ကျော်လွှား၍မရနိုင်သော အဟန့်အတားတစ်ခု
Vol. 87 Ch. 1207
ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာနှင့် အခြားသူများက ဗုဒ္ဓဧကရာဇ်တို့ ပျောက်ကွယ်သွားပြီးနောက်တွင် အတူတူ လာခဲ့ကြသည်။ ဗုဒ္ဓအင်ပါယာ၏ စွမ်းအားက ကြယ်ခုနစ်ပွင့်အဆင့်ရှိသည်။ သူသည် ကြယ်ရှစ်ပွင့်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ယဉ်အင်ပါယာ၊ ညအင်ပါယာ၊ ရွှမ်အင်ပါယာနှင့် ကျန်သူများ၏ စွမ်းအားမှာလည်း မဆိုးပေ။ သူတို့က ကြယ်ခြောက်ပွင့်၊ ကြယ်ခုနစ်ပွင့် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။ သူတို့သည် သူတို့နှင့်အတူ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်စုကိုလည်း ခေါ်လာခဲ့ကြသည်။
သို့သော် မေ့ရူ၏ မိစ္ဆာအတတ်များက ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီသည် ထိုအတတ်များ၏ အရသာကို ကိုယ်တိုင် မြည်းကြည့်ခဲ့ပြီးပေပြီ။ ဗုဒ္ဓအင်ပါယာမဆိုထားနှင့် မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့သည်ပင် သူမကို ယှဉ်နိုင်လောက်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် အဘယ်ကြောင့် ဗုဒ္ဓအင်ပါယာတို့ တစ်အုပ်စုလုံးက သူမ၏ ကျွန်များ ဖြစ်သွားကြောင်း နားလည်ပေသည်။ ဗုဒ္ဓဧကရာဇ်တို့ကိုမူ မေ့ရူက မတိုက်ခိုက်ဝံ့ပုံပင်။ ဗုဒ္ဓဧကရာဇ်က ကြယ်ကိုးပွင့်အဆင့် ပညာရှင်တစ်ယောက် မဟုတ်ပါလော။
ပင်လယ်နက်နန်းတော်က ပင်လယ်နက်၏ အတွင်းအကျဆုံး အပိုင်းတွင် တည်ရှိသည်။ ဆိုရလျှင်မူ ၎င်းက အမှန်တကယ် နန်းတော်တစ်ခု မဟုတ်ဘဲ ဂူတစ်ခုဖြစ်သည်။ သို့သော် ဂူကို လှပစွာ အလှဆင်ထားသည်။ အဝေးမှ ကြည့်လျှင် ဂူက တောက်ပနေသည်ကို လှမ်းမြင်ရသည်။ ဂူအပြင်ဘက်တွင် အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ် ရာကျော်က စောင့်ကြပ်နေကြသည်။
“နှုတ်ခွန်းဆက်ပါတယ် ဧကရီ”
မိစ္ဆာဧကရာဇ် ရာကျော်က မေ့ရူထံသို့ အသည်းအသန် ကူးခတ်လာ၍ ဒူးတစ်ဘက်ထောက်ကာ နှုတ်ဆက်လိုက်ကြသည်။ သူတို့အားလုံးက လူသားများနှင့် တူကြသည်။ သူတို့သည် အနက်ရောင် ချပ်ဝတ်ကို ကိုယ်လုံးပြည့် ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ဧရာမ သတ္တုခက်ရင်းခွကြီးများကို ကိုင်ဆောင်ထားသည်။ ထို့ပြင် သူတို့၏ ခေါင်းပေါ်၌ ရွှေရောင်ဦးချိုနှစ်ချောင်း ရှိကြသည်။ ထို့ကြောင့် သူတို့က အရှိန်အဝါကြီးကာ ကြောက်မက်ဖွယ်ကောင်းနေသည်။
မိစ္ဆာဧကရာဇ်များသည် မေ့ရူအနောက်မှ ကျန်းရီကို မြင်လိုက်သောအခါ အံ့အားသင့်သွားကြသည်။ ကျန်းရီက လူသားတစ်ယောက်ဖြစ်သည်။ သို့သော် ကြောက်ရွံ့နေသည့်ပုံ၊ စိတ်ရှုပ်ထွေးနေသည့်ပုံ မပေါ်နေ။ ထိုအစား ပင်လယ်နက်ထဲသို့ အလည်အပတ်ထွက်လာသူ တစ်ယောက်နှင့် တူနေသည်။ ထိုလူသားက သူတို့ဧကရီ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည်လော။ အဘယ်ကြောင့် သူက ထိုမျှ ရဲတင်းနေရသနည်း။
“မေ့ရူ... မင်းရဲ့ နန်းတော်က လှတာပဲ”
ကျန်းရီသည် တလက်လက်တောက်ပနေသော ဂူတံခါးကို တွေ့လိုက်သောအခါ မေ့ရူကို ချီးမွမ်းလိုက်သည်။ ထိုအခါ မိစ္ဆာဧကရာဇ်များ ပို၍ ဒေါသထွက်သွားကြသည်။ သူတို့အားလုံးသည် ကျန်းရီကိုကြည့်နေကြ၏။ စိတ်လှုပ်ရှားပုံ ပေါ်နေကြသော်လည်း ကျန်းရီကို သတ်ပစ်ရန် အသင့်ဖြစ်နေကြပေပြီ။ မေ့ရူ၏ အမိန့်ကို စောင့်နေကြခြင်းသာ။ သို့သော် မေ့ရူက ကျန်းရီဘက်သို့ လှည့်၍ တလေးတစား လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။
“အရှင်... အရှင်က ကြင်နာလွန်းနေပါပြီ”
ထို့သို့ပြောပြီးနောက် မေ့ရူက မိစ္ဆာဧကရာဇ်များကို လှည့်ပြောလိုက်သည်။
“မင်းတို့က ဒီအရှင်ကို နှုတ်မဆက်ကြသေးဘူးလား”
ဒုတ်...
တစ်အုပ်စုလုံး အံ့အားသင့်သွားသည်။ သို့သော် သူတို့သည် ဒူးပြန်ထောက်ကာ ပြောလိုက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် အရှင်”
ကျန်းရီသည် မိစ္ဆာဧကရာဇ်များကို တစ်ချက်ပင် မကြည့်ချေ။ ထိုအစား မေ့ရူအနောက်သို့လိုက်ကာ ဂူထဲသို့ ဝင်သွားလိုက်သည်။ ဂူထဲတွင် အကန့်အသတ်အစီအရင်တစ်ခု ရှိသည်။ သို့သော် ၎င်းက ပင်လယ်ရေများကို ဖယ်ထုတ်ပေးသည့် ရိုးရှင်းသော အစီအရင်တစ်ခုသာ။ ဂူအတွင်းပိုင်းက နန်းတော်တစ်ခုနှင့် ပိုတူသည်။ သူတို့ဝင်သွားသည်နှင့် ကျယ်ဝန်းသော ခန်းမတစ်ခုထဲသို့ ရောက်သွားသည်။ ထိုခန်းမက အတော်လေး ခမ်းနားသည်။ မလုံမခြုံ ဝတ်ဆင်ထားသော အစေခံမလေး ခုနစ်ယောက်၊ ရှစ်ယောက်လောက်က ခန်းမ၏ ပင်မဝင်ပေါက်ဘေးတွင် ဒူးထောက်နေကြသည်။ ကျန်းရီက သူမတို့ကို အေးစက်စက် ကြည့်လိုက်သည်။ ထိုအစေခံမလေးများအားလုံးက လူသားများပင်။
“ဗုဒ္ဓအင်ပါယာ”
ကျန်းရီသည် ခန်းမထဲကို ဝေ့ဝဲကြည့်လိုက်ရာ ဒူးထောက်နေသော ခေါင်းတုံးနှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက ဗုဒ္ဓအင်ပါယာပင်။ သူ့ပတ်ပတ်လည်တွင် အခြား စွမ်းအားကြီး သိုင်းပညာရှင်များ ရှိနေသည်။ သူတို့အားလုံးက ဒူးထောက်ထားကြပေသည်။ သူတို့၏ အကြည့်များက အေးစက်နေကာ သူတို့၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိကြပေ။ သူတို့သည် ခေါင်းပင် မမော့ဝံ့ကြပေ။ သူတို့က အမှန်ပင် ကျွန်များနှင့် မခြားချေ။
ကျန်းရီက ဒေါသဖြင့် အော်လိုက်သည်။ ဗုဒ္ဓအင်ပါယာ၏ မျက်ဝန်းများထဲတွင် ခုခံသည့် အရိပ်အယောင်တစ်ခု ထွက်လာသော်လည်း သူသည် ကျန်းရီကို နားမလည်နိုင်ဟန်ဖြင့် တစ်စက္ကန့်သာ မော့ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့သွားလေသည်။ သူ့မျက်ဝန်းများကလည်း ပြန်၍ အသက်မဲ့သွားသည်။
“အာ...”
ကျန်းရီ စိတ်မကောင်းဖြစ်သွားသည်။ ကျန်းရီ၏ အမြင်တွင် ဗုဒ္ဓဧကရာဇ်က ဂုဏ်သိက္ခာရှိသော လူတစ်ယောက်ဖြစ်သည်။ သာမန်ဧကရာဇ်များသည် သူ့ကို မည်သည့်အခါတွင်မှ သိမ်းသွင်းနိုင်မည် မဟုတ်ပေ။ ရီမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်က တစ်စုံတစ်ယောက်၏ ကျွန်ဖြစ်ကာ ခွေးတစ်ကောင်ကဲ့သို့ ဒူးထောက်နေရလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။
ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ရွှမ်အင်ပါယာတို့ကလည်း အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ကျော်ကြားသည်။ သူတို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လူများစွာ တုန်ယင်သွားမည်ဖြစ်သည်။ ယခုတွင်မူ သူတို့အားလုံးက ကျွန်များ ဖြစ်နေပေပြီ။ ကျန်းရီသည် ထိုအကြောင်းကို တွေးမိရုံဖြင့် သက်ပြင်းချမိပေသည်။
သို့သော် ကျန်းရီသည် မီးနဂါးဓား၏ စွမ်းအားကြီးသော အသုံးအဆောင်ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် သူကိုယ်တိုင်လည်း ဤနေရာတွင် ဗုဒ္ဓအင်ပါယာနှင့် အခြားသူများကဲ့သို့ ဒူးထောက်နေရလိမ့်မည်ဖြစ်ကြောင်း တွေးမိသွားသည်။ သူသည်လည် မေ့ရူ၏ ကျွန်ဖြစ်ကာ ပင်လယ်နက်ထဲတွင် ထာဝရ ပိတ်မိနေပေလိမ့်မည်။
“မေ့ရူ... မင်း သူတို့ကို သူတို့ရဲ့ လွတ်လပ်ခွင့် ပြန်မပေးတော့ဘူးလား”
ကျန်းရီ၏ အကြည့်က မာကြောသွားသည်။ မေ့ရူက လက်ဆုပ်လိုက်၏။ ထို့နောက် သူမ လက်ဝှေ့ယမ်းလိုက်ရာ အားလုံး ထရပ်လိုက်ကြသည်။ သူမသည် အရှေ့သို့ ပျံသွားကာ လေထဲတွင် ဝိညာဉ်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူမသည် မြားနက်တစ်ချောင်းအဖြစ် ပြောင်းလဲကာ ဗုဒ္ဓအင်ပါယာ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်သွားလေသည်။
ရွှစ်...ရွှစ်...
မေ့ရူက လျင်မြန်စွာ လှုပ်ရှားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် ဗုဒ္ဓအင်ပါယာ၏ ခေါင်းထဲမှ ပြန်ထွက်လာပြီး ယဉ်အင်ပါယာ၏ ခေါင်းထဲသို့ ဝင်သွားသည်။ ထို့နောက် ကျန်နတ်ဘုရားတစ်ပိုင်းများ၏ ခေါင်းများထဲသို့ ဆက်ဝင်သည်။
“ဖူး...”
ဗုဒ္ဓအင်ပါယာက သွေးများ အုတ်ထုတ်လိုက်သည်။ သူ့မျက်ဝန်းများလည်း ကြည်လင်လာသည်။ သို့သော် အားနည်းနေဆဲပင်။ ထို့နောက် သူက မေ့ရူကို ကြောက်ရွံ့ဟန်ဖြင့် ကြည့်လိုက်၏။ တစ်ခဏနေမှ ထိုခန်းမထဲတွင် ကျန်းရီလည်း ရှိနေကြောင်း သိသွားလေသည်။
“အာ...”
ယဉ်အင်ပါယာ၊ ရွှမ်အင်ပါယာ၊ ညအင်ပါယာနှင့် အခြားနတ်ဘုရားတစ်ပိုင်း ဆယ်ယောက်ကျော်သည်လည်း သွေးအန်ထုတ်ကာ ကျန်းရီကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ကျန်းရီက လက်ဆုပ်၍ ခပ်သဲ့သဲ့ ပြုံးကာ ပြောလိုက်သည်။
“ကျန်းရီ ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာ၊ ညအင်ပါယာ၊ ရွှမ်အင်ပါယာနဲ့ အကြီးအကဲတို့ကို နှုတ်ခွန်းဆက်ပါတယ်”
ဗုဒ္ဓအင်ပါယာက ပြန်မပြောပေ။ စက္ကန့်အနည်းငယ်ကြာမှ သူ့လက်ထဲတွင် စွမ်းအင်လုံးတစ်လုံး လင်းလက်လာပြီး သူ မေ့ရူကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်များ ရှိနေသည်။ ထိုအခိုက်တွင် ကျန်းရီက လျင်မြန်စွာ အော်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ရပ်လိုက်ပါ။ ကျွန်တော်က ပင်လယ်နက်ရဲ့ ဧကရီကို သိမ်းသွင်းထားပြီးပါပြီ။ သူက အင်ပါယာတို့ကို ထပ်တိုက်ခိုက်တော့မှာ မဟုတ်ပါဘူး”
“အာ...”
ဗုဒ္ဓအင်ပါယာနှင့် အခြားသူများသည် ပို၍ အံ့အားသင့်သွားကြသည်။ မေ့ရူက လက်ဆုပ်ကာ တလေးတစား ပြောလိုက်သည်။
“အားလုံးပဲ... အရင်တုန်းက မေ့ရူ မှားခဲ့တယ်ဆိုတာကို မေ့ရူ သိပါပြီ”
“သိမ်းသွင်းခဲ့တာလား”
ဗုဒ္ဓအင်ပါယာက ချက်ချင်း ကျန်းရီဘက်သို့ လှည့်၍ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... မင်းက အဲ့မိစ္ဆာအရှင်ကို မင်းရဲ့ ဝိညာဉ်ကျွန် ဖြစ်သွားအောင် လုပ်လိုက်တာလား။ မင်း သူ့ကို သိမ်းသွင်းပြီးပြီဆိုတာ သေချာလား။ အဲ့မိစ္ဆာအရှင်က အရမ်းက စွမ်းအားကြီးတယ်။ မင်း မသေချာရင် ငါတို့ အင်အားပူးပေါင်းပြီး သူ့ကို သတ်ပစ်သင့်တယ်”
“ဗုဒ္ဓအင်ပါယာ... မစိုးရိမ်ပါနဲ့။ သူက တကယ်ပဲ ဝိညာဉ်ကျွန် ဖြစ်နေပါပြီ”
ကျန်းရီက ပြုံးကာ မေ့ရူဘက်သို့ လှည့်လိုက်သည်။
“အပြင်ကိုသွားပြီး စောင့်ကြပ်နေပါ။ ဟုတ်သား... အဲ့အစေခံမလေးတွေကိုလည်း လွတ်လပ်ခွင့် ပြန်ပေးလိုက်ပါ။ ပြီးရင် ငါ့ရဲ့ အမိန့်ကို စောင့်နေပါ”
“ဟုတ်ကဲ့ပါ အရှင်”
မေ့ရူက နောက်လှည့်ကာ အစေခံမလေးတစ်စုကို အပြင်သို့ ခေါ်သွားသည်။ ထိုအခါမှ အားလုံးက ကျန်းရီကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ သူတို့သည် ကျန်းရီက မိစ္ဆာဧကရာဇ်ကို မတိုက်ခိုက်ခင်ကတည်းက ပင်လယ်နက်သို့ လာခဲ့ကြခြင်းဖြစ်၍ ထိုနောက်ပိုင်းကိစ္စများကို မသိထားပေ။ ကျန်းရီက မိုးကြိုးအစီအရင်ထဲတွင် ပိတ်မိခဲ့ပြီး အဆုံးမဲ့ပင်လယ်နက်တွင် မိစ္ဆာဧကရာဇ်ကို သတ်ပစ်ခဲ့သည်ကိုလည်း မသိကြပေ။
ယဉ်အင်ပါယာနှင့် ညအင်ပါယာတို့က ကျန်းရီကို ရောထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်ကြသည်။ အထူးသဖြင့် ယဉ်အင်ပါယာက အင်တင်တင် ဖြစ်နေသည်။
ယဉ်ရို့ပင်းက သူ၏ အချစ်ဆုံး သမီးတော်ပင်။ သို့သော် ကျန်းရီက သူမကို သူ့ထံမှ ခိုးယူသွားသည်။ ယဉ်မျိုးနွယ်က ကျန်းရီကို မည်သို့မှ မလုပ်နိုင်ဟူသော အချက်ကပင် ယဉ်အင်ပါယာကို ဒေါသထွက်နေစေပြီဖြစ်သည်။ သို့သော် ယနေ့တွင် သူ့ကို ကယ်ခဲ့သူမှာ ကျန်းရီ ဖြစ်နေသည်။ ထို့ကြောင့် ကျန်းရီသည် သူက မိစ္ဆာအရှင်တစ်ပါး၏ ကျွန်ဖြစ်နေပုံကိုလည်း သေချာပေါက် မြင်ခဲ့ပေမည်။ သို့ဖြစ်၍ သူသည် အိုးတိုးအန်းတန်းနှင့် စိတ်မသက်မသာ ဖြစ်နေရပေသည်။
“ကျန်းရီ... မင်းက နတ်ဘုရားတစ်ပိုင်း ဖြစ်သွားပြီလား”
ရီချန်က အမြဲပင် ကျန်းရီနှင့် ပတ်သတ်ခဲ့သည်။ ဗုဒ္ဓအင်ပါယာသည် ဗုဒ္ဓဧကရာဇ်နှင့် ရီဖျောင်ဖျောင်တို့ ကြားမှ ကိစ္စများကိုလည်း အပြည့်အဝ သိထားသည်။ သို့သော် သူ့မျက်နှာပေါ်တွင် စိတ်မသက်မသာ ဖြစ်နေသည့် အရိပ်အယောင်တစ်ခုမှ မရှိပေ။ ထိုအစား အလွန်ကျေးဇူးတင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“မဆိုးဘူး... မင်းက နတ်ဘုရားတစ်ပိုင်း ဖြစ်လာပြီ။ အဲ့ဒါက မင်းက ကျော်လွှားလို့ မဖြစ်နိုင်တဲ့ အဟန့်အတားတစ်ခုကို ကျော်နိုင်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ မင်းက ငယ်သေးတယ်.. မင်းမှာ အကန့်အသတ်မဲ့တဲ့ အလားအလာကောင်းတွေရှိတယ်။ ဒီနေ့လည်း မင်းကြောင့်ပဲ ငါတို့ ပြန်လွတ်လပ်ခဲ့ရတာ။ မဟုတ်ရင် ငါတို့ ဘာဖြစ်သွားမလဲဆိုတာကို ဘယ်သူ သိနိုင်မလဲ”
ရွှမ်အင်ပါယာကလည်း လုံးဝ စိတ်သက်သာရာရနေသည်။ လင်းမျိုးနွယ်နှင့် ကျန်းရီတို့ကြားတွင် မည်သည့် ရန်ငြိုးမှ မရှိပေ။ ရွှမ်အင်ပါယာသည် သူ့အနောက်မှ နတ်ဘုရားတစ်ပိုင်းများကို လှည့်ကြည့်လိုက်၏။ ထို့နောက် လက်ဆုပ်ကာ ပြောလိုက်သည်။
“ငါတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီနောင်ကျန်းရီ”
ညအင်ပါယာကလည်း သူ့နောက်မှ နတ်ဘုရားတစ်ပိုင်းများကို ဦးဆောင်၍ ကျန်းရီကို ကျေးဇူးတင်လိုက်သည်။ ယဉ်အင်ပါယာတစ်ယောက်တည်းသာ မာန်မချနိုင် ဖြစ်နေပြီး နှုတ်ဆိတ်နေသည်။
ကျန်းရီက စိတ်မရှိပေ။ ထိုလူက သူ၏ ယောက္ခမ မဟုတ်လော။ ထို့ကြောင့် ပြုံးကာ ပြောလိုက်သည်။
“အားလုံးပဲ ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်တော်က ကံကောင်းသွားတာပါ။ အင်ပါယာတို့၊ အကြီးအကဲတို့အားလုံးက ဂုဏ်သိက္ခာရှိပြီး အင်အားကြီးတဲ့ လူတွေပါ။ ကျွန်တော် မကယ်ရင်လည်း တစ်နေ့နေ့တော့ အဲ့မိစ္ဆာအရှင်ရဲ့ လက်ထဲက လွတ်ကြမဲ့သူတွေချည်းပါပဲ”
ကျန်းရီ၏ စကားများက အင်ပါယာများနှင့် အကြီးအကဲများကို လေးစားသမှု ပြနေ၍ အိုးတိုးအန်းတန်း ဖြစ်ရမှုများ လျော့ကျသွားသည်။ သို့သော် ယင်းက ယဉ်အင်ပါယာကို ပို၍ စိတ်မပျော်မရွှင် ဖြစ်သွားစေသည်။
ယဉ်အင်ပါယာသည် ကျန်းရီက သူ့ကို ခနဲ့ကာ လှောင်ပြောင်နေခြင်းဟု တွေးလိုက်သည်။ ထို့ကြောင့် သူ ကျန်းရီကို နှာခေါင်းရှုံ့၍ ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ကျန်းရီ... ဒီနေ့ မင်းက ငါ့ကို ကယ်လိုက်တာနဲ့ ငါတို့ကြားက ရန်ငြိုးက ပြေသွားမယ်လို့ ထင်နေလား။ မင်း ရို့ပင်းကို ငါ့ကို ပြန်မပေးရင် မင်းနဲ့ ယဉ်မျိုးနွယ်က အမြဲ ရန်သူတွေ ဖြစ်နေမှာပဲ”
ရွှီး...
ထိုအခိုက်တွင် ပင်လယ်နက်အထက်မှ ကောင်းကင်က လည်ပတ်လာသည်။ ကြယ်တာရာစွမ်းအားတန်း သုံးတန်းက ပင်လယ်နက်ထဲသို့ ကျဆင်းလာသည်။ နောက်ဆုံးတွင် စွမ်းအားတန်းများသည် အားလုံး၏ မျက်စိရှေ့မှာပင် ကျန်းရီ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲသို့ ဝင်သွားသည်။ ထို့ကြောင့် အားလုံး အံ့အားသင့်ကာ တိတ်ဆိတ်သွားကြသည်။
ကျန်းရီက ကောင်းကင်စိတ်အာရုံကို သုံး၍ သူ့လက်စွပ်ထဲကို အာရုံခံကြည့်ပြီးနောက် ဝမ်းသာအားရ ထခုန်လိုက်သည်။ ထို့နောက် သူသည် ယဉ်အင်ပါယာဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဟားဟားဟား... ဦးလေးယဉ်... ရို့ပင်းက နတ်ဘုရားတစ်ပိုင်း ဖြစ်သွားပြီ။ မကြာခင် သူထွက်လာပြီး ဦးလေးနဲ့ တွေ့နိုင်တော့မှာပါ”
***