မြွေစိမ်းများ
Vol. 87 Ch. 1214
ညဧကရီထံတွင် လှပသော ဝတ်စုံတစ်ထည်ရှိသည်။ ယင်းက ကြောက်မက်ဖွယ် ခုခံစွမ်းအားကို ပိုင်ဆိုင်ထားသော စွမ်းအားကြီး ရှေးဟောင်းအသုံးအဆောင်တစ်ခု ဖြစ်သည်။ ထိုအခိုက်တွင် သူမ၏ ဝတ်စုံနီက သစ်ပင်တစ်ပင်တွင် တွဲလောင်းကျနေသည်။ ဗုဒ္ဓအင်ပါယာနှင့် အခြားသူများသည် ၎င်းကို စေ့စေ့စပ်စပ် စူးစမ်းလိုက်ပြီးနောက် ၎င်းဝတ်စုံနီမှာ ညဧကရီ၏ဝတ်စုံဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
“အဲ့ကို မသွားနဲ့”
ကျန်းရီသည် ညအင်ပါယာက ဝတ်စုံဆီသို့ သွားရန် ခြေလှမ်းပြင်လိုက်သဖြင့် ချက်ချင်း အော်၍သတိပေးလိုက်သည်။ သူတို့အရှေ့ရှိ သစ်ပင်ကြီးက အစောမှ သစ်ပင်များထက် အဆများစွာ ပိုကြီးသည်။ မီတာသုံးရာ မြင့်သည်။ အကိုးအခက်များတွင်လည်း သစ်ရွက်များ ပြည့်နှက်နေပြီး သစ်ရွက်များကို ထည့်တွက်လျှင် သစ်ပင်ကြီး၏ အချင်းက မီတာသုံးဆယ်လောက် ကျယ်သည်။ ယင်းသစ်ပင်ကြီးသည် အစောမှ သစ်ပင်များထက် ပို၍သန်မာပုံလည်းပေါ်သည်။ ညအင်ပါယာက ထိုသစ်ပင်၏ ဖမ်းဆီးမှုကို ခံလိုက်ရလျှင် ကျန်းရီ ကူညီပေးနိုင်လောက်မည် မဟုတ်ပေ။
သို့သော် ညအင်ပါယာသည် ဝတ်စုံနီကို မြင်လိုက်ရသဖြင့် ညဧကရီက ထိခိုက်ခဲ့ပြီဟု တွေးလိုက်သည်။ ထို့ကြောင့် သူသည် ကျန်းရီ၏ စကားကို နားမထောင်တော့ဘဲ အရှေ့သို့ အသည်းအသန် ပြေးသွားလိုက်သည်။ ဗုဒ္ဓအင်ပါယာက မျက်ခုံးပင့်ကာ လှမ်းအော်သည်။
“ယဲ့မို...စိတ်လျှော့ပါ။ ညဧကရီက မသေသေးပါဘူး”
ဗုဒ္ဓအင်ပါယာ၏ အသံက မိုးချုန်းသံ တစ်သံအလား တောအုပ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ဗုဒ္ဓအင်ပါယာ၏ ဘေးတွင် ရပ်နေသော ကျန်းရီတစ်ယောက် နားစည်များနာသွားသည်။ ယင်းက ဆန်းကြယ်သော စွမ်းရည်တစ်မျိုး ဖြစ်ရမည်။ ညအင်ပါယာသည် ချက်ချင်း အသိပြန်ကပ်လာသည်။ သူသည် အရှေ့ရှိ မြင်ကွင်းကို စက္ကန့်များစွာ ငေးကြည့်နေပြီးမှ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထိုသစ်ပင်ထက်တွင် ဝတ်စုံနီက တွဲလောင်းကျနေသော်လည်း မည်သည့် အလောင်း၊ မည်သည့်အရိုးစုမှ ရှိမနေပေ။ ညဧကရီက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး အလွန်သန်မာသော ခန္ဓာကိုယ်ရှိသည်။ သူမက အသတ်ခံလိုက်ရလျှင်ပင် အနည်းဆုံးတော့ သူမ၏ အရိုးများ ကျန်ခဲ့ပေလိမ့်မည်။ သို့သော် အနီးပတ်ဝန်းကျင်တွင် မည်သည့်အရိုးမှ ရှိမနေပေ။
ညအင်ပါယာသည် ရင်တထိတ်ထိတ်ဖြင့် သစ်ပင်ကြီးကို လှည့်ပတ်လိုက်သည်။ နောက်ဆုံးတွင် အရိုးတစ်ချောင်းကိုမှ မတွေ့သဖြင့် နောက်ပြန်လှည့်လာသည်။ ထို့နောက် သူသည် ဗုဒ္ဓအင်ပါယာကို ပြောလိုက်သည်။
“ဘုန်းကြီး... ကျုပ်အမေ မသေသေးဘူးဆိုတာ ခင်ဗျား သေချာရဲ့လား”
“အနားက တိုက်ပွဲဖြစ်ခဲ့တဲ့ လက္ခဏာတွေကို တွေ့လား”
ဗုဒ္ဓအင်ပါယာက မျက်လုံးပြူး၍ သစ်ပင်ကြီး ပတ်ပတ်လည်ရှိ ကျွင်းများကို ညွှန်ပြလိုက်သည်။
“အဲ့ဒါတွေက ခင်ဗျားအမေရဲ့ နတ်သမီးပန်းကျဲ တာအိုပုံသဏ္ဌာန်ကြောင့် ဖြစ်ခဲ့တာတွေဆိုတာ အသိသာကြီးပဲ။ ခင်ဗျားအမေက အဲ့တာအိုပုံသဏ္ဌာန်ကို သုံးနိုင်ခဲ့မှတော့ ဘယ်လိုလုပ် သေနိုင်မလဲ။ ပြီးတော့ ခင်ဗျားအမေက ကျုပ်အဖေနဲ့အတူ ရှိနေတာပါ။ ဗုဒ္ဓဧကရာဇ် ရှိနေတာကို အဲ့သစ်ပင်ကြီးက ခင်ဗျားအမေကို အလွယ်တကူ ဖမ်းနိုင်ခဲ့လိမ့်မယ်လို့ မင်းထင်လို့လား”
“အဲ့ဒါတော့ ဟုတ်တယ်...”
ညအင်ပါယာသည် ခေတ္တမျှ တွေးတောပြီးနောက် ဗုဒ္ဓအင်ပါယာ၏စကားက ဖြစ်နိုင်ခြေရှိကြောင်း သဘောပေါက်သွားသည်။ ဗုဒ္ဓဧကရာဇ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးရှိ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။ ထိုသစ်ပင်ကြီးက စွမ်းအားကြီးနိုင်သော်လည်း ဗုဒ္ဓဧကရာဇ်၏ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်က မည်မျှစွမ်းအားကြီးကြောင်းကို သူတို့ သိသည်။ ထိုသစ်ပင်ကြီးက မည်သို့မှ ဗုဒ္ဓဧကရာဇ်ကို နိုင်မည် မဟုတ်ပေ။
“သွားကြမယ်...”
ဝတ်စုံနီက ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများသည်လည်း ဤနေရာ၌ ရှိနေခဲ့ကြောင်း သက်သေပင်။ ထို့ကြောင့် ကျန်းရီတို့ အရှိန်တင်လိုက်ကြသည်။ သို့သော် ယခုတွင် အားလုံး ပို၍ သတိကပ်ထားကြပေပြီ။ သစ်ပင်ကြီး အနားသို့ မကပ်ဝံ့ကြတော့ပေ။ အရှေ့တွင် ထိုကဲ့သို့ သစ်ပင်များကို တွေ့လျှင်လည်း ရှောင်ကွင်းသွားရန် ဆုံးဖြတ်ထားကြပြီဖြစ်သည်။
ကျန်းရီတို့သည် ထိုဦးတည်ရာအတိုင်း ကိုးနာရီကျော် ဆယ်နာရီမျှ သွားလိုက်ကြသည်။ နောက်ဆုံးတွင် ထိုခရီးက အဆုံးမရှိဟု သူတို့ ခံစားလာရသည်။ ထိုကျွန်းက အလွန်ကြီးသဖြင့် အကန့်အသတ်မဲ့သည်ဟုပင် ထင်ရသည်။ သူတို့သည် ကျွန်းအဆုံးကို မမြင်နိုင်ကြပေ။
“မဟုတ်သေးဘူး”
ဗုဒ္ဓအင်ပါယာက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။
“ဒါက တော်တော်ရှည်တဲ့ကျွန်း ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ကျုပ်တို့ ဝင်္ကပါတစ်ခုထဲမှာ လျှောက်မိနေပြီ။ ပုံမှန်ဆိုရင် ဒီလောက်လျှောက်ပြီးရင် ကျွန်းရဲ့အဆုံးကို လှမ်းမြင်ရသင့်နေပြီ”
“ဝင်္ကပါနဲ့တော့ မတူဘူး”
ယဉ်အင်ပါယာက လှည့်ပတ်ကြည့်လိုက်သည်။ သူသည် ထိုနေရာမှ ပတ်ဝန်းကျင်ကို ယခင်က မြင်ခဲ့ဖူးသည်ဟု မထင်ပေ။ ယင်းမှာ သူတို့က စက်ဝိုင်းပုံပတ်၍ လျှောက်နေခြင်း မဟုတ်ဆိုသော အဓိပ္ပာယ်ပင်။ ကျန်းရီသည်လည်း ဝင်္ကပါတစ်ခုအတွင်း ရောက်နေသည်ဟု မထင်ပေ။ မကြာမကြာဆိုသလို သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ခဲ့သည်။ ပတ်ဝန်းကျင်တွင် မည်သည့် အကန့်အသတ်အစီအရင်ကိုမှ သူ အာရုံမခံခဲ့မိပေ။
မျှော်လင့်ထားသလိုပင်...
နှစ်နာရီကြာ ထပ်လျှောက်ပြီးနောက် ကျန်းရီတို့သည် ကြီးမားသော တောင်ကြားကြီးတစ်ခုထဲတွင် အခြားတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့် လက္ခဏာများကို တွေ့လိုက်ရသည်။ တောင်ကြားထဲသို့ ကျောက်တုံးကြီးများစွာ ပြုတ်ကျနေသည်။ ပတ်ဝန်းကျင်တွင်လည်း တွင်းများ ရှိနေသည်။ တွင်းများကို တွေ့လိုက်သောအခါ ညအင်ပါယာက ဝမ်းသာအားရ ပြောသည်။
“အဲ့ဒါက နတ်သမီးပန်းကျဲပဲ။ အမေက မသေသေးဘူး”
ရွှမ်အင်ပါယာနှင့် ယဉ်အင်ပါယာတို့လည်း ဝမ်းသာသွားသည်။ ယဉ်အင်ပါယာက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“သွားကြစို့... ဒီတိုက်ပွဲရာတွေအတိုင်း လိုက်သွားကြတာပေါ့။ ကျုပ်တို့ သူတို့ကို သေချာပေါက် ရှာတွေ့မှာပါ”
“ရပ်လိုက်ကြ”
ကျန်းရီနှင့် ဗုဒ္ဓအင်ပါယာတို့က တစ်ပြိုင်တည်း အော်ပြောလိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်နှာထားက မည်းမှောင်နေသည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ထား၍ မူမမှန်မှုတစ်ခုကို ခံစားမိနေသည်။ ဗုဒ္ဓအင်ပါယာကမူ အရှေ့ကို ကြိုတွေးသည်။ သူ သတိကြီးကြီးဖြင့် ပြောလိုက်သည်။
“အဲ့တောင်ကြားက မူမမှန်သလိုပဲ။ ဧကရာဇ်တွေက ဒီနေရာမှာ တိုက်ခိုက်ခဲ့ရတော့ အဲ့တောင်ကြားက အန္တရာယ်များတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အားလုံးပဲ သတိမလွတ်ကြပါနဲ့”
“ဟုတ်တယ်...”
ယဉ်အင်ပါယာနှင့် အခြားအင်ပါယာနှစ်ယောက်လည်း ထိုအခါမှ သတိကပ်သွားကြသည်။ ကျန်းရီ ခေါင်းဆတ်လိုက်သည်။ ထိုအင်ပါယာသုံးပါးက သူတို့၏ မိဘများကို စိုးရိမ်သဖြင့် သတိလွတ်သွားခြင်းလော သို့မဟုတ် ဗုဒ္ဓအင်ပါယာရှိနေ၍ များစွာ မတွေးတောကြခြင်းလောကို သူတို့သာ သိပေလိမ့်မည်။ သူတို့က များစွာသော အမှားလေးများကို ကျူးလွန်နေကြသဖြင့် ကျန်းရီသည် သူတို့သည် မည်သို့ဖြင့် မျိုးနွယ်ခေါင်းဆောင်များ ဖြစ်လာရပါသနည်းဟုပင် တွေးမိလာသည်။
သို့သော် ကျန်းရီသည် သူတို့ကို အပြစ်မတင်ဝံ့ပေ။ သူတို့၏ မျိုးဆက်တွင် ဗုဒ္ဓအင်ပါယာက ပါရမီအထူးချွန်ဆုံးသူ ဖြစ်သည်။ စွမ်းရည်နှင့် ဉာဏ်ရည်အရာတွင် ဗုဒ္ဓအင်ပါယာက သူနှင့်မျိုးဆက်တူအားလုံးထက် သာသည်။ ပြီးခဲ့သောနှစ်များအတွင်း၌ ကျန်အင်ပါယာများက ဗုဒ္ဓအင်ပါယာအပေါ်တွင် မှီခိုခဲ့ကြသည်။ သို့ဖြစ်ရာ ဤနေရာတွင် ဗုဒ္ဓအင်ပါယာရှိနေသဖြင့် သူတို့က များစွာမတွေးတောကြခြင်းဖြစ်ပေလိမ့်မည်။
ထို့ပြင် ကျန်းရီ၏ ရုတ်တရက် ထွက်ပေါ်လာမှုက သူတို့အားလုံးကို အိုးတိုးအန်းတန်း ဖြစ်ကာ ရှက်သွားစေခဲ့သည်။ လူငယ်တစ်ယောက်က သူတို့ထက် စွမ်းအားပိုကြီးနေပေရာ သူတို့နေရာတွင် အခြားသူများဆိုလျှင်လည်း အယောင်ယောင်အမှားမှား ပြုမိကြမည်သာ။ ယင်းတို့အပြင် ဗုဒ္ဓဧကရာဇ်နှင့် အခြားဧကရာဇ်များ တိုက်ခိုက်ထားသော လက္ခဏာများကို မြင်လိုက်ရသောအခါ သတိလွတ်သွားခြင်းမှာ အလွန်အပြစ်တင်ထိုက်သောအရာတော့ မဟုတ်ပေ။
အင်ပါယာအုပ်စုသည် သူတို့ကိုယ်သူတို့ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီးမှ အရှေ့သို့ ဖြည်းဖြည်းချင်း ဆက်သွားလိုက်ကြသည်။ မေ့ရူက အုပ်စုကို ဦးဆောင်သည်။ ယဉ်အင်ပါယာနှင့် ညအင်ပါယာတို့က ဒုတိယနေရာမှ လိုက်သည်။ ကျန်းရီက အလယ်တွင်ဖြစ်ပြီး ဗုဒ္ဓအင်ပါယာနှင့် ရွှမ်အင်ပါယာတို့က နောက်ဆုံးမှ ဖြစ်သည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ထပ်ဝင်လိုက်သည်။ အင်ပါယာများသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အာရုံမခံနိုင်သဖြင့် ကျန်းရီက အုပ်စု၏ မျက်လုံး ဖြစ်လာသည်။
“မေ့ရူ... နောက်ပြန်ဆုတ်လိုက်။ အားလုံးပဲ ဘယ်ဘက်ကို သတိထားကြပါ”
မီတာထောင်ကျော် လျှောက်ပြီးနောက် ကျန်းရီက ရုတ်တရက် အော်ပြောလိုက်သည်။ မေ့ရူက ချက်ချင်း အနောက်သို့ ခုန်ဆုတ်လိုက်သည်။ သူမ၏ လက်နှစ်ဘက်က မိစ္ဆာတိုက်ခိုက်မှုတစ်ခု ထုတ်ရန် အသင့်ဖြစ်နေပေပြီ။ သူမ၏လက်များထဲမှနေ၍ မြူခိုးနက်များ ထွက်လာပြီး အရှေ့ရှိ ကမ်းပါးနံရံထံသို့ ရွေ့လျားသွားသည်။
ဝှစ်...
အုပ်စု၏ ဘယ်ဘက်မှ ကမ်းပါးနံရံရှိ အက်ကြောင်းတစ်ခုထဲမှနေ၍ မြွေစိမ်းတစ်ကောင် ရုတ်တရက် ပျံထွက်လာသည်။ ၎င်းက အလွန်လျင်မြန်သည်။ ၎င်းသည် လက်မအရွယ်သာ ရှိပြီး လူကြီးလက်တစ်ပြန်စာသာ ရှည်သော်လည်း လေကဲ့သို့ လျင်မြန်ပေသည်။ ၎င်းသည် ပင်လယ်ထဲမှ ကျောက်မိစ္ဆာများထက် ပိုမြန်သည်။
ဖုန်း...ဖုန်း...
မေ့ရူ၏ မိစ္ဆာတိုက်ခိုက်မှုက မြွေစိမ်းလေးကို နောက်သို့သာ လွင့်သွားစေပြီး များစွာ မထိခိုက်သွားစေခဲ့ပေ။ သို့သော် မြွေစိမ်းလေးပတ်ပတ်လည်ရှိ အဆိပ်ခိုးများက တဖြည်းဖြည်းဖြင့် လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
“အားလုံး သတိထားကြပါ။ အဲ့မြွေစိမ်းလေးရဲ့ ခုခံစွမ်းအားက အရမ်းကြီးတယ်။ မေ့ရူရဲ့ အဆိပ်ခိုးကတောင် သူ့အရေပြားထဲ ဖောက်ဝင်နိုင်ဖို့ ခက်ခဲနေတယ်”
မေ့ရူက လေးနက်သော လေသံဖြင့် သတိပေးလိုက်သည်။
ဟူး...ဟူး... ရှီး... ရှီး...
ယဉ်အင်ပါယာနှင့် ညအင်ပါယာတို့ကလည်း စတင် တိုက်ခိုက်လိုက်သည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများမှာလည်း မြွေစိမ်းလေးကို ထပ်မံလွင့်သွားစေရုံသာ တတ်နိုင်ခဲ့သည်။ မြွေစိမ်းလေး၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်ဒဏ်ရာနှစ်ခု ရသွားသည်။ သို့ရာတွင် ဒဏ်ရာက မပြင်းထန်ပေ။ ဤကျွန်းပေါ်မှ အရာများက အလွန်ဆန်းကြယ်သည်။ အပြင်ဘက်တွင်ဆိုလျှင် ကလေးငယ်တစ်ယောက်သည်ပင် ထိုမြွေစိမ်းလေးကို ဆော့ကစားရင်း သတ်ပစ်နိုင်သည်။ သို့သော် ယခုတွင်မူ စွမ်းအားကြီး သိုင်းပညာရှင်များ၏ တိုက်ခိုက်မှုများကပင် ယင်းမြွေစိမ်းကို မသတ်နိုင်ချေ။
“အရှေ့မှာ မြွေစိမ်းတွေ အများကြီးရှိတယ်။ အားလုံးပဲ တိုက်ခိုက်ရင်း ဆက်လျှောက်သွားဖို့ အသင့်ပြင်ထားပါ။ မြွေတွေကို ဖယ်ပဲဖယ်ထုတ်ပစ်ပါ၊ ရပ်ပြီးတိုက်ခိုက်ဖို့ မလုပ်ပါနဲ့”
ကျန်းရီက ရုတ်တရက် အော်ပြောလိုက်သည်။ သူသည် မီးနဂါးဓားကို ဝှေ့ယမ်းကာ သောင်းချီသော မီးနဂါးလေးများကို ဆင့်ခေါ်လိုက်သည်။ ထိုမြွေစိမ်းလေးများက ပင်လယ်ထဲမှ ကျောက်မိစ္ဆာများကဲ့သို့ပင်။ ၎င်းတို့ကို သတ်ရန် ခက်ခဲသည်။ သို့သော် ကျန်းရီက ၎င်းတို့ကို သတ်လိုခြင်း မဟုတ်။ သူတို့လမ်းမှ ဖယ်ထုတ်ပစ်လိုခြင်းသာဖြစ်သည်။
“ဟုတ်တယ်”
ဗုဒ္ဓအင်ပါယာကလည်း အော်ပြောလိုက်သည်။
“အဲ့မြွေတွေကို မသတ်နဲ့... ပြန်ဆုတ်သွားအောင်ပဲ ဖိအားပေး တိုက်ခိုက်လိုက်ကြ။ မြွေစိမ်းတွေ သေသွားလို့ သူတို့ရဲ့ခေါင်းဆောင် ထွက်လာရင် မလွယ်ဘူး။ ငါတို့ အရှေ့ကို မြန်မြန်သွားဖို့လိုတယ်”
ကျန်းရီတို့အုပ်စုမှ လူများက တုံးအသူများ မဟုတ်ကြပေ။ သူတို့သည် နေရာအနှံ့မှ မြွေများကို ကြည့်ကာ ၎င်းတို့ လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်ကြသည်။ သူတို့အုပ်စုက အရှေ့သို့ လျင်မြန်စွာ သွားနေ၏။ သို့သော် အရှေ့သို့ ရောက်လာလေလေ၊ မြွေစိမ်းများက ပိုများလာလေလေပင်။ မရေမတွက်နိုင်သော မြွေစိမ်းများက ကမ်းပါးနံရံရှိ အပေါက်များထဲမှ ပျံထွက်လာကြသည်။ ၎င်းတို့က လေထုတစ်ခုလုံးကို လွှမ်းခြုံသွားလုနီးနီးပင်။ ကျန်းရီသည် သူတို့အုပ်စုတွင် စွမ်းအားကြီး သိုင်းပညာရှင်များသာ ပါသဖြင့် စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချနေရသည်။ အကယ်၍ သူတစ်ယောက်တည်းသာ မြွေစိမ်းများကို တိုက်ခိုက်ရမည်ဆိုပါက အမောလွန်ကာ သေသွားပေလိမ့်မည်။
အုပ်စုက စက်ဝန်းပုံ နေရာယူ၍ သွားနေသည်။ ကျန်းရီနှင့် ဗုဒ္ဓအင်ပါယာတို့က စက်ဝန်းအလယ်တွင် ဖြစ်သည်။ ဗုဒ္ဓအင်ပါယာက အပေါ်မှ ကျလာသော မြွေများကို တိုက်ခိုက်ရန် တာဝန်ယူရသည်။ ကျန်းရီကမူ မျက်လုံးအဖြစ် ထမ်းဆောင်ရင်း အခြားသူများ အကူအညီလိုလျှင် ကူညီပေးရသည်။ အခြားသူများက အရပ်မျက်နှာတစ်ဘက်စီကို တာဝန်ယူရသည်။ ထိုသို့ ဝန်ကို မျှယူကြသဖြင့် တစ်ယောက်ထဲတွင် ဝန်ပိနေခြင်းမျိုး မဖြစ်တော့ပေ။
ထိုအခိုက်တွင် အင်ပါယာအားလုံးသည် ကျန်းရီကို လေးစားနေကြပြီဖြစ်သည်။ ကျန်းရီ၏ တိုက်ခိုက်မှု၊ တုံ့ပြန်မှုများက သူတို့ထက် ပိုလျင်သည်၊ ပိုသွက်သည်။ ထို့ပြင် သူတို့ အခက်ကြုံနေချိန်တွင် ကျန်းရီက ဓားကို ဝှေ့ယမ်း၍ သောင်းချီသော မီးနဂါးများ ဆင့်ခေါ်ပေးသည်။ ရလဒ်အနေဖြင့် သောင်းချီသော မြွေစိမ်းများ ပြန်ဆုတ်သွားသည်။ ထို့ကြောင့် သူတို့ ပိုလွယ်ကူစွာ အရှေ့သို့ ဆက်သွားနိုင်ကြသည်။
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်း ဖြစ်နေပြီဖြစ်ပြီး နတ်ဘုရား အသုံးအဆောင်ဖြစ်သော ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုထားသည့် မီးနဂါးဓား၏ အကူအညီကိုလည်း ရနေသဖြင့် ကြယ်ခြောက်ပွင့်အဆင့် တိုက်ခိုက်မှုများကို အလွယ်တကူ ထုတ်နိုင်နေပြီဖြစ်သည်။ ထို့ပြင် သူ၏ တိုက်ခိုက်မှုတိုင်းက သောင်းချီသော မီးနဂါးလေးများကို ဆင့်ခေါ်နေသည်။ မြွေစိမ်းများနှင့် ရင်ဆိုင်ရာတွင် မီးနဂါးလေးများက အလွန်အသုံးဝင်သည်။
နှစ်နာရီကြာပြီးနောက် ကျန်းရီတို့အုပ်စုသည် အတော်ခရီးပေါက်ခဲ့ပြီဖြစ်သည်။ ထိုစဉ် ကျန်းရီက ထပ်မံ ရပ်တန့်ကာ အော်ပြောလိုက်သည်။
“အားလုံး သတိထားကြပါ။ ကျွန်တော်တို့ တောင်ကြားအဆုံးကို ရောက်တော့မယ်။ အရှေ့မှ အကောင်ကြီးတစ်ကောင် ရှိနေပုံပဲ”
***