← Chapters

ရှာဖွေတွေ့ရှိခြင်း

Vol. 7 Ch. Chapter 8

ရှာဖွေတွေ့ရှိခြင်း

Vol. 7 Ch. Chapter 8

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 8 - ​ရှာဖွေတွေ့ရှိခြင်း

ဘာမှသာမဟုတ်တယ်၊ ဧပြီလနောက်ဆုံးပတ် ရောက်သွားပြီ။

မက်ဒါနာရဲ့တစ်နေ့တာကတော့ ကျောင်းမှာစာသင်လိုက် အေမီရဲ့လက်ရာဟင်းတွေစားလိုက်ပဲ။ တစ်ခုထူးခြားလာတာဆိုလို့ သူ့ခြေထောက်ကို ထောက်ပံပေးနိုင်မယ့် နည်းပညာသုံးအရိုးတုတစ်ခုကို ဖန်တီးဖို့ပဲ။ သာမန်အရိုးတုတွေကတော့ စျေးကွက်မှာတောင် ဝယ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ မက်ဒါနာအတွက်လိုတာက အဲဒါမျိုးမဟုတ်ပါဘူး။ ငွေရောင်စစ်သည်ဝတ်စုံထဲကို နောက်တစ်ခါပြန်ဝင်လို့ရအောင် ကူညီပေးနိုင်မယ့် အရာမျိုးကိုပါ။

"ကောင်းပြီ၊ ဒီတစ်ခါတော့ ဝတ်စုံရဲ့အလင်းဒြပ်စင်စနစ်နဲ့ ချိတ်ဆက်လို့ရအောင် ပြင်ဆင်ထားတာဆိုတော့ ရလောက်ပြီ ထင်တာပဲ။"

ကျောင်းသားတွေ ပြန်သွားပြီးနောက် မက်ဒါနာက ဝန်ထမ်းအဆောင်မှာ အေမီနဲ့အတူ အကူအရိုးတုအသစ်ကို စမ်းသပ်ကြည့်နေပါတယ်။ ရုပ်ဖျက်ထားတဲ့ မက်ဒါနာက ရင်ပြင်အလယ်မှာ သေချာရပ်နေတယ်။ အေမီက ဝတ်စုံသေတ္တာကို ယူလာပေးပြီး မက်ဒါနာလက်ထဲကို ထည့်ပေးလိုက်တယ်။ သေတ္တာရဲ့အလေးချိန်ကြောင့် ဟန်ချက်ပျက်သွားတော့မလို ဖြစ်သွားတဲ့အတွက် အေမီက နည်းနည်းကူထိန်းပေးရပေမဲ့ ခနနေတော့ အဆင်ပြေသွားပြီး မက်ဒါနာက ဝတ်စုံကို ဆွဲဖြန့်လိုက်တယ်။

ဝတ်စုံနဲ့ခန္ဓာကိုယ် ပေါင်းစည်းသွားပြီးတဲ့နောက်မှာ တကယ့်မူရင်း ငွေရောင်စစ်သည်ပြန်ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့ သူတို့မှာ အများကြီးစမ်းသပ်ဖို့ ကျန်နေပါသေးတယ်။

"ဟုတ်ပြီ၊ မတ်တပ်ရပ်တာတော့ အဆင်ပြေပြီ။ လမ်းလျှောက်တာကရော။"

အေမီရှေ့မှာပဲ ငွေရောင်စစ်သည်က ပြောလိုက်ပြီး ပထမဆုံးခြေလှမ်းကို စလှမ်းတယ်။ ခြေလှမ်းက စက်ရုပ်ဆန်ဆန် တောင့်တောင့်ကြီးဖြစ်နေပေမဲ့ သေချာတော့ လမ်းလျှောက်လို့ရတယ်။ ဝတ်စုံထဲက မက်ဒါနာက နောက်တစ်ဆင့်တက်ဖို့ ဆုံးဖြ​တ်လိုက်ပြီး ပြေးကြည့်တော့ ပိုအဆင်ပြေတယ်။ အရှိန်ကြောင့် လမ်းလျှောက်တာထက်စာရင် ပြေးတာက ပိုပြီး ချောချောမွေ့​မွေ့ရှိပါတယ်။

ကျောင်းဝင်းတစ်ခုလုံးကို ပတ်သွားရင်း ခုန်တာနဲ့ လျှောတိုက်တာတွေပါ စမ်းကြည့်ပြီးတဲ့နောက် မက်ဒါနာက အေမီရှေ့မှာ ပြန်ရပ်လိုက်တယ်။ "လှုပ်ရှားတာကတော့ မဆိုးဘူး။ အဓိကက ဓားကို သေချာကိုင်နိုင်ဖို့ပဲ။"

မက်ဒါနာက လက်ကိုဆန့်ထုတ်ပြီး မြေဆွဲဓားအားကို ဆင့်ခေါ်လိုက်တယ်။ ဓားက လက်ထဲကိုပြေးလာတော့ ဟန်ချက်ပျက််မလိုဖြစ်သွားပေမဲ့ နောက်ဆုံးတော့ ထိန်းနိုင်သွားတယ်။ "ဘယ်လောက်ထိ လုပ်နိုင်မလဲ ကြည့်ရအောင်။"

ဝတ်စုံထဲက မက်ဒါနာက မာထန်တဲ့မျက်နှာထားနဲ့ ပြုံးလိုက်ပြီး မြေဆွဲအားဓားကို စယမ်းကြည့်တယ်။ ပုံမှန်ယမ်းရင် အဆင်ပြေနေတာတွေ့ရလို့ မြေဆွဲအားနှစ်ဆအထိတင်ပြီး ဆက်စမ်းသပ်တယ်။ နောက်တော့ ရှစ်ဆအထိတိုးပြီး စမ်းတယ်။ ရှစ်ဆအထိရောက်တော့ အကူအရိုးတုက မခံနိုင်တော့ဘဲ မက်ဒါနာဒူးထောက်ကျသွားတယ်။

"အကန့်အသတ်တော့ ရှိသေးသားပဲ၊ ငါ့ရဲ့ခေါင်းသုံးလုံးပုံစံကိုရော ခံနိုင်ရည်ရှိမလား စမ်းကြည့်ရမယ်။"

မက်ဒါနာက အေမီကိုလှည့်ကြည့်လိုက်ပြီး ထိုင်ခုံပေါ်မှာ တင်ထားတဲ့ အနက်ရောင်သေတ္တာကို လက်ညိုးထိုးပြလိုက်တယ်။ ကျောင်းမှာ ကလေးတွေရှိနေတဲ့အတွက် ဒီခွေးစက်ရုပ်ကြီးကို မက်ဒါနာလွှတ်မထားတာ ကြာပါပြီ။.အခုက စမ်းသပ်ကြည့်ဖို့ အချိန်ကောင်းပဲမဟုတ်လား။

"ဝုတ်... ဝုတ်..."

အေမီက သေတ္တာခလုတ်မောင်းကို ဆွဲလိုက်တာနဲ့ သေတ္တာက ပြန့်ကားပြီး ကျောက်သားစားပွဲပေါ်မှာ ခွေးနက်ကြီးအဖြစ်ပြောင်းသွားတယ်။ ငွေရောင်စစ်သည်ကိုတွေ့တော့ ခွေးနက်ကြီးက တကယ့်ခွေးတစ်ကောင် သခင်ကိုတွေ့သလိုမျိုး ပြေးဆင်းလာပြီး ဒူးကိုလာခေါင်းနဲ့ဝှေ့တယ်။ မက်ဒါနာက ခွေးကြီးခေါင်းကို ပုတ်ပေးလိုက်ပြီး ပြောတယ်။

"အတော်စိတ်အားထက်သန်နေပါလား၊ လုပ်လိုက်ကြတာပေါ့။"

[Booster Form: Cerberus Armour]

ဝတ်စုံစနစ်မှာ စာလုံးတချို့ပေါ်လာပြီးနောက် ခွေးနက်ကြီးက မက်ဒါနာပေါ်ကို ခုန်တက်လိုက်တယ်။ စက်ပစ္စည်းတွေက အချင်းချင်းပေါင်းစည်းသွားပြီး ခံစစ်နဲ့လက်နက်ခဲယမ်းပစ်ခတ်အားကို အသားပေးတဲ့ ခေါင်းသုံးလုံးခွေးပေါင်းစပ်ပုံစံ ဖြစ်သွားတယ်။

"သေစမ်း..." ငွေရောင်စစ်သည်ရဲ့ခန္ဓာကိုယ်က နောက်တစ်ခါကွေးညွှတ်ကျသွားတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ငွေရောင်စစ်သည်က ကြမ်းပြင်နဲ့ပေါ်မှာပုံကျနေပြီး ပြန်မထနိုင်တော့ဘူး။ ခန္ဓာကိုယ်အကောင်းအတိုင်းရှိတုန်းက ခွေးခေါင်းပုံစံကို တစ်ခါမှမဝတ်ဖူးတဲ့အတွက် ဒီလောက်လေးလိမ့်မယ်လို့ မက်ဒါနာ မျှော်လင့်မထားခဲ့မိဘူး။

"အေမီရေ၊ နင်ဘယ်လိုလုပ်ပြီး ဒီလောက်လေးတဲ့ပုံစံနဲ့ လမ်းဆက်လျှောက်နိုင်သေးတာလဲ။"

အေမီက မက်ဒါနာရဲ့စကားကို နားမလည်တဲ့အတွက်ကြောင့် တစ်ချက်ကြောင်တောင်တောင်နဲ့ ကြည့်လိုက်တယ်။ အေမီက အဓိပ္ပါယ်မရှိတာတစ်ခုခု ပြောတော့မလိုပုံစံနဲ့ ပါးစပ်ဟလိုက်ပေမဲ့ မက်ဒါနာက လက်ကာပြပြီး ဆက်မပြောခိုင်းတော့ဘူး။

"နေတော့၊ နင်က ဇက်သတ္တုအရိုးခန္ဓာကိုယ်နဲ့ပဲ။ ဒီတော့ ဒီအလေးချိန်လောက်က ဘာမှဖြစ်မှာမဟုတ်ဘူး။"

ငွေရောင်စစ်သည်ဝတ်စုံရဲ့Void Stream တွေရဲ့ ထောက်ပံမှုနဲ့တောင်မှ ခွေးခေါင်းပုံစံက တအားလေးနေဆဲပါ။ မက်ဒါနာ့ခြေထောက်ကောင်းနေရင်တောင် ဒီပုံစံကို သုံးနိုင်ဖို့်မသေချာဘူး။ နောက်ဆုံးတော့ မက်ဒါနာစိတ်လျှော့လိုက်ပြီး ပေါင်းစည်းထားတာကို ပယ်ဖျက်လိုက်တယ်။

"ဒီတော့ ငါဝတ်စုံကို ပြန်ဝတ်ရင်တောင် စွမ်းအားပြည့်သုံးနိုင်ဖို့တော့ သိပ်မသေချာဘူးပဲ။ ငါ့ခြေထောက်တွေကို သဘာဝအတိုင်း ပြန်ကောင်းအောင်လုပ်တာကမှ မှန်ကန်တဲ့ ဖြေရှင်းနည်းဖြစ်လိမ့်မယ်ထင်တယ်။"

မက်ဒါနာက ဝတ်စုံနဲ့ခွေးကြီးနှစ်ခုလုံးကို သေတ္တာတွေအဖြစ် ပြန်ပြောင်းလိုက်ပြီး မြေပေါ်ပစ်ချလိုက်တယ်။ နောက်တော့ မတ်တပ်ရပ်နေပေမဲ့ ထုံကျင်ပြီး ဘာခံစားချက်မှမရတဲ့ သူ့ခြေထောက်တွေကို လက်ကလေးနဲ့ ထုကြည့်လိုက်ပြီး သက်ပြင်းချတယ်။

"အေမီ၊ ငါ့ဝှီးချဲပြန်ယူလာပေး။ ဒီနည်းလမ်းက ကောင်းပေမဲ့ ငါ့ခြေထောက်တွေ ပြန်ကောင်းလာမှ လမ်းပြန်လျှောက်တာ ကောင်းလိမ့်မယ်ထင်တယ်။"

အေမီက မက်ဒါနာကို ဦးညွှတ်လိုက်ပြီး ဝှီးချဲကို သွားယူတယ်။ မက်ဒါနာက ဝှီးချဲပေါ် ပြန်ထိုင်ချလိုက်ပြီး ခြေသလုံးနဲ့ပေါင်မှာတပ်ထားတဲ့ သတ္တုအကူအရိုးတွေကို ဖြုတ်ပစ်လိုက်တယ်။

သူအဲဒီလိုလုပ်နေတုန်း မြို့ထဲကို အခြေအနေသွားကြည့်တဲ့ ဖရက်ပြန်ရောက်လာတယ်။ အရင်ကလို အတောင်ပံတွေကိုသုံးပြီး ကျောင်းဝင်းထဲဝင်လာတာမဟုတ်ဘဲ ပုံမှန်နည်းနဲ့ ကျောင်းဝင်တံခါးကိုဖြတ်ပြီး ဝင်လာတာပါ။ သူက အရိုးတုတွေကို ဖြုတ်ပစ်နေတဲ့ မက်ဒါနာကိုမြင်တော့ မျက်လုံးကိုမှေးပြီး မေးလိုက်တယ်။

"မင်းသမီးလေး အကူအရိုးတုစနစ်က မအောင်မြင်ဘူးလား။"

မက်ဒါနာက သက်ပြင်းချပြီး အောင်မြင်တယ်။ "ဟူး... အောင်တော့အောင်မြင်ပေမဲ့ ရလဒ်က စိတ်ပျက်စရာပဲ။ ငါ့ကို ဝတ်စုံပြန်ဝတ်နိုင်အောင် ကူညီပေးပေမဲ့ စွမ်းအားပြည့်တော့ ထုတ်သုံးလို့မရဘူး။ ပြီးတော့ ငါလမ်းပြန်လျှောက်နိုင်ရင်တောင်မှ ငါ့ခြေထောက်တွေက ဘာကိုမှ မခံစားရတဲ့အတွက် အန္တရာယ်ရှိတယ်။ ဆူးတစ်ခုခုကို တက်နင်းထားမိရင်တောင်မှ ငါက နာကျင်မှုကို မခံစားရဘူးလေ။"

ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်လို့ ဖြစ်နေမှန်းမသိတဲ့ ပြဿနာက အာရုံကြောထိခိုက်သွားသူတွေအဖို့ အကြီးမားဆုံးစိန်ခေါ်မှုပါ။ ဖရက်က စိတ်ပျက်နေတဲ့ သူ့ရဲ့မင်းသမီးလေးကို ကြည့်ပြီး သူ့ရင်ဘတ်ကိုပုတ်ပြလိုက်တယ်။

"မင်းသမီးလေး အဲဒီစက်ပစ္စည်းနဲ့ ရဲရဲလမ်းလျှောက်ပါ။ ကျွန်တော်မျိုးက ဖြစ်လာမယ့်အန္တရာယ်တိုင်းကို ကြိုသတိပေးပါ့မယ်။"

မက်ဒါနာက ဖရက်ကို သံသယနဲ့ကြည့်လိုက်တယ်။ ဖရက်က တည်ကြည်တဲ့အကြည့်နဲ့ သူ့ကိုကြည့်နေတဲ့အတွက် တကယ်ပြောနေတာဖြစ်မှန်း မက်ဒါနာသ​ဘောပေါက်သွားတယ်။ တစ်ချိန်တည်းမှာပဲ အကူအရိုးတုနဲ့ လမ်းလျှောက်နေတဲ့သူ့ကို မထိခိုက်အောင် ပတ်ဝန်းကျင်ကို သေချာမှန်ဘီလူးနဲ့ စစ်ဆေးပေးနေတဲ့ ဖရက်ကို မြင်ယောင်လာမိပြီး စိတ်ညစ်သွားတယ်။

"အာ... ဖရက်ရေ၊ အဲဒီလောက်ကြီးတော့ မလိုပါဘူး။ ပထမတော့ ငါလည်း ငါ့ဝတ်စုံမှာလို ဒဏ်ရာရမရ စစ်ဆေးပေးနိုင်မယ့် ဆင်ဆာမျိုးတပ်ဖို့ စဥ်းစားသေးပေမဲ့ သဘာဝအတိုင်း ပြန်ကောင်းအောင်လုပ်တာက ပိုကောင်းမယ်ထင်လို့ပါ။"

အကူအရိုးတုရဲ့အားနည်းချက်ကို ဖြည့်စွက်ဖို့ မက်ဒါနာပထမဆုံးတွေးမိတဲ့အကြံက နာနိုဆင်ဆာခြေအိတ်ရှည်ပါ။ စတော့ကင်ခြေအိတ်ကိုမှ နာနိုဆင်ဆာတွေနဲ့ခြေထောက်ကြွက်သားတွေကို ထောက်လှမ်းပေးနိုင်မယ့် အရာမျိုးပါ။ ဒါပေမဲ့ လုပ်ရမှာလက်ဝင်ပြီး တစ်ချိန်လုံး ခြေတံရှည်မမကြီးလို ဝတ်မထားချင်တဲ့အတွက် လက်လျှော့လိုက်တာ။

"ဒါဖြင့်လည်း သဘာဝနည်းနဲ့ ပြန်ကောင်းနိုင်မယ့် စဥ်းစားကြတာပေါ့။" ဖရက်က ပြောလိုက်တယ်။ မက်ဒါနာကလည်း ခွန်းတုံ့ပြန်တယ်။

"အင်း၊ ငါသာ ဦးနောက်နဲ့အာရုံကြောပညာတတ်ရင်တော့ လုပ်နိုင်မယ်တာပဲ။"

"သခင်မလေး သင်စရာမလိုပါဘူး၊ ကျွန်တော်တက္ကသိုလ်က ပါမောက္ခတစ်ယောက်ယောက်ကို သွားဖမ်းလာခဲ့မယ်လေ။"

"ဟဲ့၊ ဖရက်။" တကယ်ကြီး အတောင်ပံဖြန့်ပြီး ပါမောက္ခတစ်ယောက်ကို ပြန်ပေးဆွဲဖို့ကြံနေတဲ့ ဖရက်ကြောင့် မက်ဒါနာအကြီးအကျယ် တုန်လှုပ်ချောက်ချားသွားတယ်။ ဒီကောင်က သူ့အတွက်သာဆိုရင် တစ်လောကလုံးကို ဖျက်ဆီးပေးမလားမသိဘူး။

"ငါ့ဘာသာကြည့်ရှင်းလိုက်မယ် ဟုတ်ပြီလား။ ငါက ဉာဏ်ကြီးရှင်လေ။ ဆေးပညာ သင်ပြီးတော့ပဲ ဖြစ်ဖြစ်ပေါ့။"

တကယ်တော့ ဒီကမ္ဘာရဲ့ဆေးပညာအဆင့်အတန်းက သူ့လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်လောက်တဲ့အထိ မမြင့်မားဘူး။ ဆေးပညာမြူတန့်တွေနဲ့ တခြားဆေးပညာရှင်တွေ သူ့ကိုအကူအညီပေးနိုင်တယ်ဆိုရင် ဆုဗာနာမှာကတည်းက သူလမ်းပြန်လျှောက်နိုင်နေလောက်ပြီ။ သူ့ပြဿနာက ပိုပြီးရှုပ်ထွေးတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းရမှာပါ။ ပြောရရင် ကိုင်းတိုရဲ့သွေးတောင်မှ သူ့အတွက်ဖြေရှင်းနည်း ဖြစ်မနေနိုင်ဘူး။ သူ့ကိုယ်တိုင်တောင် ဆရာဝန်တွေပြောသလို အာရုံကြောတွေ ထိခိုက်ပျက်စီးသွားရုံသက်သက်ပဲ ဟုတ်မဟုတ်တောင် သံသယဖြစ်မိတယ်။

ဒါပေမဲ့ ဖရက်ကိုပြောလိုက်တာကတော့ အမှန်ပဲ။ သူဦးနောက်နဲ့အာရုံကြောပညာကို လေ့လာဖို့ဆုံးဖြတ်ထားတယ်။ သူ့မြူတန့်စွမ်းအားက နည်းပညာပစ္စည်းတွေကိုထိန်းဖို့သက်သက်ပဲဆိုပေမဲ့ သူ့ရဲ့နဂိုဗီဇကကိုက အရာရာကို သင်ယူတတ်မြောက်လွယ်ပါတယ်။ စက်ပစ္စည်းတစ်ခု ထွင်တာထက် ပိုပြီးအချိန်ယူရနိုင်ပေမဲ့ပေါ့။ ဒါမှ သဲလွန်စတစ်ခုခုရမှာလေ။

"ဒါနဲ့၊ နင်မြို့ထဲကို တစ်ချက်သွားကြည့်ဦးမယ်လို့ ပြောတယ်မဟုတ်လား။ တစ်ခုခုထူးခြားသေးလား။"

စကားစပြတ်သွားတုန်း မက်ဒါနာက တခြားကိစ္စတစ်ခုကို သတိရလာပြီး ဖရက်ကို မေးလိုက်တယ်။ ဖရက်က ဦးညွှတ်လိုက်ပြီး သူသိခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောပါတယ်။

"ဟုတ်ကဲ့၊ ကျွန်တော်ဒီနေ့ နယူးယောက်မြူတန့်ဌာနစိတ်ရုံးခန်းကို သွားပြီးအကဲခတ်ခဲ့ပါတယ်။ သူတို့တွေက ငွေရောင်စစ်သည်ကို ခြေရာခံဖို့ကြိုးစားနေကြတယ်။ ကျွန်တော်တို့ကျောင်းနားမှာလည်း ကင်းပုန်းတွေ တွေ့ရပါတယ်။"

မက်ဒါနာက မျက်လုံးကိုမှိတ်ပြီး ဝှီးချဲနောက်မှီကို မှီလိုက်တယ်။ နောက်တော့ အသက်ကို ပြင်းပြင်းရှုရှိုက်ရင်း မျက်လုံးကို ပြန်ဖွင့်လိုက်ပါတယ်။

"အေမီကို မြို့ပြင်ထွက်ခြေရာဖျောက်ပြီးမှ ကျောင်းကို သာမန်နည်းလမ်းနဲ့ပြန်လာဖို့ ပြောထားတာ မှန်သွားတာပဲ။" ပုံမှန်နည်းလမ်းနဲ့ဆိုရင် မြူတန့်ဌာနစိတ်က သူတို့သရုပ်မှန်ကို သိသွားတာ ကြာလောက်ပါပြီ။

အကြံကောင်းပေလို့ပေါ့။

....

"အစ်မမယ်လီ၊ ကျွန်တော်တို့ မနက်ပိုင်းနဲ့နေ့လယ်ပိုင်းကလည်း မြေအောက်ထဲ ဝင်ရှာပြီးပြီမဟုတ်လား။ ဘာလို့ ညဖက်ကြီး ထပ်ရှာဦးမှာလဲ။ ပြီးတော့ ဆာSilver Knightလည်း ကျွန်တော်တို့နဲ့ အတူရှိမနေဘူးလေ။"

ဖားလေးက လက်ထဲမှာ မီးအိမ်ကိုင်ထားရင်း ပြောလိုက်တယ်။ မယ်လီကတော့ မြို့ပြင်ဘက်နည်းနည်းရောက်တဲ့ မိလ္လာမြောင်းဖုံးကို တစ်ယောက်တည်း ဖွင့်ဖို့ကြိုးစားနေပြီး နှစ်ခါလောက် ကြိုးစားလိုက်ရုံနဲ့တင် ပွင့်သွားပါတယ်။

"အခုအစ်မတို့ ပြဿနာရင်းမြစ်ကို ရှာနေတာ နှစ်ပတ်ကျော်လို့ သုံးပတ်တောင်ပြည့်တော့မယ်မဟုတ်လား။ ဆာSilver Knightပြောသလိုပဲ ပိုးကောင်တွေက အစ်မတို့မသိတာ တစ်ခုခုကြံရင်ကြံနေမှာ ဒီတော့ ပိုကြိုးစားသင့်တယ် ထင်လို့ပါ။"

မယ်လီက ဖားလေးကို သန်မာစွာ ပြုံးပြလိုက်တယ်။

ဖားလေးကတော့ ဘာပြောရမှန်းကိုမသိဘူး။ အဲဒီပစား မယ်လီရဲ့ရင်ဘတ်က ပတ်တီးတွေကို ကြည့်လိုက်တယ်။ ပက်တီးက အသစ်တွေဆိုပေမဲ့ အခုသွေးတွေနဲ့ ပြန်နီရဲနေပြီ။

"ဒါပေမဲ့ အစ်မဒဏ်ရာက ပြန်မကောင်းသေးဘူးမဟုတ်လား။ ပြီးတော့ ပိုးကောင်တွေက အုပ်စုဖွဲ့နေတာနော်၊ ကျွန်တော်တို့အင်အားလောက်နဲ့ အရဲမကိုးသင့်ဘူး ထင်တာပဲ။"

မယ်လီကတော့ သူနဲ့အတူပါလာတဲ့ ဖားလေးကို ဂရုစိုက်မနေတော့ဘဲ မိလ္လာမြောင်းပေါက်လှေကားကနေတစ်ဆင့် အောက်ကိုဆင်းသွားတဲ့အတွက် ဖားလေးလည်း လိုက်ဆင်းရတယ်။ သူတို့နှစ်ယောက် အောက်ကိုရောက်တော့ ဖားလေးက မြေပုံထုတ်ကြည့်တယ်။

"အစ်မကြီး ကျွန်တော်တို့ဘယ်ဖက်သွားမှာလဲ။ ဒါက မြို့စွန်ဆိုတော့ မြို့ထဲဘက်ကို သွားမှာလား။"

ဒါပေမဲ့ မယ်လီက ခေါင်းခါပြလိုက်တယ်။ "ငါတို့မနက်ပိုင်းက ဒီအနားဝန်းကျင်က မြို့ထဲပိုက်လိုင်းတွေကို စစ်ပြီးသွားပြီ။ ဒီတော့ ငါက မြို့ပြင်မွေးမြူရေးခြံတွေနဲ့ ဆက်ထားတဲ့အပိုင်းကို စစ်မလားလို့ စဥ်းစားနေတာ။"

"အင်း၊ မြို့ထဲနဲ့မဆိုင်ပေမဲ့ စစ်ကြည့်တာကောင်းသားပဲ။" ဖားလေးက မြေပုံကို ဓာတ်မီးနဲ့ထိုးကြည့်နေရင်း ပြောလိုက်တယ်။ ဒါပေမဲ့ ခနနေတော့ မယ်လီက ဖားလေးလက်ထဲက ဓာတ်မီးကို ဆုပ်ကိုင်လိုက်တယ်။ သူတို့နှစ်ယောက် လက်ချင်းထိနေပြီဖြစ်တာကြောင့် အတွေ့အကြုံမရှိသေးတဲ့ ဖားလေးနှလုံးခုန်ပြီး သတိမေ့မလိုပါဖြစ်သွားတယ်။

"အစ်... အစ်မကြီး၊ နီးလွန်းနေပြီဗျ။'

"စိတ်မရှိပါနဲ့။" မယ်လီက ဓာတ်မီးကို အရယူပြီး နောက်ဆုတ်သွားတယ်။ ဖားလေးက မယ်လီရဲ့ညာဖက်လက်မကို မီးရောင်အောက်မှာ ခနလေးမြင်လိုက်ရပြီး မည်းနက်နေတာ တွေ့လိုက်ရတယ်။

"အစ်မကြီး၊ အစ်မလက်မက ဘာဖြစ်ထားတာလဲ။" မယ်လီကတော့ ဖားလေးမေးခွန်းကို အရင်မဖြေသေးဘဲ ဓာတ်မီးကို ပိတ်လိုက်တယ်။ "မနက်က တံခါးနဲ့ဆောင့်မိထားလို့၊ လက်သည်းခွံပဲ့ထားတာ။"

"ဪ...." ဓာတ်မီးယူရတဲ့အကြောင်းကို ဖားလေးမေးခါနီးတော့ မယ်လီက ပခုံးတွန့်ပြပြီး ဓာတ်မီးကို ပြန်ပေးလိုက်တယ်။

"အမှောင်ထုထဲမှာ မီးလင်းနေရင် ငါတို့က ထင်ရှားတဲ့ ပစ်မှတ်တွေဖြစ်နေလိမ့်မယ်။ မိလ္လာမြောင်းတွေကို စူးစမ်းတုန်း ဓာတ်မီးသုံးတာ ကောင်းတဲ့အကြံလို့ ငါမထင်ဘူး။" မယ်လီက ယုတ္တိရှိရှိရှင်းပြတော့ ဖားလေးလည်း ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်ကို သေချာမမြင်ရ​သေးဘူး။

"မျက်လုံးကို လက်ဝါးနဲ့ခနအုပ်ထားပြီး ပြန်ဖွင့်လိုက်။ စက္ကန့်နည်းနည်းလောက်နေရင် နင်အမှောင်နဲ့ အသားကျသွားလိမ့်မယ်။" ဖားလေးလည်း ပြောတဲ့အတိုင်းလုပ်တော့ မိလ္လာမြောင်းအတွင်းပိုင်းကို သေချာမြင်ရပြီ။

"ဆက်သွားကြတာပေါ့။" သူတို့တစ်ယောက်ကိုယ်တစ်​ယောက် ခေါင်းညိတ်ပြပြီး ခြေသံလုံလုံနဲ့ ဆက်သွားကြတယ်။ နှစ်ယောက်စကားစပြတ်သွားပြီး တိတ်ဆိတ်လွန်းနေတာကြောင့် ဖားလေးမနေတတ်ဖြစ်လာတယ်။

  "ဒါနဲ့ အစ်မကြီးက ဆာSilverKnightက ဆုဗာနာမင်းသမီးလေးဆိုတာသိတော့ သိပ်အံ့ဩမသွားသလိုပဲနော်။" အဲဒီနေ့က မက်ဒါနာကိုယ်တိုင် သူတို့ကိုလာတွေ့တဲ့အတွက် ဖားလေးအံ့ဩလို့မဆုံးဘူး။ ဆုဗာနာမင်းသမီးလေးကို အရင်ကတည်းက ကံကောင်းပြီး သိခွင့်ရခဲ့ပေမဲ့ မယ်လီကတော့ သိပ်ပြီးထူးခြားအံ့ဩနေတဲ့ပုံကိုမပေါ်တာ။

"အင်း၊ တကယ်တော့ ငါက သူ့ကိုငယ်ငယ်လေးကတည်းက သိတာလို့ပြောရမလား။ ငါတို့က အထက်တန်းကျောင်း အတူတက်ကြတာလေ။ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားတွေကို ငါကူညီတိုင်း သူက ငါ့ကိုအားပေးနေကျ။"

မယ်လီက ဖားလေးကို သူတို့ငယ်ငယ်တုန်းက အကြောင်းတွေ ပြောပြဖြစ်တယ်။ ဖားလေးကလည်း စိတ်ဝင်တစားနားထောင်နေတယ်။ တစ်နေရာရောက်တော့ မယ်လီက ခါးထောက်လိုက်ပြီး သွားနေတာကို ရပ်လိုက်တယ်။

"ဘာပဲပြောပြော သူစွမ်းအားတစ်ခုနိုးထလာတာ သိပ်ကောင်းတယ်။ အရင်က သူ့က ဟီးရိုးဖြစ်ချင်ပေမဲ့ ဘာစွမ်းအားမှမရှိဘူးလေ။ ဒါပေမဲ့ ဘာစွမ်းအားမှ မရှိခဲ့ရင်တောင် သူသေချာပေါက် ဟီးရိုးဖြစ်လာဦးမှာလို့ ငါပြောရဲတယ်။"

မယ်လီက သူ့စကားကို အဆုံးသတ်လိုက်တယ်။ နောက်တော့ သူတို့နှစ်ယောက် မိလ္လာမြောင်းထဲမှာ ဆက်သွားနေရင်း မြောင်းရေတွေ စီးဆင်းပုံပြောင်းသွားတာကို သတိထားမိလိုက်တယ်။

"ဟမ်... မြောင်းရေတွေ စီးဆင်းတာ မြန်သွားပါလား။ ရှေ့မှာ မြောင်းတွေဆုံတဲ့နေရာလည်း မရှိဘဲနဲ့။" ဖားလေးက အလင်းရောင်မပြန့်အောင် ဓာတ်မီးကို လက်ဖဝါးနဲ့အုပ်ပြီး ရေမျက်နှာပြင်ပေါ်ကို ကပ်ထွန်းရင်း ပြောလိုက်ပါတယ်။

"အင်း၊ ရှေ့မှာ တစ်ခုခုထူးခြားတာ ရှိလိမ့်မယ်ထင်တယ်။" နောက်တော့ ဖားလေးက သူ့ဓာတ်မီးကို ပိတ်လိုက်ပြီး သူတို့နှစ်ယောက် ပိုပြီးသတိရှိရှိနဲ ရှေ့ဆက်သွားကြတယ်။ တစ်နေရာရောက်တော့ မိလ္လာမြောင်းနံရံတစ်ခုက ဖောက်ထွင်းခံထားကလို့ ပြိုကျနေပြီး ဖောက်ထွင်းခံထားရတဲ့နေရာမှာ လူတစ်ယောက်ဝင်စာ ကျယ်ပြန့်တဲ့ မြေအောက်ဥမင်တစ်ခုရှိနေတယ်။ မြေစာတွေတောင် ပြန့်ကျဲနေတဲ့အတွက် တူးထားတာ မကြာသေးပုံပဲ။

"ဘာမှန်းတော့မသိပေမဲ့ ကောင်းတာတစ်ခုခုတော့ မဖြစ်နိုင်ဘူးထင်တယ်။" ဖားလေးနဲ့ မယ်လီတို့က တွင်းဝနှုတ်ခမ်းမှာ ထိုင်ချလိုက်ရင်း ပြောလိုက်ပါတယ်။ ဥမင်လိုဏ်ခေါင်းက တဖြည်းဖြည်းနိမ့်ဆင်းသွားတာဖြစ်ပြီး မြေအောက်ဘယ်လောက်အနက်ထိ ဆက်ပြီးရှိနေမှန်း မသိ​ပါဘူး။ မယ်လီက ဖားလေးရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြပါတယ်။

"အောက်ကို ဆက်ဆင်းကြည့်ကြမလား။" မယ်လီက သိပ်ပြီးတုန်လှုပ်မနေတဲ့ လေသံနဲ့ မေးလိုက်ပေမဲ့ ဖားလေးက ခေါင်းခါပြလိုက်တယ်။

"ကျွန်တော်တို့ ဒီအထိရောက်လာပြီး ထူးခြားတာတစ်ခုခု တွေ့ထားပြီးပြီပဲ။ ပြန်သွားပြီး တခြားသူတွေကို သတိပေးတာ ပိုကောင်းလိမ့်မယ်။ ဥမင်ထဲဝင်ပြီးမှ ပြန်မထွက်လာနိုင်ရင် ကျွန်တော်တို့ကြိုးစားခဲ့တာတွေ အလကားဖြစ်ကုန်လိမ့်မယ်။"

မယ်လီက ဖားလေးပြောတာကို နားထောင်ကြည့်ပြီးတဲ့နောက် ပြုံးလိုက်တယ်။ ဦးနောက်ရှိတဲ့ ဘယ်သူမဆို ဒီအတိုင်းပဲလုပ်မှာပါ။ "ကောင်းပြီလေ၊ ငါတို့အပေါ်ပြန်တက်ကြတာပေါ့။"

ဖားလေးနဲ့မယ်လီတို့က ထိုင်ရာကနေ ထပြန်တယ်။ သူတို့လာရာလမ်းအတိုင်း ပြန်လျှောက်လာကြတယ်။

တစ်နေရာရောက်တော့ ဖားလေးက "အစ်မကြီးရေ တွင်းကြီးကို ကျောခိုင်းပြီး လမ်းလျှောက်ရတာ နောက်ကျောမလုံသလိုပဲဗျ။ နောက်ကနေ ခြေသံတွေ ကပ်ပါလာသလိုမျိုးပဲ။"

မယ်လီက ဖားလေးစကားကြောင့် ရယ်လိုက်ပြီး ဖားလေးရဲ့ကျောကုန်းကို လက်ဝါးနဲ့ရိုက်လိုက်တယ်။ အားနည်းနည်းများသွားလို့ ဖားလေး သူ့ကျောသူ ဆုပ်ကိုင်လိုက်မိပေမဲ့

မယ်လီက ရယ်နေတာကို ရပ်လိုက်ပြီး

"ဘာမှမဖြစ်ပါဘူး၊ ဒီအစ်မကြီးက နောက်ကိုနင့်အစား ကြည့်ပေးထားမှာမလို့လေ။" လို့ပြောလိုက်ရင်း ခေါင်းကိုလှည့်ကြည့်တယ်။ နောက်တော့ ဘာမှမရှိတဲ့ အမှောင်ထုထဲကို မျက်လုံးမှေးကာ တစ်ချက်စိုက်ကြည့်လိုက်ရင်း ဘာမှမဖြစ်သလိုမျိုး ဆက်လျှောက်တယ်။

All Chapters