ထူးဆန်းသော နယ်မြေ
Vol. 87 Ch. 1210
နတ်ဘုရားဇီဝိန်ခြွေ၏ အကြီးဆုံးစွမ်းအားမှာ တိုက်ခိုက်စွမ်းအား မဟုတ်ပေ။ ၎င်းတာအိုပုံသဏ္ဌာန်က အချင်း ကီလိုမီတာတစ်ရာအတွင်းရှိ မိုးမြေစွမ်းအားများကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ရန်သူ၏ စွမ်းအားကိုပါ အသုံးပြုနိုင်သလို ဖြစ်နေသည်။ ဥပမာအားဖြင့် သူ မိုးကြိုးအစီအရင်အတွင်းတွင် ပိတ်မိနေခဲ့စဉ်က အဖြစ်အပျက်ကိုကြည့်ပါ။ နတ်ဘုရားဇီဝိန်ခြွေက မိုးကြိုးအစီအရင်အတွင်းရှိ မိုးကြိုးလျှပ်စီးစွမ်းအားကို အသုံးပြုလိုက်၍ သူ အစီအရင်ကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုတွင်လည်း ကျန်းရီသည် ရေဆင်နှာမောင်း၏ စွမ်းအားကို အသုံးပြုလိုက်သည်။ နတ်ဘုရားဇီဝိန်ခြွေ ထွက်ပေါ်လာသောအခါ ရေဆင်နှာမောင်းကြီးက နှေးသွားသည်။ မိုးမြေစွမ်းအားမှ ဖြစ်တည်လာသော မီးနဂါးသုံးကောင်သည် ကြောက်မက်ဖွယ်အရှိန်အဝါကို သယ်ဆောင်၍ ရေဆင်နှာမောင်းကြီးထံ ပျံသန်းကာ ၎င်းကို ဖျက်ဆီးလိုက်ကြသည်။
သို့သော်...
ရေဆင်နှာမောင်းကြီး ပျက်စီးသွားသည့်အခိုက်တွင် ရေဆင်နှာမောင်းလေးတစ်ခု ထပ်မံ ဖြစ်တည်လာသည်။ အစောတွင် လွင့်ပြယ်သွားသော မြူခိုးနက်များက ထိုရေဆင်နှာမောင်းလေးထဲတွင် ထပ်မံစုဝေးကာ ၎င်းကို ကြီးထွားလာစေနေသည်။ ရေဝဲကြီးကလည်း အဆက်မပြတ် ဆက်လည်ပတ်နေသည်။ ကျန်းရီသည် ရေဆင်နှာမောင်းကို အပြီးတိုင် ဖျက်ဆီးမပစ်နိုင်ပေ။
“မေ့ရူ... မင်း ပင်လယ်ထဲက ရေဝဲတွေကို လေ့လာခဲ့လား။ ရေဝဲတွေကို ဖျက်ဆီးပစ်လို့ရလား”
လေက ပိုထန်လာပြီး ကျန်းရီ၏ ဆံပင်များကို သူ့မျက်နှာတွင် ရစ်ပတ်နေစေသည်။ မေ့ရူ၏ ဝတ်စုံကလည်း လေထဲတွင် ဝဲလွင့်နေသည်။ မကြာမကြာဆိုသလို သူမ၏ ပေါင်တံဖြူဖြူလေးများကို မြင်ရသည်။ ထို့ပြင် ကျန်းရီသည် သူမ၏ ဖွံ့ထွားသော ရင်သားနှင့် အနက်ရောင် အောက်ခံအင်္ကျီကိုလည်း မြင်နေရသည်။
သို့သော် မေ့ရူသည် ကျန်းရီ၏ အကြည့်ကို သတိမပြုမိပေ။ ထိုအစား မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။
“ကျွန်မတို့ အဲ့ရေဝဲထဲကို ပင်လယ်အောက်ကနေ ဝင်လို့မရဘူး။ မိစ္ဆာအရှင်တွေတောင် ရေဝဲရဲ့ စုပ်အားကို မီတာတစ်ထောင်အကွာလောက်နေ ခံရတယ်။ ရေဝဲစုပ်တာကို ခံရရင် သေချာပေါက် ဆန်းကြယ်နယ်မြေထဲကို ရောက်သွားမှာပဲ”
ကျန်းရီသည် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် စိတ်ဝင်တစား မေးလိုက်သည်။
“ဆန်းကြယ်နယ်မြေထဲ စုပ်ယူခံခဲ့ရတဲ့ လူသားတွေရော၊ မိစ္ဆာတွေပါ ပြန်ထွက်မလာနိုင်ခဲ့ဘူးဆိုတော့ အဲ့ဆန်းကြယ်နယ်မြေ တည်ရှိတာကို မင်းတို့ ဘယ်လိုလုပ်သိခဲ့ကြတာလဲ”
မေ့ရူ၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်သိန်းကျော်တုန်းက ပင်လယ်နက်မှာ တော်ဝင်မိစ္ဆာတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။ သူက ပုံရိပ်ယောင်တွေကို ဖောက်မြင်နိုင်ပြီး အနာဂတ်ကို ခန့်မှန်းနိုင်ခဲ့တယ်။ သူ့ရဲ့ စွမ်းရည်တွေက အောင်းလုရဲ့ စွမ်းရည်တွေက နည်းနည်းပိုပြီး စွမ်းအားကြီးတယ်။ သူက မိစ္ဆာနတ်ဘုရားအဆင့်ကိုတောင် ခြေတစ်လှမ်းရောက်နေခဲ့ပြီ။ ဒါပေမဲ့ သူက အပြင်းအထန် ဒဏ်ရာရသွားခဲ့တာ နှမြောစရာပဲ။ အဲ့ဒါကြောင့် စစ်မှန်တဲ့ မိစ္ဆာနတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်ခဲ့တာ...”
“သူက မသေခင်မှာ သူ့ကို မြှုပ်မယ့်နေရာကို လိုက်ရှာခဲ့တယ်။ အဲ့တုန်းက သူက သူ့ရဲ့ မျိုးဆက်တွေကို မှာစရာရှိတာတွေ မှာခဲ့တယ်။ အဲ့မှာတမ်းတွေထဲက တစ်ခုက ပင်လယ်နက်ရဲ့ မိစ္ဆာတွေက သေမင်းရဲ့ သိပ်သည်းပင်လယ်အနားကို မကပ်ရဘူးဆိုတာပဲ။ ဘာလို့လဲဆိုတော့ အဲ့မှာ ဆန်းကြယ်နယ်မြေတစ်ခု ရှိနေလို့ပဲ... အဲ့ဆန်းကြယ်နတ်မြေထဲကို ရောက်သွားရင် မေ့ရူတို့ သေချာပေါက် သေလိမ့်မယ်”
“တော်ဝင်မိစ္ဆာတစ်ကောင်လား”
ကျန်းရီ နှာခေါင်းရှုံ့လိုက်သည်။ မေ့ရူကို ယုံသင့်၊ မယုံသင့် သူ မသိပေ။ သို့သော် ထိုကိစ္စများက အရေးမပါတော့ချေ။ ယခုတွင် အရေးအကြီးဆုံးမှာ ဗုဒ္ဓဧကရာဇ်တို့က အမှန်ပင် ပျောက်ဆုံးနေခြင်းဖြစ်သည်။ သူတို့ကို ရှာတွေ့နိုင်ရန် ရေဝဲကြီးထဲသို့ ဝင်ရန် လိုပေသည်။
“မေ့ရူ... ရေဝဲကြီးထဲကို ဝင်လိုက်”
ကျန်းရီ အမိန့်ပေးလိုက်သည်။ မေ့ရူက ထပ်မံ၍ မျက်နှာပျက်သွားသည်။ ကျန်းရီက ခြေတစ်ဘက်မြှောက်၍ မေ့ရူ၏ တင်ပါးကို ကန်လိုက်ရာ မေ့ရူတစ်ယောက် ရေဝဲကြီး၏ အလယ်သို့ လွင့်ပျံသွားသည်။ သူသည်လည်း သူမနောက်မှ ကပ်လိုက်သွားလိုက်သည်။
“အား...”
မေ့ရူက ကြောက်ရွံ့တကြီး အော်၏။ စုပ်အားက အလွန်အားကောင်းသည်။ ပင်လယ်နက်၏ ဧကရီဖြစ်သော သူမကို ထိုစုပ်အားကို မခံနိုင်ဘဲ ရေဝဲကြီး၏ အလယ်သို့ ဆွဲစုပ်ခံလိုက်ရလေသည်။
“ငါ ရှိပါတယ်.. မင်းက ဘာလို့ ကြောက်နေရတာလဲ။ ပတ်ဝန်းကျင်ကို မပြတ်အာရုံစိုက်နေ.. တိုက်ခိုက်ဖို့လည်း အသင့်ပြင်ထား”
ကျန်းရီက အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။ ထို့ကြောင့် မေ့ရူ အနည်းငယ် စိတ်တည်ငြိမ်သွားသည်။ သူမသည် အသုံးအဆောင်ဝိညာဉ်၏ ထိန်းချုပ်မှုကို ခံထားရ၍ ယခင်ကကဲ့သို့ မောက်မာသူတစ်ယောက် မဟုတ်တော့ပေ။ ယခု သူမ၏ ရင်ထဲတွင် မသက်သာမှုနှင့် အကြောက်တရားသာ ရှိနေသည်။ ယင်းကို နားလည်ပေးနိုင်ပေသည်။ ဝိညာဉ်ကျွန်ဖြစ်လာသူတိုင်း ထိုသို့သာ ပြုမူကြမည်သာ။ သူမတို့သည် ဘဝတစ်လျှောက်လုံး အကြောက်တရားကိုသာ သိကြတော့မည်ဖြစ်သည်။ ထိုအကြောက်တရားမှာ မည်သည့်အချိန်တွင် အသတ်ခံရမည်ကို မသိဘဲ ကျီးလန့်စာစား ဖြစ်နေရခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်သည်။
“သွား...”
လှိုင်းလုံးကြီးများက ကောင်းကင်သို့ပင် ရောက်နေသည်ဟု ထင်ရသည်။ ပင်လယ်ရေများက အလွန်လျင်မြန်စွာ အဆက်မပြတ် လည်ပတ်နေသည်။ ကျန်းရီတို့က အလယ်ဗဟိုကို ရောက်တော့ပေမည်။ ကျန်းရီ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ ရှိမနေပေ။ သူက ပြတ်သားပုံပေါ်နေသည်။ အခြားသူများ၏ ကျေးဇူးကို ပြန်ဆပ်ရန်နှင့် ရီချန်နှင့် ယဉ်ရို့ပင်းတို့အတွက် သူ ထိုရေဝဲကြီးထဲသို့ သွားကိုသွားရမည်ဖြစ်သည်။
ကျန်းရီက ထိုရေဝဲထဲတွင် သေဆုံးသွားမည်လော သို့မဟုတ် ထာဝရ ပိတ်မိနေမည်လောကို မည်သူ သိနိုင်မည်နည်း။ ယခုတွင် သူသည် ထိုမေးခွန်းကို အရေးစိုက်မနေနိုင်ပေ။ ယောက်ျားတစ်ယောက်အနေဖြင့် တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ရပေမည်။ လုပ်စရာရှိသည်ကို လုပ်ရပေမည်။ မိမိ၏ ဘေးကင်းရေးကိုပဲ တွေးကာ အန္တရာယ်မှ ရှောင်ပြေးနေလျှင် မည်သည့်ကိစ္စကိုမှ ဖြစ်မြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ သူက ဂူတစ်ခုထဲတွင်အောင်းကာ သူ့မိန်းမများနှင့် တစ်နေကုန် ကလေးရအောင် လုပ်နေ၍ မဖြစ်သည် မဟုတ်လော။
ရေဝဲကြီး၏ အလယ်ဗဟိုနှင့် နီးလာလေလေ၊ ရေလည်ပတ်နှုန်းက ပိုမြန်လာလေလေပင်။ မေ့ရူက ကြောက်ရွံ့တကြီးဖြင့် ကျန်းရီ၏လက်ကို ဆွဲကိုင်ထားသည်။ သူတို့နှစ်ယောက်သည် ရေဝဲကြီးထဲတွင် တဝဲလည်လည်ဖြင့် နောက်ဆုံး အလယ်ဗဟိုသို့ ရောက်သွားကြသည်။ အလယ်ဗဟိုတွင် ရေဆင်နှာမောင်းကြီး ရှိကာ လေများလည်း တဟူးဟူး တိုက်ခတ်နေသည်။ ရေဆင်နှာမောင်းကြီးက ဆက်၍ ကြီးထွားနေသည်။ လျှပ်စီးတန်းများကလည်း ပိုအားကောင်းလာသည်။
“အာ...”
ကျန်းရီနှင့် မေ့ရူတို့သည် ရေဝဲကြီးထဲတွင် တဝဲလည်လည်ဖြစ်နေခဲ့၍ ယခုတွင် ခေါင်းမူးနေကြပေပြီ။ သူတို့သည် မည်းနက်နေသော ရေဝဲကြီးထဲတွင် မည်သည့်အရာကိုမှ မမြင်နိုင်ကြချေ။ ဝဲ၏အလယ်ဗဟိုမှနေ၍ နက်ရှိုင်းသော ပင်လယ်ထဲသို့ ရောက်လာသောအခါ သူတို့သည် အရှေ့အနောက်တောင်မြောက်ပင် မခွဲခြားနိုင်ကြတော့ပေ။
“ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း”
ကျန်းရီသည် မေ့ရူကို ဂရုတစိုက် ဆွဲထားပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်သည်။ ဆန်းကြယ်နယ်မြေထဲမှ ပြန်ထွက်လိုလျှင် ဆန်းကြယ်နယ်မြေထဲသို့ မည်သို့ရောက်သွားကြောင်းကို သိထားရပေမည်။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ကျန်းရီသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်နိုင်လာသည်။ သူတို့က ရေဝဲကြီး၏ စုပ်ယူမှုကြောင့် နက်ရှိုင်းသော ပင်လယ်ရေအောက်ထဲသို့ ရောက်လာခြင်းပင်။ ယခုတွင် ပင်လယ်ကြမ်းပြင်သို့ပင် ရောက်လုနီးနေပေပြီ။ ရေဝဲကြီး၏ အဆုံးက ပင်လယ်ကြမ်းပြင်ရှိ အနက်ရောင်တွင်းကြီးတစ်တွင်းဖြစ်သည်။
“အာ...”
တွင်းထဲသို့ ရောက်သွားသောအခါ ကျန်းရီသည် ဆန်းကြယ်သောအားတစ်ခုက သူ၏ စိတ်ဝိညာဉ်အား လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူနှင့် မေ့ရူတို့ နှစ်ယောက်စလုံး သတိလစ်သွားကြတော့သည်။ သူ မည်သည့်နေရာသို့ ရောက်သွားကြောင်း သူ မသိတော့ပေ။
ဝှစ်...
အချိန်အနည်းငယ်ကြာပြီးနောက် သို့မဟုတ် မျက်တောင်တစ်ခတ်အတွင်း သို့မဟုတ် နှစ်အနည်းငယ် ကြာပြီးမှ ကျန်းရီ သတိပြန်လည်လာသည်။
ကျန်းရီသည် သူက ပြင်းထန်သော အရှိန်ဖြင့် ပြုတ်ကျနေပြီး ထူးဆန်းသော စွမ်းအင်တစ်ခုက သူ့ကို ဝန်းရံကာ အောက်သို့ ပိုအရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျအောင် ဖိချနေသည်ဟု ခံစားလိုက်ရသည်။ ကျန်းရီ အတွင်းအားထုတ်၍ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ သို့သော် ခြေလွတ်လက်လွတ် ပြုတ်ကျနေသည်ဖြစ်ရ သူ၏ နတ်ဘုရားတစ်ပိုင်းစွမ်းအားသည်ပင် သူ့ကို အထက်သို့ ပျံတက်နိုင်အောင် မကူညီပေးနိုင်ပေ။ ထို့ကြောင့် အောက်ဘက်ရှိ မြူခိုးဖြူများထဲသို့ ပြုတ်ကျနေသည်ကို လက်ခံလိုက်ရတော့သည်။
“အရှင်... ဒီနေရာက မြေဆွဲအားက ကြောက်စရာကောင်းလိုက်တာ”
မေ့ရူက ကျန်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူမသည် ပျံသန်းရန် ကြိုးစားကြည့်၏။ သို့သော် မပျံနိုင်ပေ။ ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ သူတို့က ထူးဆန်းသော နယ်မြေတစ်ခုထဲတွင် ပိတ်မိနေကြောင်း သိလိုက်ရသည်။ နယ်မြေတစ်ခွင်လုံးက ပင်လယ်ပြင်ကြီးဖြစ်သည်။ အောက်ဘက်တွင် မြူခိုးဖြူများ ရစ်သိုင်းနေသည်။ အဝေးတွင် အနက်ရောင်အစက်အပျောက်လေးတစ်ခုကို လှမ်းမြင်ရသည်။ ယင်းက ကျွန်းတစ်ကျွန်း ဖြစ်နိုင်လောက်သည်။
‘ငါ့ရဲ့ ကောင်းကင်စိတ်အာရုံက ဒီမှာ အလုပ်မလုပ်ဘူး။ အာကာပြင်က ကြောက်စရာကောင်းလောက်အောင် ခိုင်မာတယ်’
ကျန်းရီသည် ပြဿနာတစ်ခုကို ချက်ချင်း သိလိုက်၏။ သူတို့ရှိနေသော ပတ်ဝန်းကျင်ကို အာရုံခံရန် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်ပေ။ မျက်လုံးဖြင့်သာ လှည့်ပတ်ကြည့်ရသည်။ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုလည်း သုံးကြည့်၏။ သို့သော် အာကာပြင်က စုတ်ပြဲမသွားပေ။ သူတို့ရောက်နေသော နေရာက အမှန်ပင် ကြောက်မက်ဖွယ်ကောင်း၍ ထူးဆန်းသော ဆန်းကြယ်နယ်မြေတစ်ခုပင်။
ကျန်းရီသည် စိတ်တည်ငြိမ်အောင်လုပ်ကာ ပတ်ဝန်းကျင်ကို မျက်လုံးဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ အနည်းဆုံးတော့ ထိုနေရာတွင် မြင်နိုင်သော အန္တရာယ်မရှိပေ။ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများက အသက်ရှင်နေလောက်သေးသည်။ သူသာ သူတို့ကို ရှာတွေ့နိုင်လျှင် ထိုနေရာမှ ထွက်သွားနိုင်မည့်နည်းကို အတူစဉ်းစားနိုင်လောက်သည်။
ဘုန်း...
ကျန်းရီနှင့် မေ့ရူတို့ ပင်လယ်ပြင်နှင့် ပြင်းထန်းစွာ ဆောင့်ရိုက်သွားသည်။ သူတို့သည် အခြားပြဿနာတစ်ခုကို သိလိုက်ရ၏။ ပင်လယ်ရေ၏ ဖော့ဂုဏ်က အလွန်ကြီးသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ဝက်လောက်က ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသည်။
ထိုအချက်က အရေးမကြီးပေ။ အရေးကြီးသည်မှာ ကျန်းရီ၏ နတ်ဘုရားဒိုင်းက တိုက်စားခံနေရခြင်းပင်။ မေ့ရူက တုန်လှုပ်တကြီး အော်လိုက်သည်။
“ဒီပင်လယ်ရေက ထူးဆန်းလိုက်တာ.. မေ့ရူရဲ့ မိစ္ဆာစွမ်းအားကို စုပ်ယူနေတယ်”
“ဒီနေရာက ဘယ်လိုနေရာမျိုးလဲ”
ကျန်းရီလည်း တုန်လှုပ်နေသည်။ တဒင်္ဂအတွင်းမှာပင် သူ၏ နတ်ဘုရားဒိုင်းက ပျက်စီးသွားသည်။ ထို့နောက် ပင်လယ်ရေသည် သူ၏ ကြယ်စက်လုံးကိုးလုံးထဲမှ အတွင်းအားများကို လျင်မြန်စွာ စုပ်ယူလေတော့သည်။ ထိုနေရာရှိ မြေဆွဲအားကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့သည် ပင်လယ်ထဲမှ ပျံမထွက်နိုင် ဖြစ်နေသည်။ ထို့ကြောင့် ပင်လယ်ရေက သူတို့၏ အတွင်းအားနှင့် မိစ္ဆာစွမ်းအားကို စုပ်ယူသည်ကို ကြည့်နေရသာ နေရလေသည်။
“ရှောင်နူ...”
ကျန်းရီသည် အသိပြန်ကပ်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်လိုက်သည်။ နန်းတော်က လင်းလက်လာကာ ကျန်းရှောင်နူ ပေါ်လာသည်။ ထို့နောက် သူ အလောတကြီး အော်လိုက်သည်။
“ရှောင်နူ... ပုံစံပြောင်းပြီး ငါ့ကို ပျံနိုင်အောင် ကူညီပေး”
ရွှီး...
ကျန်းရှောင်နူက ချက်ချင်း ပုံစံပြောင်းလိုက်သည်။ သူမသည် အတောင်ပံနှစ်ဘက်ကို ခတ်၍ ကျန်းရီကို ဆွဲကာ ပျံတက်လိုက်၏။ ကျန်းရီသည် မေ့ရူကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ထည့်လိုက်ပြီး ကျန်းရှောင်နူကို သူ့ကိုသယ်၍ အနီးဆုံး အနက်ရောင်အစက်အပျောက်ဆီသို့ ပျံသန်းသွားစေလိုက်သည်။
“သခင်လေး... ဒီနေရာက မြေဆွဲအားက အားကောင်းလွန်းတယ်။ ကျွန်မ ငါးဆယ်ကီလိုမီတာလောက်ပဲ ပျံနိုင်လောက်တယ်”
ကျန်းရှောင်နူက ပျံနေရင်းဖြင့် ပြောလိုက်သည်။ သူမသည်လည်း အံ့အားသင့်နေပုံပေါ်လေသည်။
“ကျွန်းတစ်ကျွန်းကို ရှာကြတာပေါ့”
ကျန်းရီသည် ရင်ထဲမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရ၍ သက်ပြင်းချလိုက်ပြီး ပင်လယ်ရေပြင်ကို ၎င်းက ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင်အလား ကြည့်လိုက်သည်။ သူ ရေထဲတွင် ရှိခဲ့သည့် စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏အတွင်းအားများစွာက စုပ်ယူခံလိုက်ရသည်။ ပင်လယ်ရေထဲတွင် တစ်ရက်လုံးလုံး နေလိုက်ပါက သူ၏အတွင်းအားအားလုံး ကုန်ခမ်းသွားပေလိမ့်မည်။
***