ထိုက်နန်တောင်၊ ထိုက်နန်တောင်ကြားနှင့် လူငယ်တစ်ယောက်
Vol. 9 Ch. 126
ကွမ်းကွေ့မြို့သည် လန်စီရင်စု၏ တောက်ဘက်စွန်းပိုင်း၌ တည်ရှိသည်။ ယင်းမြို့မှာ အရွယ်အစား ကြီးမားခြင်းမရှိဘဲ လူဦးရေသောင်းဂဏန်းလောက်သာ ရှိသည်။ ကျားယွမ်မြို့၏ ငါးပုံတစ်ပုံ အရွယ်အစားလောက်သာ ရှိ၏။ သို့ပေမည့် သည်မြို့၏ သုံးဘက်သုံးလံကို တောင်တန်းများဖြင့် ဝန်းရံထားပြီး ကျန်တဘက်တွင်မူ ရေကန်ကြီးတစ်ကန် ရှိသည်။ ထိုသို့သော ဝန်းကျင်အနေထားကြောင့် ဒီမြို့ ပတ်လည်တွင် ရှားပါးသစ်သီးသစ်ဖုများ ပေါက်ရောက်ကြ၏။ သို့ဖြစ်၍ ထိုအချက်ကြောင့် ဒီကွမ်းကွေ့မြို့ငယ်သည် အတော်အတန် ထင်ရှားသောမြို့တစ်မြို့ ဖြစ်လာသည်။
ထိုက်နန်တောင်တန်းက ကွမ်းကွေ့မြို့၏ အနောက်ဘက်အရပ် သိပ်မဝေးသော နေရာ၌ တည်ရှိသည်။ ထိုတောင်တန်းက မီတာသုံးသောင်းလောက် မြင့်မားကာ လန်စီရင်စု၏ စတုတ္ထမြောက် အမြင့်ဆုံးတောင်ပင်။ ထိုတောင်ထိပ်ပေါ်၌ ထိုက်နန်ဘုံကျောင်း ရှိသည်။ ယင်းဘုံကျောင်း၏ ဗေဒင်လက္ခဏာ ရှေ့ဖြစ်ဟောခြင်းက အတော်လေး တိကျမှန်ကန်သည်ဟူသော သတင်းကြောင့် နှစ်စဉ်နှစ်တိုင်း အဆင့်မြင့်မင်းမှူထမ်းများ လာတတ်ကြသည်။ ဘုန်းတော်ကြီးများကလည်း ဆုတောင်းဝတ်ပြုရန် လာရောက်တတ်သည်။
ခုလက်ရှိတွင် ထိုက်နန်တောင်ခြေရှိ တောအုပ်တခုထဲ၌ လူတစ်ယောက်သည် အပင်ကြီးတစ်ပင်အောက်၌ ထိုင်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် တဖြတ်ဖြတ်လင်းလက်နေသော အနီရောင်အလင်းတစ်ခုကို ဆုပ်ကိုင်ကာ သူ့ဒန်တျန်နေရာထံ ထပ်ခါထပ်ခါ ဖိနှိပ်နေသည်။
ရုတ်တရက် ထိုသူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူ့ထံမှ ငြီးတွားသံ ထွက်ပေါ်သည်။ သူက ခေါင်းငုံ့၍ လက်ထဲရှိ အနီရောင်တောက်တောက် အရာဝတ္ထုတစ်ခုကို ကြည့်လိုက်သည်။ ယင်းအရာမှာ ထိပ်တန်းအရည်အသွေး ရှိသော အဇူရာကျောက်စိမ်းပြားတစ်ခုပင်။ သည်ကျောက်စိမ်းပြားသည် လုံးဝ သန့်စင်ရုံသာမက ၎င်းအတွင်း၌လည်း အနီရောင်အလင်း အရိပ်အယောင်များ ခပ်ရေးရေး ရှိနေသည်။ သို့ဖြစ်၍ ထိုကျောက်စိမ်းပြားမှာ အမြင်ဖြင့် ကြည့်ရုံဖြင့်ပင် သာမန်ကျောက်စိမ်းမဟုတ်၊ အဖိုးတန်ကျောက်စိမ်း ဖြစ်မည်ကို သိနိုင်သည်။
ထိုသူက ယင်းကျောက်စိမ်းပြားကို သူ့ရင်ဘက်ပိုင်းကနေ ဖြည်းဖြည်းချင်း ပြန်သိမ်းဆည်းပြီး ခေါင်းမော့၍ ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူသည် မြင်နေတွေ့နေကျ သာမန်လူငယ်လေး တစ်ယောက်သာ ဖြစ်၏။ အတိအကျဆိုရသော် သူသည် ကျားယွမ်မြို့မှ ပျောက်နေသော ဟန်လိပင်။
ထို့နောက် ဟန်လိက ခေါင်းငုံ့ကာ လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်လိုက်၏။ သူ့မျက်နှာထက်တွင် ကျေနပ်သည့် အရိပ်အယောင်များ အထင်းသား ပေါ်နေသည်။
သူသည် ထိုအဖိုးတန်ယန်ကျောက်စိမ်းပြားကို ရလာခဲ့သည့် အချိန်မှစ၍ ၎င်းကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ထဲမှ အအေးဓာတ်ယင်အဆိပ်ကို ဆက်တိုက် ဖယ်ရှားနေခဲ့သည်။ ထို့အတွက်ကြောင့် လဝက်ခန့် ကြာပြီးနောက် အဆိပ်အားလုံးကို ဖယ်ထုတ်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုအဆိပ်ဖယ်ထုတ်ရခြင်းမှာ လွယ်ကူ မနေခဲ့ပေ။ အဆိပ်ကို ဖယ်ရှားသည့်အခါတိုင်း ဟန်လိက သူ့အရိုးထဲထိ စိမ့်အောင် နာကျင်မှုကို ခံစားရပေသည်။ ထိုအတွေ့အကြုံကို ပြန် စဉ်းစားမိတိုင်း သူ့မှာ ထိတ်လန့်မှု ဖြစ်ရတုန်းပင်။
သို့ပေမည့် ဒီအဖိုးတန်ယန်ကျောက်စိမ်းပြားက အမှန်တကယ် ရတနာတစ်ခုပင်။ ၎င်းထံ၌ စိတ်ဝိညာဉ်ချီ ပါဝင်ကာ သူ့အဆိပ်ကို ဖယ်ရှားရာ၌ များစွာ သက်ရောက်မှု ရှိခဲ့သည်။
ထိုသို့တွေးကာ ဟန်လိက ကျောက်စိမ်းပြားကို သူ့ဘေးရှိ သစ်သားသေတ္တာထဲ ပြန်ထည့်ကာ ကိုယ်နှင့်မကွာ ပြန်သိမ်းထားလိုက်သည်။
ဟန်လိက ထရပ်ကာ ကိုယ်လက်ဆန့်လိုက်ရင်း သူ၏ အတွေးများသည် လွန်ခဲ့သော နှစ်လကျော်သို့ ပြန်ရောက်သွားမိသည်။
လွန်ခဲ့သောနှစ်လ။
ဟန်လိသည် စီစဉ်စရာ ရှိတာများကို စီစဉ်ပြီးနောက် နောက်နေ့တွင် မော့အိမ်တော်သို့ သွားခဲ့ပြီး ချူးယောင်ဖေးထျန်နှင့် ဟာချီမွန်အိမ်တော်တို့၏ သတင်းကို မေးမြန်းလာခဲ့သည်။ ထို့နောက် သူက မော့အိမ်တော်မှ လက်ဆောင်ပေးခဲ့သော အဖိုးတန်မြင်းကောင်ကို စီးနင်းကာ နေ့ကောညပါ ခရီးနှင်လာခဲ့သည်။ သည်လိုဖြင့် ဆယ်ရက်အတွင်း သူသည် ဟာချီမွန်အိမ်တော်ထံ ရောက်လာသည်။
ဟာချီမွန်အိမ်တော်၏ အခြေအနေကို ရက်အတော်အတန် စုံစမ်း ထောက်လှမ်းပြီးနောက် ဟန်လိအတွက် အခွင့်အရေးတစ်ခု ရလာခဲ့ပေသည်။ သူက လသာသာအောက်တွင် တကိုယ်တည်း ဝန်းကျင်ရှုခင်းကို ရှုစားနေခဲ့သော ချူးယောင်ဖေးထျန်ထံ သူ၏ အဖိုးတန်အဆောင်တစ်ခုဖြင့် စေလွှတ်တိုက်ခိုက်ခဲ့ပေသည်။ သူ၏ ဓားအဆောင်ကို စတေးခဲ့ပြီးနောက် တအောင့်အကြာ၌ ဟန်လိက သည်လူ့ကို ခေါင်းဖြတ် သတ်ပစ်ခဲ့ပေသည်။
ထို့နောက် အဖြစ်အပျက်များသည် ချောချောမွေ့မွေ့သာ ဆက်ဖြစ်လာခဲ့သည်။ ဟာချီမွန်အိမ်တော်၏ အိမ်တော်သခင် သေသွားခဲ့သော်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သည့် အရိပ်အယောင် လုံးဝ မတွေ့သည့်အခါ ဟန်လိက သူ သတ်ခဲ့သောသူမှာ အတုအယောင် ဖြစ်နေလားဟု သံသယဝင်လာမိသည်။ သို့ဖြစ်၍ သူ သတ်ခဲ့သောအလောင်းကို သေချာ စစ်ဆေးကြည့်ရာ ချူးယောင်ဖေးထျန်၏ ဒဏ်ရာအမာရွက်များနှင့် မွေးရာပါအမှတ်တို့ကို တွေ့ရှိခဲ့မှ သူ လူမှားသတ်ခဲ့တာ မဟုတ်မှန်း အတည်ပြုသည်။ ထို့နောက်တွင် ဟန်လိသည် သက်ပြင်းချကာ ထိုသူ၏ ဦးခေါင်းပြတ်ကို ယူပြီး ကျားယွမ်မြို့သို့ ပြန်လာခဲ့ပေသည်။
သူ မော့အိမ်တော်သို့ ပြန်ရောက်လာပြီး ချူးယောင်ဖေးထျန်၏ ဦးခေါင်းပြတ်အား အမျိုးသမီးယန်ကို ပေးခဲ့ပြီးနောက် သူမက ချူးယောင်ဖေးထျန်သည် ကျန်းဟူ၏ အကာအကွယ်ပညာရပ်တခု ဖြစ်သည့် အရှင်သခင်ချပ်ဝတ်ကို လေ့ကျင့်ထားကြောင်း ပြောပြခဲ့သည်။ သူ့ခန္ဓာကိုယ်တခုလုံးကို ဓားလှံမတိုးပေါက်အောင် လေ့ကျင့်ထားခဲ့တာ ကြာပြီ ဖြစ်၍ သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်ဖို့မှာ ခက်ပေသည်။ မည်သို့ပင်ဖြစ်စေ ဟန်လိက ထိုသူ၏ ဦးခေါင်းကို အမှန်တကယ် ဖြတ်လာနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။
အခုအခါကျမျှ အမျိုးသမီးယန်၏ စကားကြောင့် ဟန်လိသည် ထိုချူးယောင်က သူ့ ဓားအဆောင်ကို လက်နက်တစ်ခုအဖြစ် မှတ်ယူကာ မရှောင်ခဲ့ဘဲ အေးဆေးသက်သာ နေခဲ့သည့် အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။
အမျိုးသမီးယန်က ထိုဦးခေါင်းပြတ်မှာ ချူးယောင်၏ ဦးခေါင်းမှန်း အတည်ပြုပြီးနောက် သူမက ဟန်လိအတွက် အဖိုးတန်ယန်ကျောက်စိမ်းပြားကို ယူလာပေးခဲ့သည်။ ဟန်လိက ထိုကျောက်စိမ်းပြားကို လက်ခံရပြီးနောက် အမျိုးသမီးယန်က သူ့ကို မော့အိမ်တော်တွင်နေကာ ညစာ စားသွားဖို့ ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ဟန်လိသည် မော့အိမ်တော်မှ သည်လူများနှင့် ရောရောနှောနှောနေဖို့ စိတ်မပါပေ။ သို့ဖြစ်၍ သူသည် ကျားယွမ်မြို့ကနေ ချက်ခြင်း ပြန်ထွက်လာခဲ့ကာ ထိုက်နန်တောင်တန်းဆီ ခရီးအပြင်း နှင်လာခဲ့ပေသည်။
လမ်းတလျှောက်၌ ဟန်လိသည် ထိုက်နန်တောင်ကြား၌ သူက ကျင့်ကြံသူများနှင့် အပေါင်းအသင်း ဖြစ်အောင် မည်သို့ လုပ်ရမည်နည်းဟု စဉ်းစားနေရင်း သူ မိထားသော အဆိပ်ကို ကုသလာခဲ့သည်။
ဟန်လိက တခြားကျင့်ကြံသူများက ကောင်းလား၊ဆိုးလားကို ခုထိ သေချာ မသိသေး၍ သူက သူတို့၏ တံခါးကို ရဲရဲဝံ့ဝံ့ သွားခေါက်ဖို့ မစီစဉ်ထားခဲ့ပေ။ ကျင့်ကြံသူများသည် မကောင်းသူများ၊ နတ်ဆိုးဆန်သူများ ဖြစ်နေခဲ့ပါက သူ့အနေဖြင့် သူ့ကိုယ်သူ ထိုသူတို့အတွက် အသလွတ်သား၍ အသေမခံချင်ပေ။
ယင်းအတွက်ကြောင့် ဟန်လိက ထိုက်နန်တောင်တန်းထံ ရောက်လာသည့်အခါ သူက ထိုက်နန်တောင်ကြား အကြောင်း မေးမြန်းစုံစမ်းဖို့ အနီးအနား ရွာများထံ သွား၏။ သူက ထိုရွာသားများ ပြောဆိုကြသော ဖြစ်ရပ်ဆန်းများ၊ အံ့ဩဘနန်းဖြစ်ဖွယ် ကိစ္စအချို့တို့အကြောင်း နားထောင်ခဲ့ရသည်။
ရွာသားများ၏ အပြောအရ ထိုက်နန်တောင်၏ မြောက်ဘက်ခြမ်းတွင် တနှစ်ပတ်လုံး မြူများ ထူထဲစွာ ဖုံးလွှမ်းနေသော အလွန်ဆန်းကြယ်သည့် တောင်စောင်းတစ်ခု ရှိသည်ဟူ၏။ ယင်းတောင်စောင်းထဲ ဝင်ရောက်သွားသော ခရီးသွားများသည် သူတို့ရှေ့ရှိ သူတို့၏ လက်ချောင်းများကိုပင် မြင်နိုင်စွမ်း မရှိဟု ဆိုသည်။
ထိုက်နန်တောင်တန်း၌ ယင်းသို့ မြူများ ထူထဲစွာ ရှိနေသော တောင်စောင်းတစ်ခု ရှိခြင်းမှာ ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း ယင်းမြူများက တနှစ်ပတ်လုံး ရှိနေသည့်အတွက် တမျိုးတော့ ဖြစ်နေပေသည်။
သို့ဖြစ်၍ သတ္တိကောင်းသော ရွာသားအချို့က ထိုမြူများဆိုင်းနေသော တောင်စောင်းထဲ အကြိမ်အနည်းငယ် ဝင်သွားခဲ့ဖူးသည်။ သို့သော် အံ့အားသင့်ဖို့ ကောင်းသည်မှာ တစုံတယောက် ဝင်သွားတိုင်း သူတို့သည် လမ်းပျောက်ကုန်ကြခြင်းပင်။ မြူများကြား၌ ဟိုဟိုဒီဒီ ဦးတည်ရာမဲ့ လျှောက်သွားနေပြီးနောက် သူတို့ စဝင်ခဲ့သော နေရာသို့ ပြန်ရောက်နေတတ်သည်။ ထိုအခါ လူအများသည် အံ့အားတသင့် ဖြစ်ကုန်ကြ၏။
ထိုတောင်စောင်းက တမူထူးခြားနေသဖြင့် လူအများက စပ်စုလိုစိတ်ဖြင့် ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ကာ သည်တောင်ကြား၏ ပဟေဠိကို ရှာဖွေချင်ကြသည်။
သို့သော် ထိုရွာသားများသည် မြူများ သိပ်သည်းစွာ ရှိနေသော တောင်ကြား၏ ဒေါသကို ရန်စမိပုံပေါ်ကာ ဝင်ရောက်သွားသော ရွာသားများသည် အရင်လို မြူထဲကနေ ချက်ခြင်း မထွက်နိုင်ကြတော့ဘဲ နှစ်ရက်၊သုံးရက်လောက် ပိတ်မိနေခဲ့သည်။ သို့ဖြစ်၍ သူတို့သည် ဆာလောင်ကာ အင်အားချိနဲ့ ကုန်၏။ ထိုသို့ တွေ့ကြုံခံစားရပြီးမှ သူတို့သည် မြူထဲကနေ ပြန်ထွက်လာနိုင်စွမ်း ရှိကုန်သည်။
ထို့ကြောင့် မည်သူကမျှ သည်ထူးဆန်းသော တောင်စောင်းထဲ ထပ်မံ မသွားဝံ့ကြတော့ပေ။ ရွာသားများက တဖြည်းဖြည်း သည်နေရာနှင့် အသားကျလာခဲ့ကာ ရိုးသွားတော့သည်။
ဟန်လိက ထိုအကြောင်းအရာများကို ကြားသည့်အခါ အပျော်လွန်သွား၏။
သူသည် ထိုထူးခြားသော တောင်စောင်းမှာ သူ ရှာနေသော နေရာ ဖြစ်ဖို့များတာကို သိလိုက်သည်။ ထိုနေရာမှာ ထိုက်နန်တောင်ကြား မဟုတ်ခဲ့လျှင်ပင် ကျင့်ကြံသူအချို့ ရှိနေမှာ သေချာသလောက် ရှိပေ၏။
ဟန်လိအတွက် အပျော်ဆုံး ဖြစ်သွားရသည့် အကြောင်းရင်းမှာ ရွာသားများ၏ ပြောပုံဆိုပုံအရ သည်တောင်စောင်း၏ အရှင်သခင် ကျင့်ကြံသူသည် ရက်စက်ဆိုးဝါးသူဟု သတ်မှတ်၍ မရသောကြောင့်ပင်။ ထိုသူသာ ရက်စက်သူ ဖြစ်ပါက သူနှင့်တွေ့သော ရွာသားများအားလုံးသည် ချက်ခြင်း အသတ်ခံခဲ့ရမည် မဟုတ်ပါလား။
ထိုသို့ဖြစ်သော်လည်း ဟန်လိသည် အစီအစဉ် မရှိဘဲ ယင်းနေရာသို့ မသွားသေးပေ။ ထိုအစား သူက တောအုပ်ထဲ၌သာ နေနေခဲ့သည်။ သူက သူ့ခန္ဓာကိုယ်ပေါ်၌ လက်နက်များကို ပြည့်ပြည့်ဝဝ ဖုံးကွယ်ပြီး၊ သူ၏ အကောင်းဆုံး အခြေအနေရှိပြီးမှ ယင်းတောင်စောင်းထံ သွားမည်ဟု စီစဉ်ထားသည်။ ထိုသို့ ပြင်ဆင်ထား၍ တခုခု မှားယွင်းခဲ့လျှင်ပင် သူသည် ထွက်ပြေးနိုင်မှာ သေချာသလောက် ရှိလိမ့်မည်။
ဟန်လိသည် ထိုသို့ စဉ်းစားပြီးနောက် သူက ရွာထဲရှိ အိမ်တအိမ်တွင် ခဏ တည်းခိုကာ အစားအသောက်တချို့ စားပြီး သည်တည ကုန်ဆုံးရန် စီစဉ်သည်။ နောက်နေ့ မနက်မှ သူသည် ထိုထူးခြားသော တောင်စောင်းထံ သွားရောက်မည်။
သို့ဖြစ်၍ ဟန်လိက တောအုပ်ထဲကနေ ထွက်၍ အနီးအနားရှိ ရွာငယ်တစ်ခုထံ လျှောက်လာသည်။
သူက ထိုရွာလေးထဲ ဝင်မည့်ဟန် ပြင်ချိန်၌ အသက်ဆယ့်ငါး၊ဆယ့်ခြောက်လောက်သာ ရှိအုံးမည့် လူငယ်လေးတစ်ယောက်ကို လှမ်းမြင်သည်။ ထိုလူငယ်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ရွာဝင်ပေါက်တွင် ရပ်နေပြီး သူ့ဘေးပတ်လည်တွင် ရွာသားများ ဝိုင်းနေကာ တစုံတစ်ခုအကြောင်း ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေကြသည်။
ဟန်လိက အခုအချိန် သည်ရွာလေးမှာ အပြင်လူတစ်ယောက်ကို တွေ့မြင်ရသည့်အပေါ် အနည်းငယ် အံ့အားသင့်မိသွားသည်။ သူက သာမန်လူ မဖြစ်ဖို့ များသည်။ ဟန်လိက ထိုလူငယ်ကို ကောင်းကင်မျက်လုံး ပညာရပ်သုံးကာ တချက် လှမ်းကြည့်လိုက်သည်။
ထိုအခါ ဟန်လိသည် ပျော်သွားမိ၏။ ထိုအဖြူရောင်ဝတ်စုံဖြင့် လူငယ်လေး၌ သူ့ထက် အနည်းငယ် လျော့ပါးသော စိတ်ဝိညာဉ်အလင်းတန်းတစ်ခု ခြုံလွှမ်းနေသည်ကို သူ မြင်လိုက်ရသည် မဟုတ်လား။ ယင်းလူငယ်မှာလည်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေသည်။
အကွာအဝေးတစ်ခုမှ ထိုလူငယ်လည်း တစုံတစ်ယောက်က သူ့ကို ကြည့်နေသည်ဟု ခံစားမိကာ ဟန်လိဘက်သို့ ခေါင်းလှည့်လာသည်။ သူက ဟန်လိကို မြင်သည့်အခါ သူ့မျက်နှာမှာ ဝင်းပသွားသည်။ သူလည်း ပျော်ရွှင်သွားပုံရပြီး ချက်ခြင်း ပြေးလာသည်။
“ဒီအစ်ကိုက ထိုက်နန်တောင်ကြားကို သွားမလို့လား…။ အစ်ကိုတော်…ကျုပ်က နွေခြောက်ကမ်းပါးတောင်ရဲ့ ဝမ်ဂိုဏ်းက ဝမ်ရှောင်ရှန်းပါ။ ကျုပ်တို့ အပြန်အလှန် လေးစားသမှု ထားကြမလား…”
ထိုလူငယ်သည် အပြေးလာပြီး အသက်ပင် မရှုဘဲ ဟန်လိကို ထိုစကားများ အလျင်စလို ပြောလိုက်သည်။
ဟန်လိက ထိုလူငယ်၏ နူးညံ့သော အသားအရေ၊ ဆွေကြီးမျိုးကြီး အသွင်ဟန်ပန်တို့ကို တချက် ကြည့်ရုံနှင့် မြင်၏။ ထိုလူငယ်မှာ မိသားစုကြီးတစ်ခု၌ မင်းသားတစ်ပါးလို နေထိုင်ခဲ့သည့် သခင်လေးတစ်ယောက် ဖြစ်ပုံရသည်။
“ရတာပေါ့။ ဘာလို့ မရရမှာလဲ။ ဒါပေမဲ့ ညီလေးက ထိုက်နန်တောင်ကြား ဘယ်မှာ ရှိလဲ သိလို့လား…” ဟန်လိက ယင်းလူငယ်၏ တောင်းဆိုမှုကို ကြားရသည့်နောက် သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်ပေသည်။
“ဟားဟား…ကျုပ်ရဲ့ ဂိုဏ်းဝင်တွေကတော့ ထိုက်နန်တောင်ကြားဟာ ထိုက်နန်တောင်ရဲ့ မြောက်ဘက်မှာမှာ ရှိတယ်လို့ ပြောဆိုတာ ကြားခဲ့ဖူးတယ်။ အဲ့တောင်ကြား ဝင်ပေါက်ကို တနှစ်ပတ်လုံး မြူတွေ ဖုံးနေတာတဲ့။ ဒါပေမဲ့ အသေးစိတ်တော့ ကျူပ်လည်း မသိဘူး။ ကျုပ် ရွာသားအချို့ကိုလည်း ထိုက်နန်တောင်ကြား ဘယ်မှာ ရှိလဲ မေးခဲ့သေးတယ်။ သူတို့လည်း မသိကြဘူး။ ဒါပေမဲ့ ဒီကအစ်ကိုကြီးကတော့ အဲ့တောင်ကြားရဲ့ တည်နေရာကို သိတယ်မလား…”
အရှက်ရဟန်ဖြင့် လူငယ်က ခေါင်းကုတ်ကာ ဟန်လိကို မျှော်လင့်ချက်ပါသော အကြည့်ဖြင့် လှမ်းကြည့်သည်။
“ညီလေး…ဒါက မင်းအနေနဲ့ ပထမဆုံး ခရီးရှည် ထွက်လာခဲ့တာမလား…”
ဟန်လိသည် တဘက်လူ၏ စကားများကို ကြားသည့်အခါ သူ့စိတ်ထဲရှိ အပျော်ကို ဖိနှိပ်ကာ ပြုံး၍ မေးလိုက်သည်။
“အစ်ကိုကြီး ခန့်မှန်းတာ မှန်ပါတယ်။ ဒါက ကျုပ်အတွက် အိမ်နဲ့ အဝေးကြီး ထွက်လာခဲ့တဲ့ ပထမဆုံး ခရီးရှည်ပါပဲ…” လူငယ်က ခေါင်းညိတ်ကာ ပြန်ပြောသည်။
“ကဲ…ဒါဆိုလည်း ငါ့နောက်သာ လိုက်ခဲ့တော့။ ငါ မင်းကို တူတူ ခေါ်သွားပေးမယ်…” ယခုအခါ၌ ဟန်လိသည် လူငယ်၏ စကားများကို ကြားရပြီးနောက် သည်ထူးခြားသော တောင်စောင်းမှာ သူ ရှာဖို့ ကြိုးစားနေသော ထိုက်နန်တောင်ကြား ဖြစ်တာ သေချာသွားမှန်း သိလိုက်ပေပြီ။
“သိပ်ကောင်းတာပေါ့။ ဒီတခါတော့ ကျုပ် အတွေ့အကြုံ အတော်အတန် ရအောင် သင်ယူနိုင်လိမ့်မယ်…”
ဟန်လိ၏ စကားကို ကြားသည့်အခါ အနှီလူငယ်သည် စိတ်လှုပ်တရှားဖြင့် ထိုသို့ ပြန်ပြောလာသည်။
ဝမ်းသာသွားသော ထိုလူငယ်၏ အမူဟန်ပန်ကို မြင်သည့်အခါ ဟန်လိက ခပ်ရေးရေး ပြုံးမိသည်။ ထိုလူငယ် ပြောဆိုမည့် စကားများကနေ သူသည် ကျင့်ကြံသူများနှင့် ပတ်သတ်ပြီး အနည်းအကျဉ်း ပိုသိရှိလာနိုင်မည် မဟုတ်လား။
“ထိုက်နန်တောင်ကြားကို သွားပြီး ညီလေးအနေနဲ့ ဘယ်လို အတွေ့အကြုံတွေကိုများ သင်ယူချင်လို့လဲ…”
ဟန်လိက ထိုလူငယ်လေးနှင့်အတူ ထူးခြားသောတောင်စောင်းထံ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။ ဒီနေရာဝန်းကျင်ကို သူ့အနေဖြင့် အကြိမ်ကြိမ် ထောက်လှမ်းပြီးပြီး ဖြစ်၍ ဟန်လိသည် ကောင်းကောင်း သိနေပေပြီ။
“ပြောရရင်တော့ အများကြီးပဲ။ ကျုပ်အနေနဲ့ တခြားဂိုဏ်းတွေ၊ ကျောင်းတော်တွေရဲ့ မှော်စွမ်းအားပညာရပ်တွေ၊ လျှို့ဝှက်ပညာရပ်တွေကိုလည်း ကြည့်ချင်တယ်။ ကျုပ် သဘောကျတဲ့ အရာတွေဆိုလည်း အရောင်းအဝယ် လုပ်ချင်တယ်…”
အနှီလူငယ်လေးက စဉ်းစားမနေဘဲ ပြောချလိုက်သည်။
“အို…” ဟန်လိက သဘောတူလိုက်၏။ သို့ပေမည့် သူ့စိတ်ထဲတွင် စဉ်းစားမရ ဖြစ်နေသည်။ သူက လူငယ်လေး၏ စကားသံကို ကြားသည့်အခါ ဒီထိုက်နန်တောင်ကြားမှာ ကျင့်ကြံသူများ စုဝေးရုံသပ်သပ် နေရာမဟုတ်မှန်း ခံစားမိသည်။ တခြား ပိုကြီးမားသော ဖြစ်ရပ်များပါ ရှိလာနိုင်လောက်မည်လော။
ဟန်လိသည် ထိုသို့တွေးကာ ပို၍ စိတ်ပူပန်လာမိသည်။