဖြစ်၍ သူက ပေါ့ပေါ့ဆဆ မလုပ်ဝံ့ပေ။
ဟန်လိက အတော်လေး ကျေနပ်သွား၏။ သည်လူက အလိုက်သိကာ တော်နေသ၍ သူ သိချင်သော ကိစ္စမှာ အဆင်ပြေပြေ ဖြစ်နိုင်ပေလိမ့်မည်။
“ကဲ ကောင်းပြီ။ မင်း အင်မောတယ်စုံတွဲကို တွေ့မြင်ခဲ့ရတဲ့ နေ့က အကြောင်းတွေ ငါ့ကို ပြော။ အစကနေ အဆုံးထိ သေချာပြောပြ။ ငါ ကျေနပ်မှု ရှိရင် မင်းဟာ စွန်းအာကုံးရဲ့ လက်ထောက်ဖြစ်လာမယ်။ တနည်းအားဖြင့် စတုတ္ထဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ် ဖြစ်လာစေရမယ်…”
ဟန်လိသည် ဆုလဒ်ပေးခြင်းက တခြားသူများကို အလုပ်လုပ်ရာ၌ ပို၍ တက်ကြွစေမှန်းကို ကောင်းကောင်း သိသူ ဖြစ်၏။ ထို့ကြောင့် သူက တင်ကြို၍ ကတိတစ်ခု ပေးလိုက်တာပင်။
မျှော်လင့်ထားသလိုပင် ဟန်လိ၏ စကားကို ကြားသည့်အခါ သံမဏိနွားသည် ရွှင်မြူးတက်ကြွသွား၏။ ချက်ခြင်းပင် သူက သူ့ရင်ဘက်ကို စိတ်လှုပ်တရှားဖြင့် ပုတ်ကာ ဟန်လိ ကျေနပ်မှု ရှိသွားဖို့ သေချာ ပြောဆိုပြမည့်ဟန် ပြသသည်။
စွန်းအာကုံးကမူ ထိုစကားများကို ကြားသည့်အခါ အတန်ငယ် အလိုမကျ ဖြစ်သွား၏။ သို့ပေမည့် သူ့မျက်နှာပေါ်တွင်တော့ သဘောမတူကြောင်း အနည်းငယ်မျှပင် မပြသဝံ့ပေ။
သံမဏိနွားက သူ့ကိုယ်သူ အနည်းငယ် တည်ငြိမ်အောင် လုပ်ပြီးနောက် သူ အင်မောတယ်စုံတွဲကို တွေ့ကြုံခဲ့ရသည့် နေ့အကြောင်း အသေးစိတ် ပြန်ပြောပြလေသည်။
သံမဏိနွား၏ ပြန်ပြောပြခြင်းနှင့် စွန်းအာကုံး တဆင့်ပြောပြခဲ့သော အချက်အလက်များသည် များစွာ ကွဲပြားမှု ရှိ၏။ သို့သော် ယေဘုယျအားဖြင့်တော့ အကြောင်းအရာက အတူတူသာ ဖြစ်သည်။
“အဲ့အင်မောတယ်စုံတွဲက အချိန်နဲ့ နေရာကိုရော ပြောခဲ့ကြသေးလား…” ဟန်လိက သံမဏိနွား၏ စကားကို အဆုံးထိ နားထောင်ပြီးနောက် သူ အသိချင်ဆုံး၊ စိတ်ပူပန်မိဆုံး ကိစ္စကို မေးလိုက်သည်။