← Chapters

အညံ့ခံမည်လော၊ သေမည်လော

Vol. 87 Ch. 1205

အညံ့ခံမည်လော၊ သေမည်လော

Vol. 87 Ch. 1205

အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော မိစ္ဆာမလေးက ကျန်းရီကို ကောင်းကောင်းသိထားပုံပင်။ အောင်းလုကိုလည်း သိပုံပေါ်သည်။ အစောတွင် သူတို့ကို မသိဟု ဆိုခဲ့ခြင်းမှာ ကျန်းရီကို သူမအား လျှော့တွက်ကာ သတိလက်လွတ်ဖြစ်သွားစေရန် ဖြစ်လောက်သည်။

မိန်းမပျိုလေး၏ မိစ္ဆာအတတ်က အမှန်ပင် ထူးခြားသည်။ သူမက နတ်ဘုရား အသုံးအဆောင်တစ်ခုကိုပင် ဖြတ်ကျော်နိုင်ခဲ့သည်။ ယခုတွင် သူမသည် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရောက်နေပေပြီ။ ပုံမှန်ဆိုလျှင် မိစ္ဆာအတတ်များ သို့မဟုတ် စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ရန်သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ထူးခြားသော စွမ်းအင်အချို့ကို ပို့လွှတ်ခြင်းသာဖြစ်သည်။ သို့သော် ထိုမိန်းမပျိုသည် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ သူမကိုယ်တိုင် ဝင်သွားနိုင်သည်။

ကျန်းရီသည် ထိုမိစ္ဆာအရှင်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရ၏။ သူ၏ မူလစိတ်ဝိညာဉ်က ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသဖြင့် စဉ်းစားတွေးတောရန်ပင် ခက်ခဲနေသည်။ ထိုအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို မည်သို့မှ မတွေးတောနိုင်ပေ။ ထို့ပြင် မိစ္ဆာအရှင်က သူ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရောက်နေခြင်းဖြစ်ရာ အခြားမည်သူကမှ သူ့ကို မကူညီပေးနိုင်ပေ။ ထိုအခိုက်တွင် သူ၏ ဆန်းကြယ်သော စွမ်းရည်အားလုံးကလည်း အသုံးမဝင်တော့ချေ။

‘တောက်... ငါ့မှာသာ သက်တန့်ဝိညာဉ်လှံ ရှိသေးရင် ပြန်တိုက်ခိုက်လို့ ရသေးတယ်’

ယခုတွင် ကျန်းရီသည် နောင်တရနေ၏။ ဤသို့ ဖြစ်လာမည်ကိုသာ ကြိုသိခဲ့လျှင် သူ့စိတ်ဝိညာဉ်ကို ကာကွယ်မည့် ရှေးဟောင်းအသုံးအဆောင် တစ်ခု၊ နှစ်ခုလောက်ကို သန့်စင်ထားခဲ့ပေမည်။ ယခင်တွင် သူ့၌ သက်တန့်ဝိညာဉ်လှံနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ရှိနေခဲ့၍ စိတ်ဝိညာဉ်ကို ကာကွယ်နိုင်မည့် အတတ်များကို သူ အရေးမစိုက်မိခဲ့ပေ။ အဆုံးမဲ့ပင်လယ်နက်တွင် ဓားဧကရာဇ်က ဝိညာဉ်ဖမ်းပုလွေကို သီမှုတ်လိုက်စဉ်ကလည်း ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ပုလွေသံကို ခုခံ၍ ကျန်းရီကို ကာကွယ်ပေးနိုင်ခဲ့သည်။

ရွှီး...

ကျန်းရီ၏ စိတ်ဝိညာဉ်ကို ကျူးကျော်သူက ရုတ်တရက် အနက်ရောင်မြူခိုးများကို ထုတ်လွှတ်လိုက်သည်။ သူမသည် မြူခိုးများကို ထိန်းချုပ်၍ ကျန်းရီ၏ မူလစိတ်ဝိညာဉ်ထံသို့ သွားစေသည်။

ကျန်းရီ၏ မူလစိတ်ဝိညာဉ်က တောင့်တင်းသွား၏။ ထိုအနက်ရောင်မြူခိုးများက အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ခံစားနိုင်ပေသည်။ မြူခိုးများသည် မူလစိတ်ဝိညာဉ်ထံသို့ ရောက်လာပြီး ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို လွှမ်းခြုံလိုက်သည်။ ဝိညာဉ်တစ်ခုလုံး မြူခိုး၏ လွှမ်းခြုံမှုကို ခံလိုက်ရလျှင် ကျန်းရီက သေချာပေါက် ထိုမိစ္ဆာအရှင်၏ ကျွန် ဖြစ်သွားပေလိမ့်မည်။

ရွှီး...

မီးဝိညာဉ်ပုလဲက ၎င်း၏ ပိုင်ရှင်ကို ကာကွယ်ပေးလိုက်သည်။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က အနီရောင်အလင်း တောက်ပလာပြီး မြူခိုးနက်များကို တွန်းထုတ်လိုက်သည်။ ကျန်းရီ အံ့အားသင့်သွား၏။ သူသည် မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လှည့်ပတ်ပျံသန်းစေ၍ မြူခိုးနက်များကို ရှောင်စေလိုက်သည်။ ထိုသို့လုပ်နေရင်းဖြင့် လွတ်လမ်းကိုလည်း အသည်းအသန် ရှာဖွေနေပေသည်။

“ဟိုးဟိုး...”

ယခုတွင် ကျူးကျော်သူက စိတ်ဝိညာဉ်ပင်လယ်၏ ထောင့်တစ်နေရာတွင် ထိုင်၍ ကျန်းရီကို ခနဲ့လိုက်သည်။

“ရှင်က ခုခံနေတုန်းပဲလား။ ရှင့်ရဲ့ စိတ်ဝိညာဉ်က ကျွန်မရဲ့ မိစ္ဆာအတတ်ကို ခုခံနိုင်လောက်အောင် သန်မာတယ်လို့ ထင်လို့လား။ ကြယ်ရှစ်ပွင့်အဆင့် လူသား သိုင်းပညာရှင်တွေတောင် ကျွန်မက သူတို့ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲ ဝင်လိုက်တာနဲ့ ကျွန်မရဲ့ ကျွန် ဖြစ်သွားရတာပဲ”

မိန်းမပျိုသည် ပြောပြောဆိုဆိုဖြင့် လက်နှစ်ဘက်လုံးကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ကျန်းရီ၏ စိတ်ဝိညာဉ်အရှေ့တွင် စတင်ကခုန်ကာ သူမခန္ဓာကိုယ်မှနေ၍ မြူခိုးနက်များကို ပိုထုတ်လွှတ်လိုက်သည်။ ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်တွင် မြူခိုးနက်များနှင့် ပြည့်နှက်သွားသည်။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က မည်သည့်နေရာသို့ ပြေးပါစေ မြူခိုးနက်များနှင့် ထိတွေ့ရတော့မည်သာ။

‘ငါဘာလုပ်သင့်လဲ’

ကျန်းရီ၏ ဦးနှောက်က အဆတစ်ရာ ပိုမြန်စွာ လည်ပတ်နေသည်။ ကျန်းရီသည် သူ၏ မူလစိတ်ဝိညာဉ်က တိုက်ခိုက်ခံနေရသည်ကို ကြည့်နေရသည်။ ထို့ကြောင့် အတွေးများ ဗလာဖြစ်နေသည်။ သူက အချိန်မရွေး ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားကာ မိစ္ဆာအရှင်၏ ကျွန် ဖြစ်လာတော့ပေမည်။

‘စွန့်စားကွာ...’

ကျန်းရီ အံကြိတ်၍ အော်လိုက်သည်။ ထို့နောက် မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ ကျူးကျော်သူဆီသို့ ဦးတည်ပျံသန်းသွားစေလိုက်သည်။ သူ၏ မူလစိတ်ဝိညာဉ်က အလွန်အရေးပါသည်။ ၎င်းသာ ပျက်စီးသွားလျှင် သူ အသက်ဆုံးရှုံးရပေလိမ့်မည်။ သို့သော် ယခုတွင် အခြားရွေးချယ်စရာ မရှိပေ။ သူမကို သူနှင့်အတူ သေရွာသို့ အပါခေါ်သွားရန်သာ တတ်နိုင်တော့သည်။

ကျန်းရီသည် ချောင်ပိတ်ခံနေရပြီဖြစ်၍ ပြန်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ ထိုတိုက်ပွဲကို သူ မနိုင်လျှင် သေရပေမည်။

ရွှီး...ရွှီး...

မီးနဂါးဓားလေးက အနီရောင်အလင်းဖြင့် မျက်စိကျိန်းဖွယ် တောက်ပနေပြီး ကျူးကျော်သူထံသို့ ဦးတည်ပျံသန်းနေသည်။ ၎င်းက အလွန်မလျင်မြန်သော်လည်း နတ်ဘုရားဝိညာဉ် ဖြစ်နေပြီဖြစ်ရာ ယခင်က စိတ်ဝိညာဉ်အ‌ဟောင်းထက် အနည်းဆုံး ဆယ်ဆ ပိုမြန်ပေသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်က အလွန်ကြီးမားသည်။ သို့သော် မကြာခင်မှာပင် မီးနဂါးဓားလေးက မိစ္ဆာအရှင်လေးဆီ ရောက်ရှိသွားသည်။

“ဟင်းဟင်း...”

မိန်းမပျိုက ခြောက်ကပ်ကပ်ရယ်လိုက်ပြီး ချက်ချင်း မြူခိုးနက်များအဖြစ် ပြောင်းလဲသွားသည်။ မီးနဂါးဓားလေးက မြူခိုးနက်များကိုသာ ထိုးဖြတ်သွားရသည်။ ဓားဖြတ်သွားပြီးမှ မြူခိုးနက်များက မိန်းမပျိုအဖြစ် ပြန်ပေါင်းစည်းသွားသည်။ သူမသည် ကျန်းရီ၏ မူလစိတ်ဝိညာဉ်ကို လှည့်ကြည့်၍ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ရုန်းကန်မနေပါနဲ့တော့။ ဘာမှ အသုံးမဝင်ဘူး။ ရှင့်ရဲ့ အားနည်းတဲ့ နတ်ဘုရားဝိညာဉ် မပြောနဲ့... ရှင့်မှာရှိတဲ့ စွမ်းအားအကြီးဆုံး စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကတောင် ကျွန်မကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ရွှစ်...

ကျန်းရီသည် မိန်းမပျို၏ စကားကို မယုံပေ။ သူသည် မီးနဂါးဓားလေးကို ထိန်းချုပ်၍ သူမထံ ထပ်ခါ၊ ထပ်ခါ ပျံသန်းသွားစေလိုက်သည်။ သို့သော် ထပ်ခါ၊ ထပ်ခါ လေကိုသာ ထိုးမိခဲ့သည်။

ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် မြူခိုးနက်များ ပိုများလာပြီဖြစ်သည်။ မီးနဂါးဓားလေး၏ တစ်ဝက်လောက်ကို မြူခိုးနက်များက လွှမ်းခြုံထားပေပြီ။ ကျန်းရီ၏ အသိစိတ်က အားနည်း၍ လာသည်။ အားနည်းနေသည့် အခိုက်တွင် သူ့အတွေးထဲ၌ သူက မိစ္ဆာအရှင်၏ကျွန် ဖြစ်နေသော ပုံရိပ်များ ပြည့်နှက်သွားသည်။ သူက အသေကောင်တစ်ကောင်ကဲ့သို့ လမ်းလျှောက်ကာ ပင်လယ်နက်ထဲတွင် ထာဝရပိတ်မိနေပုံကိုလည်း တွေးမိလေသည်။

‘မဖြစ်ဘူး...’

ကျန်းရီသည် အခြားတစ်ယောက်၏ ကျေးကျွန် အဖြစ်ခံမည့်အစား အသေသာခံမည့် လူစားမျိုးဖြစ်သည်။ သူသည် ဝမ်းခေါင်းသံကြီးဖြင့် အော်လိုက်ပြီး မီးနဂါးဓားလေးကို မိန်းမပျိုဆီသို့ ထပ်မံ ပျံသန်းသွားစေလိုက်သည်။

သို့သော်...

မိန်းမပျိုလေးက မြူခိုးနက်အဖြစ် ထပ်မံ ပြောင်းလဲသွားသည်။ သူမကို မည်သို့မှ ဖမ်းမမိပေ။ ရေကို သံမဏိလက်သီးဖြင့် ထိုးနှက်နေသကဲ့သို့ပင်။ ကျန်းရီသည် ကြိုးစားသမျှ အရာမထင်သဖြင့် မချင့်မရဲဖြစ်ကာ သွေးအန်သွားသည်။ ယခုတွင် သူ အကြံကုန်နေပေပြီ။

ထိုအခိုက်၌ ကျန်းရီသည် အဘယ်ကြောင့် ထိုမိစ္ဆာအရှင် မိန်းမပျိုက မောက်မာနေခဲ့ရကြောင်း သဘောပေါက်သွားသည်။ သူမက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်သွားလျှင် ထိုသိုင်းပညာရှင်သည် သေချာပေါက် သူမ၏ ကျွန် ဖြစ်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ သူမ၏ခန္ဓာကိုယ်ကို မတိုက်ခိုက်နိုင်၍ပင်။ သူမက သူတို့၏ စိတ်ဝိညာဉ်ကို ဖမ်းမိလျှင် သူတို့သည် သူမ၏ ထိန်းချုပ်မှုကို ခံရမည်ဖြစ်သည်။

တဖြည်းဖြည်းဖြင့် ကျန်းရီ၏ မူလစိတ်ဝိညာဉ်က မြူခိုးနက်များ၏ လွှမ်းခြုံမှုကို ပိုခံလာရသည်။ ယခုတွင် မူလစိတ်ဝိညာဉ်၏ တစ်ဝက်ကျော်ကျော်က မြူခိုးနက်များ၏ လွှမ်းခြုံမှုကို ခံထားရပြီဖြစ်သည်။ ကျန်းရီ၏ အတွေးကလည်း ပို၍ဗလာဖြစ်လာသည်။ သူ လုံးဝ လက်လျှော့လိုက်ပေပြီ။ သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ သူ သေရမည်ဆိုလျှင်ပင် သူမ၏ကျွန် မဖြစ်လိုပေ။

ထိုနောက်ဆုံးအခိုက်အတန့်တွင် ကျန်းရီသည် သူ၏ မူလစိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်ရန် ကြိုးစားလိုက်သည်။ သူရဲကောင်းတစ်ယောက်သည် မည်သို့မှ မိစ္ဆာအရှင်တစ်ပါး၏ကျွန် ဖြစ်လိုမည် မဟုတ်ပေ။ အခြားတစ်ယောက်က မိမိစိတ်အား ထိန်းချုပ်သည်ကို ခံမည့်အစား သေရန်ပင် ‌ရွေးချယ်ပေမည်။

“အရူး...”

ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ အသံတစ်သံ ပဲ့တင်ဝင်လာသည်။ ရုတ်တရက် သူ့အတွေးများ ကြည်လင်သွားသည်။ သူ၏ မီးနဂါးဓားအစစ်က တုန်ခါလာလာပြီး ထူးဆန်းသော စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်က သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားသည်။ မကြာခင်မှာပင် စွမ်းအင်သည် သူ့စိတ်ဝိညာဉ်ပင်လယ်အတွင်းနှင့် မူလစိတ်ဝိညာဉ်အတွင်း၌ စုစည်းလိုက်သည်။

ထို့နောက် ရှင်းလင်းသော အသံက ထပ်မံ ပြောလိုက်သည်။

“မင်းက စွမ်းအားကြီးတဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာတောင် အဲ့ဒါကို ဘယ်လိုသုံးရမယ်ဆိုတာ မသိဘူး။ မင်းက ကိုယ့်ရဲ့ မူလစိတ်ဝိညာဉ်ကိုတောင် ဖျက်ဆီးပစ်ဖို့ တွေးနေတယ်ပေါ့လေ။ ဒီစိတ်ဝိညာဉ်ဓားကို ဘယ်လိုသုံးရတယ်ဆိုတာကို ကြည့်ထား”

ရွှီး...

ကျန်းရီ၏ မူလစိတ်ဝိညာဉ်က လင်းလက်လာပြီး လှည့်ပတ်ပျံသန်းလိုက်သည်။ ထိုအခိုက်တွင် သူ၏ စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးက လည်နေသည်ဟု ထင်ရသည်။ မြူခိုးနက်အားလုံးက မူလစိတ်ဝိညာဉ်ထံသို့ ဆွဲစုပ်ခံလိုက်ရသည်။ မီးနဂါးဓားလေးပေါ်မှ နဂါးပုံသဏ္ဌာန်သုံးခုက တဖြည်းဖြည်း အဝေးသို့ မျောလွင့်သွားသည်။ ထို့နောက် နဂါးဟိန်းသံ သုံးသံနှင့်အတူ မီးနဂါးသုံးကောင် ပေါ်ထွက်လာပြီး မိန်းမပျိုလေးထံသို့ ဦးတည်ပျံသန်းသွားလေသည်။

‘ဒါက...ဒါက...’

ကျန်းရီတစ်ယောက် အလွန်အံ့အားသင့်သွားသည်။ ထိုစွမ်းအင်က အမှီအခိုကင်းသော ဝိညာဉ်လော။ ထိုဝိညာဉ်က သူ၏ ကိုယ်ပိုင်မူလဝိညာဉ်ကို ထိန်းချုပ်၍ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်သည်လော။

ကျန်းရီသည် ထူးဆန်းသော အရာများစွာကို မြင်ဖူးခဲ့ပေပြီ။ သို့သော် ယခုအဖြစ်က အထူးဆန်းဆုံးပင်။ ထိုအကြောင်းကို ပြောပြလျှင် မည်သူကမှ သူ့ကို ယုံမည် မဟုတ်ချေ။ ထိုဝိညာဉ်က မီးနဂါးဓားအစစ်မှ ထွက်လာခဲ့ခြင်းလော။ ယင်းက မီးနဂါးဓား၏ အသုံးအဆောင်ဝိညာဉ်လော။

‘ဟုတ်တယ်... အဲ့ဒါက အသုံးအဆောင်ဝိညာဉ်ပဲ’

ကျန်းရီသည် ခံစားကြည့်ပြီးနောက် ထိုဝိညာဉ်က အသုံးအဆောင်ဝိညာဉ်၏ အရှိန်အဝါရှိကြောင်း သိလိုက်ရသည်။ သို့သော် အသုံးအဆောင်ဝိညာဉ်တစ်ခုက အဘယ်ကြောင့် ထိုမျှစွမ်းအားကြီးနေရသနည်း။ ထို့ပြင် ၎င်းက ပိုင်ရှင်၏ မူလစိတ်ဝိညာဉ်ကိုပင် ထိန်းချုပ်ကာ ပိုင်ရှင်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တာအိုပုံသဏ္ဌာန်များကို ထုတ်လွှတ်နိုင်နေသည်။ ထုတ်လွှတ်လိုက်သော တာအိုပုံသဏ္ဌာန်ကလည်း ကြယ်ကိုးပွင့်အဆင့်ဖြစ်သည့် နတ်ဘုရားဇီဝိန်ခြွေ ဖြစ်နေသည်။ ၎င်းအသုံးအဆောင်ဝိညာဉ်၏ စွမ်းအားက ကြောက်မက်ဖွယ်ပင်။

“အာ...”

မိစ္ဆာအရှင်သည် ရှောင်ရန် ကြိုးစားလိုက်သော်လည်း နတ်ဘုရားဇီဝိန်ခြွေက မိုးမြေစွမ်းအားကို သုံး၍ သူမကို ဖိနှိပ်ထားသည်။ သူမ မလှုပ်နိုင်တော့ပေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များမှ ဖြစ်တည်လာသော မီးနဂါးသုံးကောင်က သူမထံသို့ ပျံဝင်လာသည်ကို ရပ်၍သာ ကြည့်နေရတော့သည်။

“ဟင့်အင်း... ကျွန်မကို မသတ်ပါနဲ့...”

မိစ္ဆာအရှင်သည် နဂါးသုံးကောင်၏ စွမ်းအားကို ခံစားလိုက်ရ၍ ချက်ချင်း မျက်နှာဖြူဖျော့သွားသည်။ သူမသည် မိစ္ဆာအတတ်ကို အသုံးပြု၍ ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် သူမ အသေးစားလေး အသတ်ခံလိုက်ရလျှင် သူမ၏ စိတ်ဝိညာဉ်တစ်ခုလုံးလည်း ပျက်စီးသွားမည်ဖြစ်သည်။

ဝုန်း...ဝုန်း...

မီးနဂါးသုံးကောင်က အရှေ့သို့ ဆက်ပျံလာကာ မိစ္ဆာအရှင်အသေးစားလေးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ပစ်လိုက်သည်။ သို့သော် နဂါးနှစ်ကောင်က တိုက်ခိုက်ပြီးနောက်တွင် နောက်ဆုံးနဂါးက ရပ်တန့်လိုက်သည်။ ၎င်းသည် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လဲထဲတွင် ရပ်ကာ အပိုင်းပိုင်း ပြတ်နေသည့် မိစ္ဆာအရှင်အသေးစားလေးကို အေးစက်ခက်ထန်သော မျက်လုံးများနှင့် ငုံ့ကြည့်လိုက်သည်။

“မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အညံ့ခံမလား၊ သေမလား”

‘လခွမ်းဟ’

ကျန်းရီ ကျောစိမ့်အောင် တုန်လှုပ်သွားသည်။ ထိုအသုံးအဆောင်ဝိညာဉ်က ထိုမိစ္ဆာအရှင်၏ ဝိညာဉ်ကို ကျွန်အဖြစ် ထားလိုနေခြင်းလော။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှင်တစ်ပါး၏ ဝိညာဉ်ကို မည်သို့ ထိန်းချုပ်မည်နည်း။ သူမကို အရှင်ထားလျှင် မလုံခြုံနိုင်ပေ။ ထိန်းချုပ်မှု လွတ်သွားသည်နှင့် သူမက ကျန်းရီ၏ မူလစိတ်ဝိညာဉ်ကို ဝါးမျိုပစ်လိုက်နိုင်ပေသည်။

***

All Chapters