လတ်တလောအခြေအနေ
Vol. 16 Ch. 220
ထိုအလုပ်က မဆိုးပေ။ သူ့ပါရမီကို စမ်းသပ်နိုင်သည့်အပြင် တောင်ကုန်းအောက်သို့လည်း ဆင်းနိုင်သည်။
ဓားစံအိမ်၏ရှေ့တွင် ပန်းရောင်ဝတ်စုံနှင့် ပိုင်စုကျန်းသည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
သူမ၏မျက်လုံးများမှာ တောက်ပနေပြီး ကျောက်လှေကားပေါ်တွင် လက်နှစ်ဖက် နောက်ပစ်လျက် မတ်တပ်ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“စီနီယာအစ်ကိုဟန်၊ ရှင့်မှာ ဝှက်ဖဲတွေဘယ်လောက်ရှိနေလဲ ကျွန်မ တကယ်မသိဘူး”
တိမ်မြုံကမ်းပါးတွင် ဖြစ်ပျက်ခဲ့သောအရာများကို ကြားသိရသောအခါ သူမ အမှန်တကယ် ထိတ်လန့်သွားရသည်။
ဟန်မူယဲ့သည် အာခီမီပညာရပ်မှာ ပြိုင်ဘက်ကင်းပါရမီကို ပိုင်ဆိုင်ကြောင်း သူမ နားလည်ထားသည်။ သူ့ဓားနည်းစနစ်နှင့် တိုက်ခိုက်နိုင်စွမ်းတို့မှာလည်း ထိုမျှ ထူးကဲကောင်းမွန်နေမည်ဟု သူမ, မထင်ထားပေ။
ဟန်မူယဲ့၏ မျက်လုံးများကို မြင်လိုက်ရသောအခါတွင် ပိုင်စုကျန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။
အကြောင်းပြချက်တချို့ကြောင့် ဟန်မူယဲ့၏မျက်လုံးထဲတွင် ရှိသော ရွှေရောင်အလင်းသည် သူမ၏နှလုံးသားကို တုန်ခါသွားစေပြီး အလိုအလျောက် ခေါင်းငုံ့လိုက်ရသည်။
ထိုအရာက လူတစ်ယောက်၏ နှလုံးသားကို အကြည့်တစ်ချက်ဖြင့် ထွင်းဖောက်မြင်နိုင်သည့်အလား…။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဓားစံအိမ်၏ ကျောက်လှေကားမှတစ်ဆင့် အောက်ဆင်းသွားသည်။
ပိုင်စုကျန်းက တခစ်ခစ်ရယ်လျက် သူ့နောက်မှ လိုက်လာသည်။
“ဒါ… ဒါက… တောအုပ်ဆီကို သွားကြတာလား”
လျှိုဟုန်က မျက်လုံးပြူးသွားပြီး တံခါးကိုမှီနေသောလုကောကို မေးလိုက်သည်။
လုကောက ခေါင်းခါလျှက် ပြောသည်။
“ငါမမြင်နိုင်ဘူး”
လျှိုဟုန်က လေထုကို ဒေါသတကြီး လက်သီးဖြင့် ထိုးလိုက်၏။
ဟန်မူယဲ့သည် တောင်ပတ်လမ်းတစ်လျှောက် လမ်းလျှောက်နေပြီး တည်ငြိမ်စွာ ပြောသည်။
“လုချန်းဖျင်က ဘာပြောလဲ”
လုချန်းဖျင်သည် အံ့ဖွယ်ကိုးပါးတောင်သို့ ဖိတ်ခေါ်ခဲ့သော ဟန်မူယဲ့၏ ဖိတ်ကြားချက်ကို လက်မခံဘဲ ကျင်းယန်မြို့သို့ ပြန်သွားသည်။
ထိုမြို့မှာ သူမနှင့် ဟွမ်လောင်လျှိုတို့၏ မွေးရပ်မြေဖြစ်သည်။
လုချန်းဖျင်သည် ကျင်းယန်မြို့သို့ တစ်ယောက်တည်းပြန်သွားခြင်း မဟုတ်ပေ။
အနည်းဆုံး ကျင့်ကြံသူတစ်ထောင်ခန့် လုချန်းဖျင်နှင့်အတူ ကျင်းယန်မြို့သို့ လိုက်သွားကြသည်။
ထိုလူများထဲတွင် ကမ္ဘာမြေအဆင့်များ ပါဝင်ပြီး အားအနည်းဆုံးလူသည် ချီစုဆောင်းခြင်းအဆင့်၌ ရှိသည်။
ဟွမ်လောင်လျှို ထွက်သွားပြီးနောက်တွင် လူအများအပြားက သူတို့၏ဘဝနှင့် ပြန်လည် ပေးဆပ်ချင်ကြသည်။
ထိုအရာသည်ပင် ကျင့်ကြံခြင်းလောက ဖြစ်သည်။
ကျေးဇူးတရားကို တန်ဖိုးထားသောလူ အများအပြား ရှိနေပါသေးသည်။
ကတိတစ်ခုအတွက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတွင် နောင်တမရှိပေ။
ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်ရောက်သောအခါတွင် ပိုင်စုကျန်းကို သွားရှာရန် လုကောကို ပြောပြီး လုချန်းဖျင်နှင့်ဆက်သွယ်ရန် တောင်းဆိုခဲ့သည်။
ဟွမ်လောင်လျှိုသည် အံ့ဖွယ်ကောင်းကင်ကမ္ဘာမှ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် ဟန်မူယဲ့က လုချန်းဖျင်ကို စောင့်ရှောက်ပေးရပေမည်။
“ပိုင်မိသားစုရဲ့တာဝန်ခံတစ်ယောက် ကျင်းယန်မြို့ကို အဖွဲ့တစ်ဖွဲ့နဲ့ ထွက်သွားပြီ”
“နောက်ပိုင်း သူတို့ဟာ ကျင်းယန်မြို့မှာ ဈေးကွက်တစ်ခု တည်ထောင်လိမ့်မယ်”
ထိုအချိန်မှာ ပိုင်စုကျန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“စီနီယာအစ်ကိုဟန်… ရှင်က အမြတ် ၁၀%ကို လုချန်းဖျင်ဆီ တကယ်ပေးမလို့လား”
ဟန်မူယဲ့က ဈေးကွက်ထဲတွင် လည်ပတ်မည့် ဝိညာဉ်ကျောက်တုံးတစ်ဝက်ကို ထောက်ပံ့ပေးပြီး ကျင်းယန်မြို့သို့ တန်ဖိုးကြီးဆေးလုံးများ နှစ်တိုင်းရောင်းပေးမည်ဟု ပြောခဲ့သည်။
အမြတ် ၁၀ရာနှုန်းကို လုချန်းဖျင်ဆီ ပေးလိမ့်မည်။
ထိုအမြတ်ပမာဏက မနည်းပေ။
အင်အားကြီးဂိုဏ်းများ၏ နှစ်စဉ်ဝင်ငွေသည်ပင် အမြတ် ၁၀ရာနှုန်း မရှိပေ။
ဟန်မူယဲ့ ဖော်စပ်သောဆေးလုံးတိုင်းမှာ တန်ဖိုးမဖြတ်နိုင်ပေ။
“၁၀%”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကျင့်ကြံခြင်းလောကတွင် ချန်မထားနိုင်သောအရာသည် ကြွယ်ဝမှုနှင့် တန်ဖိုးရှိသောပစ္စည်းများဖြစ်သည်။
သို့ပေမဲ့ ဟန်မူယဲ့၏အမြင်တွင် သူသည် ထိုအရာများအားလုံးကို ချန်ထားပြီးသားဖြစ်သည်။
ကြွယ်ဝမှုက အပိုပင်ဖြစ်သည်။
“အဲဒါဆိုရင် စီနီယာအစ်ကိုဟန်က အမြင့်ဆုံးအရည်အသွေးဆေးလုံးတွေနဲ့ အင်မော်တယ်အဆင့်ဆေးလုံးတွေကို ဆက်ပြီးရောင်းဝယ်ဦးမှာလား”
ပိုင်စုကျန်းက ဟန်မူယဲ့ကို စိုးရိမ်စိတ်များဖြင့် ကြည့်လိုက်သည်။
ဟန်မူယဲ့သည် ကြွယ်ဝမှုကို ဂရုစိုက်ပုံ မပေါ်သောကြောင့် သူမက မသေမချာ ခံစားလာရသည်။
“လုပ်မှာပေါ့”
ဟန်မူယဲ့က ရယ်မောလိုက်သည်။
“နောက်ရက်တွေမှာ ဆေးအမယ်တွေ ပြင်ဆင်ထားလိုက်ပါ။ ငါက ဆေးပေါင်းဖိုကိုဖွင့်ဖို့ ပြင်ဆင်နေပြီ”
သူက ဆေးပေါင်းဖိုကို အသုံးမပြုလျှင် မကြာခင် မွဲတေသွားနိုင်သည်။
သူ့ဒန်ထျန်ထဲတွင်ရှိသော ဓားဆေးလုံးသုံးလုံး၊ ချီပင်လယ်ထဲတွင် ရှိသော ဓားဆန္ဒ၊ စိတ်နယ်ပယ်ထဲမှာ ရှိသော ဓားဝိညာဉ်၊ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် ထိုအရာများအားလုံးသည် များပြားသော သဘာဝစွမ်းအင်များကို လိုအပ်သည်။
အမြင့်ဆုံး အရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်တုံးသည် သူနှစ်ရက်စာ လေ့ကျင့်ရန်ပင် မလုံလောက်ပေ။
အဓိကအချက်ကတော့ သူသည် ဝိညာဉ်ကျောက်တုံးများကို အတင်းအကျပ်စုပ်ယူခြင်းကြောင့် သွေးကြောများ ပျက်စီးမည်ကို ကြောက်စရာ မလိုပေ။ ယခင်က သူသည် ဆေးလုံးများဖြင့် ကျင့်ကြံဖူးသည်။
တိမ်မြုံကမ်းပါးသို့သွားခဲ့သောခရီးတွင် သူသည် အင်မော်တယ်အဆင့် ဆေးလုံးများအားလုံးကို အသုံးပြုခဲ့ရသည်။
ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် ပိုင်စုကျန်းက အတော်လေး အံ့အားသင့်သွားသည်။
“ရှင် ဘယ်လိုဆေးလုံးမျိုး ဖော်စပ်ချင်တာလဲ”
ပိုင်စုကျန်းသည် ပိုင်မိသားစုနှင့် ရှန့်ယန်မိစ္ဆာဂိုဏ်း၏ အရင်းအမြစ်များကို သုံးစွဲနိုင်စွမ်း ရှိသည်။ သူမက ဟန်မူယဲ့ ဆေးဖော်စပ်ရန်အတွက် များပြားလှသောဆေးပင်များကို စုဆောင်းပေးနိုင်၏။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အင်မော်တယ်အဆင့်ဆေးလုံးများ ဖော်စပ်နိုင်သောလူ သိပ်မရှိပေ။
ဟန်မူယဲ့ကလွဲပြီး ပိုင်စုကျန်းသည် တခြားတစ်ယောက်ကို မရှာနိုင်ပေ။
ဟန်မူယဲ့က ခဏမျှ စဉ်းစားပြီး ပြောသည်။
“အဆင်ပြေမယ်ဆိုရင် ဝိညာဉ်အမြုတေဆေးလုံးအတွက် ဆေးအမယ်တွေ စုဆောင်းထားပေးပါ”
ဝိညာဉ်အမြုတေဆေးလုံးသည် အခြေခံအုတ်မြစ်အဆင့်နှင့် မူလရင်းမြစ်သွယ်ဆက်အဆင့်တို့အတွက် အရေးအကြီးဆုံး သဘာဝစွမ်းအင် အားဖြည့်ဆေးဖြစ်သည်။
ထိုဆေးလုံးထဲတွင် သိပ်သည်းပြီး အားကောင်းသော သဘာဝစွမ်းအင်များ ပါဝင်သည်။ ကမ္ဘာမြေအဆင့်ကျင့်ကြံသူများ အမြဲတမ်းဆောင်ထားလေ့ရှိသော ဆေးလုံးများထဲတွင် ထိုဆေးလုံးပါဝင်သည်။
လူတိုင်းတွင်တော့ ဝိညာဉ်ကျောက်တုံး သောင်းချီတန်သော ထိုဆေးလုံးမျိုး မရှိနိုင်ပေ။
ကျင့်ကြံဆင့်မြင့်လာလေ သုံးစွဲနိုင်သော အရင်းအမြစ်များ ပိုနည်းလာလေ ဖြစ်သည်။
ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ ဓမ္မလက်နက်များက ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို များစွာ တိုးမလာစေနိုင်ပေ။
သို့ပေမဲ့ ထိုအရာတွင်လည်း နှိုင်းယှဉ်စရာရှိသည်။
အဆင့်အတန်းမြင့်ဆေးလံဒးများ၊ အဆင့်အတန်းမြင့်အဆောင်လက်ဖွဲ့များ၊ ဝိညာဉ်လက်နက်များနှင့် ဓမ္မရတနာများက အဆင့်မြင့်ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သည်။
သိုပေမဲ့ ထိုပစ္စည်းများက အလွန်တန်ဖိုးရှိပြီး လွယ်ကူစွာမရရှိနိုင်ပေ။
ကျင့်ကြံခြင်းလောကမှာ အဆင့်မြင့်သွားသောလူများက ကိုယ်ပိုင်အင်အားစုကို အဘယ်ကြောင့် တည်ထောင်ကြသနည်း။
သူတို့က ကြွယ်ဝမှုကို စုစည်းရန် များပြားသောအဆင့်နိမ့်ကျင့်ကြံသူများ လိုအပ်သည့်အတွက်ဖြစ်သည်။
အဆင့်မြင့်ကျင့်ကြံသူများအတွက် အသုံးဝင်သော အဆင့်နိမ့်ကျင့်ကြံသူများကို ပြုစုပျိုးထောင်ပေးခြင်းက အများအပြား မကုန်ကျပေ။
သို့ပေမဲ့ သူတို့သုံးစွဲရန် ဆေးတစ်လုံးဝယ်မည် ဆိုလျှင်တော့ ဝိညာဉ်ကျောက်တုံး သန်းချီ၍ကုန်သွားနိုင်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သန်းရာချီသော အဆင့်နိမ့်ကျင့်ကြံသူများကိုအသုံးချ၍ အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် အထက်မှာရှိသော ကျင့်ကြံသူများအား ထောက်ပံ့ပေးခြင်းဖြစ်သည်။
ထိုကျင့်ကြံသူများကလည်း ဂိုဏ်းတွင် နေထိုင်ပြီး ဂိုဏ်းအတွက် ကာကွယ်မှုပေးထားသောကြောင့် အဆင့်နိမ့်ကျင့်ကြံသူများ ကြီးထွားလာဖို့ အထောက်အပံ့ဖြစ်စေသည်။
လေလွင့်ကျင့်ကြံသူများက တခြားလူများကို ထောက်ပံ့ပေးရန် မလိုအပ်သော်လည်း သူတို့အတွက် အရင်းအမြစ်များရဖို့လည်း အလွန်ခက်ခဲသည်။
ပိုင်စုကျန်းနှင့် အာခီမီအကြောင်း ဆွေးနွေးပြီးသောအခါတွင် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်၏ အပြင်ဘက်တွင် ဖြစ်နေသောကိစ္စများကို မေးလိုက်သည်။
သူသည် လျှို့ဝှက်နယ်မြေတွင် သတင်းတချို့ ရနိုင်သော်လည်း ပိုင်စုကျန်း၏နောက်ခံနှင့် အဆက်အသွယ်များအရ သူမ ရရှိထားသောသတင်းများက ပို၍ စုံလင်သည်။
“စီနီယာအစ်ကိုဟာ တောင်ခြေမှာ နာမည်အကြီးဆုံးလူမဟုတ်လား”
ဟန်မူယဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါတွင် ပိုင်စုကျန်းက တခစ်ခစ်ရယ်သည်။
တိမ်မြုံကမ်းပါးတိုက်ပွဲအပြီးမှာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ လုံခြုံသွားသည်။
တောင်ပိုင်းကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်မိစ္ဆာကြီးများ သေဆုံးသွားပြီး သူတို့၏ခွန်အားမှာ အတော်လေး လျော့နည်းသွားသည်။
ထိုတိုက်ပွဲတွင် ကျော်ကြားလာသောလူများ ရှိခဲ့သည်။ ထူစွန်းရှစ်၏ ပြိုင်စံရှားစွမ်းရည်၊ ဟွမ်လောင်လျှို၏စတေးမှု၊ ဟန်မူယဲ့၏ ရဲရင့်မှုတို့သည် ပြောစမှတ်တွင်ရသော အကြောင်းအရာများ ဖြစ်သည်။
သူတို့ထဲတွင် ဓားကျင့်ကြံသူများအတွက် ဟန်မူယဲ့ ယူဆောင်ပေးသော အကျိုးကျေးဇူးက အတော်လေးများပြားလှသည်။
မိစ္ဆာကြီး၏ သွေးနှင့်ဝိညာဉ်တို့ စွန်းပေသွားသောဓားများမှာ အဆင့်များတက်သွားကြသည်။
ထိုဓားများကို ဂရုစိုက်ပေးလျှင် အရည်အသွေးများ တိုးမြင့်လာပေလိမ့်မည်။
ယခင်တစ်ခေါက်က မူရှန်မြို့တွင် ဟန်မူယဲ့က အင်မော်တယ်အဆင့်ဆေးလုံးနှင့် အာခီမီပညာရှင်များအားလုံးကို ထိတ်လန့်စေခဲ့သည်။ သို့သော်လည်း သူသည် ဓားကျင့်ကြံသူတစ်ဦး ဖြစ်နေသောကြောင့် သူ့ဂုဏ်သတင်းကို တမင်သက်သက် ဖိနှိပ်ထားခဲ့ကြသည်။
ဤတစ်ကြိမ်မှာတော့ သန်းချီသောကျင့်ကြံသူများ၏ ရှေ့တွင် သူက ပြိုင်ဘက်ကင်းဓားပါရမီကို ဖော်ပြခဲ့သည်။ အင်မော်တယ်ဓားကျင့်ကြံသူအဖြစ် သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အလွန်ကျော်ကြားလာခဲ့သည်။
ဓားကျင့်ကြံသူတစ်ယောက်သည် ဟန်မူယဲ့ကဲ့သို့ ဖြစ်သင့်၏။
“စီနီယာအစ်ကို၊ နောက်ပိုင်းကျရင် တောင်အောက်ကိုဆင်းတဲ့အခါမှာ သတိထားရမယ်”
ပိုင်စုကျန်းက ဟန်မူယဲ့ကိုကြည့်ပြီး လေးနက်စွာပြောသည်။
တိမ်မြုံကမ်းပါးတိုက်ပွဲတွင် အနောက်ဘက်နယ်စပ်ကုန်းမြေသည် အဆုံးအရှုံးများရှိခဲ့ပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်များ သေဆုံးသွားခဲ့သည်။
ထူစွန်းရှစ်သည် အံ့ဖွယ်ကောင်းကင်ကမ္ဘာမှ ထွက်ခွာသွားပြီး လင်တောက်ဂိုဏ်း၏ မျက်နှာတစ်ထောင်သူတော်စင်မှာ ပြင်းထန်သောဒဏ်ရာများနှင့် တံခါးပိတ်ကျင့်ကြံနေသောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အခြေအနေက တည်ငြိမ်သည်ဟုလည်း မဆိုနိုင်ပေ။
ရှန့်ယန်မိစ္ဆာဂိုဏ်း၏ လီမူပိုင်က သူသည် ဖုန်းရှို့တောင်၏ရှေ့တန်းကို ကာကွယ်ထားမည်ဟု ကြေညာခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မိစ္ဆာကျင့်ကြံသူများ တဖန် ထကြွလာကြသည်။
ကျင့်ရှန်းဓားဂိုဏ်း၏သတင်းများအရ ဂိုဏ်းခေါင်းဆောင်ကျန်းချန်၏ ဒဏ်ရာများမှာ ခန့်မှန်းထားသည်ထက် စောလျင်စွာ ကောင်းမွန်လာခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထွက်ခွာသွားသော တတိယမြောက်ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူက ပုန်းနေရန် ဆန္ဒရှိပုံ မပေါ်ပေ။
ထူစွန်းရှစ်နှင့် မျက်နှာတစ်ထောင်သူတော်စင်တို့သည် အချိန်တိုအတွင်းမှာ ရှိမနေနိုင်ပေ။ တစ်ယောက်သည် အဝေးသို့ရောက်နေပြီး နောက်တစ်ယောက်က တံခါးပိတ် ကျင့်ကြံနေသည်။
ကံကောင်းစွာဖြင့် လင်တောက်ဂိုဏ်း၏အမိန့်တော်က ရှိနေသေးသည်။ ကျင့်ရှန်းဓားဂိုဏ်းသည် အမိန့်ကိုဆန့်ကျင်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ထပ်မံမတိုက်ခိုက်လောက်ပေ။
သို့ပေမဲ့ ဟန်မူယဲ့သည် အလွန်ကျော်ကြားနေသောကြောင့် ဖုန်းလင်ဓားဂိုဏ်းက သူ့ကို တိုက်ခိုက်လာနိုင်သည်။
ယခင်က ကျင့်ရှန်းဓားဂိုဏ်း၏ အလားအလာအရှိဆုံးအကြီးအကဲ ချင်စီကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထို့ပါ့ချန်က သတ်ဖြတ်ပစ်ခဲ့သောကြောင့် ကျင့်ရှန်းဓားဂိုဏ်းမှာ အင်အား ဆုတ်ယုတ်ခဲ့ရသည်။
ကျင့်ကြံခြင်းလောက၏ ဂိုဏ်းများအကြားတွင် ထိုဖြစ်ရပ်မျိုး မကြာခဏဖြစ်လေ့ရှိသည်။
“စိတ်မပူပါနဲ့”