← Chapters

စူးရှသော အရသာ

Vol. 87 Ch. 1206

စူးရှသော အရသာ

Vol. 87 Ch. 1206

မူလတွင် မီးနဂါးဓား၌ အသုံးအ‌ဆောင်ဝိညာဉ် မရှိခဲ့ပေ။ မီးနဂါးဓားက ဆန်းကြယ်နတ်ဘုရားဓားနှင့် ပေါင်းစည်းလိုက်၍သာ အသုံးအဆောင်ဝိညာဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအသုံးအ‌ဆောင်ဝိညာဉ်က ဆန်းကြယ်နတ်ဘုရားဓား၏ အသုံးအဆောင်ဝိညာဉ်ဟု ဆိုနိုင်သည်။

ဆန်းကြယ်နတ်ဘုရားဓားက နတ်ဘုရား အသုံးအဆောင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အသုံးအဆောင်ဝိညာဉ် ရှိခြင်းမှာ သာမန်သာဖြစ်သည်။ သို့သော် ထိုအသုံးအဆောင်ဝိညာဉ်က အလွန်အသိဉာဏ်ရှိနေပေသည်။

အသုံးအဆောင်ဝိညာဉ်က ၎င်း၏ပိုင်ရှင်၏ မူလစိတ်ဝိညာဉ်ကိုပင် ထိန်းချုပ်နိုင်သည်လော။ ကျန်းရီသည် ယင်းကြောင့် ပို၍တုန်လှုပ်နေခြင်းဖြစ်သည်။ မိမိထိန်းချုပ်၍ မရသော အရာများက အမြဲကြောက်စရာကောင်းသည်။ သက်တန့်ဝိညာဉ်လှံအပေါ်တွင်လည်း သူ ထိုသို့သာ ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ၎င်းကို ဖျက်ဆီးပစ်ရန်ပင် တွေးမိခဲ့ခြင်းဖြစ်သည်။

ယခုတွင် အသုံးအဆောင်ဝိညာဉ်က မိစ္ဆာအရှင်၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ရန် ကျန်းရီ မျှော်လင့်နေသည်။ သို့သော် သူသည် အသုံးအဆောင်ဝိညာဉ်ထံသို့ အသံမပို့လွှတ်နိုင်သလို ၎င်းကို မည်သို့ထိန်းချုပ်ရမည်ကိုလည်း မသိပေ။ ထို့ကြောင့် အသုံးအဆောင်ဝိညာဉ် လုပ်သမျှကို ကြည့်၍သာ နေရသည်။

“အရှင်... ကျွန်မကို ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ။ ကျွန်မ အရှင့်ကို ဘယ်တော့မှ ရန်သူလို ဆက်ဆံတော့မှာ မဟုတ်ပါဘူး”

မိစ္ဆာအရှင်သည် မိန်းမပျိုလေးပုံစံ ပြန်ဖြစ်နေပေပြီ။ သူမသည် မီးနဂါးရှေ့တွင် တုန်ယင်နေသည်။ အသုံးအဆောင်ဝိညာဉ်က ထိုမီးနဂါးကို ပူးထားသဖြင့် နဂါးက ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် မိန်းမပျိုလေးသည် ထိုမီးနဂါးကို မည်သို့မှ ယှဉ်နိုင်မည်မဟုတ်ဟု ခံစားနေရသည်။ သူမတို့က အဆင့်မတူပေ။

“အဲ့ဒါဆိုလည်း သေလိုက်တော့”

မီးနဂါးက မိန်းမပျိုထံသို့ စွမ်းအားအပြည့်ဖြင့် ဦးတည်ပျံသန်းသွားလိုက်သည်။ နတ်ဘုရားဇီဝန်ခြွေ တာအိုပုံသဏ္ဌာန်မှ ဖြစ်ပေါ်လာသော ထိုမီးနဂါးသည် ၎င်း၏ ပျံသန်းမှုကို ကိုယ်တိုင်ထိန်းချုပ်နိုင်သည်။ စိတ်ကြိုက် ရပ်တန့်နိုင်၊ ပျံသန်းနိုင်သည်။

“ကျွန်မ အညံ့ခံပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ အရှင်”

မီးနဂါးနှင့် မထိတိုက်ခင်တွင် မိန်းမပျိုက အသည်းအသန် အော်ပြောလိုက်သည်။ နဂါးက သူမအရှေ့တွင် စက္ကန့်ပိုင်းမျှ ရပ်တန့်သွားသည်။ သို့သော် ပြီးနောက်တွင် သူမကို တစ်ကိုယ်လုံး ဝါးမျိုပစ်လိုက်လေသည်။ ထို့နောက် ၎င်းသည် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဆက်လက် ပျံသန်းနေသည်။ အတော်ကြာပြီးမှ ၎င်းသည် မီးနဂါးဓားထဲသို့ ပြန်ဝင်ကာ ပျောက်ကွယ်သွားလေသည်။

“လခွမ်း...”

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို သုံး၍ သူ၏ စိတ်ဝိညာဉ်ပင်လယ်ကို အာရုံခံကြည့်လိုက်သည်။ မြူခိုးနက်များ အရိပ်အယောင်ပင် မကျန်ခဲ့ပေ။ မိစ္ဆာအရှင်လည်း ပျောက်ကွယ်သွားပေပြီ။ သူမ၏ ဝိညာဉ်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ ထို့ကြောင့် သူသည် မီးနဂါးဓားကို ချက်ချင်း အာရုံခံလိုက်ပြီး အသုံးအဆောင်ဝိညာဉ်နှင့် မိစ္ဆာအရှင်တို့ကို ရှာလိုက်သည်။ သို့သော် မတွေ့ပေ။

ဟူး...ဟူး...

ကျန်းရီသည် မျက်လုံးဖွင့်၍ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်သည်။ သူ့ခန္ဓာကိုယ် အနီးတွင် မြူခိုးနက်များကို တွေ့လိုက်သောအခါ သူ သတိကပ်လိုက်သည်။ အပြင်တွင် မိစ္ဆာအရှင်နှစ်ပါး ရှိနေသေးသည် မဟုတ်လော။ မိန်းမပျို မိစ္ဆာအရှင်က သူ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်သွားသည်မှာ စက္ကန့်ပိုင်းသာ ရှိပေသေးသည်။ အပြင်ဘက်မှ မိစ္ဆာအရှင်တစ်ပါးက မီးတောက်နက်များ မှုတ်ကာ မိန်းမပျိုက သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လုပ်ခဲ့သကဲ့သို့ မြူခိုးနက်များ ထုတ်လွှတ်နေသည်။

“သေပေတော့”

ကျန်းရီသည် အသုံးအဆောင်ဝိညာဉ်နှင့် မိန်းမပျိုတို့ကို အာရုံမစိုက်သေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် မီးနဂါးဓားကို ယမ်းကာ နတ်ဘုရားဇီဝိန်ခြွေကို ထပ်မံ ထုတ်လွှတ်လိုက်သည်။ လုံးဝန်းသော မိစ္ဆာအရှင်က သွေးလုံးကြီးဖြစ်သွားသည်။ ကျန်နေသေးသော မိစ္ဆာအရှင်များသည် တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ၎င်းတို့၏ ခေါင်းဆောင်က ကျန်းရီကို မထိန်းချုပ်နိုင်ခဲ့သလို ပြန်လည်း ပေါ်မလာတော့ပေ။

“ပြေးမှ...”

ကျန်းရီက ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်သောအခါ ပင်လယ်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာအရှင်က ပင်လယ်ရေနက်ပိုင်းသို့ လျင်မြန်စွာ ကူးခတ်သွားသည်။ အပြင်းအထန် ဒဏ်ရာရထားသော ရေမြင်းကြီးသည်လည်း အဝေးသို့ ထွက်ပြေးသွားသည်။

ကျန်းရီသည် နောက်မှ မလိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများက သူ့ကို တုန်လှုပ်နေစေသေးသည်။ သူသည် လေထဲတွင် ရပ်ကာ သူ့စိတ်ဝိညာဉ်ကို အာရုံခံကြည့်လိုက်သည်။ မည်သည့်ထိခိုက်မှုကိုမှ မတွေ့၍ မီးနဂါးဓားကို ဆက်၍ အာရုံခံကာ အသုံးအဆောင်ဝိညာဉ်ကို ရှာလိုက်သည်။

သို့သော်...

မီးနဂါးဓားကို ဆယ်ကြိမ်ကျော် ရှာပြီးသည်အထိ အသုံးအဆောင်ဝိညာဉ်ကို မတွေ့သလို မိန်းမပျိုကိုလည်း မတွေ့ပေ။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်ပင် ၎င်းတို့ကို ရှာမတွေ့သေးချေ။

ရွှီး...

မီးနဂါးဓားက ရုတ်တရက် လင်းလက်လာသည်။ ဓားထဲမှနေ၍ အနက်ရောင်အခိုးအငွေ့လုံးတစ်လုံး ထွက်လာသည်။ ကျန်းရီ၏ မျက်နှာတည်သွား၏။ ယင်းက မိန်းမပျို၏ အရှိန်အဝါပင်။

မျှော်လင့်ထားသကဲ့သို့ပင်...

အနက်ရောင်အခိုးအငွေ့လုံးက လေထဲတွင် မိန်းမပျိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင် မည်သည့် မောက်မာမှုမှ မရှိတော့သလို သတ်ဖြတ်လိုသည့် အရိပ်အယောင်များလည်း မရှိတော့ချေ။ ထိုအစား သူမက ကျန်းရီကို ကြောက်ရွံ့တကြီး ကြည့်ကာ လက်ဆုပ်၍ ပြောလိုက်သည်။

“မေ့ရူ အရှင့်ကို အရိုအသေပေးပါတယ်”

ကျန်းရီ မျက်ခုံးပင့်လိုက်သည်။ သူ၏ မီးနဂါးဓားက လင်းလက်လာသည်။ သူ ခုတ်ပိုင်းရန် အသင့်ဖြစ်နေပေပြီ။ သို့သော် ထိုအခိုက်တွင် သူ့ခေါင်းထဲ၌ ရှင်းလင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“အရူး... ငါက အဲ့မိစ္ဆာအရှင်ကို ထိန်းချုပ်ပြီးသွားပြီ။ သူ့ကို မင်းကြိုက်တာ လုပ်လို့ရတယ်”

“အို့... ကောင်းပြီလေ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ထိုအသံဆီ အာရုံပို့လွှတ်၍ ပြောလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ။ ဆန်းကြယ်နတ်ဘုရားဓားရဲ့ အသုံးအဆောင်ဝိညာဉ်လား”

အသံအရှိန်အဝါက ဤတစ်ကြိမ်တွင် ပျောက်ကွယ်မသွားပေ။ ထိုအစား အေးစက်စက်လေသံဖြင့် ပြန်ပြောသည်။

“ကောင်စုတ်လေး.. မင်းရဲ့ စွမ်းအားက နိမ့်လွန်းနေတယ်။ မင်း ဆန်းကြယ်ဧကရာဇ်‌လောက် စွမ်းအားကြီးလာရင် ငါ မင်းကို ကိုယ်ထင်ပြမယ်။ မဟုတ်ရင်တော့ မင်း ငါ့ကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး”

ထိုသို့ပြောပြီးသည်နှင့် အသံအရှိန်အဝါက ပျောက်ကွယ်သွားလေသည်။ ကျန်းရီ မည်မျှ ကြိုးစားပါစေ ရှာမတွေ့တော့ပေ။ ကျန်းရီ မျက်လုံးပင့်လိုက်သည်။ အဘယ်ကြောင့် ဆန်းကြယ်နတ်ဘုရားဓား၏ အသုံးအဆောင်ဝိညာဉ်က ထိုမျှ မောက်မာနေရသနည်း။ ဆန်းကြယ်ဧကရာဇ်လောက် စွမ်းအားကြီး ရမည်လော။ ဆန်းကြယ်ဧကရာဇ်လောက် စွမ်းအားကြီးနိုင်ရန် လွယ်သည်ဟု ဒင်းက ထင်နေသလော။

သို့သော် ထိုစကားက ကျန်းရီကို လုံလောက်သော သဲလွန်စများ ပေးခဲ့သည်။ ထိုအသုံးအဆောင်ဝိညာဉ်က အမှန်ပင် ဆန်းကြယ်နတ်ဘုရားဓား၏ ဝိညာဉ် ဖြစ်နိုင်သည်။ ၎င်းသည် ဆန်းကြယ်ဧကရာဇ်နှင့်အတူ တိုက်ပွဲများစွာ ဆင်နွှဲပြီးနောက်တွင် အလွန်အသိဉာဏ်ရှိလာခြင်း ဖြစ်နိုင်သည်။ ၎င်း၏ ပိုင်ရှင်ဟောင်းက ဆန်းကြယ်ဧကရာဇ်ဖြစ်သည်။ ထို့ကြောင့် ၎င်းက ၎င်းကိုယ်၎င်း အထင်ကြီး၍ ကျန်းရီကို အထင်သေးနေခြင်းမှာ သဘာဝကျပေသည်။ ကျန်းရီက ဆန်းကြယ်ဧကရာဇ်လောက် စွမ်းအားကြီးလာမှ ၎င်းသည် သူ့ထံတွင် လိုလိုချင်ချင်ဖြင့် လက်အောက်ခံမည် ဖြစ်သည်။

ထိုအသုံးအဆောင်ဝိညာဉ်နှင့် ယာ့ဇီသားရဲကဲ့သို့ ဝိညာဉ်သားရဲများနှင့် မည်သို့ ကွာခြားသနည်း။ ယာ့ဇီသားရဲသည် စုန်းနတ်ဘုရား၏ အမိန့်များကို နာခံသော်လည်း ကျန်းရီ၏စကားကို နားမထောင်လိုခဲ့ပေ။ ကျန်းရီက စုန်းနတ်ဘုရားလောက် စွမ်းအားကြီးလာမှသာ ယာ့ဇီသားရဲက သူ့ထံတွင် အပြည့်အဝ လက်အောက်ခံခဲ့ခြင်းဖြစ်သည်။

‘ကြည့်ရတာ မီးနဂါးဓားက ပိုပြီးစွမ်းအားကြီးလာနိုင်သေးတဲ့ ပုံပဲ’

ကျန်းရီ၏ မျက်လုံးများ ဝင်းလက်သွားသည်။ အသုံးအဆောင်ဝိညာဉ်က လက်နက်တစ်ခု၏ အဓိကအပိုင်းဖြစ်သည်။ ဥပမာအားဖြင့် အတုအယောင် နတ်ဘုရား အသုံးအဆောင်များက ပိုင်ရှင်၏ စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ပြီးနောက်တွင် များစွာပို၍ စွမ်းအားကြီးသွားမည်ဖြစ်သည်။ ကျန်းရီသည် သူသာ နတ်ဘုရားအသုံးအဆောင်၏ အသုံးအဆောင်ဝိညာဉ်ကို သိမ်းသွင်းနိုင်လျှင် မီးနဂါးဓားက များစွာပို၍ စွမ်းအားကြီးသွားလိမ့်မည်ဟု ယုံကြည်သည်။

ကျန်းရီသည် အတော်ကြာ အတွေးနက်နေပြီးနောက် အတွေးစဖြတ်လိုက်ပြီး သူ့အရှေ့ရှိ လှပသော မိန်းမပျိုကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ပင်လယ်နက်ရဲ့ ခေါင်းဆောင်လား”

မိန်းမပျိုက လက်ဆုပ်ကာ ပြန်ဖြေသည်။

“ဟုတ်ပါတယ် အရှင်။ မေ့ရူက ပင်လယ်နက်ရဲ့ ဧကရီပါ။ ဒီပင်လယ်ထဲက မိစ္ဆာတွေအကုန်လုံးက မေ့ရူရဲ့ အမိန့်ကို နာခံကြပါတယ်။ မိစ္ဆာအရှင်တွေကလည်း မေ့ရူရဲ့ ထိန်းချုပ်မှုအောက်မှာပါပဲ”

“မေ့ရူတဲ့လား... လှလိုက်တဲ့... ရင်သားတွေ...” (တရုတ်စာတွင် မေ့ရူဆိုသည်မှာ လှပသောရင်သားဟု အဓိပ္ပာယ်ရသည်)

ကျန်းရီ၏ အကြည့်က မိန်းမပျို၏ တစ်စွန်းတစ ထွက်နေသော ရင်သားများပေါ်သို့ ရောက်သွားသည်။ သို့သော် ချက်ချင်း အကြည့်လွှဲလိုက်သည်။ သူ ဆက်မကြည့်ရဲပေ။

လူသားများနှင့် မိစ္ဆာများက ပေါင်းဖက်၍ မရပေ။ သူမက မည်မျှ လှပပါစေ မိစ္ဆာတစ်ကောင်သာ ဖြစ်ပြီး သားရဲခန္ဓာ ရှိပေသည်။ သားရဲဓာတ်က ကျန်းရီအတွက် စူးရှလွန်းသည်။ သို့သော် မေ့ရူကို အ‌ရှေ့ဘက် တော်ဝင်နယ်မြေသို့ ပို့လိုက်လျှင်မူ ထိုကဲ့သို့ စူးရှသော အရသာကိုမှ ကြိုက်သည်ဆိုသော ယောက်ျားများစွာ ထွက်ပေါ်လာပေလိမ့်မည်။

“ပင်လယ်နက်ရဲ့ ဧကရီ”

ကျန်းရီ အသိပြန်ကပ်လိုက်သည်။ ဗုဒ္ဓဧကရာဇ်၊ ညဧကရီ၊ ရွှမ်ဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က ပင်လယ်နက်ထဲတွင် ပျောက်ဆုံးနေဆဲဖြစ်သည်။ ထို ပင်လယ်နက်၏ ဧကရီက သူတို့ရှိနေသော နေရာကို သိလောက်သည်။ ထို့ကြောင့် သူ ခပ်သွက်သွက် မေးလိုက်သည်။

“မကြာသေးခင်တုန်းက လူသားတွေ ပင်လယ်နက်ထဲကို လာခဲ့တယ်။ သူတို့ထဲက တချို့က ဧကရာဇ်တွေပဲ။ အခု သူတို့ ဘယ်မှာရှိနေလဲဆိုတာကို မင်းသိလား”

“ဟုတ်ကဲ့.. သိပါတယ်”

မေ့ရူက ခေါင်းညိတ်ကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ပထမအုပ်စုက သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲကို ဝင်သွားတာပါ။ ဒုတိယအုပ်စုက မေ့ရူရဲ့ ထိန်းချုပ်မှုအောက်မှာပါ... အခု သူတို့က မေ့ရူရဲ့ ကျွန်တွေ ဖြစ်နေပါပြီ။ သူတို့ ပင်လယ်နက်နန်းတော်ထဲမှာ ရှိနေပါတယ်”

“လခွမ်း...”

ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ဗုဒ္ဓအင်ပါယာတို့သည်ပင် သူမ၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်လော။ သူ စိတ်လှုပ်တရှား မေးလိုက်သည်။

“မင်းရဲ့ ကျွန်တွေက လွတ်လပ်မှုကို ပြန်ရနိုင်သေးလား”

“ရနိုင်ပါတယ်”

မေ့ရူက ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။

‘အဲ့ အသုံးအဆောင်ဝိညာဉ်က အရမ်းစွမ်းအားကြီးတာပဲ’

ကျန်းရီ ခေါင်းဆတ်လိုက်သည်။ အသုံးအဆောင်ဝိညာဉ်က မေ့ရူကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း ထင်ရှားသည်။ သူမက ကျန်းရီ၏ မေးခွန်းတိုင်းကို တုံ့ဆိုင်းမှုမရှိ ပြန်ဖြေနေသည်။ သူမသည် ဝိညာဉ်ကျွန်တစ်ယောက်နှင့် မခြားပေ။ ယခုတွင် ကျန်းရီ လုံးဝ စိတ်အေးသွားပေပြီ။ သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ငါ့ကို ပင်လယ်နက်နန်းတော်ဆီ အခုချက်ချင်း ခေါ်သွားပါ”

ဗုဒ္ဓအင်ပါယာက ကျန်းရီ၏ ယောက္ခမလောင်းကြီး ဖြစ်သည်။ ဗုဒ္ဓအင်ပါယာနှင့်အတူ ယဉ်အင်ပါယာ၊ ရွှမ်အင်ပါယာနှင့် ညအင်ပါယာတို့လည်း အတူလာခဲ့သည်။ ယဉ်မျိုးနွယ်က သူ့ကို သဘောမကျသော်လည်း ယဉ်ရို့ပင်းက သူ့ဇနီးဆိုသောအချက်က ပြောင်းလဲမသွားပေ။ သူ သူတို့အားလုံးကို ကယ်ရပေမည်။

ဝှစ်...

မေ့ရူက ပင်လယ်ဆီသို့ ပျံသန်းသွားသည်။ သူမ လက်ဝှေ့ယမ်းလိုက်ရာ ပင်လယ်က နှစ်ခြမ်းကွဲသွားပြီး ပင်လယ်အောက်မှ လမ်း‌ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီသည် ရုတ်ခြည်းပင် သူမနောက်သို့ လိုက်၍ ပင်လယ်နက်ထဲသို့ ဝင်သွားလိုက်လေသည်။

ဝေါ...

ကျန်းရီနှင့် မေ့ရူတို့ ပင်လယ်နက်ထဲသို့ ဝင်သွားသောအခါ ရေများက ပြန်စေ့သွားသည်။ ပင်လယ်ရေမျက်နှာပြင်အထက်တွင် ပြန်လည် အေးချမ်းသွားပေပြီ။ ထိုနေရာတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလိုပင်။

***

All Chapters