← Chapters

မဟာလက်ဝဲတာအိုနယ်မြေ

Vol. 63 Ch. 872

မဟာလက်ဝဲတာအိုနယ်မြေ

Vol. 63 Ch. 872

ကျောက်ယမုန့်မှာမူ အသက်ပြင်းပြင်းရှူကာ ခေါင်းတလားကြီးထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့အား ကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်၏။

" နင် ဘယ်တော့ ပြန်ထွက်လာလို့ရမှာလဲ "

သူမ၏ နောက်တွင်ရှိနေသည့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာမူ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်အစစ်အား စကားပြောခွင့် မပေးဘဲ ချောင်းဟန့်လိုက်၏။ ထို့ကြောင့် ကျောက်ယမုန့်မှာလည်း အခြားရွေးချယ်စရာမရှိတော့သဖြင့် ‌နောက်သို့လှည့်လာရပြီး အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် သူ့အား စိုက်ကြည့်နေလိုက်တော့သည်။ ထိုအခါမှသာ သူသည် ဝမ်းသာအားရနှင့် ဆိုလိုက်၏။

" သိပ်မကြာတော့ပါဘူး။ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ပြောခဲ့တဲ့ စကားတွေရဆိုရင် သိပ်မကြာခင်မှာ ထွက်လာနိုင်တော့မှာပါ "

ကျောက်ယမုန့်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအား စိုက်ကြည့်လိုက်ပြီးနောက် နောက်သို့ ပြန်လှည့်သွားပြီး ခေါင်းတလားကြီးထဲရှိ သူ၏ ခန္ဓာကိုယ်အစစ်အား ပြန်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အစစ်မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်နေပြီး ကျီစယ်လိုသည့် မျက်နှာအမူအရာဖြင့် ပြုံးနေ၏။ ထို့ကြောင့် ကျောက်ယမုန့်မှာ ခေါင်းခဲလာရပြီး ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ဆိုလိုက်တော့သည်။

" နင် တော်တော်တရားလွန်တာပဲ ဝမ်ပေါင်လဲ့။ ဘာလို့ အစကတည်းက နင်က ဝမ်ပေါင်လဲ့ပါလို့ မပြောခဲ့ရတာလဲ "

" ငါ ပြောတယ်လေ " ဝမ်ပေါင်လဲ့မှာမူ ရှုံ့မဲ့မဲ့ပြုံးကာ ပြန်ပြောလိုက်၏။

" နင် မပြောပါဘူး " ကျောက်ယမုန့်မှာလည်း ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

" ငါ တကယ် ပြောခဲ့ပါတယ်ဟ... ငါ့ရဲ့ ရုပ်ကိုတောင် ပြောင်းပြခဲ့သေးတယ်လေ။ နင် မေ့သွားတာလား။ ဘုရား ဘုရား။ နင်... " ဝမ်ပေါင်လဲ့မှာ သူ၏နဖူးအား လက်ဝါးဖြင့်ရိုက်ကာ ကျောက်ယမုန့်အား ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာလုံးကို ပြန်မှတ်မိသွားအောင် ကူညီပေးရန် ကြိုးစားလိုက်၏။

" နင် ငါ့ကို အော်တယ်ပေါ့။ ဝမ်ပေါင်လဲ့ နင် ပြောင်းလဲသွားပြီပဲ " ကျောက်ယမုန့်မှာ သူ၏ စကားကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် ကျောက်ယမုန့်အား စိုက်ကြည့်နေတော့သည်။ သူသည် သူမအား အော်ဟစ်ခဲ့ခြင်းမဟုတ်ကြောင်း ရှင်းပြရန် ပြင်နေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် သူသည် သူ ငယ်ရွယ်စဥ်တုန်းက လေ့လာသိရှိခဲ့သည့် ဗဟုသုတများနှင့် မကြာသေးမီတုန်းက ကျောက်ယမုန့်တစ်ယောက် သံသယဝင်နေခဲ့သည့် အချက်အား ပြန်၍ သတိရသွားတော့သည်။ သူမသည် သူ အန္တရာယ်နှင့် ကြုံနေရသည်ဟု အထင်လွဲသွားခဲ့ပြီးနောက် ကယောင်ချောက်ချားဖြစ်သွားရပြီး သူ့အား ကယ်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ခံစားချက်မျိုးစုံ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ရှေ့သို့ လှမ်းသွားလိုက်ပြီး ကျောက်ယမုန့်အား ပွေ့ဖက်ထားလိုက်တော့သည်။ ထိုအခါ ကျောက်ယမုန့်၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲတုန်ရီသွားရ၏။ ထို့နောက် သူသည် ကျောက်ယမုန့်၏ ဆံပင်များကို တယုတယ ပွတ်သပ်ပေးရင်း လေသံတိုးတိုးဖြင့် မေးလိုက်တော့သည်။

" ယမုန့် ငါ တောင်းပန်ပါတယ်။ နင် ခံစားခဲ့ရတဲ့ ဝေဒနာတွေ အကုန်လုံး ငါ့ကို ပြောပြပါ "

သူ ထိုသို့ မေးလိုက်သောအခါ ကျောက်ယမုန့်၏ ခန္ဓာကိုယ် တစ်ခုခုံးမှာ ပျော့ခွေသွား၏။ သူမသည်လည်း ငြင်းခုံနေခြင်း မရှိတော့ဘဲ မာန်တင်းထားသည့် စိတ်များကို ဖြေလျော့လိုက်ပြီး ဝမ်ပေါင်လဲ့အား တင်းကြပ်စွာ ပွေ့ဖက်ကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်တော့သည်။

" ပေါင်လဲ့၊ ဒါ တကယ် ဖြစ်နေတာမလား... အတုအယောင်တွေ မဟုတ်ဘူးမလား "

" အတုအယောင် မဟုတ်ပါဘူး။ တကယ်ပါ... "

မြေအောက်ဂူကြီး၏ အပြင်ဘက်တွင် နတ်မျက်လုံး ပင်မဂြိုဟ်၏ ညကောင်းကင်ယံကြီး ရှိနေ၏။ ထို ဂူထဲတွင်မူ ကျောက်တုံးများကြားမှ ပျံ့လွင့်လာသည့် မီးပွားလေးများမှာ အမှောင်ထုထဲရှိ ဖယောင်းတိုင်မီးရောင်လေးများကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့မှာ အနွေးဓာတ်များအဖြစ် ပြောင်းလဲသွားပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည့် သူတို့နှစ်ယောက်၏ ပတ်ပတ်လည်၌ ဝန်းရံသွားကြ၏။ နံရံပေါ်တွင် ထင်ဟပ်နေသည့် သူတို့၏ အရိပ်များမှာလည်း တုန်ရီနေခြင်း မရှိတော့ဘဲ သူတို့၏ နှလုံးသားများကဲ့သို့ တည်ငြိမ်သွားပြီဖြစ်သည်။ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေ၏။

ထိုမြင်ကွင်းမှာ အလွန်အင်မတန်မှ ကြည်နူးဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်နေရမည် ဖြစ်ပါသော်လည်း ကျောက်ယမုန့်အား ပွေ့ဖက်ထားသည့် ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား သူ၏ ခန္ဓာကိုယ်အစစ်၏ မျက်ဝန်းများထဲမှတစ်ဆင့် မြင်လိုက်ရသောအခါ နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာရတော့သည်။

" မသိရင် တခြားတစ်ယောက်က ကျောက်ယမုန့်ကို ဖက်ထားတဲ့ အတိုင်းပဲကွာ... မဟုတ်သေးပါဘူး။ ငါ အဲဒီလို တွေးလို့မဖြစ်ဘူး။ ငါ့ရဲ့ ကိုယ်ပွားကလည်း ငါပဲလေ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ချောင်းဟန့်လိုက်ပြီးနောက် သူ၏ ခေါင်းထဲ၌ ပေါ်ပေါက်လာသည့် အဓိပ္ပါယ်မရှိသော အတွေးများကို မေ့ပျောက်ထားလိုက်ပြီး ကျောက်ယမုန့်ကိုသာ ဆက်လက် ထွေးပွေ့ထားလိုက်တော့သည်။ ထို့နောက် သူ၏ ညာဘက်လက်မှာ ကျောက်ယမုန့်၏ ခါးပေါ်မှနေ၍ အလိုလိုနေရင်း အောက်သို့ ရောက်သွားပြီး မသိစိတ်မှနေ၍ အသာအယာ ညှစ်မိလိုက်၏။

" ဝမ်ပေါင်လဲ့။ အဲတာ ဘာလုပ်တာလဲ " ထိုအခါ ကျောက်ယမုန့်မှာ တည်ကြည်မှု အပြည့်ရှိသောလေသံဖြင့် ဆိုလိုက်၏။

" ဟင်။ ငါ ဘာလုပ်လို့လဲ " ဝမ်ပေါင်လဲ့မှာမူ ဆွံ့အမှင်တက်သွားပြီး ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် ကျောက်ယမုန့်အား စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

" နင့်လက် ... " ကျောက်ယမုန့်မှာ ထိုသို့ ဆိုလိုက်ပြီးနောက် အသက်ရှူကြိမ်အနည်းငယ်ခန့် နှုတ်ဆိတ်သွားရသည်။ သူမသည် တည်တည်ငြိမ်ငြိမ်နှင့် စကားဆက်ပြောနိုင်ရန် ကြိုးစားနေရသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ စကားကို ကြားလိုက်ရသောအခါမှ နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် အထူးတဆန်းဖြစ်နေသည့် အမူအရာဖြင့် ခြေဖျားထောက်ကာ ကျောက်ယမုန့်၏ နောက်တွင် ရှိနေသည့် သူ၏လက်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ချောင်းဟန့်ကာ ဆိုလိုက်သည်။

" ငါ့ရဲ့ ကိုယ်ပွားက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်သွားတာ။ ကြည့်ရတာ ငါ ကျင့်ကြံတဲ့နည်းလမ်း မမှန်လို့နဲ့တူတယ် "

ထိုအခါ ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သို့သော် သူမသည် ဒေါသထွက်နေခြင်းမရှိဘဲ သူမ၏ဆံပင်အား နားရွက်နောက်သို့ သပ်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်၍ လေသံတိုးတိုး ဖြင့် မေးလိုက်တော့သည်။

" ပေါင်လဲ့... နင် ဘာလို့ ဒီနေရာကို ရောက်နေတာလဲ " ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ နတ်မျက်လုံး လူမှုအဖွဲ့စည်းထဲ၌ ပေါ်ပေါက်လာရသည့် အချက်ကြောင့် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်နေရ၏။ ထို့ကြောင့်လည်း သူမသည် အစတုန်းက ဝမ်ပေါင်လဲ့အား မယုံခဲ့ဘဲ ဒွိဟဖြစ်နေခဲ့ရခြင်း ဖြစ်ပေသည်။ သူမ သိထားသလောက်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲတွင်သာ ဆက်ရှိနေရဦးမည် ဖြစ်သည်။

သူမသည် အမှောင်ပျံလွှား စစ်ဆင်ရေးထဲတွင် ဝမ်ပေါင်လဲ့ မပါကြောင်း သိရှိထားသည်မဟုတ်ပါလော။ သူမ၏ မိခင်ဖြစ်သူမှာ ဝမ်ပေါင်လဲ့သည် ပြည်ထောင်စုဥက္ကဋ္ဌရာထူးကို ဆက်ခံရမည်ဖြစ်ကြောင်း သူမအား ပြောပြထားခဲ့ပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုကြီးမှာ သူ့လိုမျိုး အရေးကြီးပုဂ္ဂိုလ်တစ်ယောက်အား အလွန်အင်မတန်မှ အန္တရာယ်များသည့် တာဝန်တစ်ခု ထမ်းဆောင်ခိုင်းစရာအကြောင်း လုံးဝမရှိပေ။

အကယ်၍ အခြားတစ်ယောက်ယောက်ကသာ သူ့အား ထိုမေးခွန်းအား မေးခဲ့ခြင်းဆိုပါက ဝမ်ပေါင်လဲ့မှာ အမှန်အတိုင်း ပြန်ဖြေမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ ကျောက်ယမုန့်က ထိုသို့မေးမြန်းနေခြင်းဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ဆိုလိုက်၏။

" အဲဒီအကြောင်း မပြောဘဲနေရအောင်၊ နင် မသိသေးတာတွေ ရှိတယ်... ငါ့မှာ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက် ရှိတယ်။ သူက သိပ်ပြီးတော့ အားကိုးလို့တော့ မရဘူး။ သူက ငါ့ကို အခွင့်အလမ်းတွေ အများကြီးရှိတဲ့ နေရာကို ခေါ်သွားပေးမယ်လို့ ပြောခဲ့ပြီးတော့ နောက်ဆုံးကျတော့... " ဝမ်ပေါင်လဲ့မှာ သူ နတ်မျက်လုံး လူမှုအဖွဲ့စည်းထဲသို့ ရောက်ရှိလာပြီးနောက် ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များအားလုံးကို အစမှအဆုံး ပြောပြလိုက်တော့သည်။

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ စကားများကိုနားထောင်ရင်း မျက်လုံးများပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေရတော့သည်။ သူမသည် တဖြည်းဖြည်းနှင့် ပို၍ပင် အံ့ဩတုန်လှုပ်လာရ၏။

" နေပါဦး... နင်က ဒီကို ရောက်လာခဲ့ပြီးတော့ ဂိုဏ်းငယ်လေးတစ်ခုရဲ့ မဟာအကြီးအကဲကြီး ဖြစ်လာခဲ့တာပေါ့။ ပြီးတော့ နင်က ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို ရန်ရှာခဲ့ပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ ဝင်သွားခဲ့တာ။ ပြီးတော့ နင်က မီးတောက်ခေါင်းဆောင်ကြီးရဲ့ ဝာာဝန်ကို ထမ်းဆောင်နေတုန်း နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ သတ်ဖြတ်ခဲ့သေးတာပေါ့ ဟုတ်လား "

" ပြီးတော့ နင် ဒီကို ပြန်ရောက်လာတော့... နတ်မျက်လုံး တော်ဝင်မိသားစုဝင် ဖြစ်သွားပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက ဝိညာဉ်တစ်သန်းနဲ့ ထာဝရဝိညာဉ်အဆင့် ဧကရာဇ်ဆယ့်နှစ်ပါးကို ထိန်းချုပ်နိုင်စွမ်းရှိသွားတာ ဟုတ်လား။ ပြီးတော့ အခု နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်မှာပဲ ရှိနေသေးပေမယ့် သာမန် ဂြိုဟ်အဆင့် ကျင့်ကြံသူတွေက နင့်ကို အန္တရာယ်ပြုနိုင်စွမ်း မရှိဘူး ဟုတ်လား "

ကျောက်ယမုန့်မှာ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာရပြီး ဝမ်ပေါင်လဲ့အား မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။ သူမသည် စစ်မြေပြင်ကြီးထဲ၌ ဝမ်ပေါင်လဲ့၏ အစွမ်းအစများကို မြင်ခဲ့ရပါသော်လည်း ထိုစဉ်တုန်းက ၎င်းတို့အား သာမန်ကာလျှံကာမျှသာ သဘောထားခဲ့၏။ ယခုတွင်မူ သူမသည် ဖြစ်ကြောင်းကုန်စင်အား နားလည်သွားပြီဖြစ်ရာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် အံ့ဩတုန်လှုပ်နေရတော့သည်။ သူမသည် ထိုသို့မေးမြန်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက် သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရ၏။ အချိန်အနည်းငယ်ခန့် ကုန်ဆုံးပြီးသွားသောအခါမှသာ သူမသည် သက်ပြင်းအရှည်ကြီးချကာ အထူးတဆန်းဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

" ဝမ်ပေါင်လဲ့ရယ်... နင့်ရဲ့ ကံကလည်း.... "

" ငါ နင့်ကို ပြောဖူးပါတယ်။ ငါက မိုးနတ်မင်းကြီးရဲ့ အချစ်တော်လေးမလို့ သူများတွေနဲ့ မတူလောက်အောင် ကံကောင်းတာပါလို့။ နင်က ယုံမှမယုံဘဲ။ ထားပါတော့။ နင့်အကြောင်း‌တွေ ပြောပြဦး။ နင် ထမ်းဆောင်ရမယ့် အမှောင်ပျံလွှား စစ်ဆင်ရေးက အဲဒီ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းဆီကို သွားဖို့လား " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေပါသော်လည်း ကျောက်ယမုန့်၏ ခံစားချက်များကို ထည့်တွက်လိုက်ပြီးနောက် ချောင်းဟန့်ကာ မေးမြန်းလိုက်၏။

ကျောက်ယမုန့်မှာမူ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ သူမသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကောင်းကင်တာအိုကျောင်းထဲ၌ သူမ ဝမ်ပေါင်လဲ့နှင့် ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့သည့် မြင်ကွင်းအား အလိုလို ပြန်၍ မှတ်မိသွား၏။ ထို့နောက် ထိုပုံရိပ်မှာ ဝမ်ပေါင်လဲ့တစ်ယောက် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ လူတိုင်းအား အံ့ဩတုန်လှုပ်သွားစေခဲ့သည့် ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ထို အမှတ်တရများအားလုံးကြောင့် သူမ၏ အကြည့်မှာ နူးညံ့သိမ်မွေ့သွားရတော့သည်။ ထို့ကြောင့် သူမသည် သူမ၏ နှလုံးသားထဲတွင် ကျန်ရှိနေသေးသည့် နောက်ဆုံးသော သံသယစိတ်အမျှင်အတန်းလေးအား ဖျောက်ဖျက်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား သူမ၏ အတွေ့အကြုံများကို ပြောပြလိုက်တော့သည်။

ပြည်‌ထောင်စုကြီး၏ အမှောင်ပျံလွှား စစ်ဆင်ရေးမှာ ဝှက်ဖဲတစ်ချပ် ရှိပေသည်။ ထိုဝှက်ဖဲမှာ ဝိညာဥ် သုတေသနပညာရှင်များ၏ အကူအညီဖြင့် ထို စစ်ဆင်ရေးထဲ၌ ပါဝင်မည့် ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းအား ခန္ဓာကိုယ်တစ်ခုစီ ပေးအပ်ကာ သူတို့၏ ဝိညာဉ်များထဲမှ အမျှင်အတန်းတစ်ခုစီကို ကမ္ဘာဂြိုဟ်ပေါ်၌ ချန်ရစ်ထားခဲ့ရန်ဖြစ်သည်။ သို့မှသာ သူတို့မှာ ထို စစ်ဆင်ရေးထဲ၌ လိုက်ပါသွားကြမည့်သူများ အခြားနေရာတစ်ခုခုတွင် သေဆုံးသွားပါက ထိုကျင့်ကြံသူများအား ကမ္ဘာဂြိုဟ်ပေါ်၌ ပြန်လည်အသက်သွင်းနိုင်ခွင့် ရှိမည်ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဝိညာဉ်အမျှင်အတန်းများနှင့် ပေါင်းစည်းထားသည့် ကမ္ဘာဂြိုဟ်ပေါ်ရှိ ခန္ဓာကိုယ်များမှာ အခါအားလျော်စွာ နိုးထလာမည်ဖြစ်ပြီး သူတို့ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များကို ပြည်ထောင်စုကြီးဆီသို့ ပေးပို့မည် ဖြစ်သည်။ ထိုအစီအစဉ်မှာ ထိပ်သီးအဆင့် လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်ပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီးနှင့် ကောင်းကင်တာအိုကျောင်း၏ ခေါင်းဆောင်ကြီးတို့သာလျှင် ထိုသတင်းအချက်အလက်များကို လေ့လာခွင့်ရှိကာ အမိန့်များ ချမှတ်နိုင်စွမ်းရှိပေသည်။ ထို အစီအစဉ်အရ ကျောက်ယမုန့် ရောက်ရှိသွားခဲ့သည့် ကြယ်အဖွဲ့အစည်းမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ဖြစ်နေ၏။

အမှန်အတိုင်းဆိုရလျှင် ကမ္ဘာဂြိုဟ်ပေါ်ရှိ အပျက်အစီးများဆီသို့ သွားရောက်ခဲ့ကြသည့် လူများမှာ ကမ္ဘာဂြိုဟ်ပေါ်မှ ပျောက်ကွယ်ပြီးသွားပါက မည်သည့်နေရာသို့ ရောက်ရှိသွားကြမည်မှန်း အတိအကျ သိရှိထားကြခြင်းမရှိပေ။ ကျောက်ယမုန့်မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိပြီးသွားသောအခါမှ ထို အဖွဲ့အစည်းမှာ ကမ္ဘာဂြိုဟ်ထက် အများကြီးပို၍ အစွမ်းထက်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

သူမ နားလည်ထားသလောက်ဆိုလျှင် ကမ္ဘာဂြိုဟ်ပေါ်၌ ကျင့်ကြံခြင်းအဆင့် အမြင်ဆုံးလူမှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။ သို့သော် ထိုစဉ်တုန်းက ဝမ်ပေါင်လဲ့ပင်လျှင် ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေခဲ့၏။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲတွင်မူ... ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အရေးမပါကြပေ။ သူတို့အား ဘုရင်ခံများအဖြစ် သတ်မှတ်၍ပင်မရပေ။ ဂြိုဟ်အဆင့် ကျင့်ကြံသူများကိုသာ ဘုရင်ခံများအဖြစ် သတ်မှတ်၍ရပေသည်။ ထို့အပြင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ဂြိုဟ်အဆင့်ထက် တစ်ဆင့်ပိုမြင့်သည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူများလည်း ရှိသေးသည်။ သူတို့မှာ ထိုကဲ့သို့သော ကျင့်ကြံသူမျိုး တစ်ယောက်တည်းသာ မဟုတ်ဘဲ သုံးယောက်တိတိ ပိုင်ဆိုင်ထားကြ၏။ သူတို့သုံးယောက်စလုံးမှာ တစ်နှစ်ပတ်လုံး တံခါးပိတ် လေ့ကျင့်နေကြသည်သာဖြစ်သည်။ အထူးသဖြင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးမှာဆိုလျှင် ကြယ်နယ်မြေအဆင့်တွင် ရှိမနေသေးသည့်တိုင်အောင် ထိုအဆင့်သို့ တစ်ဝက်တိတိ တက်လှမ်းထားနိုင်ပြီဖြစ်ကြောင်း လူအများက ဆိုကြ၏။

ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ တဟုန်းဟုန်း တောက်လောက်နေသည့် မီးတောက်ကြီး သုံးခုကဲ့သို့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား လွှမ်းခြုံထားသည်။ သူတို့ သုံးယောက်ကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ အဆုံးမဲ့ကြယ်နယ်မြေအောက်ရှိ မဟာလက်ဝဲတာအိုနယ်မြေထဲတွင် ရှိသော နယ်မြေဆယ့်ကိုးထဲတွင် အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်နေရခြင်း ဖြစ်သည်။

" မဟာလက်ဝဲတာအိုနယ်မြေ ဟုတ်လား။ နယ်မြေဆယ့်ကိုး ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရ၏။

All Chapters