အတူသွားမည်
Vol. 87 Ch. 1208
ယခင်တွင် ယဉ်ရို့ပင်း၏ စွမ်းအားက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင်သာ ရှိခဲ့သည်။ သူမက ကြယ်သုံးပွင့်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုနှင့် ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုတို့ကိုသာ သိမြင်နားလည်ထားသော ကြယ်ငါးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်သာဖြစ်သည်။ သူမသည် ဆန်းကြယ်ဧကရာဇ်၏ ကောင်းကင်ပန်းချီကားတစ်ကားကို လေ့လာပြီးနောက်တွင် လပေါင်းများစွာ အခန်းအောင်း ကျင့်ကြံခဲ့သည်။ နောက်ဆုံးတွင်မူ သူမ အဆင့်တက်နိုင်သွားပေပြီ။
မိုးမြေက ယဉ်ရို့ပင်းကို ကြယ်တာရာစွမ်းအားတန်း သုံးတန်း ချီးမြှင့်လိုက်ပြီဖြစ်သည်။ ယင်းမှာ ယဉ်ရို့ပင်းက နတ်ဘုရားတစ်ပိုင်း ဖြစ်သွားပြီဖြစ်ကြောင်း ပြသသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို အာရုံခံလိုက်သောအခါ ယဉ်ရို့ပင်းက နတ်ဘုရားဝိညာဉ်စုစည်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် ယဉ်ရို့ပင်းသည် ဆန်းကြယ်ဧကရာဇ်၏ ကောင်းကင်ပန်းချီကားကို သိမြင်နားလည်သွားခဲ့စဉ်က မည်သည့် ကြယ်တာရာစွမ်းအားမှ မရရှိခဲ့ပေ။ သူမသည်လည်း မဟာတာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ခဲ့ခြင်းလော။
မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ယဉ်ရို့ပင်းအတွက် အမှန်ပင် ဝမ်းသာမိသည်။ မိနစ်များစွာ ကြာပြီးနောက် ယဉ်ရို့ပင်းက ကြယ်တာရာစွမ်းအားအားလုံးကို စုပ်ယူပြီးသွားသည်။ သူမ မျက်လုံး ဖွင့်လိုက်သည်နှင့် ကျန်းရီသည် သူမကို ချက်ချင်း အပြင်သို့ ခေါ်ထုတ်လိုက်သည်။ သူမအပြင် ရီချန်ကိုလည်း အပြင်သို့ ထုတ်လိုက်သည်။
“အဖေ...”
ရီချန်သည် ဗုဒ္ဓအင်ပါယာကို တွေ့သည်နှင့် မျက်ရည်များ စီးကျလာကာ ဗုဒ္ဓအင်ပါယာ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေသည်။ ယဉ်ရို့ပင်း ပထမဆုံး တွေ့လိုက်သူမှာ ကျန်းရီ ဖြစ်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သူမသည် တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဉ်တွင် ယဉ်အင်ပါယာကို တွေ့လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ခံစားချက်များ ရှုပ်ထွေးသွားသည်။ ပျော်ရွှင်မှုနှင့် အကြောက်တရားတို့ ရောပြွန်းနေသည်။ အတော်ကြာမှ သူမ ယဉ်အင်ပါယာ၏ အရှေ့တွင် ဒူးထောက်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“သမီးမိုက် အဖေ့ကို နှုတ်ခွန်းဆက်ပါတယ်”
“ဟွန်း...”
ယဉ်အင်ပါယာ၏ မျက်ဝန်းများထဲတွင်လည်း ခံစားချက်များ ရောထွေးနေသည်။ သူသည် သေခြင်းမှ လက်မတင်လေးလွတ်ကာ လွတ်လပ်ခွင့်ပြန်ရထားကာစဖြစ်သည်။ ထိုအခိုက်တွင် သူ၏သမီးကို မြင်လိုက်ရသဖြင့် သူ ပျော်ပါသည်။ သို့သော် အနီးတွင် ကျန်းရီ ရှိနေသဖြင့် မာန်မချနိုင်ပေ။ ထို့ကြောင့် သူ နှာမှုတ်ကာ မျက်နှာလွှဲလိုက်သည်။
“ချန်အာလေး... အဖေက သမီးကို ထပ်မတွေ့ရတော့မလို့”
ဗုဒ္ဓအင်ပါယာက ဇင်နှလုံးသားကို ကျင့်ကြံသူဖြစ်သဖြင့် မိမိ၏ နှလုံးသားဆန္ဒအတိုင်း လုပ်တတ်သူဖြစ်ရာ မာနကို အရေးမထားပေ။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုသာ ရှိနေသည်။
ထို့ကြောင့် ရီချန်တစ်ယောက် ပို၍ ငိုကြွေးလိုက်သည်။ ဗုဒ္ဓအင်ပါယာ၏ အရှေ့တွင် သူမသည် မာနကြီးသော မိန်းမပျိုလေး မဟုတ်တော့ပေ။ အားလုံးကို အထင်သေးဟန်ဖြင့် မျက်နှာချီနေတတ်သော သူတစ်ယောက်လည်း မဟုတ်တော့ပေ။ ပြီးခဲ့သော လပိုင်းအတွင်းတွင် ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က ပျောက်ဆုံးနေခဲ့ပြီး ကျန်းရီက အန္တရာယ်တောထဲသို့ ရောက်နေခဲ့သည်။ ထို့ကြောင့် သူမ အလွန်စိတ်ဖိစီးခဲ့သည်။ ယခုတွင် ဗုဒ္ဓအင်ပါယာကို တွေ့လိုက်ရသောအခါ သူမ၏ ရင်ထဲမှ ပူဆွေးမှုများကို ဖွင့်အန်ထုတ်နိုင်ပေပြီ။
“အွန်းပါ.. ဒီမှာ လူတွေ အများကြီး ရှိနေတယ်။ မငိုပါနဲ့တော့”
ဗုဒ္ဓအင်ပါယာက ရီချန်၏ ခရမ်းရောင်ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူသည် သူမထံ အသံပို့လွှတ်ကာ အပြင်ဘက်မှ အခြေအနေများကို မေးမြန်းလိုက်သည်။ စစ်မျိုးနွယ်က ရီမျိုးနွယ်ကို ပျက်သုဉ်းလုနီးပါး ဖြစ်သွားအောင် တိုက်ခိုက်ခဲ့သော အကြောင်းကို ကြားလိုက်ရသောအခါ သူ့မျက်ဝန်းများထဲတွင် အမုန်းတရား ပြည့်နှက်သွားသည်။ ထို့နောက်တွင် ကျန်းရီက ရီမျိုးနွယ်ကို ကယ်တင်ခဲ့ပြီး သူတော်စင်ဧကရီက နှင်းဒေသတွင် ရီမျိုးနွယ်ဝင်များကို စောင့်ရှောက်ထားကြောင်း သိလိုက်ရသောအခါ သူ့အကြည့်များက ပြန်နူးညံ့သွားပြီး နွေးထွေးသွားသည်။
ရီချန်သည် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ကြားတွင် စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်လာမလို ဖြစ်ခဲ့သည့်အကြောင်းကိုလည်း ပြောပြလိုက်သည်။ ဗုဒ္ဓအင်ပါယာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် စိုးရိမ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ရီချန်ထံမှ ကိစ္စအားလုံးကို ကြားပြီးနောက်တွင် ဒူးထောက်နေဆဲဖြစ်သော ယဉ်ရို့ပင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ယဉ်အင်ပါယာကို ကြည့်သည်။ နောက်ဆုံးတွင် သူသည် အိုးတိုးအန်းတန်း ဖြစ်နေသော ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“ယဉ်အဘိုးကြီး... ကျုပ်တို့အားလုံးက တစ်ကြိမ်သေခဲ့ပြီးပြီပဲ။ ခင်ဗျားကဘာလို့ အမြင်ကျဉ်းနေရသေးတာလဲ။ ရို့ပင်းက ကျန်းရီနောက်ကိုလိုက်ဖို့ ဆုံးဖြတ်ပြီးသွားပြီဆိုတော့ အဲ့ဒါကို လက်ခံလိုက်ပါ။ ခင်ဗျားရဲ့ မာနကို ချဖို့ အရမ်းခက်နေတယ်ဆိုရင် ကျုပ် ကျုပ်ရဲ့ချန်အာလေးကိုလည်း ကျန်းရီနဲ့ လက်ထပ်ခွင့်ပေးမယ်...”
“အာ...”
ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ရွှမ်အင်ပါယာတို့ အံ့အားသင့်သွားကြသည်။ ကျန်းရီလည်း အံ့ဩသွားသည်။ ရီချန်မှာမူ အလွန်ရှက်နေသဖြင့် မြေကြီးထဲ တွင်းတူးကာ ဝင်အောင်းလိုနေစိတ်ပင် ပေါက်သွားသည်။ ထို့ကြောင့် သူမသည် ဗုဒ္ဓအင်ပါယာ၏ လက်ကို တို့ကာ ပြောလိုက်သည်။
“အဖေ... ဘာတွေ ပြောနေတာလဲ။ ချန်အာက လက်မထပ်ချင်ပါဘူး...”
“ဟားဟားဟား...”
ဗုဒ္ဓအင်ပါယာက တဟားဟား ရယ်၍ ရီချန်ကို စနောက်ဟန်ဖြင့် ကြည့်လိုက်သည်။
“သမီးက အဖေ့ရဲ့ သမီးပါ။ သမီးစိတ်ထဲမှာ ဘယ်လိုရှိတယ်ဆိုတာကို အဖေက မသိဘူးလို့ ထင်လို့လား။ ကျန်းရီ... မင်းက တကယ့်ကောင်ပဲကွ။ လောကနံပါတ်(၂)နဲ့ နံပါတ်(၃) မိန်းမလှတွေရဲ့ နှလုံးသားကို ရအောင် ယူနိုင်တယ်။ မင်းက ငါငယ်ငယ်တုန်းကထက် ပိုစွမ်းတယ်...”
“....”
ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် နှာခေါင်းကုတ်လိုက်ပြီး မည်သို့ ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွားသည်။ ထိုဗုဒ္ဓအင်ပါယာသည် ဘုန်းတော်ကြီးတစ်ပါးနှင့် မည်သို့မှ မတူပေ။ သူက ခပ်ပျော်ပျော်၊ ခပ်နောက်နောက် နေတတ်သူ တစ်ယောက်ပင်။ ယခုတွင်လည်း ကိုယ့်သမီးကိုပင် ပြန်စနောက်နေပေသည်။
“ကောင်းပြီ...ကောင်းပြီ။ ပေါက်ကရတွေ မပြောတော့ဘူး။ ရို့ပင်း... ထပါ။ ဦးလေးတို့ အတည်ပြောကြတာပေါ့”
ဗုဒ္ဓအင်ပါယာသည် ရီချန်က ဒေါသထွက်လာကြောင်းကို တွေ့လိုက်၍ မြန်မြန် မျက်နှာပိုးသတ်လိုက်သည်။
“ယဉ်အဘိုးကြီး... အခု ကျန်းရီကို အခက်တွေ့အောင် လုပ်မနေပါနဲ့တော့။ ယဉ်ဧကရာဇ်တို့နဲ့ ကျုပ်အဖေကိုလည်း ကျန်းရီကပဲ ကယ်ပေးရဦးမှာ မလား။ အဲ့ကောင်လေးကို လျှော့မတွက်ပါနဲ့။ အခု သူ့စွမ်းအားက ကျုပ်တို့ထက်တောင်ကြီးနေပြီ။ သူက မိစ္ဆာဧကရာဇ်ကိုတောင် သတ်ခဲ့တာ။ လူငယ်တွေက လူကြီးတွေနေရာမှာ အစားထိုးမှာပဲ။ ခင်ဗျား အဲ့ဒါကို လက်ခံလိုက်ဖို့ လိုတယ်”
“ဘာ...”
ယဉ်အင်ပါယာနှင့် အခြားသူများသည် ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ မိစ္ဆာဧကရာဇ်က ကြယ်ရှစ်ပွင့်အဆင့် ပညာရှင်တစ်ယောက်ပြီး အလွန်စွမ်းအားကြီးသည်။ သူတို့၏ရင်ထဲတွင် ဧကရာဇ်ကိုးပါးဆိုသည်မှာ ထာဝရတည်ရှိမည့်သူများဖြစ်သည်။ အဘယ်သို့ ကျန်းရီက ဧကရာဇ်တစ်ပါးကို သတ်နိုင်ခဲ့ခြင်းနည်း။
“အဲ့ဒါက အမှန်ပဲလား”
ယဉ်အင်ပါယာက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ ဗုဒ္ဓအင်ပါယာနှင့် ရီချန်တို့က ခေါင်းညိတ်ပြသောအခါ သူ မျက်နှာထားပြောင်းသွားပြီး အော်ပြောလိုက်သည်။
“အဲ့ကောင်စုတ်က မိစ္ဆာဧကရာဇ်ကို သတ်ခဲ့တာ။ သူက ကျုပ်တို့ကိုရော မသတ်နိုင်ဘူးလား။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုဆိုတာ ဆက်စပ်နေတာ။ သူက မိစ္ဆာဧကရာဇ်ကို သတ်ခဲ့ပြီဆိုတော့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သူ့ကို ဘုံရန်သူအဖြစ် သတ်မှတ်မှာပဲ။ ဗုဒ္ဓအင်ပါယာ... ခင်ဗျားက အိုလာလို့ ရူးသွားတာလား။ အဲ့လိုကောင်နဲ့ ခင်ဗျားသမီးကို ပေးစားချင်နေသေးတာလား”
ဗုဒ္ဓအင်ပါယာက လက်ဝှေ့ယမ်းလိုက်သည်။
“ဒေါသမထွက်ပါနဲ့။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြောရရင်... ကျန်းရီလုပ်ခဲ့တာ မှန်တယ်လို့ ကျုပ်ထင်တယ်။ ဘာလို့လဲဆိုတာကိုတော့ နောက်မှ ကျုပ် ခင်ဗျားတို့အားလုံးကို ရှင်းပြပါမယ်။ အခု အရေးအကြီးဆုံးက ကျုပ်တို့ရဲ့အဖေတွေကို ကယ်ဖို့ပဲ”
ဗုဒ္ဓအင်ပါယာသည် ယဉ်အင်ပါယာနှင့် အခြားသူများ၏ ထိုကိစ္စအပေါ် အမြင်ကို အရေးမစိုက်ပေ။ ထိုအစား ကျန်းရီကို ကြည့်ကာ မေးလိုက်သည်။
“ကျန်းရီ... ငါ့အဖေအကြောင်းကို မင်းဘာသိထားလဲ”
“ပင်လယ်နက်ရဲ့ဧကရီ မေ့ရူ ပြောတာကတော့ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်နဲ့ ညဧကရီတို့က သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲမှာ ပိတ်မိနေတယ်တဲ့။ အဲ့ဆန်းကြယ်နယ်မြေက ပင်လယ်နက်ရဲ့ အလယ်မှာပဲ”
ကျန်းရီသည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် အော်ခေါ်လိုက်သည်။
“မေ့ရူ... အထဲကို ဝင်လာခဲ့”
ဂူထဲသို့ အနက်ရောင်လူရိပ်တစ်ခု ဝင်လာသည်။ မေ့ရူက တလေးတစား ဒူးထောက်လိုက်သည်။
“အရှင်...”
“ကျန်းရီ... သူက ဘယ်သူလဲ”
တစ်ချိန်တည်းမှာပင် ယဉ်ရို့ပင်းနှင့် ရီချန်တို့ နှစ်ယောက်စလုံးက ကျန်းရီထံ အသံပို့လွှတ်လိုက်ကြသည်။ သူမတို့၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ရှိနေသည်။ မေ့ရူက ဆွဲဆောင်မှု ရှိလွန်းသည်။ ကျန်းရီက ကျော်ကြားသော မြာပွေသူတစ်ယောက် မဟုတ်ပါလား။ ထို့ကြောင့် သူမတို့နှစ်ယောက်၏ စိုးရိမ်မှုကို နားလည်ပေးနိုင်ပေသည်။
“အထင်မလွဲပါနဲ့။ သူက ပင်လယ်နက်ရဲ့ ဧကရီပါ။ ပြီးတော့ မိစ္ဆာအရှင်ပါ။ ငါက သူ့ကို ဝိညာဉ်ကျွန် လုပ်ထားတာ။ ကဲပါ... အရင်ဆုံး အရေးကြီးတာကို ပြောကြတာပေါ့”
ကျန်းရီက သူမတို့နှစ်ယောက်စလုံးကို ရှင်းပြလိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“မေ့ရူ... ဗုဒ္ဓဧကရာဇ်တို့က သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲကို ဝင်သွားတာလား။ ငါ့ကို အခြေအနေ ပြောပြပါ”
“ဟုတ်ကဲ့”
မေ့ရူက ယဉ်ကျေးစွာ ရှင်းပြလိုက်သည်။
“လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ပင်လယ်နက်ထဲကို စွမ်းအားကြီး သိုင်းပညာရှင်တစ်စု ရောက်လာခဲ့တယ်။ သူတို့က နတ်ဘုရားတစ်ပိုင်းနောက်ကို လိုက်လာတဲ့ ပုံပဲ။ သူတို့က ပင်လယ်နက်ထဲက မိစ္ဆာတွေ အများကြီးကို သတ်ပစ်ခဲ့တယ်။ မေ့ရူ သူတို့နဲ့ သွားတိုက်ခိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲ့အုပ်စုထဲမှာ ဗုဒ္ဓဧကရာဇ် ပါနေတော့ မေ့ရူ မတိုက်ခိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဗုဒ္ဓဧကရာဇ်က ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက် မဟုတ်လား။ မေ့ရူရဲ့ မိစ္ဆာအတတ်က သူ့အပေါ် မသက်ရောက်နိုင်ပါဘူး။ နောက်တော့ သူတို့တွေ သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲကို ဝင်သွားခဲ့ကြတယ်။ ပြီးတော့ ပြန်ထွက်မလာကြတော့ဘူး”
“သေမင်းရဲ့ သိပ်သည်းပင်လယ်လား”
ဗုဒ္ဓအင်ပါယာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အရင်က မင်း အဲ့ဆန်းကြယ်နယ်မြေထဲ ဝင်ဖူးလား။ အထဲမှာ ဘယ်လိုမျိုးလဲဆိုတာကို မင်းသိလား”
“မေ့ရူ မဝင်ရဲပါဘူး”
မေ့ရူက ခေါင်းခါကာ ပြောလိုက်သည်။
“အဲ့ဆန်းကြယ်နယ်မြေက အရမ်းကြောက်စရာကောင်းပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ အဲ့နယ်မြေထဲဝင်သွားတဲ့ မိစ္ဆာတွေက ပြန်ထွက်မလာနိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်သိန်းကျော်တုန်းက မေ့ရူလောက် စွမ်းအားကြီးတဲ့ မိစ္ဆာအရှင်တစ်ပါးက အဲ့ထဲကို ဝင်သွားခဲ့ပါတယ်... ဒါပေမဲ့ ပြန်ထွက်မလာနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ပင်လယ်နက်က မိစ္ဆာတွေက အဲ့နယ်မြေထဲကို မဝင်ရဲကြတာပါ”
“အဲ့လောက်တောင် ကြောက်စရာကောင်းတယ်လား”
ဗုဒ္ဓအင်ပါယာနှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ သူတို့အားလုံး မျက်နှာညိုနေကြသည်။ ဗုဒ္ဓဧကရာဇ်ကဲ့သို့သော စွမ်းအားကြီး ပညာရှင်တစ်ယောက်သည်ပင် ထိုဆန်းကြယ်နယ်မြေထဲမှ ပြန်မထွက်နိုင်သည်လော။ အခြေအနေက သူတို့ ထင်ထားသည်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းနေပေသည်။
ထိုကိစ္စသည် မျိုးနွယ်များစွာ၏ အရေးနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် ယဉ်အင်ပါယာနှင့် အခြားသူများသည် ကျန်းရီကို အခက်တွေ့အောင် ထပ်မလုပ်ဝံ့ကြတော့ပေ။ ဤတစ်ကြိမ်တွင် ကျန်းရီက သူတို့ကို ကယ်ခဲ့ခြင်းဖြစ်သည်။ သူတို့က သူ့ကို အခက်တွေ့အောင် ဆက်လုပ်နေ၍ သူသည် ထိုကိစ္စမှ လက်ရှောင်သွားလျှင် ကျန်လူများကို မည်သူက သွားကယ်မည်နည်း။ သူတို့၏ စွမ်းအားနှင့်ဆိုလျှင် လူကယ်ရန် မဆိုထားနှင့် ကိုယ်တိုင်ပင် ဆန်းကြယ်နယ်မြေထဲမှ ပြန်ထွက်ချင်မှ ထွက်လာနိုင်ပေလိမ့်မည်။
ရီချန်နှင့် ယဉ်ရို့ပင်းတို့လည်း နှုတ်ဆိတ်သွားသည်။ ယဉ်ရို့ပင်းသည် ရီချန်ဆီ အသံပို့လွှတ်၍ မေးမြန်းထားသဖြင့် အပြင်မှ အခြေအနေများကို သိရှိထားပြီဖြစ်သည်။ သို့သော် မည်သို့ဆက်လုပ်ရမည်ကိုမူ မသိသေးပေ။ ကျန်းရီက ထိုဆန်းကြယ်နယ်မြေထဲသို့ ဝင်သွားပြီး ပြန်မထွက်လာနိုင်တော့လျှင် မည်သို့ လုပ်မည်နည်း။
“ဟင်းဟင်း...”
ကျန်းရီ၏ ရယ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ သူ အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
“ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာ... ရီချန်နဲ့ ယဉ်ရို့ပင်းကို အရှေ့ဘက် တော်ဝင်နယ်မြေဆီ ပြန်ခေါ်သွားလိုက်ပါ။ ကျွန်တော် သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲကို မေ့ရူနဲ့အတူ ဝင်သွားပါမယ်။ ကျွန်တော့်ကို ယုံပါ... ဧကရာဇ်တွေကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့မှာပါ”
“မဖြစ်ဘူး”
ရီချန်နှင့် ယဉ်ရို့ပင်းတို့က တစ်ချိန်တည်း အော်ပြောလိုက်ကြသည်။
“ကျွန်မတို့လည်း လိုက်ချင်တယ်”
“ဟားဟားဟား”
ဗုဒ္ဓအင်ပါယာက ယဉ်အင်ပါယာကို ခပ်ရွှင်ရွှင် ကြည့်၍ ရယ်လိုက်သည်။
“ယဉ်အဘိုးကြီး... ခင်ဗျားကိုယ်တိုင်ပဲ ကြည့်လိုက်တော့။ ခင်ဗျားရဲ့ သမီးက အရွယ်ရောက်နေပြီ၊ ခင်ဗျား သူ့ကို ဆက်ပြီး ထိန်းချုပ်လို့ မရတော့ဘူး။ အမှန်တရားကို လက်ခံလိုက်ပါ၊ မဟုတ်ရင် ခင်ဗျားရဲ့ သမီးနဲ့ သားမက်ကလည်း ခင်ဗျားကို အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး...”
***