ကာမနတ်ဆိုးမမျိုးနွယ်
Vol. 87 Ch. 1204
အသန်မာဆုံး မိစ္ဆာသားရဲအားလုံးတွင် အသိဉာဏ်ရှိကြသည်။ ပင်လယ်နက်မှ မိစ္ဆာများက အခြားနေရာများမှ မိစ္ဆာများထက် ပိုခက်ထန်ကာ အရိုင်းဆန်သော်လည်း အသိဉာဏ် ရှိကြပေသည်။
ကျန်းရီက ပင်လယ်နက်ထဲမှ မိစ္ဆာများစွာကို သတ်ခဲ့ပြီး မိစ္ဆာအရှင်တစ်ပါးကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့သည်။ ထို့ကြောင့် ပင်လယ်နက်၏ အုပ်စိုးသူများဖြစ်သော အသန်မာဆုံး မိစ္ဆာအရှင်များက လှုပ်ရှားလာကြမည်သာ။ ပင်လယ်နက်က ၎င်းတို့၏ ပိုင်နက်ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့က ကျန်းရီကို မောင်းထုတ်လိုနေသည်မှာ သာမန်သာဖြစ်ပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ပင်လယ်နက်ထဲမှ မိစ္ဆာများ ပျံထွက်လာကြသည်။ မိစ္ဆာအရှင်များ ရောက်မလာသေးသော်လည်း ပတ်ဝန်းကျင်မှ မိစ္ဆာများက စတင်လှုပ်ရှားနေကြပေပြီ။ ကျန်းရီသည် လေထဲတွင် ထိုင်နေသည်။ နဂါးမီးတောက်နတ်ဘုရားဒိုင်းက တလက်လက် တောက်ပနေသည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် မီးနဂါးဓားကလည်း အဆင့်သင့်ဖြစ်နေပေပြီ။ အဝေးမှကြည့်လျှင် ကျန်းရီက နတ်ဘုရားတစ်ပါးနှင့်ပင် တူပေသည်။
ဖုန်း...ဖုန်း...
ကျန်းရီ၏ ဘယ်ဘက်ရှိ ပင်လယ်ပြင်မှနေ၍ လှိုင်းလုံးကြီး တစ်ခု ထလာသည်။ ရေမျက်နှာပြင်တွင် အနက်ရောင်ဦးခေါင်းတစ်လုံး ထွက်ပေါ်လာသည်။ ၎င်းက ရေမြင်းတစ်ကောင်နှင့်တူသည်။ သို့သော် ၎င်း၏မျက်အိမ်များက မည်းနက်ကာ ဗလာဖြစ်နေသည်။ တစ်ကိုယ်လုံးကိုလည်း အနက်ရောင်မြူခိုးများက လွှမ်းခြုံထားသည်။ မိစ္ဆာသားရဲက ကျန်းရီနှင့် ငါးကီလိုမီတာ အကွာတွင် ရပ်သွားပြီး မတိုက်ခိုက်လိုက်ပေ။ ၎င်းသည် အခြားမိစ္ဆာအရှင်နှစ်ပါး ရောက်လာမည်ကို စောင့်နေသကဲ့သို့ပင်။
ဝုန်း...
ကျန်းရီ၏ ညာဘက်ရှိ ပင်လယ်ပြင်က ရုတ်တရက် ထက်ခြမ်းပွင့်သွားပြီး လေထဲသို့ အဖြူရောင်အခိုးအငွေ့များ ထုတ်လိုက်သည်။ ကောင်းကင်တစ်ခြမ်းတွင် အခိုးအငွေ့များ ရစ်သိုင်းသွားသည်။ ထို့နောက် ရေထဲမှနေ၍ လုံဝန်းသော အနီရောင် ခန္ဓာကိုယ်ကြီးတစ်ခု ထွက်လာသည်။ ၎င်း၏ ပါးစပ်မှနေ၍ မီးတောက်များ ထွက်နေသည်။ ကျန်းရီသည် ပတ်ဝန်းကျင်လေထုက ပူလာသည်ကို ခံစားလိုက်ရသည်။ အပူချိန်က ဒီဂရီများစွာ မြင့်တက်လာလေသည်။
‘ပင်လယ်နက်ထဲမှာ မီးဓာတ်မိစ္ဆာအရှင်တွေလည်း ရှိတာလား’
ကျန်းရီ အံ့အားသင့်သွားသည်။ ရေနှင့်မီးက မရောပေ။ ဆိုရလျှင် ဆန့်ကျင်ဘက်များပင် ဖြစ်နေသည်။ မီးဓာတ်မိစ္ဆာသားရဲများကို ပင်လယ်ထဲတွင် တွေ့ရခဲသည်။ သို့သော် ယခုတွင် သူက မီးဓာတ်မိစ္ဆာအရှင်တစ်ပါးကို တွေ့နေရသည်။ ထိုလုံးဝန်းသော မိစ္ဆာအရှင်ကလည်း ကျန်းရီကို မတိုက်ခိုက်လိုက်ပေ။ ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ အလယ်မှ လာသော မိစ္ဆာအရှင်ကသာ ထိုသုံးပါးထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်ပုံပင်။ ထိုမိစ္ဆာအရှင်က ပင်လယ်နက်တစ်ခွင်လုံး၏ ခေါင်းဆောင်ဖြစ်နိုင်သည်။
ကျန်းရီ မလှုပ်မယှက် ဆက်နေလိုက်သည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် တိုက်ပွဲကို သူ ရှောင်လွှဲလိုသည်။ သူက လူကယ်ရန် လာခဲ့ခြင်းဖြစ်သည်။ ပင်လယ်နက်မှ မိစ္ဆာများနှင့် ရန်သူဖြစ်ရအောင် လာခဲ့ခြင်း မဟုတ်ပေ။ မိစ္ဆာအရှင်နှစ်ပါးက သူ့ကို မတိုက်ခိုက်သေးသဖြင့် ကိစ္စများကို ပြောဆိုဆွေးနွေးနိုင်လောက်သည်ဟု သူ မျှော်လင့်နေသည်။
ဝှစ်...
အရှေ့မှနေ၍ လေခွင်းသံ တစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံလိုက်သောအခါ ပို၍ပင် အံ့အားသင့်သွားသည်။
အရှေ့မှ လာနေသူမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်ပင်။ သူမက အလွန်ငယ်ရွယ်ကာ အလွန်လှပသည်။ သူမထံမှနေ၍ ခမ်းနားသော အရှိန်အဝါတစ်ခုကို ရနေသည်။ ထို့ပြင် သူမ ဝတ်ဆင်ထားသော ဝတ်စုံနက်က မလုံမခြုံနှင့်ဖြစ်သည်။ ရင်သားတစ်ဝက်လောက်က ဝတ်စုံအပြင်သို့ ပြူးထွက်နေသည်။ ဂါဝန်မှာလည်း တိုနံ့နံ့ဖြစ်၍ ဖြူဝင်းသော ပေါင်တံလေးများကို မြင်နေရသည်။ သူမက အမှန်ပင် ဆွဲဆောင်မှု ရှိပေသည်။
ဤနေရာက ပင်လယ်နက်ဖြစ်သည်။ အဆိပ်မြူခိုးများက နေရာအနှံ့တွင် ရှိသည်။ ဤနေရာမှ မိစ္ဆာအားလုံးကလည်း အဆိပ်ပြင်းကာ အရုပ်ဆိုးကြသည်။ သို့သော် ထိုကဲ့သို့ ငယ်ရွယ်၊ လှပသည့် မိန်းမပျိုလေးတစ်ယောက်က ဤနေရာတွင် နေထိုင်သည်လော။ ထိုမိန်းမပျိုလေးက ဆွဲဆောင်မှုလည်းရှိသည်။ ယင်းမှာ မယုံနိုင်ဖွယ်ပင်။
ဝတ်စုံနက်နှင့် မိန်းမပျိုလေးက ကျန်းရီနှင့် ကီလိုမီတာများစွာအကွာတွင် ရပ်တန့်လိုက်သည်။ သူမ၏ မျက်ဝန်းနက်များက သူ့ကို အေးစက်စက် ကြည့်နေသည်။
“လူသား... ပင်လယ်နက်က ရှင့်ကို မကြိုဆိုဘူး။ ချက်ချင်း ပြန်လှည့်ပါ... မဟုတ်ရင် သေရမယ်”
ကျန်းရီ အသံထွက်၍ ရယ်လိုက်သည်။ ထိုမိန်းမပျို၏ အရှိန်အဝါက အားကောင်းသည်။ ထို့ပြင် သူမ၏ ပြောပုံဆိုပုံအရ သူမက ပင်လယ်နက်၏ ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ကျန်းရီသည် အနည်းဆုံးတော့ သူမကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိသည်။ ထိုမိန်းမပျိုလေးက မောက်မာနေသော်လည်း ကျန်းရီက တလေးတစား လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျွန်တော်က ကျွန်းရီပါ။ အဆုံးမဲ့ပင်လယ်နက်က အရှင်အောင်းလုနဲ့ မိတ်ဆွေတွေပါ။ အဲ့တော့ ကျွန်တော်က မိစ္ဆာတွေနဲ့ ပတ်သတ်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော် ပင်လယ်နက်ကို လာခဲ့တာက ဒီကမိစ္ဆာတွေနဲ့ ရန်သူဖြစ်ရအောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေတချို့က ပင်လယ်နက်ရဲ့ ဆန်းကြယ်နယ်မြေတစ်ခုထဲမှာ ပိတ်မိနေပါတယ်။ ကျွန်တော်က သူတို့ကို လာရှာတာပါ။ သူတို့ကို ရှာတွေ့တာနဲ့ ချက်ချင်း ထွက်သွားမှာပါ။ ကျွန်တော် မိစ္ဆာတွေကိုလည်း ထပ်သတ်တော့မှာ မဟုတ်ပါဘူး”
“ကျန်းရီ... အောင်းလု...”
ထိုမိန်းမပျိုလေးက မျက်ခုံးပင့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
“သူတို့ကို ကျွန်မ မသိဘူး။ ရှင် ဘယ်သူ့ကို ရှာနေလဲဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ရှင် အခုထွက်သွားရင် သေရမယ်”
“ဟားဟားဟား...”
ကျန်းရီ ထပ်မံရယ်လိုက်သည်။ ထို့နောက် မီးနဂါးဓားကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အဲ့လိုဆိုရင်လည်း ကျွန်တော့်ရဲ့ စွမ်းအားအစစ်အမှန်ကို ရှုစားဖို့ အသင့်ပြင်ထားပေတော့။ ဒါပေမဲ့... ရှုစားရင်း အသက်သေသွားရင်တော့ ကျွန်တော့်အဆိုးမဆိုနဲ့”
“စိတ်ကြီးဝင်နေတာပဲ... သေပေတော့”
မိန်းမပျိုလေးက အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘေးဘယ်ညာမှ မိစ္ဆာအရှင်နှစ်ပါးက ကျန်းရီထံသို့ ဦးတည်သွားလိုက်သည်။ ပင်လယ်ရေပြင်က လှိုင်းထန်သွားပြီး အဆိပ်ရှိသော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ ကျန်းရီကို လွှမ်းခြုံရန် ကြိုးစားလိုက်သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ အောက်ဘက်တွင် သူ သတိမပြုမိခဲ့သော အခြားမိစ္ဆာအရှင်တစ်ပါး ရှိနေသေးသည်လော။
“အရည်ကျို နတ်ဘုရားမီးဖို”
ကျန်းရီ လေသံတိုးတိုးဖြင့် ဆင့်ခေါ်လိုက်သည်။ သူ့လက်ထဲတွင် ဧရာမ ကျောက်မီးဖိုတစ်လုံး ထွက်ပေါ်လာ၏။ မီးဖိုအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်ရာ ပတ်ဝန်းကျင်သို့ အဖြူရောင်မီးတောက်များ ထွက်သွားသည်။ အဆိပ်အခိုးအငွေ့များလည်း လွင့်ပျယ်သွားသည်။ ယင်းမှာ ယန်ကိုးပါးသမာဓိမီးတောက်ပင်။ ၎င်းမီးတောက်သည် အလွန်စွမ်းအားမကြီးသော်လည်း အဆိပ်ငွေ့များကို ဖယ်ရှားရာတွင် အလွန်အသုံးဝင်သည်။
ရွှစ်...ရွှစ်...
ကျန်းရီသည် အခြားလက်တစ်ဘက်ကို သုံး၍ မိုင်တစ်ထောင်ရေခဲလွှမ်းကို ထုတ်လွှတ်လိုက်သည်။ ထိုတာအိုပုံသဏ္ဌာန်က မိစ္ဆာအရှင်များကို များစွာမထိခိုက်စေနိုင်သော်လည်း ပင်လယ်ပြင်ကို အေးခဲသွားစေနိုင်သည်။ ထိုအခါ အဆိပ်ငွေ့များကလည်း ပင်လယ်ထဲတွင်သာ အေးခဲသွားပေလိမ့်မည်။ လေထု အပူချိန်လျော့ကျသွားလျှင် အဆိပ်မြူခိုးများကလည်း နှေးကွေးသွားမည်ဖြစ်သည်။
ဝုန်း...
ဘယ်ဘက်မှ မိစ္ဆာအရှင်က ပင်လယ်ထဲမှ ထွက်လာသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက ကျန်းရီထံသို့ ဦးတည်နေသည်။ မိစ္ဆာအရှင်က ပါးစပ်ဟကာ အနက်ရောင်အရည်များကို ပန်းထုတ်လိုက်သည်။ ထိုအနက်ရောင်အရည်များက ယန်ကိုးပါးသမာဓိမီးတောက်ကို ငြိမ်းသွားစေသည်။ ကျန်းရီနှင့် မီတာသုံးဆယ် အဝန်းအဝိုင်းအတွင်းရှိ အရာအားလုံးက ထိုအနက်ရောင်အရည်၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။
‘အဲ့အနက်ရောင်အဆိပ်က အရမ်းကြောက်စရာကောင်းတာပဲ... နဂါးမီးတောက်နတ်ဘုရားဒိုင်းတောင် ပျက်စီးတော့မယ်’
ကျန်းရီသည် မီးနဂါးဓားကို ဝှေ့ယမ်းလိုက်၏။ သူ ဆက်၍ ညှာတော့မည် မဟုတ်ပေ။ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်ရာ မီးနဂါးသုံးကောင် ထပ်မံထွက်ပေါ်လာသည်။ အနက်ရောင်အဆိပ်ရည်များက ချက်ချင်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ ထို့နောက် မီးနဂါးသုံးကောင်သည် ရေမြင်းကြီး၏ ဟထားသော ပါးစပ်ကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်ကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
ရေမြင်းကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက အနောက်သို့ လွင့်ပျံထွက်သွားသည်။ ၎င်း၏ ပါးစပ်နှင့် မျက်နှာတစ်ခြမ်းက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပေပြီ။ သို့သော် ၎င်း ပန်းထုတ်ခဲ့သော အနက်ရောင်အဆိပ်ရည်များက ၎င်း၏ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကာကွယ်ပေးခဲ့သည်။ မီးနဂါးများ၏ စွမ်းအင်အများစုက အဆိပ်ရည်၏ စုပ်ယူမှုကို ခံလိုက်ရသည်။ ထို့ကြောင့် ရေမြင်းကြီးက သေမသွားခြင်း ဖြစ်ပေသည်။
“ဟူ...ဟူ...ဟူ...”
ညာဘက်ရှိ လုံးဝန်းသော သားရဲကြီးကလည်း ယခုတွင် လေထဲသို့ ရောက်နေပေပြီ။ ၎င်းသည်လည်း ပါးစပ်ဟကာ မီးတောက်နက်များ မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်နက်များက ကျန်းရီကို ဝန်းရံသွားသည်။ ကျန်းရီ၏ အမြန်နှုန်းက ရှောင်နူလောက် မကောင်းပေ။ သူ မီးတောက်နက်များကို မရှောင်နိုင်လိုက်။ ထိုမီးတောက်များကို ခုခံရန် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကိုသာ အားကိုးရပေတော့မည်။
ကျန်းရီက မီးဒဏ်ခံနိုင်သည်။ သို့သော် ထိုမီးတောက်နက်များက သာမန်မဟုတ်ကြောင်း ထင်ရှားသည်။ ကျန်းရီ၏ ခန္ဓာကိုယ်က အကြည်ရောင်အကာအရံအလွှာတစ်ခုကို အလိုလို ထုတ်၍ မီးတောက်များကို ကာကွယ်လိုက်သည်။ မီးတောက်စွမ်းအင်အချို့ကိုလည်း စုပ်ယူလိုက်သည်။ သို့သော် မီးခိုးနက်များက အကာအရံအလွှာကို ဖောက်ဝင်နေပေသည်။ သူ ချက်ချင်း အသက်ရှူအောင့်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ထဲသို့ အတွင်းအား ထည့်သွင်းလိုက်သည်။ မီးခိုးနက်များကို ခုခံရန် ချပ်ဝတ်ကိုသာ အားကိုးရပေမည်။
ရွှီ...ရွှီ...
ပင်လယ်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာအရှင်က ရေခဲပြင်ကို ဖြတ်၍ အနက်ရောင် အခိုးအငွေ့များ ထပ်မံ ထုတ်လွှတ်လိုက်သည်။ ၎င်းအခိုးအငွေ့များက ကျန်းရီကို လွှမ်းခြုံသွားသည်။
ရွှီး...
ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ ၎င်းက မီးခိုးနက်များကို ခုခံပေးခဲ့သည်။ သို့သော် ယခုတွင် ကျန်းရီသည် မမြင်နိုင်၊ မကြားနိုင်၊ မပြောနိုင် ဖြစ်နေပေပြီ။ အကာအရံအလွှာထဲတွင် မီးခိုးနက်များ ပြည့်နေသည်။ ထို့ကြောင့် သူ မမြင်နိုင်၊ မကြားနိုင်တော့ခြင်းပင်။ သူသည် ကောင်းကင်စိတ်အာရုံကိုသာ အသုံးပြု၍ လုံးဝန်းသော မိစ္ဆာအရှင်ကို အာရုံခံနေရသည်။
“အာ...”
ထိုအခိုက်တွင် ကျန်းရီသည် သူ့အရှေ့မှ မိန်းမပျိုလေးက စတင် လှုပ်ရှားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမက သူ့ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာနေသည်။ ထို့နောက် သူမ ပျောက်ကွယ်သွားပြီး အနက်ရောင်မြားတံတစ်ချောင်း ထွက်ပေါ်လာသည်။
“မဖြစ်ဘူး.. ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ကာလိုက်”
ကျန်းရီ ရင်ခုန်ရပ်သွားသည်။ သူ၏ စိတ်ဝိညာဉ်ကလည်း အန္တရာယ်ကို ခံစားလိုက်ရ၍ တုန်လှုပ်သွားသည်။ ထိုအနက်ရောင်မြားတံက အလွန်လျင်မြန်သည်။ ထို့ကြောင့် ကျန်းရီသည် နတ်ဘုရားဇီဝိန်ခြွေကို ထပ်မံထုတ်၍ ပြင်ဆင်ချိန် မရလိုက်ပေ။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ထိုတိုက်ခိုက်မှုကို ခုခံနိုင်ပါစေဟုသာ မျှော်လင့်ရတော့မည်။
“ရွှစ်...”
မိန်းမပျို၏ မြားတံက လုံးဝန်းသော မိစ္ဆာအရှင်၏ မီးတောက်နက်များကို တိုက်ရိုက်ဖြတ်သန်းသွားပြီး ကျန်းရီ၏ အကာအရံအလွှာနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို အလွယ်တကူ ဖောက်ဝင်ကာ ကျန်းရီ၏ စိတ်အတွင်းသို့ ဝင်သွားလေသည်။
‘ဟမ်... အဲ့ဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ’
ကျန်းရီ အလွန် တုန်လှုပ်သွားသည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က နတ်ဘုရား အသုံးအဆောင်တစ်ခု ဖြစ်သည်။ ပုံမှန်ဆိုလျှင် ၎င်းက ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုကို အလွယ်တကူ ကာလိုက်နိုင်သင့်သည်။ သို့သော် မကာလိုက်နိုင်ပေ။ ထိုတိုက်ခိုက်မှုက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဖောက်ဝင်သွားသည်။
ယခင်ကဆိုလျှင် ကျန်းရီ တုန်လှုပ်မည် မဟုတ်ပေ။ သူ့တွင် သက်တန့်ဝိညာဉ်လှံ ရှိခဲ့သည်။ ယခုတွင်မူ သက်တန့်ဝိညာဉ်လှံက သူ၏ မူလစိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားပြီဖြစ်သည်။ သို့ဖြစ်ရာ ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုကို သူ မည်သို့ ခုခံရမည်နည်း။
ရွှီး...
မြားနက်က ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ထပ်မံ ပုံစံပြောင်းလဲသွားသည်။ လူသားလေးတစ်ယောက် ထွက်ပေါ်လာသည်။ ထိုလူသားလေးမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေးပင်။
မိန်းမပျိုလေးက ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ရပ်၍ ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“ကျန်းရီ... ရှင်က မိစ္ဆာဧကရာဇ်ကို သတ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတာလား။ ရှင့်မှာ နတ်ဘုရား အသုံးအဆောင်တွေ ရှိတာနဲ့ ရှင့်ကို ဘယ်သူမှ အနိုင်မယူနိုင်တော့ဘူးလို့ ထင်နေလား။ ကျွန်မတို့ ကာမနတ်ဆိုးမ မျိုးနွယ်မှာ မိုးမြေကနေ တိုက်ရိုက်ဆင်းသက်လာနဲ့ မိစ္ဆာအတတ်တွေရှိတယ်။ အောင်းလုကိုယ်တိုင် ရောက်လာရင်တောင် သူက ကျွန်မရဲ့ ကျွန် ဖြစ်သွားရမှာပဲ။ ကဲ... အလိုက်တသိနဲ့ မခုခံဘဲနေပြီး ကျွန်မရဲ့ ကျွန် ဖြစ်လာလိုက်။ မဟုတ်ရင်တော့ ကျွန်မ ရှင့်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်”
***