ပင်လယ်နက်၏ မိစ္ဆာအရှင်များ
Vol. 87 Ch. 1203
ငါးနက်တစ်ကောင်၏ စွမ်းအားက အကန့်အသတ်ရှိသည်။ သို့သော် သန်းချီသော ငါးနက်များမှာမူ ကြောက်မက်ဖွယ်ကောင်းပေသည်။
ငါးနက်များ၏ ပါးစပ်မှ ပစ်လွှတ်နေသော အဆိပ်ရှိ မြားနက်များက စွမ်းအားအကြီးဆုံး ပင်လယ်မိစ္ဆာများ၏ ဒိုင်းများကိုပင် ဖျက်ဆီးပစ်နိုင်သည်။ ထို့နောက် အဆိပ်မိကာ ဖြည်းဖြည်းချင်း သေဆုံးသွားမည်ဖြစ်သည်။ သုံးရက်အတွင်းမှာပင် ကျန်းရီသည် ပင်လယ်နက်ထဲရှိ မိစ္ဆာအရှင် ဆယ်ပါးကျော်ကို ငါးနက်များ၏ အကူအညီဖြင့် သတ်ပစ်ခဲ့သည်။
သုံးရက်ကြာပြီးနောက် ကျန်းရီသည် ပင်လယ်နက်အကြောင်းကို အတော်လေး သိသွားသည်။ ပင်လယ်နက်ထဲရှိ ကြောက်စရာအကောင်းဆုံး အရာမှာ မိစ္ဆာများမဟုတ်ဘဲ အဆိပ်မြူခိုးဖြစ်သည်။ မကြာခဏ ပေါ်လာတတ်သော အနက်ရောင် မြူခိုးများက ကြောက်စရာအကောင်းဆုံးပင်။ ၎င်းသည် မည်သည့်အသံမှ မထွက်ဘဲ ပေါ်လာပြီး လူများ သတိမထားမိခင်တွင် အသံတိတ် သတ်ဖြတ်သွားသည်။
ကျန်းရှောင်နူ ရှိနေ၍သာ တော်သေးသည်။ မဟုတ်လျှင် ကျန်းရီနှင့် မြေခွေးလေးတို့ အဆိပ်မိသွားမည်ဖြစ်သည်။ မင်ရည်တောင်ပံမျိုးနွယ်၏ အာရုံများက အလွန်စူးရှသည်။ ထို့ပြင် အလွန်လျင်မြန်သော အမြန်နှုန်းလည်း ရှိသည်။ ကျန်းရှောင်နူသည် ပုံစံပြောင်းလဲထားသော အခြေအနေတွင် အချိန်ကြာမြင့်စွာ နေနိုင်နေပြီဖြစ်သည်။ ဆယ်ရက်၊ ဆယ်ညတိုင်အောင် ပုံစံပြောင်းလဲထားသော အခြေအနေတွင် အားနည်းမသွားဘဲ နေနိုင်ခဲ့သည်။
“သခင်လေး... ကျွန်မတို့ဆီကို မိစ္ဆာကြီးတစ်ကောင် လာနေတယ်”
နေ့လယ်အချိန်တွင် ကျန်းရှောင်နူ၏ လှပသော မျက်ဝန်းလေးများက ရုတ်တရက် တင်းမာသွားသည်။ ရှောင်ဖေးသည်လည်း အားကောင်းသော မိစ္ဆာအရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၍ ကျန်းရီ၏ ရင်ခွင်ထဲတွင် မသက်မသာ လူးလွန့်လိုက်သည်။ ကျန်းရီသည် မီးနဂါးဓားကို ဆင့်ခေါ်၍ ရှောင်ဖေးကို ရှောင်နူထံ လှမ်းပေးလိုက်သည်။
“သူ့ကို ကာကွယ်ပေးပါ။ ငါ အဲ့မိစ္ဆာအရှင်နဲ့ သွားတိုက်ခိုက်မယ်။ အဆင့်တက်ပြီးတဲ့နောက် ငါ့ရဲ့ နတ်ဘုရားဇီဝိန်ခြွေက ဘယ်လောက်စွမ်းအားကြီးသွားလဲဆိုတာကို ကြည့်ကြတာပေါ့”
“အွန်း... ဂရုစိုက်နော် သခင်လေး”
ကျန်းရှောင်နူက ရှောင်ဖေးကို ပွေ့ချီ၍ လေထဲသို့ ပျံတက်သွားလိုက်သည်။ ကျန်းရီက ငါးနက်များပေါ်တွင် ဆက်ရပ်နေပြီး မျက်မှောင်ကြုတ်ကာ မိစ္ဆာအရှင် ပေါ်လာမည်ကို စောင့်နေလိုက်သည်။
ဟူး...ဟူး...
ကျန်းရီသည် အဝေးမှ လေတိုးသံများကို ကြားလိုက်ရ၏။ အနက်ရောင်မြူခိုးများက အထက်သို့ လွင့်တက်သွားသည်။ မိစ္ဆာအရှင်က ဆယ်ကီလိုမီတာကျော် အကွာတွင် ရှိနေသေးသည်။ သို့သော် ကောင်းကင်တွင် တိမ်မီးခိုးများ ပြည့်နှက်နေပေပြီ။ ကျန်းရီသည် မျက်မှောင်ကြုတ်၍ မိစ္ဆာအရှင်ကို လှမ်းကြည့်၏။ ထိုမိစ္ဆာအရှင်က အလွန်အဆိပ်ပြင်းပေလိမ့်မည်။ သူ အော်ပြောလိုက်သည်။
“ရှောင်နူ... အနောက်ကို ငါးကီလိုမီတာ ဆုတ်လိုက်။ ရှောင်ဖေး... ငါးနက်တွေကို ထိန်းချုပ်ပြီး အဲ့မိစ္ဆာအရှင်ကို တိုက်လိုက်”
ရှောင်နူ၏ အစိမ်းရင့်ရောင် အတောင်ပံများက တစ်စက္ကန့်မျှ ရပ်တန့်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူမ နောက်ဆုတ်လိုက်သည်။ ရှောင်ဖေး၏ ခန္ဓာကိုယ်ကလည်း အနီရောင်အလင်း လင်းလက်လာသည်။ ငါးနက်များအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထို့နောက် ငါးနက်များသည် အနက်ရောင်အလင်းတန်းများအလား ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ ၎င်းတို့သည် မိစ္ဆာအရှင်အနားသို့ မရောက်သေးခင်မှာပင် အဆိပ်ရှိသော မြားနက်များကို ပစ်လွှတ်လိုက်ကြသည်။
သို့သော် အဆိပ်မြားများက တိမ်မည်းများထဲတွင် ပျောက်ကွယ်သွားသည်။ သက်ရောက်မှု အရိပ်အယောင် တစ်ခုပင် မရှိချေ။ တိမ်မည်းများ နီးကပ်လာသောအခါ ကျန်းရီ ကောင်းကင်ထက်သို့ ခုန်တက်လိုက်သည်။ ငါးနက်များကလည်း တိမ်မည်းများဆီသို့ ဦးတည် ပျံသန်းသွားကြသည်။
‘အဲ့တိမ်မည်းတွေက အရမ်းထူးဆန်းတာပဲ။ ဘာလို့ ငါ့ရဲ့ ကောင်းကင်စိတ်အာရုံက အဲ့တိမ်တွေကို ဖောက်မမြင်နိုင်တာလဲ’
ကျန်းရီ၏ မျက်နှာထား တင်းမာသွားသည်။ သူ နဂါးမီးတောက်နတ်ဘုရားဒိုင်းကို ထုတ်လိုက်ပြီး ခန္ဓာကိုယ်တွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ဝတ်ဆင်လိုက်သည်။ မီးနဂါးဓားကလည်း တောက်ပလာသည်။ မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း မသေချာသေးသော်လည်း အစွမ်းကုန်သုံးရန် သူ အသင့်ပြင်ထားပေပြီ။
ဟူး...ဟူး...
အရှေ့မှ တိမ်မည်းများက ကျန်းရီထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တလိမ့်လိမ့် ရွေ့လျားလာသည်။ ၎င်းတို့သည် သူနှင့် မီတာသုံးရာ အကွာသို့ ရောက်သောအခါ နောက်သို့ ပြန်ဆုတ်သွားသည်။ ကျန်းရီ မျက်နှာပျက်သွား၏။ တိမ်မည်းများထဲသို့ ဝင်သွားသော ငါးနက်များက ရုတ်ခြည်း အရိုးကျသွားသည်။ နာကျင်စွာ အော်ဟစ်ရန်ပ် အချိန်မရလိုက်ဘဲ ၎င်းတို့အားလုံး သေဆုံးသွားသည်။ ကျန်ခဲ့သော အရိုးများမှာလည်း အနက်ရောင်ဖြစ်နေသည်။
‘အဲ့တိမ်မည်းတွေက အဆိပ်ရှိတယ်’
ကျန်းရီသည် စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ သူ လက်မြှောက်ကာ မီးနဂါးသောင်းကျော်ကို ဆင့်ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့ ဝိညာဉ်လေများကိုလည်း ဆင့်ခေါ်လိုက်သည်။ ဝိညာဉ်လေများက အရှေ့သို့ ရွေ့လျားတိုက်ခတ်သွားသည်။ သူသည် ဝိညာဉ်လေများကို ဝိညာဉ်လေဓားများအဖြစ် မစုစည်းခဲ့ပေ။ မည်သို့ ဆက်လုပ်ရမည်ကို မဆုံးဖြတ်သေးခင်တွင် လေများကို စေလွှတ်၍ အခြေအနေကို စူးစမ်းရပေမည်။
ဝုန်း...ဝုန်း...ဝုန်း...
မီးနဂါးများက အတော်လေး စွမ်းအားကြီးသည်။ ၎င်းတို့သည် တိမ်မည်းများထဲဝင်ကာ ပေါက်ကွဲသွားကြသည်။ ထို့ကြောင့် တိမ်မည်းအချို့ လွင့်ပျယ်သွားသည်။ သို့သော် ဝိညာဉ်လေများက တိမ်မည်းများဆီသို့ ရောက်သွားသောအခါ အစွမ်းဆုံးရှုံးသွားသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ဝိညာဉ်လေများနှင့် ဆက်နွယ်မှုရှိ၍ တိမ်မည်းများထဲရှိ မိစ္ဆာ၏ပုံစံကို အာရုံခံမိလိုက်သည်။
ထိုမိစ္ဆာက အလွန်ထူးဆန်းသော မိစ္ဆာသားရဲတစ်ကောင်ပင်။ ၎င်းသည် မီတာတစ်ရာ့ငါးဆယ်လောက် ရှည်ပြီး မြွေတစ်ကောင်နှင့်တူသည်။ သို့သော် ၎င်းတွင် ခေါင်းကိုးလုံးနှင့် ခြေထောက် ရှစ်ချောင်း ရှိသည်။ ကျောပေါ်တွင် ဆူးချွန်များ ရှိပြီး ကိုယ်တစ်ဘက်စီတွင် အတောင်ပံထွက်နေသည်။ ကျန်းရီကို ပို၍ အံ့အားသင့်သွားစေသည်မှာ အဆိပ်ငွေ့များက မိစ္ဆာသားရဲ၏ ခေါင်းကိုးလုံးမှ ထွက်နေခြင်းမဟုတ်ဘဲ ကျောပေါ်ရှိ ဆူးချွန်များမှ ထွက်နေခြင်းပင်။
‘အဲ့မိစ္ဆာအရှင်က အဲ့လောက်မသန်မာဘူး။ ဒါပေမဲ့ သူ ထုတ်လွှတ်နေတဲ့ အဆိပ်ငွေ့တွေကတော့ တော်တော်ပြင်းတယ်’
နောက်ဆုံးတွင် ကျန်းရီသည် သူ ဘာကိုရင်ဆိုင်နေရသည်ကို သိသွားပေပြီ။ သူ့အတွက် ပြင်ဆင်ရန်အချိန် သိပ်မကျန်တော့ပေ။ သူက မီးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ ကီလိုမီတာတစ်ရာ အဝန်းအဝိုင်းအတွင်းရှိ လေများနှင့် တိမ်များ ရွေ့လျားသွားသည်။ ကောင်းကင်ထက်မှနေ၍ နတ်ဘုရားလျှပ်စီး ကျဆင်းလာသည်။ အောက်ဘက်ပင်လယ်ပြင်တွင်လည်း လှိုင်းလုံးကြီးများ ထလာသည်။ ကီလိုမီတာတစ်ရာအတွင်းရှိ မိုးမြေအတွင်းအား အားလုံးက ကျန်းရီ၏ ခန္ဓာကိုယ်ထဲသို့ လာရောက်စုဝေးကြသည်။ မီးနဂါးဓားကလည် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ ကျန်းရီသည် စွမ်းအားအလုံးအလောက် စုစည်းပြီးနောက် ဓားကို အရှေ့သို့ ပိုင်းချကာ အော်လိုက်သည်။
“နတ်ဘုရားဇီဝိန်ခြွေ”
ရွှီး...ရွှီး...
မီးနဂါးဓားမှနေ၍ မီးနဂါးသုံးကောင် ပျံထွက်သွားသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့က ယခင်ကထက် များစွာပို၍ စွမ်းအားကြီးပုံပေါ်သည်။ ယခင်က ၎င်းတို့၏ ခန္ဓာကိုယ်များက ချော်ရည်ပူများဖြင့် ဖွဲ့စည်းထားသည်ဟု ထင်ရသည်။ ယခုတွင်မူ ၎င်းတို့က နဂါးအစစ်အမှန်များနှင့် ပိုတူနေပေပြီ။ အောက်ဘက်ရှိ ငါးနက်များသည် မီးနဂါးများ၏ ဖိအားကြောင့် မလှုပ်ရှားနိုင် ဖြစ်သွားကြသည်။ မိစ္ဆာအရှင်သည်လည်း ကြောက်ရွံ့သွားသည်။ ၎င်းသည် ချက်ချင်းပင် ပင်လယ်ထဲသို့ ပြန်ပြေးသည်။
“အရမ်းနောက်ကျသွားပြီကွ”
ကျန်းရီက လှောင်ပြောင်စွာ ရယ်လိုက်သည်။ မီးနဂါးများက မိစ္ဆာအရှင်ထံ အလွန်လျင်မြန်စွာ သွားနေသည်။ မိစ္ဆာအရှင်သည် ပင်လယ်သို့ မရောက်ခင်မှာပင် မီးနဂါးများ၏ ဝင်တိုးမှုကို ခံလိုက်ရသည်။ ပေါက်ကွဲသံကြီး သုံးသံ ထွက်ပေါ်လာသည်။ မိစ္ဆာအရှင်၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ မြွေခေါင်းအချို့ကလည်း အမှုန့်ဖြစ်သွားသည်။ ပေါက်ကွဲမှု အဟုန်များက ပင်လယ်ရေကို မီတာများစွာ မြင့်တက်သွားစေသည်။ ဆူနာမီတစ်ခု ဖြစ်ပေါ်လာသည်ဟုပင် ထင်ရသည်။ ငါးနက်များသည် လှိုင်းပုတ်ခံရသောအခါ အရပ်မျက်နှာအနှံ့သို့ လွင့်ပျံထွက်သွားလေသည်။
“အာ...”
တိမ်မည်းများ လွင့်ပျယ်သွားသည်။ နောက်ဆုံးတွင် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက မိစ္ဆာအရှင် ရှိနေခဲ့သော ဧရိယာကို အာရုံခံနိုင်ပြီဖြစ်သည်။ မိစ္ဆာအရှင်၏ ပြတ်သွားသော ခေါင်းနှစ်လုံးမှနေ၍ ကိုယ်ပိုင်ခန္ဓာကိုယ်များ ပြန်ထွက်လာသည်။ ထို့နောက် ၎င်းတို့သည် ပင်လယ်ဆီသို့ ထပ်မံ ဦးတည်လိုက်ကြသည်။
‘အဲ့ကောင်က တကယ် အသက်ကိုးသက် ရှိတာပဲ’
ကျန်းရီသည် နောက်မှ မလိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာရှိ ပင်လယ်ရေက မည်းနက်နေပြီး သူ၏ကောင်းကင်စိတ်အာရုံက ပင်လယ်ထဲသို့ အာရုံမခံနိုင် ဖြစ်နေသည်။ ရေထဲတွင် အဆိပ်ရှိနေမည်ကို ကျန်းရီ စိုးရိမ်သည်။ မိစ္ဆာအရှင်၏ ခေါင်းခုနစ်လုံးက ပျက်စီးသွားပြီဖြစ်၍ ခေါင်းနှစ်လုံးသာ ကျန်တော့သည်။ ထိုမိစ္ဆာအရှင်၏ အတွင်းအားကလည်း အပြင်းအထန် ဒဏ်ရာရသွားလောက်သည်။ ၎င်းက သူတို့အတွက် အန္တရာယ်ရှိတော့မည် မဟုတ်ပေ။
ဝှစ်...
ကျန်းရှောင်နူက ရှောင်ဖေးကို ပွေ့၍ ပျံသန်းလာပြီး ကျန်းရီကို တလေးတစား ကြည့်လိုက်သည်။
“သခင်လေး... သခင်လေးရဲ့ နတ်ဘုရားဇီဝိန်ခြွေက အများကြီးပိုပြီး စွမ်းအားကြီးလာပြီ။ အခုဆို သခင်လေးက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တွေကိုတောင် အလွယ်လေး သတ်ပစ်နိုင်လောက်ပြီလို့ ကျွန်မ ထင်တယ်”
“အင်း...”
ကျန်းရီလည်း ခံစားမိသည်။ သို့သော် ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များကို သတ်ရန်မူ ခက်ခဲလိမ့်ပေဦးမည်။ ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်များကိုတော့ အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။ သူသည် အစောက မိစ္ဆာအရှင်ကို များစွာအားမထုတ်ရဘဲ အနိုင်ယူနိုင်ခဲ့သည်။ သူ့စွမ်းအားက အမှန်ပင် သိသိသာသာ တိုးတက်လာပြီဖြစ်သည်။
“သွားကြစို့”
ပင်လယ်နက်ရှိ မိစ္ဆာအရှင်များ၏ အစွမ်းကို မြင်ရပြီးနောက် ကျန်းရီ များစွာပို၍ စိတ်အေးလာသည်။ ထို့ကြောင့် သူသည် ရှောင်ဖေးအား ငါးနက်များကို မထိန်းချုပ်စေတော့ပေ။ ကျန်းရှောင်နူကိုသာ သူတို့ကို ပင်လယ်နက်၏ အလယ်ဗဟိုဆီသို့ အမြန်ဆုံး ခေါ်သွားရန် ပြောလိုက်သည်။
ကျန်းရှောင်နူ၏ အမြန်နှုန်းက ပြိုင်ဘက်ကင်းပင်။ သူမက ကျန်းရီထက် အနည်းဆုံး သုံးဆ ပိုမြန်သည်။ လမ်းတစ်လျှောက်တွင် ပင်လယ်မိစ္ဆာများစွာနှင့် တွေ့ခဲ့ရသည်။ သို့သော် အဆင့်နိမ့် မိစ္ဆာများ၏ တိုက်ခိုက်မှုများက ကျန်းရှောင်နူအတွက် မပြောပလောက်ပေ။ အဆုံးမဲ့ပင်လယ်နက်တွင် မြောက်ဘက်ဧကရာဇ်၏ တိုက်ခိုက်မှုများကပင် သူမကို အနိုင်မယူနိုင်ခဲ့သည် မဟုတ်လော။ သို့ဖြစ်ရာ သူမက မည်မျှ လျင်မြန်ကြောင်း သိသာပေသည်။
ကျန်းရီသည် ရှောင်ဖေးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပြန်ပို့လိုက်သည်။ ထို့နောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ကျန်းရှောင်နူက သူတို့ကို ပင်လယ်နက်၏ အလယ်ဗဟိုသို့ ဘေးကင်းကင်းဖြင့် ခေါ်သွားနိုင်မည်ဖြစ်ကြောင်း သူ ယုံကြည်သည်။ ထို့ပြင် သူကလည်း ကြုံတွေ့ရမည့် အန္တရာယ်များကို ကောင်းကင်စိတ်အာရုံဖြင့် ကြိုတင် အာရုံခံနိုင်ပေသည်။
“ဘယ်ဘက်ကသွားလိုက်... ညာဘက်မှာ မိစ္ဆာအရှင်တစ်ပါး ရှိနေတယ်”
“ညာဘက်ကပတ်သွားလိုက်.. အရှေ့က ကျွန်းပေါ်က အဆိပ်မြူခိုးတွေက အရမ်း သိပ်သည်းလွန်းတယ်”
မကြာမကြာဆိုသလို ကျန်းရီက ကျန်းရှောင်နူကို လမ်းညွှန်ပေးနေသည်။ သူတို့ ပင်လယ်နက်၏ အလယ်ဗဟိုရှိ ဆန်းကြယ်နယ်မြေသို့ အမြန်ဆုံးရောက်ရန် လိုအပ်ပေသည်။ လမ်းမှ မိစ္ဆာအရှင်များနှင့် တိုက်ခိုက်နေရန် အကြောင်းမရှိပေ။
တစ်ရက်နှင့် နေ့တစ်ပိုင်း ကြာပြီးနောက် ကျန်းရီသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မောပန်းနေသော ကျန်းရှောင်နူကို ကြည့်လိုက်သည်။
“ကောင်းပြီ... အရှေ့မှာ မိစ္ဆာအရှင်သုံးပါး လာနေတယ်။ ဒီတစ်ခေါက် ငါတို့ ရှောင်လို့ မရတော့ဘူး။ ရှောင်နူ... မင်း နေ့တစ်ပိုင်းလောက် နားနေလိုက်ပါ။ ငါ အဲ့မိစ္ဆာအရှင်သုံးပါးကို သတ်ပြီးမှ ဆက်သွားကြတာပေါ့”
ရွှီး...
ကျန်းရီသည် ကျန်းရှောင်နူကို အထွန့်တက်ရန် အခွင့်အရေး မပေးခဲ့ပေ။ ရုတ်ခြည်းပင် သူသည် သူမကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပို့လိုက်သည်။ ထို့နောက် မီးနဂါးဓား ထွက်ပေါ်လာပြီး သူ့အကြည့်များလည်း အေးစက်သွားသည်။ သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“နောက်ဆုံးတော့ ပင်လယ်နက်ရဲ့ အသန်မာဆုံး မိစ္ဆာအရှင်တွေ ရောက်လာပြီလား။ တကယ့်တိုက်ပွဲ စပြီပေါ့ကွာ”
***