အတင်းအဓမ္မ
Vol. 63 Ch. 871
သူသည် ထိုအမျိုးသမီး မည်သူမည်ဝါ ဖြစ်နေစေကာမူ သူပြောလိုက်သည့် စကားများကို ပြန်လည်တုံ့ပြန်ခြင်းမရှိပါက သူမ၏ ဝိညာဉ်ကို ရှာဖွေရမည့် နည်းလမ်းတစ်ခုသာ ကျန်တော့ကြောင်း နားလည်ထားသည်။ အကယ်၍ သူမသည် သူ၏မိတ်ဆွေအား သတ်ဖြတ်ခဲ့သည်ဆိုပါက သူသည် သူမအား နှိပ်စက်ပစ်မည် ဖြစ်သည်။
သို့သော် သူ စကားဆုံးသွားပြီး လျှို့ဝှက်အခန်းထဲမှ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ချန်ရွှယ်မေ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ သူမသည် သူ၏ စကားများကို ကြားလိုက်ရပြီးနောက် သံသယစိတ်များအားလုံး ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူမသည် အမူအရာ ချက်ချင်းပြောင်းလဲသွားကာ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ စိတ်ထဲတွင်မူ သူမသည် ရေငုံနှုတ်ပိတ်ထားရန်သာ ဆန္ဒရှိနေသည့်တိုင်အောင် ယခုတွင် ထိုသို့ ဆက်လက်နှုတ်ဆိတ်နေနိုင်စွမ်း မရှိတော့သဖြင့် ကတုန်ကယင်ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်တော့သည်။
" ကျွန်မ ဝမ်ပေါင်လဲ့ကို သိပါတယ် "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွားပြီး ပြုံးကာ မေးလိုက်၏။
" နင်က ဘယ်သူလဲ "
" ကျောက်ယမုန့်ပါ " ချန်ရွှယ်မေ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ခေါင်းငုံ့ကာ တည်ကြည်စွာ ဆက်ပြောလိုက်၏။
" ကျွန်မ လူကြီးမင်း သိချင်တဲ့ အရာအားလုံးကို ပြောပြလို့ရပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ သူ့ရဲ့အသက်ကို ချမ်းသာပေးပါ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်သွားရ၏။ ထို့နောက် သူသည် ရှုံ့မဲ့မဲ့ပြုံးကာ ကျောက်ယမုန့်အား စိုက်ကြည့်၍ သက်ပြင်းချလိုက်တော့သည်။
" ယမုန့်ရယ်။ ငါ ငါ့ရဲ့ သရုပ်မှန်ကို ထုတ်ပြပြီးသွားပြီလေ။ အဲတာကို... နင်က ငါ့ကို မယုံသေးဘူးလား။ ငါက ဝမ်ပေါင်လဲ့ပါဟ " ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို မြှောက်ကာ မှန်တစ်ချပ် ထုတ်ယူလိုက်ပြီး သူ့ကိုယ်သူ ပြန်ကြည့်လိုက်၏။ ထိုအခါ သူသည် အခြားလူတစ်ယောက်ပုံစံ မှား၍ ပြောင်းမိခဲ့ခြင်း မဟုတ်ကြောင်း သေချာသွားသဖြင့် ကြံရာမရ ဖြစ်နေသည့်ပုံ ပေါက်သွားတော့သည်။
" ငါ နင့်ကို အပြစ်မတင်ပါဘူးလေ။ ငါက အရင်တုန်းထက်က ပိုချောလာတာကိုး။ နင် ငါ့ကို မမှတ်မိတာ မထူးဆန်းပါဘူး... "
ကျောက်ယမုန့်မှာမူ သူ၏စကားကို ကြားလိုက်ရပြီးနောက် နှုတ်ဆိတ်နေဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။ သို့သော် သူ၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် ရှုံ့မဲ့မဲ့ ပြုံးကာ ကျောက်ယမုန့်အား အကဲခတ်နေဆဲပင်။
" ယမုန့်။ ငါက တကယ်ပဲ ဝမ်ပေါင်လဲ့ပါ။ နင် ဘယ်လိုလုပ်ပြီးတော့ ဒီပုံစံ ဖြစ်နေရတာလဲ။ နင် နင့်ရဲ့ သရုပ်မှန်ကို ဘယ်လိုဖုံးကွယ်ထားတာလဲဟ။ ငါ နင့်ကို တကယ်မမှတ်မိဘူး ဖြစ်နေတာ "
ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အား ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူမသည် အမည်မသိ ပညာရပ်တစ်ခုကို အသုံးပြုလိုက်သဖြင့် သူမ၏ မျက်နှာမှာ လုံးဝပြောင်းလဲသွားတော့သည်။ တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ အတွေးထဲမှ ရင်သက်ရှုမောဖွယ်ကောင်းသည့် လူရိပ်တစ်ခုမှာ သူ၏ရှေ့၌ ပေါ်ပေါက်လာတော့သည်။
တစ်ချိန်ထဲမှာပင် ကျောက်ယမုန့်သည် အချုပ်အနှောင်အချို့အား ဖယ်ရှားလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် သူ ရင်းရင်းနှီးနှီး သိနေသည့် အငွေ့အသက်များကို အာရုံခံမိလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအမျိုးသမီးသည် ကျောက်ယမုန့်ဖြစ်ကြောင်း သေချာသွားတော့သည်။
ထို့ကြောင့် သူသည် အလွန်အင်မတန်မှအံ့အားသင့်သွားရပြီး ဝမ်းသာအားရပြုံးကာ ကျောက်ယမုန့်အား ပွေ့ဖက်ရန် ရှေ့သို့ လှမ်းသွားလိုက်၏။ သို့သော် ထိုအချိန်တွင် ကျောက်ယမုန့်မှာ ချက်ချင်းဆိုသလိုပင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားပြီး သူမ၏ မျက်ဝန်းများထဲ၌ အေးစက်စက် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူမသည် ဝမ်ပေါင်လဲ့၏ တုံ့ပြန်မှုကို သိချင်သောကြောင့် သူမ၏ ပုံပန်းသွင်ပြင်အစစ်အမှန်အား ထုတ်ပြခဲ့ခြင်းဖြစ်၏။ ယခုတွင် သူမသည် နှလုံးသားထဲ၌ ဇဝေဇဝါဖြစ်နေရသည့်တိုင်အောင် ချက်ချင်းဆိုသလိုပင် သတိပြန်ကပ်သွားသည်။
" လူကြီးမင်းက ကျွန်မကို သုံးနှစ်သားကလေးတစ်ယောက်လို့ ထင်နေတာလား။ ကျွန်မကို လှည့်စားဖို့ အဲလောက် လွယ်နေလိမ့်မယ်လို့ ထင်နေတာလား။ ကျွန်မ ကျွန်မရဲ့ သရုပ်မှန်ကိုထုတ်ပြပြီးပြီ။ ကျွန်မရဲ့ နာမည်အစစ်ကိုလည်း ပြောပြပြီးသွားပြီ။ လူကြီးမင်း နောက်ထပ် ထပ်သိချင်တဲ့ အရာတွေရှိရင် ဝမ်ပေါင်လဲ့ကို ကျွန်မဆီ ခေါ်လာခဲ့ပေးပါ "
" ပြီးတော့ လူကြီးမင်း ကျွန်မရဲ့ ဝိညာဉ်ကို ရှာဖွေရင် ရှာဖွေလို့ရပါတယ်။ ဒါပေမဲ့ ကျွန်မ ကြိုသတိပေးထားမယ်။ လူကြီးမင်းက ကျွန်မရဲ့ ပုံပန်းသွင်ပြင် ပြောင်းလဲတဲ့ နည်းလမ်းကို မသိထားဘူးဆိုတော့ ကျွန်မရဲ့ ဝိညာဉ်ထဲက အချုပ်အနှောင်ကိုလည်း ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး။ အဲတာမလို့ လူကြီးမင်း ကျွန်မရဲ့ ဝိညာဉ်ကို အတင်းအဓမ္မ ရှာဖွေမယ်ဆိုရင် ဘာကိုမှ သိရမှာမဟုတ်ဘူး "
ထိုစကားများကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရ၏။
" ငါက တကယ်ပဲ ဝမ်ပေါင်လဲ့ပါဟ။ ဘုရားရေ။ နင်က ငါ့ကို အခုအထိ မယုံသေးဘူးပဲ။ နင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘယ်လိုအရာတွေနဲ့များ ကြုံခဲ့ရတာလဲ "
ကျောက်ယမုန့်မှာ ထိုစကားကိုကြားလိုက်ရပြီးနောက် တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ သို့သော် တစ်အောင့်ခန့်အကြာတွင် သူမသည် အေးတိအေးစက် ဖြစ်နေဆဲဖြစ်သည့် အမူအရာဖြင့် တည်ကြည်စွာ ပြန်ပြောလိုက်ဆဲပင်။
" လူကြီးမင်း အခုလို ဆက်ပြီးတော့ ဟန်ဆောင်နေစရာမလိုပါဘူး။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းထဲ မဝင်ခင် အသိစိတ်ရှာဖွေခြင်း လုပ်ငန်းစဉ်ကို အရင်ဆုံး ကျော်ဖြတ်ဖို့လိုတယ်။ အဲဒီ လုပ်ငန်းစဉ်က ဂိုဏ်းသားတစ်ယောက် သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို လိမ်လည်ထားခြင်း ရှိမရှိ ဖော်ထုတ်စစ်ဆေးနိုင်စွမ်း ရှိတယ်။ ကျွန်မက အဲဒီ စစ်ဆေးမှုကိုတောင် ကျော်ဖြတ်လာနိုင်ခဲ့တာ "
" အဲတာကြောင့်မလို့ ကျွန်မက ဘာအချက်အလက်ကိုမှ ထုတ်ပြောနေမှာမဟုတ်ဘူး။ ပြီးတော့ လူကြီးမင်းက ကျွန်မကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မှတ်မိသွားခဲ့တဲ့အပြင် ကျွန်မကို ဖမ်းဆီး၊ ဒီနေရာအထိ ခေါ်လာပြီးတော့ အခုလိုမေးခွန်းတွေ မေးနေတာကိုကြည့်ရင်.... အဖြေတစ်ခုပဲ ရှိတယ်။ လူကြီးမင်းက ဝမ်ပေါင်လဲ့ကို တကယ် ဖမ်းမိထားပြီး သူ့ရဲ့ မှတ်ဉာဏ်တွေကို အတင်းအဓမ္မ လုယူခဲ့တာပဲ ဖြစ်ရမယ် "
" ပြီးတော့ လူကြီးမင်း ကျွန်မကို လျှော့တွက်မိခဲ့တာ မှားတာပဲ။ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က လူကြီးမင်းထက် အများကြီးနိမ့်ကျနေတာ မှန်ပေမယ့် ကျွန်မရဲ့ နတ်ဘုရားစိတ်ဆန္ဒက သာမန်လူတွေနဲ့ လုံးဝမတူဘူး။ ကျွန်မမှာ မွေးရာပါ စိတ်ချင်းဆက်သွယ်နိုင်စွမ်းရှိတယ်။ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျွန်မ အာရုံခံနိုင်စွမ်းရှိတဲ့ အငွေ့အသက်တစ်ခုစီ ရှိနေမှာ "
" ဒါပေမဲ့ လူကြီးမင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲဒီ အငွေ့အသက်မှ ရှိမနေဘဲ။ အဲတာမလို့ လူကြီးမင်း ဝမ်ပေါင်လဲ့ကို ဒီနေရာ ခေါ်မလာနိုင်ဘူးဆိုရင်... သူ သေသွားပြီလို့ ကျွန်မက သဘောထားရမှာပဲ " ကျောက်ယမုန့်မှာ ထိုသို့ ဆိုလိုက်ပြီးနောက် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။
ဝမ်ပေါင်လဲ့မှာမူ နောက်ထပ်တစ်ကြိမ်ထပ်၍ မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောလိုက်ရပြန်သည်။ တစ်ချိန်ထဲမှာပင် သူသည် ကျောက်ယမုန့်၏ မွေးရာပါ ပါရမီကြောင့် အံ့အားသင့်သွားရ၏။ သူသည် ယခုတွင် ကိုယ်ပွားတစ်ခုသာ ဖြစ်နေသောကြောင့် သူ၏ကိုယ်ပေါ်၌ မည်သည့် အငွေ့အသက် အမှတ်အသားမှ ရှိမနေသည်မှာ မထူးဆန်းပေ။ သို့သော် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အလွန်အင်မတန်မှ အားကောင်းနေသည်ဖြစ်ပြီး ကျောက်ယမုန့်ထက် အဆပေါင်းများစွာပို၍ သာလွန်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ကျောက်ယမုန့်၏ မွေးရာပါ စွမ်းရည်မှာ ယခုအချိန်အထိ အကျိုးသက်ရောက်မှုရှိနေဆဲဆိုပါက ၎င်းမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းရပေမည်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်၍ သူ ကျောက်ယမုန့်၏ ခန္ဓာကိုယ်ထဲမှ ထုတ်ယူထားခဲ့သည့် နတ်ဘုရားစိတ်ဆန္ဒအား လှမ်းယူကာ သူ၏နဖူးထဲသို့ ထည့်လိုက်၏။ ထိုအခါ ထို နတ်ဘုရားစိတ်ဆန္ဒမှာ ငြင်းဆန်နေခြင်း မရှိဘဲ သူနှင့်အတူ တစ်သားတည်း ပေါင်းစည်းသွားသည်။
" အခုရော ယုံပြီလား " သူသည် ထိုသို့ လုပ်လိုက်ပြီးနောက် ကျောက်ယမုန့်အား စိုက်ကြည့်ကာ မေးလိုက်၏။ သို့သော် သူသည် ကျောက်ယမုန့်တစ်ယောက် ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် ပို၍ပင် ကတုန်ကယင် ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူမသည် အမုန်းမီးတောက်များ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံနှင့်ပင် သူ့အား စိုက်ကြည့်နေပြီဖြစ်သည်။ သူမသည် အထင်လွဲသွားခဲ့ပြီး ဝမ်ပေါင်လဲ့မှာ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း ယူဆလိုက်ခြင်း ဖြစ်ရပေမည်။ သူမ၏ ရှေ့တွင် ရှိနေသည့် လူကြီးမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်နှင့်ခန္ဓာအား ဝါးမျိုခဲ့ပြီး သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းလိုက်ခြင်း ဖြစ်ရမည်ဟု သူမက မှတ်ယူလိုက်ခြင်း ဖြစ်၏။
" စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ ယမုန့် " ဝမ်ပေါင်လဲ့မှာလည်း အံ့ဩတုန်လှုပ်သွားရပြီး မည်သို့မည်ဖုံ ရှင်းပြရမှန်း မသိလောက်အောင် ဖြစ်သွားရ၏။ ကျောက်ယမုန့်၏ အမူအရာများကိုကြည့်လျှင် သူမသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ခက်ခဲကြမ်းတမ်းသည့် ဘဝတစ်ခုကို ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်မည်ဟု သူက တွေးမိလိုက်၏။ သူမသည် အလိမ်ပေါ်သွားပါက သေချာပေါက် အသက်ပျောက်သွားမည် ဖြစ်သလို ပြည်ထောင်စုကြီးကိုပါ အန္တရာယ်ပြုမိသလို ဖြစ်သွားနိုင်ပေသည်။ သို့ဖြစ်ရာ သူမသည် မည်သူ့ကိုမှ မယုံကြည်ဘဲ သံသယစိတ်များ လွန်ကဲနေရသည်မှာ မထူးဆန်းပေ။
သူသည် သူ မည်သူမည်ဝါဖြစ်ကြောင်း ထပ်ခါတလဲလဲ သက်သေပြပြီးခဲ့သည့်တိုင်အောင် သူမသည် သံသဝင်နေဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ပို၍ပင် နာကျင်သွားရတော့သည် သို့သော် သူသည် ကျောက်ယမုန့်မှာ အမှန်တကယ် ရင့်ကျက်လာပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူမ၏ မိခင်မှာ အင်္ဂါဂြိုဟ်ဘုရင်ခံ ဖြစ်ပြီး ဖခင်မှာ ဝိညာဥ်သုတေသနလုပ်ငန်း၏ ခေါင်းဆောင်ဖြစ်ရာ သူမသည် ပြည်ထောင်စုကြီးထဲ၌ ဘေးကင်းလုံခြုံစွာ ဆက်လက်လေ့ကျင့်နေ၍ ရပေသည်။ အမှောင်ပျံလွှားစစ်ဆင်ရေးမှာ သူမအား လိုအပ်နေလျှင်တောင် သူမဘက်က ငြင်းဆန်လိုက်မည်ဆိုပါက မည်သူမှ အပြစ်တင်ကြမည်မဟုတ်ပေ။
သို့သော် နောက်ဆုံးတွင် သူမသည် သူမ၏ စိတ်ဆန္ဒအလျောက် ထိုစစ်ဆေးရေးထဲ၌ ပါဝင်ရန် ဆုံးဖြတ်ခဲ့သည် မဟုတ်ပါလော။ သူမသည် ပြည်ထောင်စုကြီး၏ တိုးတက်မှုအတွက် အစွမ်းကုန် ကြိုးစားပေးလိုခြင်း ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။
ဝမ်ပေါင်လဲ့၏ အမြင်တွင် သူ၏ရှေ့၌ ရှိနေသည့် ကျောက်ယမုန့်မှာ သူ၏ မှတ်ဉာဏ်ထဲမှ ကျောက်ယမုန့်နှင့် လုံးဝ မတူတော့ပေ။ သူမသည် သူမ၏ မိခင်ဖြစ်သူ အင်္ဂါဂြိုဟ်ဘုရင်ခံနှင့်ပင် အတိုင်းအတာတစ်ခုအထိ ဆင်တူနေပြီဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ကျောက်ယမုန့်အား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။ သူသည် ကျောက်ယမုန့်အား သူနှင့်အတူ ခေါ်ဆောင်သွားလိုက်ပြီးနောက် လျှို့ဝှက်အခန်းထဲမှ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး ဂြိုဟ်တုပေါ်မှ ထွက်ခွာလာ၏။ တစ်အောင့်ခန့်အကြာတွင် သူတို့မှာ အာကာသကြီးထဲသို့ ရောက်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်အား စကားပြောခွင့်ပင် မပေးဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ နတ်မျက်လုံး ပင်မဂြိုဟ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလိုက်၏။
အချုပ်အနှောင်များ ရှိမနေသည့်အပြင် သူ၏နောက်မှ လိုက်လာသည့် စစ်တပ်ကျင့်ကြံသူများလည်း ရှိမနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အရှိန်ကုန်မြှင့်တင်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် ခဏအကြာတွင် သူသည် ကျောက်ယမုန့်နှင့်အတူ နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ရောက်ရှိလာတော့သည်။ သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အစစ် လဲလျောင်းနေသည့် ခေါင်းတလားကြီးဆီသို့ သွားလိုက်၏။ သူတို့မှာ မြေကြီးအောက်သို့ တူးဝင်သွားကြပြီး မြေအောက်ဂူကြီးထဲရှိ ခေါင်းတလားကြီး၏ ဘေးသို့ ရောက်ရှိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ ရောက်ရှိလာပြီးနောက် စကားတစ်ခွန်းမှ ပြောနေခြင်းမရှိဘဲ မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားပြီး အမှောင်ပညာရပ်အား အသုံးပြုလိုက်၏။ ထိုအခါ အမှောင်မီးတောက်များ ထွက်ပေါ်လာပြီး သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ထိုခေါင်းတလားကြီးအား အားပါပါ ရိုက်လိုက်တော့သည်။
သူ ထိုသို့ ရိုက်လိုက်သောအခါ ထို ခေါင်းတလားကြီးမှာ တုန်ရီသွားပြီး အကြည်ရောင် ပြောင်းသွား၏။ ထို့ကြောင့် ဘေးနားတွင် ရပ်နေသည့် ကျောက်ယမုန့်မှာ ထိုခေါင်းတလားကြီးထဲ၌ လဲလျောင်းနေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရတော့သည်။
ထိုအခါ သူမသည် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူမ လှမ်းကြည့်လိုက်ချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ ဖြည်းဖြည်းချင်း မျက်လုံးများပွင့်လာပြီး လှမ်းပြောလိုက်သည်။
" ယမုန့်။ တကယ် ငါပါဟ။ ပြဿနာလေးတွေ ရှိနေလို့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က အခု အပြင်ထွက်လို့မရဘူး ဖြစ်နေတာ။ အဲတာမလို့ ကိုယ်ပွားတစ်ခု သုံးထားရတာ။ အဲတာမလို့လည်း နင် နင့်ရဲ့ မွေးရာပါ စွမ်းရည်နဲ့ ငါ့ရဲ့ကိုယ်ပေါ်က အငွေ့အသက်ကို အာရုံမခံနိုင်တာ ဖြစ်မှာ "
" ပေါင်လဲ့ " ကျောက်ယမုန့်မှာ ကတုန်ကယင်နှင့် မျက်လုံးမှိတ်ကာ ထို အငွေ့အသက်အား အာရုံခံကြည့်လိုက်၏။ ထို့နောက် သူမသည် မျက်ရည်များ ကျလာတော့သည်။ ၎င်းတို့မှာ ပျော်ရွှင်မှုများနှင့် စိတ်လှုပ်ရှားမှုများကြောင့် ကျလာသည့် မျက်ရည်များ ဖြစ်ကြ၏။
" ဟဲ့ ဟဲ့။ ငါ ဒီမှာ ရှိပါသေးတယ်ဟ " ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာမူ ခေါင်းတလားကြီးထဲရှိ သူ၏ ခန္ဓာကိုယ်အစစ်အားကြည့်လိုက် သူ၏ ခန္ဓာကိုယ်အစစ်ကိုသာ စိတ်ဝင်စားနေသည့် ကျောက်ယမုန့်အား ကြည့်လိုက်နှင့် စိတ်ဓာတ်ကျသွားရ၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို အနည်းငယ်ခန့် ဇဝေဇဝါဖြစ်သွားရတော့သည်။