လောကထဲမှ အရယ်ရဆုံးဟာသ
Vol. 87 Ch. 1211
“ဟိုမှာ ကျွန်းတစ်ကျွန်း”
ကျန်းရီသည် မလှမ်းမကမ်းမှ အနက်ရောင်အစက်အပျောက်တစ်ခုကို တွေ့လိုက်ရ၍ ချက်ချင်း အော်လိုက်၏။ ကျန်းရှောင်နူသည် ပုံမှန်ဆိုလျှင် လျှပ်စီးအလျင်ဖြင့် ပျံသန်းနိုင်သည်။ သို့သော် ထိုအခိုက်တွင် သူမသည် အဆင့်နှစ် မိစ္ဆာသားရဲတစ်ကောင်ထက်ပင် မမြန်ချေ။ ငါးကီလိုမီတာလောက်သာ သွားရသည်ဖြစ်သော်လည်း ကျွန်းသို့ရောက်ရန် မိနစ်များစွာ ကြာခဲ့သည်။ ထို့ပြင် လမ်းတစ်ဝက်၌လည်း ပင်လယ်ထဲသို့ ပြုတ်ကျမလို ဖြစ်ခဲ့သေးသည်။
“အဲ့ဒါက ကျောက်တန်းတစ်ခုပဲ...”
နောက်ဆုံးတွင် ကျန်းရှောင်နူသည် ‘ကျွန်း’ သို့ ရောက်သွားသည်။ သို့သော် ကျန်းရီက သူမကို ကျေးဇူးမတင်ရသေးခင်မှာပင် သူမ အောက်သို့ ပြုတ်ကျသွားသည်။ သူတို့နှစ်ယောက် ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။ ‘ကျွန်း’မှာ ဧရာမ ကျောက်တန်းကြီးသာ ဖြစ်သည်။ အလွန်ဆုံးမှ လူဆယ်ယောက်လောက်သာ ၎င်းအပေါ်တွင် ရပ်နိုင်ပေလိမ့်မည်။
ကျန်းရီသည် နားနေရန် နေရာတစ်ခု ရှာတွေ့ခဲ့သည်နှင့်ပင် ကျေနပ်နေပြီဖြစ်သည်။ ကျန်းရှောင်နူက မောဟိုက်စွာဖြင့် ကျောက်တုံးပေါ်တွင်ထိုင်နေသည်။ သူမ၏ ပုံရိပ်ကိုလည်း အရေးမစိုက်နိုင်တော့ပေ။ သူမ၏ လုံးဝန်းသော ရင်သားလေးများက ဖားဖိုတစ်ခုကဲ့သို့ နိမ့်တုံမြင့်တုံဖြစ်နေသည်။ မျက်နှာပေါ်တွင်လည်း ချွေးများစီးကျနေသည်။ ကျန်းရီကို သယ်၍ ဤကျောက်တန်းအထိ ပျံသန်းလာရန် မည်မျှပင်ပန်းခဲ့ကြောင်းကို တွေးကြည့်နိုင်ပေသည်။
ကျန်းရီသည်လည်း မောဟိုက်နေသည်။ သူ လှည့်ပတ်ကြည့်လိုက်ရာ အရှေ့ဘက်တွင် အနက်ရောင်အစက်အပျောက်နှစ်ခု ထပ်ရှိနေကြောင်းကို တွေ့လိုက်ရသည်။ ယင်းတို့မှလွဲ၍ ပတ်ဝန်းကျင်တွင် အခြားအနက်ရောင်အစက်အပျောက်များ ထပ်မရှိတော့ပေ။ သူ ခေါင်းကိုက်လာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းရှောင်နူကြောင့်သာ မဟုတ်လျှင် ဤနေရာသို့ ရောက်လာရန် ခက်ခဲခဲ့ပေလိမ့်မည်။ ကျန်းရှောင်နူ ရှိနေလျှင်ပင် အနားယူစရာ ကျွန်းများ၊ ကျောက်တန်းများ မရှိခဲ့လျှင် သို့မဟုတ် ကျွန်းနှင့် သူတို့ကြားတွင် အကွာအဝေးအလွန်ကြီးနေလျှင် သူတို့ သေချာပေါက် ဒုက္ခရောက်သွားနိုင်သည်။
သိုင်းသမားတစ်ယောက်အတွက် အတွင်းအား စုဆောင်းနိုင်ရန် အလွန်ခက်သည်။ ကျင့်ကြံနှုန်းကို မြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများ မရှိလျှင် ပို၍ပင် ခက်ပေလိမ့်မည်။ ကျန်းရီသည် နတ်ဘုရားတစ်ပိုင်း ဖြစ်လာနိုင်ရန်အတွက် အချိန်များစွာပေး၍ ကျင့်ကြံကာ အတွင်းအား စုဆောင်းခဲ့ရသည်။ သို့သော် သူ ထိုပင်လယ်ထဲတွင် တစ်နာရီမျှ နေလိုက်ပါက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်သွားပေလိမ့်မည်။ သို့ဆိုလျှင် သူ၏ တိုက်ခိုက်စွမ်းအားကလည်း လျော့ကျသွားမည်ဖြစ်သည်။ မူလအတွင်းအားကို ပြန်ရလိုလျှင် လအနည်းငယ် ထပ်မံ ကျင့်ကြံရပေမည်။
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော် ထွက်ပေါ်လာသည်။ ကျန်းရီသည် ယဉ်အင်ပါယာ၊ ဗုဒ္ဓအင်ပါယာ၊ ရွှမ်အင်ပါယာ၊ ညအင်ပါယာ၊ ယဉ်ရို့ပင်း၊ ရီချန်နှင့် မေ့ရူတို့ကို နန်းတော်အပြင်သို့ ပြန်ထုတ်လိုက်သည်။ မေ့ရူက နန်းတော်ထဲသို့ ရောက်ပြီးနောက် အပြင်ဘက်မှ အခြေအနေများကို အားလုံးအား ပြောပြခဲ့သည်။ ထို့ကြောင့် သူတို့သည် အပြင်သို့ ရောက်လာသောအခါ လှည့်ပတ်ကြည့်လိုက်ကြသည်။ ညအင်ပါယာက ပင်လယ်ထဲသို့ ဆင်းကာ ကိုယ်တိုင်စမ်းသပ်ကြည့်သည်။ ချက်ချင်းပင် ပြန်တက်လာသည်။ သူ့ပုံစံက တစ္ဆေသရဲတစ်ကောင်ကို တွေ့ခဲ့သလိုမျိုးပင်။
“ဒီဆန်းကြယ်နယ်မြေက ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲမှာ ကြောက်စရာအကောင်းဆုံး ဆန်းကြယ်နယ်မြေပဲ။ ပင်လယ်ကကို ထူးဆန်းနေတာ။ ပင်လယ်ထဲက တစ်နေရာရာမှာ စွမ်းအားကြီး သက်ရှိတစ်မျိုး ရှိနေလောက်တယ်”
ဗုဒ္ဓအင်ပါယာသည်လည်း လှည့်ပတ်ကြည့်ကာ တိုက်ခိုက်မှုတစ်ခု ထုတ်ကြည့်ရန် ကြိုစားလိုက်သည်။ ထို့နောက် မှိုင်းညိုသောမျက်နှာထားဖြင့် ပြောသည်။
“ဘာဆက်လုပ်ရမယ်ဆိုတာကို မစဉ်းစားခင် ပိုကြီးတဲ့ ကျွန်းတစ်ကျွန်း ရှာကြတာပေါ့။ ဒီနေရာက ကျဉ်းတယ်... ငါတို့ရဲ့ တိုက်ခိုက်စွမ်းအားတွေ အားနည်းသွားလိမ့်မည်။ ကျန်းရီ... သတိထားပါ”
ရွှီး...
ယဉ်အင်ပါယာသည် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ထုတ်၍ ၎င်းကို ပျံသန်းကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် သင်္ဘောသည် ပင်လယ်ထဲသို့သာ ကျသွားသည်။ သင်္ဘော၏ အကာအရံအလွှာမှ စွမ်းအင်များကလည်း ပင်လယ်ပြင်၏ လျင်မြန်စွာ စုပ်ယူမှုကို ခံလိုက်ရသည်။ နောက်ဆုံးတွင် စွမ်းအင်အားလုံး ကုန်သွားပြီး သင်္ဘောပျက်စီးသွားသည်။ ပင်လယ်ထဲတွင် ပျဉ်ပြားများသာ မျောနေလေတော့သည်။
ကျန်းရှောင်နူက လူတစ်ယောက်ကိုသာ သယ်နိုင်သည်။ ထို့ကြောင့် အခြားသူများက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင်သာ ဝင်နေနိုင်သည်။ ကျန်းရီက သူတို့အားလုံး နေနိုင်မည့် ကျွန်းကြီးကြီးတစ်ကျွန်း ရှာမတွေ့သ၍ သူတို့ မည်သည်မှ လုပ်နိုင်မည် မဟုတ်ပေ။ ကျောက်တန်းက သေးလွန်းသည်။ အကယ်၍ သားရဲတစ်ကောင်က သူတို့ကို လာတိုက်ခိုက်ပါက သူတို့အတွက် ပုန်းစရာနေရာ မရှိပေ။ သို့သော် ကျန်းရီသည် ကျန်းရှောင်နူ အနားယူပြီးသွားသည်အထိ စောင့်ပြီးမှ ထပ်မံ ထွက်ခွာလိုက်သည်။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။ မိစ္ဆာများ၏ အလစ်တိုက်ခိုက်မှုကို မခံလိုပေ။ ဗုဒ္ဓအင်ပါယာက ပင်လယ်ထဲတွင် စွမ်းအားကြီး သက်ရှိတစ်မျိုး ရှိနေလောက်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ကျန်းရီ သတိလက်လွတ် မဖြစ်ဝံ့ပေ။
အရှေ့ဘက်မှ အနက်ရောင်အစက်အပျောက်တစ်ခုမှာလည်း ကျောက်တန်းသာဖြစ်သည်။ ၎င်းသို့ရောက်ရန် သုံးဆယ့်ငါးကီလိုမီတာ သွားခဲ့ရသည်။ လမ်းခရီးတွင်တော့ အတော်လေး အေးချမ်းခဲ့သည်။ ကျန်းရှောင်နူက သန်မာပေသည်။ သူတို့ကျောက်တန်းသို့ ရောက်သည်နှင့် ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် အနက်ရောင်အစက်အပျောက် ခုနစ်ခု၊ ရှစ်ခု ထပ်ရှိနေသည်။ အနည်းဆုံးတော့ သူတို့အတွက် ခြေချစရာ နေရာ မရှားတော့ပေ။
ခေတ္တမျှအနားယူပြီးနောက် ကျန်းရီတို့ ထပ်မံထွက်ခွာလိုက်ကြသည်။
ထိုသို့ဖြင့် ကျန်းရီနှင့် ကျန်းရှောင်နူသည် တစ်ရက်ကြာ ပျံသန်းခဲ့သည်။ ဤထူးဆန်းသောနယ်မြေထဲတွင် ကောင်းကင်က အမြဲလင်းနေသည်။ ညအချိန် ရှိပုံမပေါ်ပေ။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် ကီလိုမီတာထောင်ကျော် ပျံသန်းခဲ့သော်လည်း ပင်လယ်၏ အဆုံးကို မမြင်နိုင်သေးပေ။ ပင်လယ်ထဲတွင် မည်သည့် ကုန်းမြေ၊ မည်သည့်ကျွန်းမှလည်း မရှိချေ။ ကျောက်တန်းများစွာ ရှိနေ၍သာ တော်သေးပေသည်။
“ရှောင်နူ... လေးနာရီလောက် အနားယူလိုက်ပါ။ မင်း တစ်ရေးလောက် အိပ်လိုက်သင့်တယ်”
ကျန်းရီသည် ကျန်းရှောင်နူက မောပန်းသဖြင့် လဲကျသွားတော့မလို ဖြစ်နေသည်ကို မြင်လိုက်၏။ ထို့ကြောင့် သူ ရင်နာသွားပြီး သူမကို ပွေ့ဖက်ထားလိုက်သည်။ ချက်ချင်းပင် ကျန်းရှောင်နူတစ်ယောက် အိပ်ပျော်သွားသည်။ ထူးဆန်းသောနယ်မြေတစ်ခုတွင်ဖြစ်စေ သို့မဟုတ် ငရဲမှာပင်ဖြစ်စေ ကျန်းရှောင်နူသည် ကျန်းရီ၏ရင်ခွင်ထဲ၌ဆိုလျှင် အိပ်ပျော်နိုင်ပေသည်။
ကျန်းရီကမူ မအိပ်လိုက်ပေ။ သူ မပင်ပန်းပေ။ ထို့ကြောင့် ပတ်ဝန်းကျင်ကိုသာ မပြတ် စူးစမ်းနေလိုက်သည်။ မူလတွင် သူသည် လေးနာရီသာ အနားယူရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော် လေးနာရီကုန်သွားပြီးနောက်တွင် သူ ကျန်းရှောင်နူကို မနှိုးရက်သေးပေ။ ထို့ကြောင့် သူမကို ဆက်အိပ်စေလိုက်သည်။
“ရှောင်နူ... တစ်ခုခု ဖြစ်နေပြီ”
ခြောက်နာရီကျော် ကြာပြီးနောက် ကျန်းရီက ရုတ်တရက် အော်ပြောလိုက်သည်။ ရှောင်နူသည် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး သတ်ဖြတ်အရှိန်အဝါနှင့် လှည့်ပတ်ကြည့်လိုက်သည်။ သူမတို့အရှေ့မှ ပင်လယ်ပြင်က လည်ပတ်နေသည်။ ကျန်းရီက ထရပ်ပြီးနေပြီဖြစ်သည်။ သူ့လက်ထဲမှ မီးနဂါးဓားက တောက်ပနေသည်။ သူ့ကိုယ်ပေါ်တွင်လည်း ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ရှိနေပြီဖြစ်သည်။ သူက အဆင်သင့်ပင်။
ဝုန်း...
ပင်လယ်ရေက လေထဲသို့ ထိုးတက်သွားပြီး ရေထဲမှနေ၍ အဖြူရောင်အရိပ်တစ်ခု ပျံထွက်လာသည်။ ကျန်းရီရော ကျန်းရှောင်နူပါ အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော် အဖြူရောင်အရိပ်မှာ မိစ္ဆာတစ်ကောင်ဖြစ်နေ၍ပင်။ ထိုမိစ္ဆာ၏ခန္ဓာကိုယ်က အဖြူရောင်ကျောက်စများမှ ဖြစ်တည်လာခြင်းပင်။ ၎င်း၏ ခြေလက်များသည်ပင် အဖြူရောင်ကျောက်များကို ပေါင်းစည်းထားခြင်းဖြစ်သည်။ သို့သော် ၎င်း၏ မျက်လုံးများက သာမန်မိစ္ဆာများကဲ့သို့ တောက်ပနေသည်။
မိစ္ဆာ၏ခန္ဓာကိုယ်က မကြီးပေ။ ဦးခေါင်းကသာ ဆင်တစ်ကောင်လောက်ကြီးသည်။ ၎င်းသည် လုံမာတစ်ကောင်နှင့်တူပြီး နှေးကွေးစွာ လှုပ်ရှားသည်။ သို့သော် ဆန်းကြယ်နယ်မြေထဲတွင်ဖြစ်၍ ၎င်း၏ အမြန်နှုန်းက ကျန်းရှောင်နူနှင့် ကျန်းရီတို့၏ အမြန်နှုန်းထက် ပိုမြန်သည်။ ၎င်း ပါးစပ်ဟလိုက်သောအခါ ချွန်ထက်သော ကျောက်သွားတန်း နှစ်တန်းကို မြင်လိုက်ရသည်။ ၎င်းသည် ကျန်းရီတို့နှစ်ယောက်ကို ကြည့်ကာ ဟိန်းလိုက်လေသည်။ ထို့နောက် ရုတ်ခြည်းပင် ကျန်းရီတို့ထံသို့ အရိပ်တစ်ခုအလား ဦးတည်လာလေသည်။
“နတ်ဘုရားဇီဝိန်ခြွေ”
ကျန်းရီက နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်သည်။ လေနှင့်တိမ်များ စုစည်းသွားသည်။ သို့သော် ဤတစ်ကြိမ်တွင် မည်သည့်လျှပ်စီးမှ မကျဆင်းလာပေ။ ထိုအစား ပင်လယ်မှ မြူခိုးဖြူများကသာ သူ့ထံသို့ ရွေ့လျားလာသည်။ ထို့နောက် မီးနဂါးသုံးကောင်က လျင်မြန်စွာ ဖြစ်တည်လာသည်။ ၎င်းတို့က ဆန်းကြယ်နယ်မြေအပြင်မှာလောက် မကြီးပေ။ ကြောက်မက်ဖွယ်လည်း သိပ်မကောင်းချေ။ ၎င်းတို့၏ အမြန်နှုန်းကလည်း ပုံမှန်၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။
မည်သို့ပင်ဖြစ်စေ မီးနဂါးများ၏ အမြန်နှုန်းက မဆိုးလှပေ။ ၎င်းတို့က ကျောက်မိစ္ဆာထက် ပိုမြန်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျောက်မိစ္ဆာ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။ ပတ်ဝန်းကျင် အာကာပြင်ကလည်း တုန်ခါသွားသည်။ သို့သော် မစုတ်ပြဲသွားပေ။ ထိုစဉ် ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို တုန်လှုပ်သွားစေသည့် ကိစ္စတစ်ခု ဖြစ်ပွားလာသည်။ ကျောက်မိစ္ဆာ၏ခန္ဓာကိုယ်မှ ကျောက်စကျောက်နများက ပင်လယ်ထဲသို့ ကျဆင်းကာ ထပ်မံ ပေါင်းစည်းသွားသည်။ အဖြူရောင်အလင်း လင်းလက်လာပြီး ကျောက်မိစ္ဆာ၏ခန္ဓာကိုယ်က ပြန်လည်ဖြစ်တည်သွားသည်။ ၎င်း၏ အရှိန်အဝါက အစောကထက် ပိုအားကောင်းနေသည်ဟု ခံစားရသည်။ ၎င်းသည် ဒဏ်ရာအနည်းငယ်ပင် မရလိုက်ပုံပင်။
ကြယ်ကိုးပွင့်တာအိုပုံသဏ္ဌာန်တစ်ခုဖြစ်သော နတ်ဘုရားဇီဝိန်ခြွေက ဆန်းကြယ်ဧကရာဇ်၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်များကိုပင် အလွယ်တကူ သတ်ပစ်နိုင်ပြီး မီတာသုံးဆယ်ကျော်ရှည်သည့် စွမ်းအားကြီးမိစ္ဆာအရှင်တစ်ပါးကိုလည်း သတ်ပစ်နိုင်သည်။ သို့သော် ၎င်းက ဆင်တစ်ကောင်လောက်သာ ကြီးသည့် ကျောက်မိစ္ဆာကို မသတ်နိုင်သည်လော။ ယင်းမှာ လောကထဲမှ အရယ်ရဆုံး ဟာသတစ်ခုပင် ဖြစ်လေသည်။
ဟိန်း...ဟိန်း...
ကျောက်မိစ္ဆာက ခက်ထန်စွာ ဟိန်း၍ ကျန်းရီဆီသို့ ပျံဝင်လာသည်။ သို့သော် အစောလို အနားသို့ မဆင်မခြင် ကပ်မသွားဝံ့တော့ပေ။ ထိုစဉ် ၎င်းသည် နောက်လှည့်ကာ ပင်လယ်ထဲသို့ဝင်၍ ကျန်းရီတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
“ထွက်သွားစမ်း...”
ကျန်းရီက မီးနဂါးဓားကို ကိုင်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ဗုဒ္ဓအင်ပါယာက မှန်ပေသည်။ ဤဆန်းကြယ်နယ်မြေ၏ ပင်လယ်ထဲတွင် မိစ္ဆာများနှင့် ပြည့်နှက်နေသည်။ သူသည် ထိုကျောက်မိစ္ဆာကို မသတ်နိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ၎င်းထက် ပိုစွမ်းအားကြီးသော မိစ္ဆာများ ရောက်လာနိုင်သည်။ ထိုကျောက်တန်းပေါ်တွင် ဆက်နေရန် မလုံခြုံတော့ပေ။ ထိုနေရာတွင် ဆက်နေလျှင် ထွက်ပေါ်မရှိဘဲ ပိတ်မိသွားနိုင်သည်။
ဝှစ်...
ကျန်းရှောင်နူသည်လည်း သူမတို့က အန္တရာယ်များသော အခြေအနေတစ်ခုထဲသို့ ရောက်နေကြောင်း သိသည်။ ထို့ကြောင့် သူမသည် ကျန်းရီကို သယ်ကာ လေထဲသို့ ပျံတက်လိုက်ပြီး အခြားကျောက်တန်းတစ်ခုသို့ မြန်နိုင်သမျှ အမြန်ဆုံး သွားလိုက်သည်။
သို့သော်...
တစ်နာရီအတွင်းမှာပင် ကျန်းရှောင်နူနှင့် ကျန်းရီတို့က ကီလိုမီတာ ဆယ်ချီ ပျံသန်းခဲ့သည်။ သို့သော် ပင်လယ်က ထပ်မံလည်ပတ်လာပြန်သည်။ ပင်လယ်ထဲမှနေ၍ ကျောက်မိစ္ဆာများက တစ်ကောင်ပြီးတစ်ကောင် ပျံထွက်လာသည်။ ယခုတွင် ကျောက်မိစ္ဆာများက အနည်းဆုံး ရာဂဏန်းရှိနေပေပြီ။
“ရှောင်နူ... မြန်မြန်.. ဟိုကကျောက်တန်းဆီသွားလိုက်။ ငါ သူတို့ကို တိုက်ခိုက်မယ်”
ကျန်းရီက ချက်ချင်း အော်ပြောလိုက်သည်။ မီးနဂါးဓားက လေထဲတွင် ဝေ့ယမ်းနေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် နတ်ဘုရားဇီဝိန်ခြွေကို မသုံးဘဲ သောင်းချီသော မီးနဂါးများကို ဆင့်ခေါ်လိုက်သည်။ သူသည် ကျောက်မိစ္ဆာများကို မသတ်နိုင်သဖြင့် ၎င်းတို့ သူတို့အနား ကပ်မလာစေနိုင်မည့် နည်းလမ်းများကိုသာ စဉ်းစားရပေလိမ့်မည်။
***