ဒီအင်ပါယာက မင်းကို ကျိုးပဲ့သွားစေချင်တယ်
Vol. 87 Ch. 1212
မီးနဂါးလေးများက စွမ်းအားမကြီးပေ။ မီးနဂါးဓားကသာ ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုပြီး နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်မလာခဲ့လျှင် မီးနဂါးများသည် ကျောက်မိစ္ဆာများကို ထိခိုက်အောင်ပင် လုပ်နိုင်မည် မဟုတ်ချေ။
ထိုအခိုက်တွင်လည်း မီးနဂါးများက ကျောက်မိစ္ဆာများကို များစွာထိခိုက်အောင် မလုပ်နိုင်ပါ။ သို့သော် ၎င်းတို့သည် ကျောက်မိစ္ဆာများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ဖျက်ဆီးနိုင်နေသည်။ ထိုမီးနဂါးလေးများက အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်မှဖြစ်သည်။ ၎င်းတို့ကို ဆင့်ခေါ်ရန် အတွင်းအား သိပ်မလိုသဖြင့် ကျန်းရီသည် ၎င်းတို့ကို စိတ်ကြိုက် ဆင့်ခေါ်နိုင်သည်။ သူသည် မီးနဂါးလေးများကို ကျောက်မိစ္ဆာများထံ ပစ်လွှတ်နေသည်။ ထို့ကြောင့် ကျောက်မိစ္ဆာများ နောက်ဆုတ်နေရသည်။ တစ်ချိန်တည်းမှာပင် ကျန်းရှောင်နူက သူ့ကို သယ်၍ အနီးဆုံးရှိ ကျောက်တန်းဆီသို့ ပျံသန်းသွားလိုက်သည်။
ဟိန်း...ဟိန်း...ဟိန်း...
ကျောက်မိစ္ဆာများသည် တိုက်ခိုက်တိုင်း လေထဲသို့ မီတာဆယ်ချီ လိမ့်တက်သွားပြီး ကျယ်လောင်စွာ ဟိန်းလိုက်ကြသည်။ ကျန်းရှောင်နူက ကျောက်တန်းပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ကျန်းရီက သူမကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ပို့လိုက်သည်။ သူကမူ ကျောက်မိစ္ဆာများကို အဆက်မပြတ် တိုက်ခိုက်နေသည်။ ၎င်းတို့ကို အနားကပ်မလာနိုင်အောင် တိုက်ခိုက်နိုင်လျှင် ၎င်းတို့သည် လက်လျှော့ကာ နောက်ပြန်လှည့်သွားနိုင်လောက်သည်။
သို့သော် မိနစ်များစွာ ကြာပြီးနောက်တွင် ကျောက်မိစ္ဆာများက နောက်ပြန်လှည့်မည့်ပုံ မပေါ်ကြောင်း ကျန်းရီ သိရှိသွားသည်။ သို့ဖြစ်၍ ကျန်းရှောင်နူအား သူ့ကို အဝေးသို့ ထပ်ခေါ်သွားရန်သာ ခိုင်းရပေတော့မည်။ ထိုအခိုက်တွင် သူသည် နတ်ဘုရားဇီဝိန်ခြွေကို ထပ်မသုံးဝံ့တော့ပေ။ ကျောက်မိစ္ဆာများကို သတ်နိုင်မည့် နည်းလမ်းကိုလည်း မတွေးဝံ့ချေ။
ထိုကျောက်မိစ္ဆာများ သေသွားလျှင် ၎င်းတို့၏ ခေါင်းဆောင်က သေချာပေါက် ရောက်လာပေလိမ့်မည်။ ယင်းမှာ လောကသဘာဝပင်။ ထိုကျောက်မိစ္ဆာများက ဤဆန်းကြယ်နယ်မြေ၏ ပင်လယ်ပြင်ထဲတွင် နေထိုင်နိုင်ရာ ၎င်းတို့ထက် ပိုကြီးသော ကျောက်မိစ္ဆာများနှင့် ပိုအိုသော ကျောက်မိစ္ဆာများ ရှိနေနိုင်သေးသည်။ ဆင်တစ်ကောင်အရွယ်သာ ရှိသည့် ထိုကျောက်မိစ္ဆာလေးများက အတော်လေးသန်မာသည်။ သို့သော် ၎င်းတို့ထက် ပိုကြီး၊ ပိုအိုသော ကျောက်မိစ္ဆာများ ရောက်လာလျှင် ကျန်းရီနှင့် ကျန်းရှောင်နူတို့အတွက် ပို၍ ဒုက္ခများသွားပေလိမ့်မည်။
ယခုတွင် ကျန်းရီတို့၏ အဓိကပန်းတိုင်မှာ ကြီးသောကျွန်းတစ်ကျွန်း သို့မဟုတ် ကုန်းမြေတစ်ခုကို ရှာရန်ဖြစ်သည်။ ထိုမှ အားလုံးကို နန်းတော်အပြင်သို့ ပြန်ထုတ်၍ လွတ်လမ်းကို အတူပူးပေါင်းရှာနိုင်မည်ဖြစ်သည်။
“သွားမယ်...”
ကျန်းရှောင်နူက အနားယူပြီးနောက် ကျန်းရီ ထပ်မံအော်လိုက်သည်။ သူသည် ကျောက်မိစ္ဆာများက သူတို့အနားသို့ ကပ်မလာနိုင်ရန် အဆက်မပြတ် တိုက်ခိုက်နေသည်။ ကျန်းရှောင်နူက သူ့ကို သယ်ကာ တတ်နိုင်သမျှ အမြန်ဆုံး စတင်ပျံသန်းသွားလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
တဖြည်းဖြည်းဖြင့် ကျောက်မိစ္ဆာများက ပိုများလာကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ လမ်းတစ်လျှောက်တွင် ကျောက်မိစ္ဆာများက ပိုပိုရောက်လာကြသည်။ နှစ်နာရီကြာပြီးနောက် သူတို့အနောက်တွင် ကျောက်မိစ္ဆာတစ်ထောင်ကျော် ပါလာပေပြီ။ အရေအတွက်က အချိန်နှင့်အမျှ တိုးနေသည်။
“သခင်လေး... ဟိုမှာ ကျွန်းကြီးတစ်ကျွန်း...”
လေးနာရီကြာပြီးနောက် ကျန်းရှောင်နူက ရုတ်တရက် ဝမ်းသာအားရ အော်ပြောလိုက်သည်။ ကျန်းရီသည် ကျောက်မိစ္ဆာအုပ်ကို ကျော်ကြည့်လိုက်ပြီး ချက်ချင်း ဝမ်းသာသွားသည်။ အမှန်ပင် ခပ်လှမ်းလှမ်းတစ်နေရာ၌ အနက်ရောင်အရိပ်တစ်ခု ရှိနေသည်။ ဤအကွာအဝေးမှ မြင်ရသော အရွယ်အစားအရ ၎င်းက အမှန်ပင် ကျွန်းကြီးတစ်ကျွန်း ဖြစ်နိုင်သည်။
“သွားမယ်...”
ကျန်းရီသည် ခြောက်နာရီလုံးလုံး အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။ သူက အခြေခံတိုက်ကွက်များကိုသာ သုံးခဲ့သော်လည်း ကျောက်မိစ္ဆာအရေးအတွက်က တိုး၍သာ လာနေသဖြင့် မရပ်မနား တိုက်ခိုက်ခဲ့ရရာ ပင်ပန်းလာပြီဖြစ်သည်။
ဝှစ်...
ကျန်းရှောင်နူက ပို၍ပင် မောပန်းနေသည်။ သို့သော် အဆုံးသတ်ကို မျက်စိရှေ့တွင် မြင်နေရပြီဖြစ်သည်။ ကျွန်းကြီးပေါ်သို့သာ ရောက်သွားလျှင် နန်းတော်ထဲမှ လူများကို အပြင်ထုတ်၍ရသည်။ ထိုအခါ သူမတို့နှစ်ယောက်က အနားယူနိုင်ပေလိမ့်မည်။
ဆယ်မိနစ်ကြာပြီးနောက် ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် ကျွန်းသို့ ရောက်သွား၏။ သို့သော် ထူးဆန်းသည်မှာ ကျွန်းအနားသို့ ရောက်သွားသည်နှင့် ကျောက်မိစ္ဆာများက ဆက်မတိုက်ခိုက်တော့ခြင်းပင်။ ၎င်းတို့သည် သူတို့နှစ်ယောက် ကျွန်းပေါ်သို့ ရောက်သွားသည်ကို ကြည့်ကာ နောက်ပြန်လှည့်၍ ပင်လယ်ထဲဝင်ရောက် ပျောက်ကွယ်သွားကြသည်။
“ရှောင်နူ... ကျွန်းပေါ်ကို ဆင်းလိုက်။ လျှောက်မပျံနေနဲ့။ ဒီကျွန်းပေါ်မှာ ထူးဆန်းတဲ့ အရာတွေ ရှိနေနိုင်တယ်”
ကျန်းရီသည် ကျောက်မိစ္ဆာများ၏ မျက်ဝန်းများထဲမှ အကြည့်ကို တွေ့လိုက်၍ ကျန်းရှောင်နူကို ခပ်သွက်သွက် ညွှန်ကြားလိုက်သည်။ သူတို့နှစ်ယောက်သည် ကမ်းခြေပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ကျန်းရီသည် ချက်ချင်းပင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်လိုက်ပြီး ရှောင်ဖေးအပါအဝင် အားလုံးကို အပြင်သို့ တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ဗုဒ္ဓအင်ပါယာနှင့် အခြားသူများက တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ သူတို့သည် အပြင်သို့ ရောက်လျင်ရောက်ချင်း သတ်ဖြတ်အရှိန်အဝါဖြင့် လှည့်ပတ်ကြည့်လိုက်ကြသည်။ မည်သည့်ရန်သူမှ မရှိတော့ကြောင်း သေချာမှ သူတို့ ကျန်းရီကို ကြည့်လိုက်သည်။
“အခြေအနေက ဘယ်လိုလဲ”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။
“အခုအတွက်တော့ လုံခြုံပါပြီ။ ဒီကျွန်းက တော်တော်ကြီးတယ်။ ဒါပေမဲ့ ကျွန်းပေါ်မှာ ထူးဆန်းတာ တစ်ခုခု ရှိနေလောက်တယ်။ အားလုံးပဲ လျှောက်မသွားကြပါနဲ့။ ဒီမှာပဲ သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပါ။ ရှောင်နူနဲ့ ကျွန်တော် အနားယူလိုက်ပါဦးမယ်”
ကျန်းရီသည် စကားပြောပြီးသည်နှင့် ကျန်းရှောင်နူကို ခေါ်၍ သောင်ပြင်ပေါ်ရှိ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲရှိ အခန်းတစ်ခန်းစီတွင် တရေးတမော အိပ်စက်အနားယူလိုက်ကြသည်။ ကျန်းရီသည် အပြင်ဘက်မှ ကိစ္စများကို အာရုံမထားတော့ပေ။ တစ်ခုခု ဖြစ်လာလျှင် ရီချန်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုရိုက်ပေလိမ့်မည်။ ထိုအခါ သူ ချက်ချင်း အာရုံခံမိမည်ဖြစ်သည်။
“လူစေလွှတ်ပြီး စူးစမ်းခိုင်းကြည့်ရင် ကောင်းမလား”
ယဉ်အင်ပါယာက ခေတ္တမျှ လှည့်ပတ်ကြည့်ကာ မည်သို့ဆက်လုပ်ရမည်ကို ဗုဒ္ဓအင်ပါယာနှင့် ဆွေးနွေးလိုက်သည်။ ဗုဒ္ဓအင်ပါယာက မျက်မှောင်ကြုတ်၍ ပြန်ပြောသည်။
“ဒီမှာပင် အသင့်ပြင်ထားကြတာပေါ့။ ကျန်းရီ နိုးလာမှ ဘာဆက်လုပ်ရမယ်ဆိုတာကို တိုင်ပင်ကြတာပေါ့”
“ကျုပ်တို့က ဘာလို့ သူ့ကို စောင့်ရမှာလဲ။ ဒီတစ်အုပ်စုလုံးက သူ့လောက်တောင် အစွမ်းအစမရှိလို့လား”
ယဉ်အင်ပါယာက မာန်မချနိုင်သေးပေ။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ယဉ်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကို ခေါ်ကာ ပြောလိုက်သည်။
“လောင်လျို့... ကျုပ်တို့ လူခွဲပြီး ဒီနေရာတစ်ဝိုက်မှာ ရှာကြမယ်။ တကယ်လို့ မသင်္ကာစရာတစ်ခုခု တွေ့ရင် ဘာမှမလုပ်သေးဘဲ အရင်ဆုံး သတင်းပြန်ပို့ပါ”
ညအင်ပါယာကလည်း သူ၏ လူများကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားပြီး ကူရှာပေးလိုက်ပါ”
ဗုဒ္ဓအင်ပါယာနှင့် ရွှမ်အင်ပါယာတို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ထို့နောက် မချင့်မရဲဖြင့် သူတို့မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကို ပြောလိုက်သည်။
“ခင်ဗျားတို့လည်း သွားကူရှာလိုက်ကြပါ။ သုံးယောက်တစ်စုဖွဲ့ပါ... ဒါပေမဲ့ အဝေးကြီးတော့ မသွားကြပါနဲ့။ မူမမှန်တာ တစ်ခုခု တွေ့ရင် ချက်ချင်း ပြန်ဆုတ်လာပါ။ တကယ်လို့ အန္တရာယ်နဲ့ ကြုံနေရပြီဆိုရင် စစ်ကူလှမ်းတောင်းပါ”
“ဟုတ်ကဲ့ပါ”
ရီမျိုးနွယ်နှင့် လင်းမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများက ညွှန်ကြားချက်များကို ရိုရိုကျိုးကျိုး နာခံလိုက်ကြသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ့်နှစ်ယောက်က အုပ်စုလေးစုခွဲ၍ ဖြန့်ကျက်လိုက်ကြသည်။ ဗုဒ္ဓအင်ပါယာနှင့် ယဉ်အင်ပါယာတို့က သောင်ပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပတ်ဝန်းကျင်ကို မပြတ်စောင့်ကြည့်နေကြလေသည်။
***
တစ်နာရီအတွင်းမှာပင် ယဉ်အင်ပါယာနှင့် ညအင်ပါယာတို့၏ အမိန့်ပြားများက လင်းလက်လာသည်။ သူတို့နှစ်ယောက်စလုံး ရုတ်ခြည်း မျက်နှာပျက်သွားပြီး အော်ပြောလိုက်ကြသည်။
“တစ်ခုခု ဖြစ်နေပြီ”
ယဉ်အင်ပါယာနှင့် ညအင်ပါယာတို့သည် လေးမှလွှတ်လိုက်သော မြားများအလား လျင်မြန်စွာ ပြေးထွက်သွားကြသည်။ ယဉ်အင်ပါယာသည် ယဉ်ရို့ပင်းကို ကြည့်၍ ပြောခဲ့သည်။
“ငါ တစ်ချက်သွားကြည့်လိုက်ဦးမယ်”
“အဖေ... မလောပါနဲ့”
ယဉ်ရို့ပင်း စိုးရိမ်လာသည်။ ယဉ်အင်ပါယာက ပြောပလောက်အောင် စွမ်းအားမကြီးပေ။ သူက ကြယ်ခုနစ်ပွင့်အဆင့် သိုင်းပညာရှင်သာဖြစ်သည်။ သူ့တွင် ရှေးဟောင်းအသုံးအဆောင်အချို့ ရှိသော်လည်း သူ၏စွမ်းရည်များက ယဉ်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများထက် များစွာပိုမသာပေ။ ထို့ကြောင့် ယဉ်ရို့ပင်းသည် အတွင်းအားထုတ်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုရိုက်လိုက်သည်။ နန်းတော်၏ အကာအရံက လင်းလက်လာသည်။ ကျန်းရီသည် ရုတ်ခြည်း နန်းတော်ထဲမှ ထွက်လာသည်။ ထို့နောက် အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ဝှစ်...
ယဉ်အင်ပါယာသည် ကျန်းရီကို မြင်လိုက်ရသောအခါ ပို၍ စိတ်မကျေမနပ်ဖြစ်သွားပြီး ညအင်ပါယာနောက်သို့ အမီလိုက်သွားလိုက်သည်။ ထို့နောက် အမိန့်ပြားမှနေ၍ သူ့မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများ၏ တည်နေရာကို အာရုံခံနိုင်ရန် ကြိုးစားလိုက်သည်။
ဗုဒ္ဓအင်ပါယာနှင့် အခြားသူများလည်း ထရပ်လိုက်ပြီး အတွင်းအား ထုတ်ကာ ကျွန်းပေါ်မှ တောအုပ်ထဲသို့ လိုက်သွားရန် ဟန်ပြင်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ဗုဒ္ဓအင်ပါယာက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“ယဉ်အင်ပါယာက ကျွန်းပေါ်ကို လူလွှတ်ပြီး ရှာကြည့်ဖို့ ပြောနေတာနဲ့ လူတွေလွှတ်လိုက်ရတာပဲ။ အခု လူတချို့က အန္တရာယ်နဲ့ကြုံနေတယ်လို့ သတင်းပို့ကြတယ်”
“သွားမယ်...”
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သိမ်းလိုက်ပြီး ရှောင်ဖေးကို ပခုံးပေါ်တွင်လိုက်သည်။ ထို့နောက် ယဉ်အင်ပါယာတို့နောက်သို့ လိုက်ရန် ကျွန်းပေါ်တက်လိုက်သည်။ သူသည် ပြေးနေရင်းဖြင့် ရီချန်နှင့် ယဉ်ရို့ပင်းတို့ကို တီးတိုးပြောလိုက်သည်။
“ဒီကျွန်းက အရမ်း အန္တရာယ်များတယ်။ မင်းတို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်နေချင်လား”
“ဟင့်အင်း...”
ရီချန်ရော ယဉ်ရို့ပင်းပါ တစ်ညီတည်း ပြန်ပြောသည်။ ထို့ကြောင့် ကျန်းရီ သက်ပြင်းချ၍သာ ပြောလိုက်ရသည်။
“အဲ့ဒါဆိုလည်း ငါ့နောက်က ကပ်လိုက်လာပါ။ အခြေအနေကို အရင်ကြည့်ကြတာပေါ့... လိုအပ်ရင် ငါ မင်းတို့ကို နန်းတော်ထဲ ပြန်ပို့လိုက်မယ်”
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပြေးလွှားနေသည်။ ထိုကျွန်းက အပြင်ဘက်မှ ကျွန်းများနှင့် မကွာပေ။ နေရာအနှံ့တွင် ထူထပ်သော တောအုပ်များနှင့် ကျောက်တောင်များ ရှိနေသည်။ ထို့ကြောင့် ကျွန်းပေါ်တွင် သွားရလာရ အလွန်ခက်ပေသည်။ အပြင်ဘက်တွင်ဆိုလျှင် ပျံသန်း၍ ရသော်လည်း သူတို့မှာမူ ရွေးချယ်စရာမရှိဘဲ ခုန်ကာ၊ ပြေးကာဖြင့် သွားနေရသည်။
ဝုန်း...ဝုန်း...ဝုန်း...
တစ်နာရီကြာပြီးနောက် ကျန်းရီတို့သည် အဝေးမှ ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း ထင်ရှားပေသည်။ သူတို့ အရှိန်တင်လိုက်ကြပြီး လက်နက်များ ထုတ်လိုက်ကြသည်။ ရီချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ တောက်ပလာသည်။ ယဉ်ရို့ပင်းကလည်း နတ်ဘုရားပစ်လေးကို ထုတ်လိုက်သည်။ သူမတို့နှစ်ယောက်သည် ကျန်းရီနှင့် ကပ်နေကြသည်။
တိုက်ပွဲနေရာနှင့် နီး၍ နီး၍ လာသည်။ အဝေးမှ လူဆယ်ယောက်လောက်ကို လှမ်းမြင်နေရပေပြီ။ သူတို့က မျိုးနွယ်အသီးသီးမှ နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။ သို့သော် သူတို့ ပြုမူနေပုံက ကျန်းရီတို့ကို တုန်လှုပ်သွားစေသည်။
နတ်ဘုရားတစ်ပိုင်းများက သစ်ရွက်များ ပြည့်နှက်နေသော ဧရာမသစ်ပင်ကြီးတစ်ပင်နှင့် တိုက်ခိုက်နေကြသည်။ သို့သော် သစ်ပင်ကြီးက သစ်ခေါက်များသာ ကွာနေပြီး ပင်စည်က ထိခိုက်မှု မရှိသေးပေ။
“အကြီးအကဲခြောက်...”
ယဉ်ရို့ပင်းက သစ်ပင်ကြီးကို စူးစမ်းပြီးနောက် ရုတ်တရက် အော်ပြောလိုက်သည်။ ကျန်းရီသည် အခြေအနေကို အစောကတည်းက သိပြီးပေပြီ။ သူ့မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ ရှိနေသည်။ ဤဆန်းကြယ်နယ်မြေထဲမှ အဖြစ်အပျက်များက အလွန်ဆန်းကြယ်ပေသည်။ သစ်ပင်များပင် အသက်ရှိကြသည်။
သစ်ပင်ကြီး၏ အကိုင်းအခက်များပေါ်တွင် လူနှစ်ယောက်ရှိနေသည်။ သူတို့၏ နတ်ဘုရားဒိုင်းများက ပျက်စီးနေပြီး သူတို့၏ ခန္ဓာကိုယ်များက ပုံစံပြောင်းနေပုံပေါ်သည်။ သူတို့၏ မျက်နှာများက နာကျင်ဟန်ဖြင့် ရှုံ့မဲ့နေကြသည်။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ယဉ်မျိုးနွယ်မှဖြစ်ပြီး ကျန်တစ်ယောက်မှာ ရီမျိုးနွယ်က ဖြစ်သည်။ ယဉ်မျိုးနွယ်မှ အကြီးအကဲခြောက်က ကျန်းရီတို့အုပ်စုကို တွေ့လိုက်၍ သူတို့ထံ ပြေးလာကာ အော်ပြောလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်၊ သခင်မလေးယဉ်... သတိထားပါ။ အဲ့သစ်ပင်က အတွင်းအားကို စုပ်ယူနိုင်တယ်။ အဲ့သစ်ပင်နဲ့ မထိပါစေနဲ့။ ထိမိသွားရင် အတွင်းအား ရှုပ်ထွေးသွားလိမ့်မယ်...”
“ဒီအင်ပါယာက မင်းကို ကျိုးပဲ့သွားစေချင်တယ်”
ယဉ်အင်ပါယာက အသံကုန် အော်လိုက်သည်။ သူသည် သစ်ပင်ကြီးကို လက်ထဲမှ ဓားဖြင့် ခုတ်လိုက်သည်။ သူ့ဓားက တလက်လက် တောက်ပနေပေသည်။ ဓားတစ်ချောင်းလုံးက ရွှေရောင်တောက်ပနေသဖြင့် ဖျက်ဆီး၍မရနိုင်သော ဓားတစ်ချောင်းကဲ့သို့ ထင်ရသည်။ ယဉ်အင်ပါယာက ရွှေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုကို အသုံးပြုလိုက်ကြောင်း ထင်ရှားပေသည်။
ဝုန်း...
သို့သော် ယဉ်အင်ပါယာ၏ ခုတ်ချက်က သစ်ပင်ကြီးအပေါ် ကျသွားသောအခါ သစ်ပင်ကြီးက အတန်ငယ်သာ တုန်ခါသွားပြီး ပင်စည်တွင် ဓားရာ ခပ်တိမ်တိမ်သာ ထွက်ပေါ်လာသည်။ ထို့ပြင် ထိုဓားရာက ချက်ချင်းပင် ပြန်ပျောက်ကွယ်သွားသည်။
“အဲ့ဒါကဘာလဲဟ”
ကျန်းရီတို့ တစ်အုပ်စုလုံး မှင်တက်သွားသည်။ ၎င်းက သစ်ပင်ကြီးတစ်ပင်သာ။ အပြင်ဘက်တွင်ဆိုလျှင် အင်ပါယာတစ်ပါး၏ တာအိုပုံသဏ္ဌာန်မဆိုထားနှင့် အတွင်းအားကသည်ပင် တောင်များကို ပြားကပ်သွားစေနိုင်သည်။ သို့သော် ဤဆန်းကြယ်နယ်မြေထဲတွင်မူ ယဉ်မျိုးနွယ်၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုက သစ်ပင်တစ်ပင်ကိုပင် မချိုးနိုင်ခဲ့ချေ။
***