ပျက်စမ်း
Vol. 87 Ch. 1209
ကျန်းရီက တစ်စုံတစ်ခု ဝင်ပြောရန် ဟန်ပြင်လိုက်စဉ်တွင် ဗုဒ္ဓအင်ပါယာက လက်ကာပြလိုက်သည်။
“ကျန်းရီ... မငြင်းနဲ့တော့။ မင်းက ငါတို့အားလုံးရဲ့ အသတ်ကို ကယ်ခဲ့တာ။ ငါတို့က ဘယ်လိုလုပ် ဘေးက ရပ်ကြည့်နေနိုင်မှာလဲ။ မင်းဆိုရင်ရော အဲ့လို လုပ်နိုင်မှာလား။ ပြီးတော့ ငါတို့ အတူတူဆိုရင် ပိုအင်အားကြီးလိမ့်မယ်။ အဖြေကို အတူတူ စဉ်းစားကြတာပေါ့။ အဲ့ဆန်းကြယ်နယ်မြေထဲက ပြန်ထွက်နိုင်ဖို့ဆိုရင် ငါတို့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်။ ဘာလဲ.. ငါတို့က မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးလို့လား”
“ဟာ.. မဟုတ်ရပါဘူး ဦးလေး။ ကျွန်တော်က အဲ့အဓိပ္ပာယ်နဲ့ မဟုတ်ပါဘူး...”
ကျန်းရီ ပျာပျာသလဲ ရှင်းပြလိုက်သည်။ ဗုဒ္ဓအင်ပါယာက ပြတ်သားစွာ ပြန်ပြောသည်။
“အဲ့ဒါဆိုရင်လည်း ကိစ္စပြတ်ပြီပေါ့ကွာ။ အခုလောလောဆယ် အရှေ့ဘက် တော်ဝင်နယ်မြေက အေးချမ်းနေပါတယ်။ ငါတို့အတူ သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲကို သွားမယ်”
“ရီချန်နဲ့ ယဉ်ရို့ပင်းရောလား”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ဗုဒ္ဓအင်ပါယာက မည်သို့သော လူစားမျိုးနည်း။ သူက အဘယ်ကြောင့် သူ့သမီးကို အန္တရာယ်တောထဲသို့ ခေါ်သွားလိုနေရသနည်း။
ဗုဒ္ဓအင်ပါယာက သိပ်မွေ့စွာ ပြုံး၍ ပြောသည်။
“ငါကလည်း ငါ့သမီးကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူး။ ပြီးတော့ အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီးသားပဲ။ ဖြစ်ရမယ့်ကိစ္စက ဖြစ်လာလိမ့်မယ်။ အဲ့နယ်မြေထဲမှာ ငါတို့သေရမယ်ဆိုရင်လည်း အဲ့ဒါက ငါတို့ရဲ့ ကံကြမ္မာပဲ။ ဘာမှ ထပ်ပြောနေစရာ မရှိဘူး”
ကျန်းရီ ဆွံ့အသွားသည်။ ဗုဒ္ဓအင်ပါယာ၏ အကျင့်စရိုက်က အလွန်ထူးဆန်းလွန်းသည်။ သာမန်လူများသည် သူ့ကို နားလည်နိုင်လောက်မည် မဟုတ်ပေ။ ထိုအခိုက်တွင် ယဉ်အင်ပါယာသည် တစ်စုံတစ်ခု ဝင်ပြောရန် ဟန်ပြင်လိုက်သော်လည်း ယဉ်ရို့ပင်း၏ ပြတ်သားသော မျက်နှာထားကို တွေ့လိုက်၍ လေသံတိုးတိုးဖြင့်သာ ပြောလိုက်သည်။
“သွားကြစို့... ငါတို့အကုန်လုံး သွားမယ်”
“ကောင်းပါပြီ”
ကျန်းရီသည် ငြင်းခုန်ရင်းဖြင့် အချိန်ထပ်ဖြုန်းမနေလိုတော့ပေ။ သူသည် ကျန်းရှောင်နူကို လိုက်မလာရန် ဖျောင်းပင် မဖျောင်းဖျလိုပေ။ ထိုကောင်မလေးက ခေါင်းမာလွန်းသည်။ သူမကို မည်သို့မှ ဖျောင်းဖျ၍ ရမည်မဟုတ်။ သူတို့ ရှုံးနိမ့်ခဲ့လျှင်လည်း သေရုံသာ။ အနည်းဆုံးတော့ သူတို့ တစ်ယောက်တည်း သေရမည် မဟုတ်ပေ။
“ဟူး...ဟူး...”
ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူသည် ကျောပေါ်တွင် တောင်ကြီးတစ်လုံးကို ထမ်းထားရသကဲ့သို့ ခံစားနေရသည်။ ဤအုပ်စုက အသက်ရှင်လျက် ပြန်ထွက်နိုင်၊ မထွက်နိုင်က သူ့အပေါ်တွင် မူတည်နေသည်။ ဗုဒ္ဓအင်ပါယာတို့က တိုက်ခိုက်စွမ်းအားကြီးကြသည်။ သို့သော် သူ့လောက်တော့ မကြီးပေ။ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့ဘက်က အရေအတွက် ပိုများနေပါစေဟုသာ ဖြစ်သည်။
ကျန်းရီတို့အုပ်စု ခေတ္တမျှ အနားယူလိုက်၏။ ထိုအတောအတွင်း ဗုဒ္ဓအင်ပါယာနှင့် ရီချန်တို့က အခြားသူများကို ပင်လယ်နက် အပြင်မှ အခြေအနေများအကြောင်း ပြောပြလိုက်သည်။ ကျန်းရီသည် စကားဝင်ဖြတ်ကာ အောင်းလုက သေချာပေါက် ကြိုးကိုင်သူမဟုတ်ကြောင်း ပြောလိုက်သည်။ ယဉ်အင်ပါယာသည် မာန်မချသေးသော်လည်း ကျန်းရီအပေါ် အနည်းငယ် စိတ်ပျော့လာလေသည်။
အနည်းဆုံးတော့ ကျန်းရီက သူတို့ကိုကယ်ရန် ပင်လယ်နက်သို့ အသက်စွန့်ကာ လာခဲ့သည်။ ယင်းက ကျန်းရီမှာ ရိုင်းစိုင်းသော မိစ္ဆာတစ်ကောင် မဟုတ်ဘဲ သစ္စာရှိသော လူတစ်ယောက်ဖြစ်ကြောင်း ပြသသည်။
“အောင်းလုက ကြိုးကိုင်သူမဟုတ်ရင် ဘယ်သူက ကြိုးကိုင်သူလဲ”
ယဉ်အင်ပါယာသည် နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းရီနှင့် ရီချန်တို့၏ စကားများက အကျိုးအကြောင်း ဆီလျော်သည်။ ဆန်းကြယ်ဧကရာဇ်က ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် သူ၏ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ချန်ခဲ့သည်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဆက်ခံလိုက်မှ ထိုစိတ်ဝိညာဉ်က ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်က အောင်းလုကို ရည်ရွယ်ချက်ရှိရှိဖြင့် နန်းတော်ထဲမှ လွှတ်ပေးလိုက်ခြင်းသာဖြစ်မည်။ ဆန်းကြယ်ဧကရာဇ်သည် အနာဂတ်ကို ခန့်မှန်းနိုင်သည်။ အောင်းလုက အပြင်သို့ ရောက်လျှင် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်မည်ဆိုပါက သူ အောင်းလုကို လွှတ်ပေးမည် မဟုတ်ပေ။ ထို့ပြင် အဆုံးမဲ့ပင်လယ်နက်ကလည်း အဆုံးအရှုံးများခဲ့သည်။ ထိုကိစ္စမှနေ၍ အောင်းလု ဘာအကျိုးအမြတ်မှ မရပေ။
“ဟင်းဟင်း...”
ဗုဒ္ဓအင်ပါယာက ပြုံးကာ သူ၏ ဦးပျဉ်းပြောင်ကို ပွတ်လိုက်သည်။
“ခန့်မှန်းမနေကြနဲ့တော့။ ကျုပ်တို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်ရောက်တဲ့အခါကျရင် ကြိုးကိုင်သူလည်း လူလုံးထွက်ပြနေလောက်ပြီ။ အဖေတို့က ကြိုးကိုင်သူ ဘယ်သူဆိုတာကို ခန့်မှန်းပြီးနေလောက်ပြီလို့ ကျုပ်ထင်တယ်။ ရီရို့... ဗုဒ္ဓတောင်ကို လျှို့ဝှက်ပြီးပြန်သွားလိုက်၊ ငါ့ရဲ့ အမိန့်ပြားကိုလည်း ယူသွား။ တကယ်လို့ အရှေ့ဘက် တော်ဝင်နယ်မြေမှာ တစ်ခုခု ဖြစ်လာရင် ပြန်မခုခံနဲ့။ တစ်ယောက်ယောက်က ရီမျိုးနွယ်ကို ကျူးကျော်ပြီး သိမ်းပိုက်ဖို့ ကြိုးစားရင်တောင် အညံ့ခံလိုက်။ ဘာမှ ပြန်မလုပ်သေးဘဲ ငါတို့ ပြန်ရောက်တဲ့အထိ စောင့်နေကြ။ တစ်ယောက်ယောက်က ငါတို့ ဘယ်မှာလဲလို့မေးရင် ငါတို့အကုန်လုံး သေသွားပြီလို့ ပြောလိုက်”
ယဉ်အင်ပါယာ၏ မျက်လုံးများ အရောင်လက်သွားသည်။ ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ရွှမ်အင်ပါယာတို့ကလည်း သူတို့၏ အမိန့်ပြားများကို ထုတ်ကာ သူတို့မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို ပေးလိုက်ကြသည်။ ရွှမ်အင်ပါယာသည် သူ၏ နတ်ဘုရားတစ်ပိုင်းအား လင်းချီကျန့်ကို ရွှမ်ဧကရာဇ်အသစ်အဖြစ် ဆက်ခံစေ၍ ရွှမ်ဧကရာဇ်နှင့် ရွှမ်အင်ပါယာတို့က သေသွားပြီဟု အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် သတင်းဖြန့်လိုက်ရန် ပြောလိုက်သည်။
“မြွေကို တွင်းထဲက မျှားထုတ်ရမယ်”
ကျန်းရီ ခေါင်းဆတ်လိုက်သည်။ အင်ပါယာများ၏ အကြံအစည်က အမြော်အမြင်ရှိသည်။ ဧကရာဇ်များနှင့် အင်ပါယာများ သေသွားပြီဆိုလျှင် ကြိုးကိုင်သူက ပို၍ ရဲတင်းလာပေလိမ့်မည်။ ကြိုးကိုင်သူသည် ဤကပ်ဘေးတစ်ခုလုံးကို အချိန်ယူ၍ ကြံစည်ခဲ့ခြင်းမှာ သေချာပေါက် တစ်စုံတစ်ခုကို အလိုရှိ၍ ဖြစ်မည်။ ထို့ကြောင့် သူတို့အားလုံး ပင်လယ်နက်ထဲ ရောက်ရှိနေချိန်တွင် အပြင်လောကကြီးက ပရမ်းပတာ ဖြစ်နေလောက်သည်။
အင်ပါယာများက ညွှန်ကြားပြီးသွားသောအခါ ကျန်းရီသည် မေ့ရူအား ထိုနတ်ဘုရားတစ်ပိုင်းအချို့ကို အရှေ့ဘက် တော်ဝင်နယ်မြေသို့ လျှို့ဝှက်ပို့ဆောင်ပေးရန် ခိုင်းလိုက်သည်။ ကျန်လူများက ပင်လယ်နက်နန်းတော်တွင်သာ ဆက်အနားယူနေလိုက်ကြသည်။ နှစ်ရက်ကြာပြီးနောက် မေ့ရူ ပြန်ရောက်လာသည်။ ထိုအခါ သူတို့ စတင်ထွက်ခွာကြလေသည်။
***
သေမင်း၏ သိပ်သည်းပင်လယ်မှာ ဆန်းကြယ်နယ်မြေကိုသာ ရည်ညွှန်းခြင်း မဟုတ်ပေ။ ဆန်းကြယ်နယ်မြေပတ်ပတ်လည်ရှိ ပင်လယ်ဒေသကိုလည်း ရည်ညွှန်းသည်။ အစတွင် ကျန်းရီတို့သည် နားရှုပ်နေခဲ့သည်။ သို့သော် ခြောက်ရက်ကြာပြီးနောက် ထိုပင်လယ်ဒေသသို့ ရောက်သောအခါ သူတို့ နားလည်သွားကြသည်။
“ကြောက်စရာပဲ”
“အရမ်းကြောက်ဖို့ကောင်းတယ်”
ရီချန်နှင့် ယဉ်ရို့ပင်းတို့နှစ်ယောက်စလုံးသည် သူမတို့အရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသာအခါ တုန်လှုပ်သွားကြသည်။ သူမတို့သည် သေမင်း၏ သိပ်သည်းပင်လယ်၏ ဒေသအစပ်ကိုသာ ရောက်သေးသော်လည်း ထိုဒေသတစ်ခုလုံးက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်နိုင်နေပြီဖြစ်သည်။
သူမတို့အရှေ့တွင် အချင်းမီတာသုံးရာကျော်ရှိသော ဧရာမရေဝဲကြီးတစ်ခု ရှိနေသည်။ ပတ်ပတ်လည်မှ ပင်လယ်ရေများက စက်ဝိုင်းပုံ လည်ပတ်နေကြသည်။ ယင်းအပြင် ကောင်းကင်ထက်မှနေ၍လည်း ရေဝဲကြီး၏ အလယ်ဗဟိုသို့ နတ်ဘုရားလျှပ်စီးတန်းများ ကျဆင်းနေသည်။ ရေဝဲကြီးအလယ်တွင် ရေဆင်နှာမောင်းတစ်ခုကလည်း ကောင်းကင်ထက်သို့ ဆန့်တန်းနေသည်။ ရေဆင်နှာမောင်းထဲတွင် မြူခိုးနက်များ ရှိသည်။ ထိုမြူခိုးနက်များက မည်မျှ အဆိပ်ပြင်းမည်ဖြစ်ကြောင်း မှန်းကြည့်နိုင်ပေသည်။
ဟူး...ဟူး...ဟူး...
ကျန်းရီတို့သည် ကီလိုမီတာဆယ်ချီအကွာတွင် ရပ်ကာ ရေဝဲကြီးနှင့် ရေဆင်နှာမောင်းကြီးကို လေ့လာနေသည်။ ကျဆင်းလာသော နတ်ဘုရားလျှပ်စီးတန်းများကိုလည်း ကြည့်နေကြသည်။ ထိုအခိုက်တွင် သူတို့၏ခန္ဓာကိုယ်များက ရေဝဲကြီးထဲသို့ ဆွဲစုပ်ခံနေရကြောင်း သိလိုက်ရသည်။ သူတို့က အလွန်နှေးကွေးစွာ ရွေ့လျားနေသဖြင့် အစတွင် ရွေ့လျားနေကြောင်းကိုပင် မသိခဲ့သော်လည်း သတိထားကြည့်လျင် သိနိုင်ပေသည်။
ထိုနေရာရှိ လူအားလုံးက စွမ်းအားကြီးကြသည်။ အဆင့်အနိမ့်ဆုံးသူသည်ပင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သည်။ သို့သည်ပင် သူတို့အားလုံးက မထိန်းနိုင်ဘဲ ရွေ့လျားနေသည်လော။ ထို့ကြောင့် ထိုရေဝဲကြီး၏ စုပ်အားက မည်မျှကြီးကြောင်း တွေးကြည့်နိုင်ပေသည်။ ရေဝဲအလယ်ဗဟို၌ဆိုလျှင် ပို၍ပင် အားကောင်းပေလိမ့်မည်။ သူတို့သာ ရေဝဲကြီးအလယ်သို့ ရောက်သွားလျှင် အပိုင်းပိုင်းပြတ်သွားလောက်သည်။
ကျန်းရီ၊ ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဗုဒ္ဓအင်ပါယာနှင့် ယဉ်အင်ပါယာတို့ကလည်း တုန်လှုပ်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မေ့ရူသည်ပင် ကြောက်ရွံ့နေပုံပေါ်သည်။ သူမက ထိုရေဝဲကြီးအနားသို့ မသွားလိုကြောင်း ထင်ရှားပေသည်။
ဟူး...ဟူး...ဗြမ်း...ဗြမ်း...ဂျိန်း...ဂျိန်း...
လေများ တဟူးဟူးတိုက်၊ ရေများ တဗြမ်းဗြမ်းပုတ်ခတ်၊ မိုးကြိုးများ တဂျိန်းဂျိန်း ထစ်ချုန်းနေကြသည်။ ထိုအခိုက်တွင် မျိုးနွယ်အသီးသီးမှ နတ်ဘုရားတစ်ပိုင်းအားလုံး မှင်တက်နေသည်။ ကျန်းရီက လျင်မြန်စွာ အသိပြန်ကပ်လာသည်။ သူ မေ့ရူကို လှည့်ကြည့်ကာ မေးလိုက်သည်။
“သေမင်းရဲ့ သိပ်သည်းပင်လယ်က အဲ့ရေဝဲကြီးရဲ့ အောက်မှာလား”
မေ့ရူက ညှိုးငယ်သောမျက်နှာဖြင့် ခေါင်းညိတ်ပြသည်။
“ဟုတ်ပါတယ်”
“အားလုံးပဲ...”
ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ထွက်ပေါ်လာပြီး လက်ထဲမှ မီးနဂါးဓားက တောက်ပလာသည်။ ထို့နောက် သူ မားမားမတ်မတ် ရပ်ကာ ပြောလိုက်သည်။
“ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်လိုက်ကြပါ။ ကျွန်တော် ဆန်းကြယ်နယ်မြေထဲကို ရောက်သွားမှာ အားလုံးကို အပြင်ပြန်ထုတ်ပေးပါမယ်။ ကျွန်တော့်ရဲ့ ခုခံစွမ်းအားက ကောင်းပါတယ်။ အဲ့တော့ ကျွန်တော် ရှေ့ကဦးဆောင်ပါမယ်”
“ကောင်းပြီ”
ဗုဒ္ဓအင်ပါယာက ပြတ်သားသည်။ အပိုစကားများ ဆိုမနေဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လူငယ်လေး... အတင်းကြီးတော့ မစွန့်စားနဲ့။ မင်း အန္တရာယ်နဲ့ ကြုံရင် ငါတို့ကို အပြင်ထုတ်လိုက်။ မင်းသေရင် ငါတို့လည်း သေရမှာပဲ မဟုတ်လား”
“ကျန်းရီ ဂရုစိုက်နော်”
ယဉ်ရို့ပင်းက စိုးရိမ်ဟန်ဖြင့် သတိပေးလိုက်သည်။ ရီချန်ကလည်း ကျန်းရီကို စိတ်ပူဟန်ဖြင့် ကြည့်လိုက်သည်။
“ဟီးဟီး မစိုးရိမ်ပါနဲ့”
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်ကာ မေ့ရူမှ လွဲ၍ ကျန်လူအားလုံးကို အထဲသို့ ပို့လိုက်သည်။ ထို့နောက် သူသည် မေ့ရူကို အေးစက်စက် မျက်နှာထားဖြင့် ကြည့်ကာ မီးနဂါးဓားဖြင့် ရေဝဲကြီး၏အလယ်ဗဟိုကို ညွှန်ပြလိုက်သည်။
“မေ့ရူ... အရှေ့ကသွား”
“အရှင်...”
မေ့ရူ၏ မျက်နှာပေါ်တွင် စိုးထိတ်မှုများ ထွက်ပေါ်လာသည်။ သူမသည် ကျန်းရီ၏ အမိန့်ကို မလွန်ဆန်ဝံ့သော်လည်း သေမင်း၏ သိပ်သည်းပင်လယ်ကိုမူ ကျောစိမ့်အောင် ကြောက်ပေသည်။ ထို့ကြောင့် သူမသည် သူ့ကို သနားစဖွယ်ကြည့်နေသည်။
ဝှစ်...
ကျန်းရီက မီးနဂါးဓားဖြင့် မေ့ရူ၏ တင်းပြည့်သော တင်ပါးကို ရိုက်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
“မင်း သွားမှာလား ၊ မသွားဘူးလား။ မသွားဘူးဆိုရင်တော့ အခုချက်ချင်း သေရမယ်”
“မေ့...မေ့ရူ သွားပါမယ်”
မေ့ရူ၏ နီထွေးထွေး နှုတ်ခမ်းလေးများက တုန်ယင်နေသည်။ ထို့နောက် သူမ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သွားလိုက်သည်။ ကျန်းရီသည် သူမနောက်မှ လိုက်သွား၏။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က အဆတစ်ထောင်ပို၍ လင်းလက်လာသည်။ လူသားတစ်ယောက်နှင့် မိစ္ဆာတစ်ကောင်သည် ရေဝဲကြီး၏ အလယ်ဗဟိုသို့ ဓားညွှန်၍ ပင်လယ်ပြင်ကိုဖြတ်ကာ သွားနေကြသည်။
ဟူး...ဟူး...
သေမင်း၏ သိပ်သည်းပင်လယ်၏ အလယ်ဗဟိုနှင့် နီးလာလေလေ၊ လေက ပိုထန်လာလေလေပင်။ အလယ်ဗဟိုနှင့် ကီလိုမီတာအနည်းငယ်အကွာသို့ ရောက်သောအခါ ကျန်းရီသည် သူ့ခန္ဓာကိုယ် မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူသည် ရေဝဲကြီး၏အလယ်သို့ စုပ်ယူခံနေရသည်။
“ပျက်စမ်း...”
ကျန်းရီသည် ထိန်းချုပ်မရသော ခံစားချက်ကို သဘောမကျပေ။ ထို့ကြောင့် မီးနဂါးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ဝှေ့ယမ်းလိုက်သည်။ လေနှင့်တိမ်များ ရွေ့လျားသွားသည်။ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်ခြင်းပင်။ မီးနဂါးသုံးကောင်က ရေဝဲကြီးအလယ်ရှိ ရေဆင်နှာမောင်းဆီသို့ ခက်ထန်စွာ ပျံသန်းသွားသည်။ သူ ထိုရေဆင်နှာမောင်းကြီးကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။
***