← Chapters

အစီအစဉ်များ

Vol. 9 Ch. 125

အစီအစဉ်များ

Vol. 9 Ch. 125

“အချိန်နဲ့နေရာလား…” သံမဏိနွားသည် ဟန်လိ၏ အမေးကို ကြားသည့်အခါ တဒင်္ဂ မင်သက်သွား၏။ သူသည် သေချာ မမှတ်မိတော့ပုံ ရ၏။ သို့သော် အခုအခါ၌ ဟန်လိက အလေးအနက် ဖြစ်နေတာကို မြင်သည့်အခါ သူသည် သူ ပြန်ပြောဆိုပေးရသော အခြင်းအရာ၏ အရေးကြီးဆုံးအပိုင်းကို ရောက်နေပြီဟု သိလိုက်သည်။ သူက ခေါင်းငုံ့ကာ အသေအချာ ပြန်စဉ်းစားနေ၏။ သူ့မှတ်ဉာဏ်များကို ပြန်ပုံဖော်ကြည့်နေသည်။

ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်…။

“မှတ်မိပြီ…” သံမဏိနွားက ရုတ်တရက် ခေါင်းပြန်မော့ကာ ထအော်လိုက်၏။ သူ့မျက်နှာထက်တွင်လည်း ရွှင်မြူးခြင်းတို့ ပြည့်နေသည်။

အမျိုးသမီးအင်မောတယ်က သူ့အဖော်ဖြစ်တဲ့ အမျိုးသားအင်မောတယ်ကို အင်မောတယ်မဟာစည်းဝေးပွဲ မလုပ်ခင် အင်မောတယ်တွေ စုဝေးတဲ့ နေရာမှာ သူမနဲ့အတူတူ ရှိနေပေးဖို့ ပြောခဲ့တာ ကျနော် ကြားခဲ့မိပါတယ်။ အဲ့နေရာကို ထိုက်နန်တောင်ကြားလို့ ခေါ်ဆိုခဲ့တာကိုလည်း ကြားသိခဲ့ပါတယ်။

(ထိုက်နန် ဟူသည်မှာ တောက်ဘက်စွန်းပိုင်းဟု အဓိပ္ပာယ်ရသည်)

“ထိုက်နန်တောင်ကြားလား…” ဟန်လိက ခပ်တိုးတိုး ရေရွတ်၏။ သူသည် ယင်းအမည်ကို အရင်က လုံးဝ မကြားဖူးခဲ့ပေ။

ဟန်လိ အကြည့်က စွန်းအာကုံးထံ ရောက်သွား၏။ ထိုတောင်ကြား၏ အမည်ကို ဒီဒေသခံဖြစ်သော ဂိုဏ်းချုပ်တစ်ယောက်က အနည်းငယ်မျှတော့ သိနိုင်လောက်သည် မဟုတ်လား။

“ကျားယွမ်မြို့မှာတော့ အဲ့လိုနေရာမျိုး မရှိပါဘူး။ အဲ့လို တောင်ကြားမျိုး တကယ်သာ ရှိရင် ကျနော် ကောင်းကောင်း သိနေမှာပါ…” စွန်းအာကုံက မျက်ခုံးစုကြုံ့ကာ စဉ်းစားနေပြီး ခေါင်းယမ်းကာ ပြောလိုက်၏။

“မင်းများ အမှတ်မှား၊ အကြားမှားခဲ့တာလား…” ဟန်လိအကြည့်က သံမဏိနွားထံ ကျရောက်သွားပြီး သူက အေးစက်စက်လေးသံဖြင့် မေးလိုက်၏။

“ကျနော် နားကြား မမှားခဲ့တာ သေချာပါတယ်။ အဲ့အမျိုးသမီးက အဲ့လိုပဲ ပြောခဲ့တာပါ။ သူတို့က နေ့တဝက်လောက် အမြန် ခရီးနှင်ပြီးရင် သူမရဲ့ မိတ်ဆွေတွေနဲ့အတူ ထိုက်နန်တောင်ကြားမှာ တွေ့ဆုံနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်…”

သံမဏိနွားက အခိုင်အမာ ဆို၏။

“နေ့တဝက်လောက်။ လူတစ်ယောက်ဟာ ခြေကျင်သွားရင်တောင် နေ့တဝက်လောက်ဆို ကျားယွမ်မြို့ အနီးဝန်းကျင်ကို ကျော်လွန်သွားနိုင်တယ်။ ဒါပေမဲ့ ဒီနှစ်ယောက်က သိမ်းငှက်ပေါ်မှာ ထိုင်ပြီး ခရီးသွားတာကို နေ့တဝက်လောက် ကြာမယ်ဆိုတော့ သူတို့ရဲ့ ခရီးက အတော်လေး ဝေးလှလိမ့်မယ်။ ဒါ့အပြင် အဲ့နေရာဟာ လန်စီရင်စုရဲ့ နယ်နိမိတ်တွေထဲမှာတောင် ရှိချင်မှ ရှိနေတော့မှာ…”

ဟန်လိက စဉ်းစားကြည့်နေ၏။

“မင်းတို့နှစ်ယောက် ထိုက်နန်တောင်ကြားလို့ အမည်ရတဲ့ နေရာတခုခုကိုများ သိကြလား။ ဒါမှမဟုတ် ထိုက်နန် အမည်ပါတဲ့ နေရာတစ်ခုခုကိုပေါ့….” ဟန်လိ၏ အမူအရာသည် အနည်းငယ် ပျော့ပြောင်းသွားပြီး သူက ထိုနှစ်ယောက်ကို မေးလိုက်သည်။

စွန်းအာကုံးနဲ့ သံမဏိနွားခေါင်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တပြိုင်တည်းလိုလို ပြောလာကြ၏။

“ထိုက်နန်ဘုံကျောင်း…”

“ထိုက်နန်တောင်…”

“ထိုက်နန်အမည်နဲ့ နေရာနှစ်ခု ရှိနေတာလား…” ဟန်လိက အံ့အားသင့်သွား၏။ ထို့အပြင် သူသည် နှစ်နေရာ ဖြစ်နေ၍ အနည်းငယ်လည်း ခေါင်းကိုက်မိသွားသည်။

“သခင်လေး…အဲ့လို မဟုတ်ပါဘူး။နေရာ တစ်ခုတည်းပါ…” စွန်းအာကုံးက ချက်ခြင်း ပြန်ဖြေသည်။

“ထိုက်နန်ဘုံကျောင်းကို ထိုက်နန်တော်ပေါ်မှာ တည်ဆောက်ထားတာပါ…” သံမဏိနွားက ထပ်၍ ဖြည့်ပြောလိုက်သည်။

“အို…သိပ်ကောင်းတယ်။ ကြည့်ရတာ ထိုက်နန်တောင်ကြားဟာ အဲ့နေရာမှာပဲ ရှိလောက်မယ်…” ဟန်လိက အလွယ်တကူ ပြောလိုက်၏။

“ဒါပေမဲ့ သခင်လေး…။ ကျနော်တို့တော့ ထိုက်နန်တောင်တန်း အနီးအနားမှာ ဒီထိုက်နန်တောင်ကြား ဆိုတာကို လုံးဝ မကြားဖူးပါဘူး။ မှားများ မှားနေတာလား…”

စွန်းအာကုံးက သံသယရှိဟန်ဖြင့် သတိပေးစကားဆိုသည်။

ဟန်လိသည် သည်စကားကို ကြားသည့်အခါ အားပါးတရ ရယ်မောလိုက်၏။ “မမှားဘူး။အဲ့နေရာပဲ…”

“မင်းတို့က ကျင့်ကြံသူတွေ မဟုတ်ကြဘူး။ ဒါ့ကြောင့် မင်းတို့အနေနဲ့ အဲ့နေရာကို သိနိုင်မှာ မဟုတ်လောက်ဘူး။ ငါတော့ အဲ့မှာ တချို့ကျင့်ကြံသူတွေ ရှိနေနိုင်တယ်လို့ ယူဆတယ်…”

ဟန်လိက စိတ်လှုပ်တရှား တွေးလိုက်မိ၏။

“ဒီထိုက်နန်တော်ရဲ့ အနိမ့်ဆုံးအပိုင်းက ဘယ်နေရာမှာလဲ…”

ဟန်လိသည် စိတ်လှုပ်တရှား ဖြစ်မိပြီးနောက် သူ သေချာမသိသော နေရာကို စဉ်းစားမနေဘဲ မေးလိုက်၏။

“သခင်လေး…ထိုက်နန်တောင်ဟာ လန်စီရင်စုရဲ့ တောင်ဘက်အစွန်းဧရိယာမှာ ရှိပါတယ်…”

“လန်စီရင်စုရဲ့ တောင်ပိုင်း…” ဟန်လိသည် မျက်မှောင်ကြုတ်သွား၏။ သူ လုပ်ကြံ သတ်ဖြတ်ရမည့် ဟာဂျီမွန်အိမ်တော်၏ အိမ်တော်သခင်သည် လန်စီရင်စု၏ အလယ်ပိုင်းတွင် ရှိနေပေ၏။ သို့ဖြစ်၍ သူ သွားရောက်မည့် တောက်ပိုင်းနှင့် တလမ်းစီ ဖြစ်နေသည်။ ကြည့်ရသည်မှာ သူ့အနေဖြင့် ခရီးပိုထွက်ရတော့မည်။

“စွန်းအာကုံး…မင်း ပြန်ရောက်တာနဲ့ ဒီသံမဏိနွားကို စတုတ္ထဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်အဖြစ် ခန့်အပ်လိုက်။ မင်း အလိုမကျတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ သူ့ကို ကတိပေးထားခဲ့ပြီးပြီ။ ဒီတော့ ငါ့ကတိကိုယ်ငါ ထိန်းသိမ်းရမယ်…”

ဟန်လိက စွန်းအာကုံးကို ညွှန်ကြားလိုက်၏။

“ကျနော် မငြင်းဆန်ဝံပါဘူး…သခင်လေး။ သခင်လေးရဲ့ အမိန့်အတိုင်းပါ။ ကျနော့် အနေနဲ့ နည်းနည်းလေးတောင် အထွန့်မတတ်ပါဘူး…” စွန်းအာကုံးက ဟန်လိ၏ စကားကို ကြားသည့်အခါ ထိပ်ပြာသွားသည်။ ဟန်လိ အစောပိုင်းတုန်းက ပြောခဲ့သော စကားများကို ပြန်ကြားယောင်ကာ သူ့အသားအရေသည် ဖြူရောသွားမိသည်။

“စိတ်အေးအေး ထားပါ။ မင်းရဲ့ သစ္စာရှိမှုကို ငါ ကောင်းကောင်း သိတယ်။ ဒီပုလင်းထဲမှာ မင်းရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်ကို လုံးဝ ဖြေပေးမယ့် အဆိပ်ဖြေဆေး ပါတယ်။ ငါ ကတိပေးထားသလိုပဲ မင်း အကြောက်လွန် နေစရာ မလိုဘူး။ ငါက လူတိုင်းကို မျှမျှတတ ဆက်ဆံတယ်။ ဒါ့ကြောင့် ငါ မင်းကို လှည့်ဖြားမှာ မဟုတ်ဘူး…”

ဟန်လိက ဆေးပုလင်းတခုကို ထုတ်ယူကာ စွန်းအာကုံးအား လှမ်းပေးလိုက်သည်။

စွန်းအာကုံးက ထိုသည်ကို မြင်သည့်အခါ မမျှော်လင့်ထားမိ၍ အလွန်ကျေနပ်မိသွားသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ နှလုံးပုပ်အဆိပ်သည် သူ့ကို ညဘက် အိပ်မပျော်ဖြစ်စေနေသည် မဟုတ်လား။ အခု သူသည် ၎င်းအဆိပ်ကို လုံးဝ ဖယ်ရှားနိုင်တော့မည်။ သူက မည်သို့ စိတ်မလှုပ်ရှားဘဲ နေပါ့မည်နည်း။

“ကျေးဇူးတင်ပါတယ်…သခင်လေး။ ကျေးဇူးပါ…သခင်လေး။ ဒီအစေခံက ဒီကြင်နာမှုကို အသက်နဲ့ ရင်းပြီး ကျိန်းသေပေါက် ပြန်ဆပ်ပါ့မယ်…”

စွန်းအာကုံးသည် ဒီပုလင်းကို ယူဆောင်ပြီးနောက် အထက်ပါစကားများကို ကျေးဇူးတင်စွာ ဆိုနေတော့၏။ ဟန်လိက ခေါင်းညိတ်ရုံသာ ညိတ်ပြသည်။

ဟန်လိက စွန်းအာကုံံးကို ထိုသို့ အဆိပ်ဖြေဆေး ပေးလိုက်ရသည့်အကြောင်းရင်းမှာ သူ့အနေဖြင့် တလတခါ အဆိပ်ဖြေဆေး ပေးနေရခြင်းမှာ အလုပ်ရှုပ်သည်ဟု ခံစားမိသောကြောင့်ပင်။ ထို့ပြင် သူသည် ကျားယွမ်မြို့မှ အဝေးကို ထွက်သွားတော့မည် ဖြစ်ပြီး စွန်းအာကုံးကို အဆိပ်သုံး၍ ထိန်းချုပ်ခြင်းအား ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာပင်။ တကယ်တော့ သည်နှစ်ယောက်က တနေ့၌ သူ့ကို သစ္စာဖောက်လာခဲ့ပါလည်း သူက အရေးမစိုက်ပေ။ သူသည် ထိုနှစ်ယောက်ကို ချက်ခြင်း သတ်ကာ သူတို့၏ နေရာများအား အစားထိုး ပစ်နိုင်သည် မဟုတ်လား။

သည့်အပြင် ဟန်လိသည် ခုခါ၌ စတုတ္ထဂိုဏ်းကို အသုံးပြုစရာ မရှိပေ။

ဟန်လိက သည်လောက၌ အကြောင်းမဲ့ သစ္စာဖောက်ခြင်း၊ အကြောင်းမဲ့ သစ္စာရှိခြင်း မရှိသည်ကို သိထား၏။ တခြားသူများကို အတင်းအကြပ် ထိန်းချုပ်ခြင်းက လိုရာရဖို့ အလွယ်ဆုံး နည်းလမ်းပင်။ သို့သော် တချိန်တည်းမှာ အဆိုးဝါးဆုံး နည်းလမ်းလည်း ဖြစ်ပြန်သည်။ အကြောင်းမှာ အတင်းအကြပ် ထိန်းချုပ်ခံထားရသူသည် အချိန်မရွေး ပုန်ကန်လာနိုင်သောကြောင့်ပင်။ သို့ဖြစ်၍ လူတစ်ယောက်သည် သစ္စာရှိမှု အချို့ ရှိနေပါက ပြစ်ဒဏ်ပေးခြင်းနှင့် ဆုလဒ်ပေးခြင်းတို့ကို အသုံးပြုသည့်နည်းလမ်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

ပမာပြရလျှင် ဟန်လိက စွန်းအာကုံးကို ဂရုစိုက်ပေးခဲ့၏။ တနည်းအားဖြင့် သူသည် စွန်းအာကုံး၏ သစ္စာရှိမှုကို အချိန်ကြာကြာ ရနိုင်လိမ့်မည်။ တဖက်၌ သံမဏိနွားနှင့် စွန်းအာကုံးတို့သည် သူ့စကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ခံစားမိကြမည်မှာ မလွဲပေ။ သို့ဖြစ်၍ ကောင်းကျိုးဆောင်ပေးနိုင်ပါက ဆုလဒ်ရမည်၊ အမှားလုပ်မိပါက အပြစ်ပေးခံရမည်ကို သူတို့ သိကြလိမ့်မည်။ ယင်းနည်းလမ်းက ဟန်လိအဖို့ သည်နှစ်ယောက်ကို ရေရှည်ထိန်းချုပ်နိုင်စေလိမ့်မည်။

ဟန်လိက စွန်းအာကုံး၏ အမူဟန်ပန်ကို မြင်သည့်နောက် ရုတ်တရက် သူက စွန်းအာကုံး ထိတ်လန့်ခြင်း၊ ပျော်ရွှင်ခြင်း ခံစားချက်နှစ်ခုလုံး တပြိုင်တည်း ခံစားသွားစေမည့် တစုံတခုကို ပြောလိုက်သည်။

“ငါ ဝိညာဉ်သေကို မင်းနဲ့အတူ ထားခဲ့မယ်။ ဒါပေမဲ့ မင်းက သူ့ကို ရန်စကျူးကျော်မှုတွေမှာ အသုံးပြုခွင့် မရှိဘူး။ ဝိညာဉ်သေက ကြမ်းလှတယ်ဆိုပေမယ့် ဒီလောကမှာ သာမန်ထက်ထူးကဲတဲ့ အရာတွေ အများကြီး ရှိတယ်။ ကံအကြောင်းမလှရင် မင်းအနေနဲ့ ကပ်ဘေးတစ်ခု ကျရောက်စေမယ့် အဖြစ်မျိုးကို ရန်စမိသွားနိုင်တယ်။ ဒါကို စိတ်ထဲမှာ သေချာ မှတ်ထားပါ…”

ဟန်လိက လေးလေးနက်နက် ပြောလိုက်၏။

“ကျနော် စိတ်ထဲမှာ မှတ်သားထားပါ့မယ်။ ပြီးတော့ မိတ်ဆွေကြီး ဝိညာဉ်သေအတွက်လည်း ကောင်းကောင်း စီစဉ်ပါ့မယ်…”

စွန်းအာကုံးက ခေါင်းညိတ်ကာ ချက်ခြင်း ပြန်ဖြေသည်။

“ဝိညာဉ်သေကသာ ငါ့အတွက် သက်တော်စောင့် လုပ်ပေးဖို့ မလိုတော့တာကြောင့်၊ သူ့ပုံပန်းသွင်ပြင်က လူကြားထဲ သိသာလွန်းတဲ့အတွက်ကြောင့်၊ ပြီးတော့ ငါ့နောက်ကို ခရီးရှည်ကြီး ခေါ်သွားဖို့ မသင့်တော်တာကြောင့်သာ မဟုတ်ရင် ငါ့အနေနဲ့ ဝိညာဉ်သေကို ဒီလူ့လက်ထဲမှာ ထားခဲ့စရာ အကြောင်း မရှိဘူး…”

ထိုသို့တွေးကာ ဟန်လိသည် ခေါင်းယမ်း၍ သက်ပြင်းချမိ၏။

“မင်းတို့ လုပ်စရာ ရှိတာ သွားလုပ်ကြတော့။ လာမယ့် နေ့တွေမှာ မင်းတို့ ငါ့ကို လာတွေ့ဖို့ မလိုတော့ဘူး။ ငါ မကြာခင် ဒီကနေ ထွက်ပြီး ခရီးရှည်ကြီးတစ်ခု သွားစရာ ရှိတယ်။ ငါ ဘယ်အချိန်မှ ပြန်ရောက်မလဲဆိုတာ ငါတောင် မသိဘူး…” ဟန်လိသည် သူ့လက်ကို ဝေ့ယမ်းကာ ထိုနှစ်ယောက်ကို ထွက်သွားခိုင်းလိုက်သည်။

စွန်းအာကုံးနှင့် သံမဏိနွားတို့က ထိုစကားများကို ကြားသည့်အခါ အခန်းထဲကနေ တလေးတစား ပြန်ထွက်သွားကြ၏။ အခန်းထဲ၌ ဟန်လိတစ်ယောက်သာ ကျန်ခဲ့တော့သည်။ မည်သို့ပင်ဖြစ်စေ သူ့အဖို့ စဉ်းစားရမည့် ကိစ္စများ ရှိနေသေးပေသည်။

“ထိုက်နန်တောင်ရဲ့ တောင်ခြေမှာ ရှိတဲ့ ထိုက်နန်တောင်ကြား။ အဲ့မှာ ဘယ်လို ကျင့်ကြံသူတွေများ ရှိနေနိုင်မလဲ။ တင်ကြို သတိပေးခြင်း မရှိဘဲ သူတို့ရှိ ငါ ရောက်သွားရင် မသင့်တော်သလိုများ ဖြစ်နိုင်လား။ ဒါမှမဟုတ် ငါ အန္တရာယ် ကြုံရနိုင်လား…”

ဟန်လိသည် အခြေအမြစ်မရှိဘဲ အတွေးများနေ၏။ ခုချိန်၌ သူ့စိတ်ကိုယ်သူ လွှတ်ပေးထားလိုက်ပေ၏။

အချိန် ကုန်လွန်တာ မြန်လွန်း၏။ မျက်စိတမှိတ်အတွင်း နှစ်လတာ ကုန်လွန်ခဲ့ပေပြီ။ ခုချိန်၌ ဟန်လိသည် ကျားယွမ်မြို့တွင် ရှိမနေတော့ပေ။ ပိုပိုကဲကဲ ဆိုရလျှင် ဟန်လိ၏ အရိပ်ကိုပါ မမြင်ရတော့တာ အတော်ကြာသွားခဲ့ပေပြီ။

All Chapters