မျိုးနွယ်စုတစ်ခု
Vol. 87 Ch. 1215
“အဟုတ်ပဲ။ စွမ်းအားကြီး ရန်သူတစ်ယောက်တော့ ပေါ်လာပြီ။ ကျန်းရီ ငါတို့သွားပြီး ရင်ဆိုင်မယ်။ ကျန်တဲ့သူတွေက အဲ့ရန်သူကို မြန်မြန် ဖြတ်ကျော်သွားပါ”
ဗုဒ္ဓအင်ပါယာကလည်း ထိုသတ္တဝါ၏ အရှိန်အဝါကို အာရုံခံမိလိုက်၍ အော်ပြောလိုက်ပြီး ကျန်းရီနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် အရှေ့သို့ လျင်မြန်စွာ ပြေးသွားလိုက်ပြီး ကျန်သူများက အနောက်မှ ဖြေးဖြေးချင်း လိုက်သွားကြသည်။ အရှေ့ရှိ ဧရာမလိုဏ်ဂူကြီးတစ်ဂူထဲတွင် လူသား၏ ဦးခေါင်းလောက်ကြီးသော ခေါင်းတစ်လုံးက အပြင်သို့ ပြူထွက်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ အစောမှ မြွေစိမ်းများက လက်မအရွယ်သာ ရှိခဲ့သည်။ ထိုမြွေစိမ်းမှာတော့ လူခေါင်းလောက်ကြီးသည်။ ၎င်း၏ တိုက်ပွဲစွမ်းအားက သေချာပေါက် များစွာပိုကောင်းပေလိမ့်မည်။
ရှပ်...ရှပ်...
ကျန်းရီနှင့် ဗုဒ္ဓအင်ပါယာတို့က ပေတစ်သောင်းအကွာသို့ ရောက်သောအခါ မြွေစိမ်းကြီးက ဂူထဲမှ ထွက်လာသည်။ ၎င်း၏ ညှီနံ့က ကျန်းရီတို့နှစ်ယောက်ထံသို့ ရောက်ရှိသွားသည်။ ထိုမြွေစိမ်းကြီး၏ ပါးစပ်ထဲတွင် ထက်ရှသောအစွယ် လေးချောင်းရှိသည်။ ယင်းအစွယ်များက အေးစက်စက်အလင်း တောက်ပနေသည်။ ၎င်းသတ္တဝါကို မြွေတစ်ကောင်ကဲ့သို့ မခံစားရဘဲ ကြောက်မက်ဖွယ်သားရဲတစ်ကောင်အဖြစ် ခံစားနေရသည်။
“မြန်လိုက်တာ”
ကျန်းရီသည် ချက်ချင်းပင် သောင်းချီသော မီးနဂါးလေးများကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် မီးနဂါးလေးများစွာကို ထိန်းချုပ်ကာ မြွေစိမ်း၏ ပါးစပ်ကို ဒဏ်ရာရသွားစေရန် ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ဧရာမမြွေစိမ်းကြီးသည် ပေါက်ကွဲမှုများကြောင့် တွန့်လိမ်သွားပြီး ၎င်း၏ ဧရာမဦးခေါင်းကြီးက လေထဲတွင် တုန်ယင်နေသည်။ သို့သော် ပေါက်ကွဲမှုများ ငြိမ်သွားသောအခါ ခေါင်းပေါ်တွင် ဒဏ်ရာအသေးစားလေး အနည်းငယ်ကိုသာ တွေ့လိုက်ရသည်။ ၎င်းသည် အပြင်းအထန် ထိခိုက်သွားပုံ မပေါ်ပေ။
“ဟားဟားဟား...”
ဗုဒ္ဓအင်ပါယာသည် ကျန်းရီ၏ မည်းမှောင်နေသော မျက်နှာထားကို တွေ့လိုက်၍ ကျယ်လောင်စွာ ရယ်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် အနက်ရောင်သပိတ် ထွက်ပေါ်လာ၏။ သပိတ်ဖြင့် မြွေကြီး၏ခေါင်းကို ပစ်လိုက်သည်။ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာကာ မြွေစိမ်းကြီး၏ ခေါင်းက အနောက်သို့ မီတာရာကျော် ရောက်သွားသည်။ မြွေစိမ်းကြီး၏ ခေါင်းက အရှေ့သို့ ပြန်ရောက်လာတိုင်း ဗုဒ္ဓအင်ပါယာက သပိတ်ဖြင့် ထပ်မံ ပစ်နေသည်။
ရှော...ရှော...
သပိတ်နှင့် အကြိမ်အနည်းငယ် အပစ်ခံရပြီးနောက် မြွေစိမ်းကြီးက အတန်ငယ် စိတ်အနှောင့်အယှက်ဖြစ်လာကာ ဒေါသထွက်လာသည်။ ၎င်း၏ တစ်ကိုယ်လုံး ဂူထဲမှ ထွက်လာလေသည်။ ၎င်း၏အမြီးအဆုံးတွင် စူးရှသော ဆူးချွန်များရှိ၏။ မြွေကြီးသည် ဗုဒ္ဓအင်ပါယာကို အမြီးဖြင့် ရိုက်လိုက်သည်။
“နတ်ဘုရားဇီဝိန်ခြွေ”
ကျန်းရီက လုံလောက်သော စွမ်းအင်ကို စုစည်းထားပြီးပြီဖြစ်၍ မီးနဂါးကြီးသုံးကောင်က မြွေစိမ်းကြီးထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ သို့သော် တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးနောက်တွင် မြွေစိမ်းကြီး၏ အမြီးမှ ဆူးချွန်များက သူတို့နှစ်ယောက်ထံသို့ အရိပ်နက်များအလား ပျံဝင်လာလေသည်။
“သတိထား”
ကျန်းရီသည် အန္တရာယ်ကို ခံစားလိုက်ရ၍ ဗုဒ္ဓအင်ပါယ၏ အရှေ့တွင် ဝင်ရပ်လိုက်သည်။ သူ၏ ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ထွက်ပေါ်လာသည်။ အစိမ်းရောင် ဆူးချွန်များကို ရင်ဆိုင်ရန်အတွက်လည်း နတ်ဘုရားဒိုင်းကို ထုတ်လိုက်သည်။
ဝှီး...ဝှီး...
အစိမ်းရောင် ဆူးချွန်များ၏ အမြန်နှုန်းက အထင်ကြီးဖွယ်ပင်။ ၎င်းတို့က မြွေစိမ်းလေးများထက် များစွာပိုမြန်သည်။ ဆူးချွန်များထဲမှ အချို့အဝက်သည် မီးနဂါးသုံးကောင်၏ ဖျက်ဆီးမှုကို ခံလိုက်ရသဖြင့် အနည်းငယ်သာ ကျန်းရီကို လာမှန်သည်။ ကျန်းရီ၏ နတ်ဘုရားတစ်ပိုင်းနတ်ဘုရားဒိုင်းက စက္ကန့်အနည်းငယ်သာ တောင့်ခံနိုင်ခဲ့ပြီး ပျက်စီးသွားလေသည်။ ထို့ကြောင့် ဆူးချွန် တစ်ဒါဇင်လောက်က ကျန်းရီ၏ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ထိမှန်သွားသည်။
ထန်...ထန်...
သတ္တုအချင်းချင်း ထိခတ်သံများ ထွက်ပေါ်လာသည်။ ကျန်းရီသည် ထိုဆူးချွန်များနှင့် ထိမှန်ခံရသောအခါ မိစ္ဆာဖျက်လှံ တစ်ဒါဇင်လောက်က သူ့ရင်ဘတ်ကို လာမှန်သည်ဟု ခံစားလိုက်ရသည်။ ၎င်းဆူးချွန်များက ထိုမျှစွမ်းအားမကြီးသော်လည်း သူ့ကိုယ်တွင်းအင်္ဂါများက ထိမှန်မှုအဟုန်ကို ခံစားလိုက်ရရာ သူ သွေးအန်သွားသည်။
“အဲ့လောက်တောင် ပြင်းတယ်လား”
ဗုဒ္ဓအင်ပါယာ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ့ကိုယ်ပေါ်မှ သင်္ကန်းကလည်း လေထဲတွင် ဝဲလွင့်နေသည်။ ထို့နောက် သူ လက်ဟန်များ စတင်ပြုလုပ်လေတော့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ဗုဒ္ဓအလင်း တောက်ပလာသည်။ ထို့နောက် အလင်းကို အရှေ့သို့ ပြင်းထန်စွာ ပို့လွှတ်လိုက်သည်။ ပတ်ဝန်းကျင်မှ မိုးမြေအတွင်းအားက အပြင်းအထန် တုန်ခါလာပြီး ဧရာမ ‘ဗုဒ္ဓ’စာလုံးကြီး ထွက်ပေါ်လာကာ မြွေစိမ်းကြီးကို တိုက်ခိုက်ရန် မီးနဂါးသုံးကောင်နောက်မှ လိုက်သွားလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
နတ်ဘုရားဇီဝိန်ခြွေက စွမ်းအားကြီးသဖြင့် မြွေစိမ်းကြီး အနောက်သို့ လွင့်ပျံထွက်သွားသည်။ ၎င်းတစ်ကိုယ်လုံးတွင်လည်း သွေးအလိမ်းလိမ်းဖြစ်သွားသည်။ အစွယ်တစ်ချောင်းလည်း ကျိုးသွားသည်။ မြွေစိမ်းကြီးသည် ကမ်းပါးနံရံနှင့် သွားဆောင့်ပြီး ပြန်ကန်ထွက်လာသည်။
ရွှီး...
အနံပေသုံးဆယ်ရှိသော ဧရာမ ‘ဗုဒ္ဓ’စာလုံးကြီးက နောက်မှ လိုက်လာပြီး မြွေစိမ်းကြီးကို မြေပြင်ပေါ်တွင် ဖိချလိုက်သည်။ ပြီးနောက်တွင် ‘ဗုဒ္ဓ’စာလုံးကြီးက ပျောက်ကွယ်မသွားဘဲ ခပ်မှိန်မှိန်လင်းလက်နေသည်။ ထို့ကြောင့် မြွေစိမ်းကြီး မလှုပ်ရှားနိုင်တော့ပေ။ ဗုဒ္ဓအင်ပါယာက အော်ပြောလိုက်သည်။
“သွားကြစို့...မြန်မြန်”
ယဉ်အင်ပါယာနှင့် အခြားသူများသည် မြွေစိမ်းကြီးက ဖိထားခံနေရသည်ကို မြင်လိုက်၍ မြွေစိမ်းကြီးကို ကွေ့ရှောင်၍ တိုက်ခိုက်မှုများ ဆက်လွှတ်ကာ အရှေ့သို့ ခပ်သုတ်သုတ် သွားလိုက်ကြသည်။ ကျန်းရီနှင့် ဗုဒ္ဓအင်ပါယာတို့လည်း တိုက်ခိုက်မှုများ ထပ်မံ ထုတ်လွှတ်၍ အရှေ့သို့ လျင်မြန်စွာ လိုက်သွားကြသည်။ ထိုမြွေစိမ်းကြီးသည် ကျန်းရီနှင့် ဗုဒ္ဓအင်ပါယာတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ခံလိုက်ရသည်ပင် မသေသေးသည်လော။ သူတို့နှစ်ယောက်သည် ဆက်၍ အချိန်မဖြုန်းလိုတော့ပေ။ ထိုမြွေစိမ်းကြီးကို သတ်နိုင်လျှင်လည်း ဘာအကျိုးမှ ရှိမည် မဟုတ်ချေ။
တောင်ကြားထဲမှ ထွက်ပြီးနောက် အရှေ့တွင် မြေလွတ်မြေရိုင်းကြီးတစ်ခု ပေါ်လာသည်။ ၎င်းက အဆုံးမဲ့ပုံ ပေါ်သည်။ ထို့ပြင် ထိုနေရာ၌ မိုးမြေအတွင်းအားက အလွန်သိပ်သည်းနေကြောင်း အားလုံး သိလိုက်ရသည်။ အရှေ့ဘက် တော်ဝင်နယ်မြေကထက် ဆယ်ဆပိုသိပ်သည်းလောက်သည်။ သူတို့ မြေရိုင်းထဲကို ဝင်လိုက်သည်နှင့် ရူရှိုက်ရသည်လေကပင် အလွန်လတ်ဆတ်လာသည်။
“ဒီနေရာက ကြီးမားတဲ့ ကုန်းမြေတစ်ခုလား”
ညအင်ပါယာက မှင်တက်စွာဖြင့် ရေရွတ်လိုက်သည်။ ဆန်းကြယ်နယ်မြေတစ်ခုက ထိုမျှ ကျယ်ဝန်းနိုင်ပါသလော။ မယုံနိုင်စရာပင်။ ဤနေရာက စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက် ဖန်တီးထားသော နယ်မြေတစ်ခု မဟုတ်လျှင် ဤဆန်းကြယ်နယ်မြေတွင် တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်များ ရှိပေလိမ့်မည်။
“တော်တော်ဆန်းကြယ်တဲ့ နေရာပဲ။ ဘာလို့ အရင်တုန်းက ဒီနေရာအကြောင်းကို လူတွေ မသိကြတာလဲ။ ဝင်သွားတဲ့သူတိုင်း ပြန်မထွက်လာနိုင်လို့လား။ ဆန်းကြယ်ဧကရာဇ် ဝင်ခဲ့မယ်ဆိုရင်ရော ပြန်ထွက်နိုင်လောက်လား”
ယဉ်အင်ပါယာ၏ မျက်ဝန်းများထဲတွင်လည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ ပုံမှန်အားဖြင့် ဆန်းကြယ်နယ်မြေများက စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက် ဖန်တီးထားသော နယ်မြေ မဟုတ်လျှင် ကျဉ်းကြသည်။ သို့သော် ဤ သေမင်း၏ သိပ်သည်းပင်လယ်ကမူ ကျယ်ပြောနေသည်။ ကျန်းရီသည် ပင်လယ်ထဲတွင် ကြာမြင့်စွာ ပျံသန်းခဲ့ပြီး သူတို့အုပ်စု ဤကျွန်းပေါ်တွင် ကီလိုမီတာပေါင်းများစွာ သွားခဲ့ပြီးပြီဖြစ်သည်။ သို့သော် အရှေ့မှ လမ်းက အဆုံးမဲ့နေသေးသည်။ ထို့ကြောင့် အားလုံး အံ့အားသင့်နေကြသည်မှာ မထူးဆန်းတော့ပေ။
“သွားကြမယ်”
ဗုဒ္ဓအင်ပါယာ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသည်။ သူသည် အရုပ်သစ်တစ်ခုကို တွေ့လိုက်သော ကလေးငယ်တစ်ယောက်ကဲ့သို့ပင်။ သူ၏ စိတ်ဓာတ်က အလွန်ခိုင်မာသည်။ ထိုကုန်းမြေကို စူးစမ်းလေ့လာလိုသော စိတ်က သူ၏အကြောက်တရားကို လွှမ်းမိုးသွားသည်။
အားလုံး ဗုဒ္ဓအင်ပါယာနောက်သို့ လိုက်သွားကြသည်။ သူတို့က ဗုဒ္ဓအင်ပါယာလောက် စိတ်လက်မပေါ့ပါးနေကြောင်း သိသာသည်။ သူတို့၏ မျက်နှာထားများက အလွန်တည်နေကြသည်။ အရာအားလုံးက သူတို့ သိရှိထား၊ ယုံကြည်ထားသည်များနှင့် လုံးလုံးဆန့်ကျင်နေသည်။ သို့ဖြစ်ရာ သားရဲငယ်တစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ကို သတ်သွားမည်ဆိုလျှင်ပင် ထူးဆန်းတော့မည် မဟုတ်ချေ။
“ဒီနေရာက အထက်ဘုံများလား”
ရွှမ်အင်ပါယာက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်၍ ပြောလိုက်သည်။ ယဉ်အင်ပါယာနှင့် အခြားသူများသည်လည်း ထိုအကြောင်းကို စတင် တွေးတောလိုက်ကြသည်။ သို့သော် ဗုဒ္ဓအင်ပါယာက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အထက်ဘုံကို ဝင်ဖို့ ဒီလောက်လွယ်နေရင် ဆန်းကြယ်ဧကရာဇ်အနေနဲ့ ကြိုးစားစရာ လိုခဲ့မှာတောင် မဟုတ်ဘူး။ ဒါက အရမ်းထူးဆန်းတဲ့ ဆန်းကြယ်နယ်မြေတစ်ခုပါပဲ။ ဒီကသားရဲတွေ အရမ်းစွမ်းအားကြီးနေရတာက သိပ်သည်းတဲ့ မိုးမြေအတွင်းအားကြောင့်ဖြစ်မယ်။ ဆန်းကြယ်ဧကရာဇ်မြို့ကလိုပေါ့။ ကဲပါ... သွားကြစို့။ ဆက်ခန့်မှန်းနေလည်း ဘာအကျိုးမှ မရှိဘူး... ဆက်သွားပြီး စူးစမ်းလေ့လာလိုက်ရင် အကြောင်းကို သိရမှာပဲ မဟုတ်လား”
ဆန်းကြယ်ဧကရာဇ်မြို့တွင် ဝိညာဉ်စုဝေးအစီအရင်တစ်ခု ရှိသည်။ မိုးမြေအတွင်းအားကလည်း အလွန်သိပ်သည်းသဖြင့် ဆန်းကြယ်ဧကရာဇ်မြို့ထဲတွင် မွေးလာသော ကလေးတိုင်းက အလွန်ထူးချွန်ကြသည်။ အသီးအရွက်ရောင်းသော အဘိုးအိုတစ်ယောက်သည်ပင် ဗာဂျရာအဆင့် သို့မဟုတ် ကောင်းကင်ဧကရာဇ်အဆင့်တွင် ရှိနေနိုင်သည်။
ကျန်းရီတို့သည် တွေးတောကြည့်ပြီးနောက် ဗုဒ္ဓအင်ပါယာ၏ စကားက အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားကြသည်။ ထို့နောက် သူတို့သည် စကားဆက်မပြောတော့ဘဲ ဗုဒ္ဓအင်ပါယာနောက်မှ တိတ်တဆိတ်လိုက်ကာ ထိုလောကအသစ်ကို စူးစမ်း၍ ဗုဒ္ဓဧကရာဇ်တို့ကို ရှာဖွေလိုက်ကြသည်။
***
ကျန်းရီတို့အုပ်စုသည် ငါးရက်လုံးလုံး မြေရိုင်းထဲတွင် သွားခဲ့သည်။ သို့သော် မြေရိုင်း၏ အဆုံးကို မမြင်ရသေးပေ။ ထိုနေရာက အမှန်ပင် ကျွန်းတစ်ခု မဟုတ်ဘဲ ကုန်းမြေကြီးတစ်ခုပင်။
လွန်ခဲ့သော ငါးရက်အတွင်း၌ ကျန်းရီတို့အုပ်စုသည် ထူးဆန်းသော သားရဲငယ်များစွာနှင့် တွေ့ခဲ့ရသည်။ ၎င်းသားရဲများ၏ ပျမ်းမျှခုခံစွမ်းရည်က အလွန်သန်မာသည်။ ထိုနေရာရှိ မိစ္ဆာသားရဲများက အသိဉာဏ်မရှိကြပေ။ ၎င်းတို့သည် သန္ဓေပြောင်းလဲထားသော သားရဲမျိုးများဖြစ်ပုံပင်။ ထို့ကြောင့် ၎င်းတို့၏ လျင်မြန်သော အမြန်နှုန်းနှင့် အားကောင်းသော ခုခံစွမ်းအားမှလွဲ၍ ၎င်းတို့သည် မည်သည့် မိစ္ဆာအတတ်ကိုမှ မတတ်ကြချေ။ ၎င်းတို့၏ တိုက်ခိုက်မှုများက သန်မာသောရုပ်ခန္ဓာကိုသာ မှီခိုကြရာ အတော်လေး အားနည်းပေသည်။
ကျန်းရီတို့သည် အရှေ့သို့ မြန်နိုင်သမျှမြန်မြန် သွားနေကြသည်။ သူတို့သည် မိစ္ဆာသားရဲများနှင့် မတိုက်ခိုက်လိုဘဲ တတ်နိုင်သမျှ ရှောင်ကွင်းသွားကြသည်။ လမ်းရှင်းရန်သာ တိုက်ခိုက်ကြသည်။ နောက်ဆုံးနှစ်ရက်တွင် ကျန်းရီသည် ယဉ်ရို့ပင်း၊ ကျန်းရှောင်နူ၊ ရီချန်နှင့် ရှောင်ဖေးတို့ကို အပြင်သို့ ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် ထိုကုန်းမြေအကြောင်းကို အနည်းနှင့်အများဆိုသလို သိလာပြီဖြစ်သည်။ ထို့ကြောင့် သူတို့ သတိမလွတ်သ၍ မည်သူမှ သေတော့မည် မဟုတ်ပေ။
ခုနစ်ရက်မြောက်နေသို့ ရောက်လာသည်။
ကျန်းရီတို့သည် ကမ်းပါးထိပ်တစ်ခုတွင် ရပ်နေကြသည်။ သူတို့၏ မျက်ဝန်းများက လေးနက်နေသည်။ ဗုဒ္ဓအင်ပါယာ၏ မျက်နှာထားသည်ပင် လေးလံနေသည်။ ကမ်းပါးအောက်တွင် မြေပြန့်တစ်ခု ရှိသည်။ သူတို့သည် အဝေးရှိ မျိုးနွယ်စုတစ်ခုကို ခပ်ရေးရေး လှမ်းမြင်နေရသည်။
ထိုမျိုးနွယ်စုက လူသားမျိုးနွယ်စုတစ်စုပင်။ ဤဆန်းကြယ်နယ်မြေထဲတွင် မြွေလေးများနှင့် သစ်ပင်ကြီးများကပင် သေလောက်အောင် အန္တရာယ်ပြုနိုင်သည်။ သို့ဖြစ်ရာ လူသားများဆိုလျှင် မည်မျှ စွမ်းအားကြီးမည်နည်း။ မည်သူမှ တွေးမကြည့်နိုင်ပေ။ အကယ်၍ အခြေအနေများ ဆိုးဝါးသွားပါက သူတို့အားလုံး ဤသေမင်း၏ သိပ်သည်းပင်လယ်ထဲတွင် ထာဝရ ပိတ်မိသွားနိုင်ပေသည်။