ဝတ်စုံနီ
Vol. 87 Ch. 1213
ညအင်ပါယာကလည်း တိုက်ခိုက်လိုက်သည်။ သူ၏ လက်ထဲတွင် ရှေးဟောင်းအသုံးအဆောင် ဓားပျော့တစ်ချောင်း ရှိနေသည်။ ဓားပျော့ကို လှုပ်ယမ်းလိုက်သောအခါ စူးရှသော အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ဓားအရိပ်တစ်ခု ထွက်ပေါ်လာကာ လေထဲတွင် ခုတ်ရာလေးများ ထွက်လာသည်။ ယင်းက ရှိန်လောက်ဖွယ်ပင်။
ရွှစ်...ရွှစ်...
ညအင်ပါယာက အစွမ်းကုန်သုံး၍ ဓားကို အရှေ့သို့ ထိုးလိုက်ရာ အလင်းလုံးတစ်လုံး ပျံထွက်သွားသည်။ ထိုအလင်းလုံး လေကိုခွင်းသွားသည့်အသံက အလွန်စူးရှကာ ကျယ်လောင်သည်။ ကျန်းရီ ခေါင်းဆတ်လိုက်၏။ ထိုရှေးဟောင်းအသုံးအဆောင်နှင့်ဆိုလျှင် ညအင်ပါယာ၏ စွမ်းအားက ကြယ်ခုနစ်ပွင့်အဆင့် ရှိပေလိမ့်မည်။ အကယ်၍ အသံက ယခုထက် ပိုကျယ်လျှင် ထိုနေရာရှိ လူအားလုံး၏ စိတ်ဝိညာဉ်အပေါ် သက်ရောက်နိုင်မည်ဖြစ်သည်။
ထန်း...ထန်း...
ကျန်းရီတို့ အရှေ့တွင် မီးပွင့်များ ထွက်ပေါ်လာပြီး သတ္တုအချင်းချင်း ထိတိုက်သံကို ကြားလိုက်ရသည်။ သစ်ပင်ကြီးလည်း လှုပ်ယမ်းသွားသည်။ ထို့နောက် ရုတ်ခြည်းပင် အားလုံး၏ မျက်နှာများ မည်းမှောင်သွားသည်။ ညအင်ပါယာ၏ တိုက်ခိုက်မှုက ယဉ်အင်ပါယာ၏ တိုက်ခိုက်မှုထက်ပို၍ သစ်ပင်ပင်စည်ပေါ်တွင် အရာနက်နက် ထင်သွားစေသည်။ သို့သော် သစ်ပင်ကိုတော့ မပိုင်းဖြတ်နိုင်ပေ။ သစ်ပင်၏ အကိုင်းအခက်များက နေရာအနှံ့သို့ ဆန့်တန်းလာ၍ မည်သူမှ မဆင်မခြင် မတိုက်ခိုက်ဝံ့တော့ချေ။ အကိုင်းအခက်များထဲတွင် မိနေသော လူများကို မတော်တဆ သတ်မိလျှင် မည်သို့ လုပ်မည်နည်း။
ယဉ်အင်ပါယာက ဗုဒ္ဓအင်ပါယာကို လှည့်ကြည့်လိုက်သည်။ သူတို့အုပ်စုထဲတွင် ဗုဒ္ဓအင်ပါယာက စွမ်းအားအကြီးဆုံး ဖြစ်သည်။ သူ၏ တိုက်ခိုက်စွမ်းအားက ကြယ်ရှစ်ပွင့်အဆင့်ရှိသည်။ သူကလည်း သစ်ပင်ကို မပိုင်းဖြတ်နိုင်လျှင် သစ်ကိုင်းများတွင် မိနေသော လူများအတွက် မျှော်လင့်ချက်ရှိတော့မည် မဟုတ်ပေ။ ဗုဒ္ဓအင်ပါယာက သူ၏ဦးပျဉ်းပြောင်ပြောင်ကို ကိုင်၍ ပြောလိုက်သည်။
“ယဉ်အဘိုးကြီး... ကျုပ်ကို ကြည့်နေလို့လည်း အကြောင်းမထူးဘူး။ ကျုပ် အဲ့သစ်ပင်ကို မဖြတ်နိုင်လောက်ဘူး။ ခင်ဗျားရဲ့ သားမက်ကိုပဲ အကူအညီတောင်းပေါ့”
“ကျွန်တော် စမ်းကြည့်ပါမယ်”
ကျန်းရီသည် သစ်ကိုင်းများပေါ်မှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ ဆက်၍ ရပ်ကြည့်မနေနိုင်တော့ပေ။ ယဉ်အင်ပါယာက အကူအညီတောင်းလာသည်အထိလည်း စောင့်မနေဝံ့ချေ။ ထိုသို့ဖြစ်လာလျှင် ယဉ်ရို့ပင်းက သူ့ကို ကုတင်ပေါ် တက်ခိုင်းလောက်တော့မည် မဟုတ်ပေ။
ကျန်းရီ၏ မီးနဂါးဓားက လေထဲတွင် ဝေ့ယမ်းသွားသည်။ မိုးမြေတွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအားက မီးနဂါးသုံးကောင်အဖြစ် စုစည်းသွားပြီး ဧရာမသစ်ပင်ကြီးထံသို့ ဦးတည်သွားသည်။
“အာ...”
ကျန်းရီသည် တိုက်ခိုက်လျင်တိုက်ခိုက်ချင်းမှာပင် စွမ်းရည်အစစ်အမှန်ကို ထုတ်ပြလိုက်သည်။ အစတွင် ထိုနေရာရှိ နတ်ဘုရားတစ်ပိုင်းများက သူ့ကို အထင်မကြီးကြပေ။ ကျန်းရီက နတ်ဘုရားဇီဝိန်ခြွေကို သိမြင်နားလည်ထားပြီဖြစ်ကြောင်းကို သိထားသော်လည်း သူတို့မျက်စိနှင့် မမြင်ရသေးသဖြင့် မယုံနိုင်ကြသေးချေ။ ယခုတွင်မူ သူတို့ မျက်နှာထား ပြောင်းသွားကြသည်။ ညအင်ပါယာနှင့် ယဉ်အင်ပါယာတို့လည်း မျက်နှာထား ပြောင်းသွားသည်။ ယင်းက အမှန်ပင် ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုပင်။ ၎င်းတွင် ကြောက်မက်ဖွယ် စွမ်းအင်ပမာဏ ပါဝင်သဖြင့် သူတို့ပင် ၎င်းကို မခုခံနိုင်လောက်ပေ။
ဝုန်း...ဝုန်း...ဝုန်း...
မီးနဂါးသုံးကောင်က သစ်ပင်ကြီးကို တိုက်ခိုက်လိုက်ရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအားက သစ်ပင်ကြီး၏ အမြစ်ထူထူများကိုပင် မြေကြီးထဲမှ ထွက်လာစေသည်။ အစတွင် သစ်ပင်ကြီးက ရပ်နေနိုင်သေးသော်လည်း သစ်ကိုင်းများက ပြင်းထန်စွာ လှုပ်ယမ်းလာရာ လဲကျသွားလေတော့သည်။ သို့သော် ပင်စည်ကတော့ ကျိုးပြတ်မသွားသေးပေ။
ဝှစ်...ဝှစ်...
ညအင်ပါယာက ဓားအလင်းများစွာကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။ အခြားနတ်ဘုရားတစ်ပိုင်းများကလည်း အရှေ့သို့ သွားကာ သစ်ပင်ကြီး၏ ပင်စည်ကို ခုတ်ပိုင်းကြသည်။ သစ်ပင်ကြီး ပိုင်းပြတ်သွားသည့်အခိုက်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်ကို ဖမ်းထားသော သစ်ကိုင်းများက မှေးမှိန်သွားသည်။ ထို့နောက် အသက်ကင်းမဲ့စွာဖြင့် နတ်ဘုရားတစ်ပိုင်းများကို လွှတ်ပေးလိုက်လေသည်။
ဝှစ်...
ထို နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်သည် လောင်ကျွမ်းဒဏ်ရာများစွာ ရထားသော်လည်း သစ်ပင်နှင့်ဝေးရာသို့ ပြေးကာ အနားမှ လူများထံသို့ လှိမ့်သွားလိုက်သည်။ ထိုလူများက သူတို့နှစ်ယောက်ကို တွဲ၍ အဝေးသို့ ခေါ်သွားကြသည်။ သူတို့နှစ်ယောက်က တုန်လှုပ်နေသေးဆဲဖြစ်ကြောင်း ထင်ရှားသည်။ ထို့ပြင် သွေးများစွာနှင့် အတွင်းအားများစွာ ဆုံးရှုံးထား၍ ဖြူဖျော့နေကြသည်။
“အနားယူပြီး အားဖြည့်နေလိုက်ပါ”
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က အနားသို့ ရောက်လာသောအခါ သက်စောင့်အားဖြည့်ဆေးများ တိုက်လိုက်ပြီး သူတို့၏ခန္ဓာကိုယ်များကို စစ်ဆေးလိုက်သည်။ သူတို့က ကောင်းကင်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်းကို သိလိုက်ရသောအခါ ကျန်းရီ သက်ပြင်းလေးလေး ချလိုက်သည်။ သူတို့၏ အတွင်းအားများစွာက စုပ်ယူခံလိုက်ရသည်။ သူတို့ ပြန်ကောင်းလာလျှင်ပင် သူတို့၏ တိုက်ခိုက်စွမ်းအားက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်၌သာ ရှိနိုင်သည်။ ယဉ်အင်ပါယာ၏ ဆုံးဖြတ်ချက်အမှားတစ်ခုက အရည်အချင်းရှိသည့် သူရဲကောင်းနှစ်ယောက်ကို ဆုံးရှုံးလိုက်ရစေလေသည်။
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်ကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပို့လိုက်ပြီးနောက် ဗုဒ္ဓအင်ပါယာဘက်လှည့်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ ဒီကလူအကုန်လုံးကို နန်းတော်ထဲ ဝင်ခိုင်းလိုက်ရမလား။ ကျွန်တော်တို့ ငါးယောက်ပဲ ကျွန်းရဲ့ ကျန်တဲ့နေရာတွေကို လိုက်စစ်ဆေးလို့ ရတယ်မလား”
“ကောင်းပြီ”
ဗုဒ္ဓအင်ပါယာက ခေါင်းညိတ်လိုက်သည်။ ကျွန်းကို စစ်ဆေးရန် လူများစွာ မလိုပေ။ သူတို့၏ လူများကို ထပ်ဆုံးရှုံးလိုက်ရလျှင် အခြားစွမ်းအားကြီးမိစ္ဆာများ၏ တိုက်ခိုက်မှုကို ခံရချိန်တွင် ပို၍ဒုက္ခများသွားပေလိမ့်မည်။
ယဉ်အင်ပါယာနှင့် ညအင်ပါယာတို့သည် မည်သို့မှ ဝင်မပြောဝံ့တော့ဘဲ နှုတ်ဆိတ်နေကြသည်။ ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းအားလုံးကို နန်းတော်ထဲသို့ ပို့လိုက်ပြီး ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ရွှမ်အင်ပါယာတို့ကိုသာ အပြင်တွင် ချန်ထားလိုက်သည်။ ကျန်းရှောင်နူက အိပ်နေဆဲပင်။ ထို့ကြောင့် ကျန်းရီသည် သူမကို မနှိုးရက်ပေ။
ကျန်းရီသည် မေ့ရူကိုမူ နန်းတော်ထဲမှ ထုတ်လိုက်ပြီး စစ်ဆေးမှုကို ဦးဆောင်စေလိုက်သည်။ မေ့ရူက မလုပ်လိုပေ။ သို့သော် ကျန်းရီ၏ မီးနဂါးဓားကို မြင်သောအခါ ရွေးချယ်စရာ မရှိတော့၍ နာခံလိုက်ရသည်။ ဗုဒ္ဓအင်ပါယာသည် သူမနောက်မှ လိုက်သွားပြီး သူမ၏ မလုံ့တလုံ ပေါင်တံဖွေးဖွေးလေးများနှင့် တင်းပြည့်သော တင်သားကို ကြည့်ကာ ရုတ်တရက် ကျန်းရီကို လှည့်ကြည့်၍ တီးတိုးပြောလိုက်သည်။
“ကျန်းရီ... အဲ့ မိစ္ဆာမက မဆိုးဘူးကွ။ သူ့ရဲ့ တင်ပါးနဲ့ ပေါင်တံလေးတွေကို ကြည့်စမ်း။ တကယ့်ကို အချိုးအစားကျတာပဲ။ သူက မိစ္ဆာဖြစ်နေတာ နှမြောစရာပဲကွာ...”
ဘုတ်...
ကျန်းရီသည် ခြေထောက်များ ပျော့ခွေသွားပြီး မြေပေါ် လဲကျသွားသည်။ ယဉ်အင်ပါယာတို့က အံ့အားသင့်ကာ မျက်လုံးပင့်လိုက်ကြသည်။ ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် ပြန်ထရပ်လိုက်ပြီး ငါးခူပြုံး ပြုံးနေသည့် ဗုဒ္ဓအင်ပါယာကို ကြည့်လိုက်သည်။ ဗုဒ္ဓအင်ပါယာက သူ့အား စမ်းသပ်နေခြင်းလော သို့မဟုတ် အမှန်ပင် နှာဘူးအိုကြီး ဖြစ်နေသည်လောကို သူ မသိပေ။ ထို့ကြောင့် ကျန်းရီ သတိထား၍ ပြောလိုက်သည်။
“ဦးလေးရီ... ဦးလေး စိတ်ပါနေတယ်ဆိုရင်...”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါက စကားအဖြစ် ပြောရုံပါ”
ဗုဒ္ဓအင်ပါယာက ပြုံး၍ ကျန်းရီ၏ပခုံးကို ပုတ်လိုက်သည်။
“မင်းရဲ့ ဒေါ်လေးတွေက တော်တော် စွမ်းအားကြီးကြတယ်ကွ။ ဟီးဟီး... ကောင်စုတ်လေး... ငါတို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်ရောက်ရင် မင်း ငါ့ရဲ့ ချန်အာလေးနဲ့ လက်ထပ်လိုက်ကွာ။ အဲ့ကျရင် အိမ်ထောင်သည်ဘဝက ဘယ်လောက်ခက်ခဲလည်း သိလာလိမ့်မယ်။ မင်း အပြင်မှာ မြာပွေမိရင် ရက်ပေါင်းများစွာ ဒူးထောက်ဖို့သာ ပြင်ထားပေတော့ပဲဟေ့”
“...”
ကျန်းရီ ဆွံ့အသွားသည်။ ဗုဒ္ဓအင်ပါယာကို မည်သို့ ပြန်ပြောလိုက်ရမည်ကို မသိသဖြင့် ပြုံး၍သာ နေလိုက်ရသည်။ ယခုတွင် ကျန်းရီ၏ ဗုဒ္ဓအင်ပါယာအပေါ် အမြင်က လုံးဝပျက်စီးသွားပေပြီ။ ဗုဒ္ဓအင်ပါယာကဲ့သို့ လူမျိုးကသာ မိမိ၏ သားမက်အား မိန်းမများအကြောင်းကို ထိုကဲ့သို့ ပြောပေလိမ့်မည်။
“မင်းက ငါ့ကို ဘာလို့ အဲ့လိုကြည့်နေရတာလဲ”
ဗုဒ္ဓအင်ပါယာသည် ကျန်းရီ၏ မျက်နှာထားကို တွေ့သောအခါ စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“မင်းက ကွဲပြားလိမ့်မယ်လို့ ငါထင်ထားတာ။ မင်းက ထူးခြားလိမ့်မယ်လို့ ထင်ခဲ့မိတာ။ မင်းကလည်း တခြား သာမန်ယောက်ျားတွေလိုပါပဲလား။ ကျန်းရီ... မင်း ငါ့လို ဇင်ကျင့်ကြံပါလား။ ဘဝမှာ ပြဿနာတွေ အများကြီးရှိတယ်... အဲ့ဒါက ပင်ပန်းဖို့ ကောင်းလွန်းတယ်။ တစ်ချိန်လုံး မျက်နှာဖုံးတပ်ထားမယ်ဆိုရင် အဲ့ဘဝက ဘာအဓိပ္ပာယ်ရှိတော့မလဲ။ ဇင်နှလုံးသားဆိုတာ ကိုယ့်ရဲ့ နှလုံးသားနောက်ကို လိုက်တာပဲ။ အဲ့ကျရင် မင်း တခြားသူတွေရဲ့ အမြင်တွေကို ဂရုစိုက်နေစရာ မလိုတော့ဘူး။ ဝန်ထုပ်ဝန်ပိုးတွေ အကုန်လုံးကို လွှတ်ချပြီး ရင်ထဲက ဆန္ဒတွေအတိုင်း ရှင်သန်နိုင်လာလိမ့်မယ်။ အဲ့ဒါမှ မင်း ဘာနောင်တမှမရှိဘဲ သေနိုင်မှာ”
ကျန်းရီ တိတ်ဆိတ်သားသည်။ ဗုဒ္ဓအင်ပါယာ၏ စကားအပြောအဆိုနှင့် အပြုအမူများက လွတ်လပ်ပေါ့ပါးပုံပေါ်သည်။ သို့သော် ဗုဒ္ဓအင်ပါယာသည်လည်း ကိစ္စများစွာကို လွှတ်မချနိုင်သေးကြောင်း ကျန်းရီ သိသည်။ ဗုဒ္ဓအင်ပါယာသည် သူက သူတို့ကို အရေးမစိုက်ဟု ပြောနိုင်ပါသလော။ သို့သော် ကျန်းရီသည် ဗုဒ္ဓအင်ပါယာ၏ သင်ကြားမှုများကို မဆန့်ကျင်လိုပေ။ ထို့ကြောင့် သူ ဗုဒ္ဓအင်ပါယာကို လေးစားမှု ပြလိုက်သည်။
“အာ...”
ကျန်းရီတို့ ကျွန်းကို စစ်ဆေးနေချိန်တွင် မေ့ရူက ရုတ်တရက် အော်လိုက်သည်။ ကျန်းရီက ပထမဆုံး လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် သူ မျက်နှာထားပြောင်းသွားသည်။ သူတို့အရှေ့မှ သစ်ပင်ကြီးက ရုတ်တရက် လှုပ်ရှားလာသည်။ ၎င်းက အကိုင်းအခတ်များကို ယမ်း၍ မေ့ရူကို ဖမ်းကာ လေပေါ်သို့ ဆွဲလိုက်သည်။
ဝှစ်...
ကျန်းရီ၏ မီးနဂါးဓားက တောက်ပလာပြီး မီးနဂါးသုံးကောင်ကို ရုတ်ခြည်း ထုတ်လွှတ်လိုက်သည်။ မေ့ရူ၏ စွမ်းရည်များက ဤကဲ့သို့သော နေရာတစ်ခုတွင် သူတို့အတွက် အသုံးဝင်နိုင်သည်။ ထို့ကြောင့် သူမ၏ မိစ္ဆာစွမ်းအင်များ စုပ်ယူခံလိုက်ရမည်ကို ကျန်းရီ ခွင့်မပြုနိုင်ပေ။ သူမ အစွမ်းကုန်သွားလျှင် သူတို့အုပ်စု၏ အင်အားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
ဝှစ်...ဝှစ်...
ယဉ်အင်ပါယာနှင့် ညအင်ပါယာတို့ကလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့က အပင်ကို အမြစ်မှ လှန်လိုက်သဖြင့် အပင်ကြီး ဘေးသို့ လဲကျသွားသည်။ မေ့ရူလည်း ပြုတ်ကျလာကာ မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်သွားသည်။ ထို့နောက် သူမသည် ထရပ်ကာ အသက်ပြင်းပြင်းရှူ၍ စိတ်ပြန်တည်ငြိမ်အောင် လုပ်လိုက်သည်။ ဖြစ်ပျက်ခဲ့သော အဖြစ်က အလွန်တုန်လှုပ်ဖွယ် ကောင်းပေသည်။
“မင်းက မိစ္ဆာတွေရဲ့ ဧကရီပဲ။ မင်းက ဝိညာဉ်ကျွန်ဖြစ်နေပြီဆိုရင်တောင် အဲ့လောက် ကြောက်မနေသင့်ဘူး”
ကျန်းရီ ဆက်မေးလိုက်သည်။
“မေ့ရူ... ဒီနှစ်ဆို မင်း အသက်ဘယ်လောက်ရှိပြီလဲ”
မေ့ရူ မျက်တောင်ခတ်လိုက်သည်။
“နှစ်ဆယ့်ခုနစ်နှစ်...”
ကျန်းရီသည် နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။
“ငါက မင်းရဲ့ လူသားအသက်ကို မေးတာ မဟုတ်ဘူး။ မင်း မွေးကတည်းကဆို အသက်ဘယ်လောက်ရှိပြီလဲလို့ မေးတာ”
မေ့ရူကလည်း နားမလည်နိုင်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“နှစ်ဆယ့်ခုနစ်နှစ်လေ... အဲ့ဒါက ပြဿနာရှိနေလို့လား”
“မင်းက အဲ့လောက်ငယ်တယ်လား”
ကျန်းရီရော ဗုဒ္ဓအင်ပါယာပါ အံ့အားသင့်သွားသည်။ မိစ္ဆာများက အသက်ရှည်ကြသည်။ စွမ်းအားကြီး မိစ္ဆာများက အနည်းဆုံး အသက်ထောင်ကျော်ရှိကြသည်။ မေ့ရူက အသက်နှစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။ ထို့ကြောင့် မိစ္ဆာများ၏ မျက်လုံးထဲတွင်ဆိုလျှင် သူမက ကလေးအရွယ်သာ ရှိသေးသည်။ သူမ ထိုမျှ ကြောက်ရွံ့နေခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။
“မင်းက ကြွားနေတာပဲ။ အသက်နှစ်ဆယ့်ခုနစ်နှစ်နဲ့ ဧကရီတစ်ပါး ဖြစ်နေပြီပေါ့လေ။ မင်းက ဘယ်သူ့ကို လာလိမ်နေတာလဲ”
ယဉ်အင်ပါယာက ခပ်လှောင်လှောင် ပြောလိုက်သည်။
“ဟင်းဟင်း...”
မေ့ရူက ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောသည်။
“စွမ်းရည်အရဆိုရင် ဘယ်မိစ္ဆာကမှ ကျွန်မကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့... မေ့ရူ မိစ္ဆာဧကရီတစ်ပါး ဖြစ်လာတာက မေ့ရူရဲ့ ခမည်းတော်က သူ့ရဲ့ မိစ္ဆာစွမ်းအား အကုန်လုံးကို မေ့ရူကို လွှဲပေးခဲ့လို့ပဲ”
“ဪ... ဆက်သွားကြတာပေါ့။ မစိုးရိမ်ပါနဲ့ မေ့ရူ... မင်း သေမှာမဟုတ်ပါဘူး”
ကျန်းရီက လက်ဝှေ့ယမ်းလိုက်သည်။ မေ့ရူသည် ရွေးချယ်စရာ မရှိတော့သဖြင့် ဆက်လျှောက်လိုက်ရသည်။ သူတို့တစ်အုပ်စုလုံး အပိုစကားများ ထပ်မပြောကြတော့ဘဲ ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်ထားကြသည်။ အထူးသဖြင့် ကျန်းရီက အလွန်သတိထားနေသည်။ သူ သတိလက်လွတ်ဖြစ်သွားပါက အတွင်းအား စုပ်ယူခံလိုက်ရနိုင်သည်။ သူပင် အန္တရာယ်ကြုံလျှင် မည်သူမှ သူ့ကို မကယ်နိုင်လောက်ပေ။
“အာ... အဲ့ဒါက ဘာလဲ”
နှစ်နာရီကြာ လျှောက်၍ တောအုပ်ကို ကီလိုမီတာ ရာကျော် သွားပြီးနောက် ကျန်းရီတို့သည် စွမ်းအားများကို စုပ်ယူနိုင်သော ထူးဆန်းသည့် သစ်ပင်များနှင့် ထပ်တွေ့လိုက်ရသည်။ မေ့ရူက ထိတ်လန့်စွာ အော်လိုက်၏။ ကျန်းရီနှင့် အခြားသူများ သတိထားလိုက်ကြသည်။ ထိုစဉ် ညအင်ပါယာ၏ မျက်လုံးများက အဆတစ်ထောင်ပို၍ လင်းလက်လာသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။
“အဲ့ဒါက အမေ့ရဲ့ ဝတ်စုံနီပဲ”
***