လူရိုင်းများ
Vol. 88 Ch. 1216
ဆန်းကြယ်နယ်မြေထဲတွင် အခြေချနေထိုင်နေသော လူသားမျိုးနွယ်တစ်စုက အမှန်ပင် ရှိနေသည်လော။ ယင်းမှာ ကျန်းရီတို့အတွက် ကောင်းသောကိစ္စဖြစ်သလို ဆိုးသောကိစ္စလည်းဖြစ်သည်။ ကောင်းသည်မှာ ဗုဒ္ဓဧကရာဇ်တို့ကို ထိုလူသားများ၏ အကူအညီဖြင့် ရှာနိုင်လောက်ခြင်းဖြစ်သည်။ ဆိုးသည်မှာမူ အကယ်၍ ထိုလူသားများက စစ်သွေးကြွများဖြစ်လျှင် သူတို့အားလုံး သေဆုံးသွားနိုင်ခြင်းပင်။
ဗုဒ္ဓအင်ပါယာသည် နတ်ဘုရားတစ်ပိုင်းအချို့ကို လူဖြန့်ကျက်ရန် ပြောလိုက်ပြီး သတိမပြတ်ရန် မှာလိုက်သည်။ ကျန်သူများက စုဝေး၍ အခြေအနေကို ဆွေးနွေးလိုက်ကြသည်။ နောက်ဆုံး ဆုံးဖြတ်ချက်မှာ ကျန်းရီ၊ မေ့ရူနှင့် ကျန်းရှောင်နူတို့က သတင်းသွားစုံစမ်းရန် ဖြစ်သည်။ ကျန်းရီတွင် ပုံရိပ်ယောင် နတ်ဘုရားစွမ်းရည် ရှိပြီး ကျန်းရှောင်နူက အလွန်လျင်မြန်သည်။ မေ့ရူ၏ မိစ္ဆာအတတ်များကလည်း အလွန်စွမ်းအားကြီးပြီး ဗုဒ္ဓအင်ပါယာကိုပင် ထိန်းချုပ်နိုင်ခဲ့သည်။ သူတို့သာ ဆန်းကြယ်နယ်မြေထဲရှိ လူအချို့ကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သတင်းအချက်အလက် စုံစမ်းရန် ပိုလွယ်ပေလိမ့်မည်။
ကျန်းရီသည် ဤတစ်ခေါ်တွင် အားလုံးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ မပို့လိုက်ဘဲ ကမ်းပါးတွင်သာ စောင့်နေစေလိုက်သည်။ ကျန်းရီသည် ကမ်းပါးအောက်သို့ ပေါ်ပေါ်ထင်ထင် ဆင်းမသွားဝံ့ပေ။ ထို့ကြောင့် သူသည် ကျန်းရှောင်နူနှင့် မေ့ရူကို ခေါ်ကာ မြေပြန့်အထိ ရောက်သော အနီးရှိ မြွေလိမ်မြွေကောက် ကမ်းပါးလမ်းမှတဆင့် ဆင်းသွားလိုက်သည်။ ထို့နောက် သူသည် သူမတို့နှစ်ယောက်ကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ထည့်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ အဝေးရှိ လူသားမျိုးနွယ်စုအနားသို့ ဖြည်းဖြည်းချင်း ကပ်သွားလိုက်သည်။
မျိုးနွယ်စုက ကြီးသည်။ ကီလိုမီတာ ဒါဇင်အနည်းငယ် ရှည်လျားသည့် မြင့်မားသော သစ်သားစည်းရိုးတစ်ခုလည်း ရှိနေသည်။ မျိုးနွယ်စုက အလွန်ဝေးသော နေရာတွင် ရှိနေသဖြင့် ကျန်းရီသည် ကမ်းပါးထိပ်တွင် မျိုးနွယ်စုကို ခပ်ရေးရေးသာ လှမ်းတွေ့ခဲ့ရသည်။ ထို့ကြောင့် ယခုတွင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ပတ်ဝန်းကျင်ကို အာရုံခံနေလေသည်။
ကီလိုမီတာနှစ်ဆယ်၊ ဆယ့်ငါးကီလိုမီတာ... ဆယ်ကီလိုမီတာ...
ကျန်းရီသည် ရပ်တန့်လိုက်ပြီး မြေလျှောလေးတစ်ခုတွင် ပုန်း၍ မျိုးနွယ်စုကို ချောင်းကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ စည်းရိုးထိပ်တွင် လူရိပ်အနည်းငယ်ကို တွေ့လိုက်သည်။
“တကယ်ကို လူသားတွေပဲ”
ကျန်းရီ ပို၍ တက်ကြွလာသည်။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် ဧရိယာတစ်ခုလုံးက မြေပြန့်ဖြစ်နေပြီး ပုန်းကွယ်စရာနေရာများ မရှိသဖြင့် အတန်ငယ် စိတ်ပျက်သွားသည်။ မျိုးနွယ်စုအနားသို့ ဤအတိုင်း ဆက်သွားလျှင် သစ်သားစည်းရိုးထိပ်မှ လူများက သူ့ကို အလွယ်တကူ တွေ့သွားပေလိမ့်မည်။
အခြေအနေကို မသိရသေးသော်လည်း လူသားများအနေဖြင့် ဤကဲ့သို့သော နေရာတစ်ခုတွင် အခြေချထားနိုင်သည်ကို ကြည့်၍ သူတို့၏ အင်အားကို ခန့်မှန်းနိုင်သည်။
ကျန်းရီသည် ကွေ့ပတ်၍သာ သွားနိုင်သည်။ သူသည် မြက်ပင်ရှည်များထဲတွင် ပုန်းအောင်းကာ စည်းရိုးကို လှည့်ပတ်၍ ဟာကွက်ကို လိုက်ရှာနေသည်။ သို့သော် နှစ်နာရီအတွင်း စည်းရိုးကို တစ်ပတ် လှည့်ပတ်ပြီးနောက်တွင်ပင် မည်သည့် ဟာကွက်ကိုမှ မတွေ့သေးပေ။ စည်းရိုးအတွင်းသို့ လျှို့ဝှက်ဝင်နိုင်မည့်နေရာ မရှိပေ။ အတွင်းသို့ ဝင်နိုင်မည့် တံခါးကြီးနှစ်ခုသာ ရှိသည်။ စည်းရိုးအပေါ်တွင် လူရာဂဏန်းအနည်းငယ် ရပ်နေသည်။
‘စောင့်မယ်’
ကျန်းရီက စိတ်ရှည်၏။ သူသည် မြင်ပင်ရှည်များကြားတွင် တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။ သူ့အရှေ့တွင် တံခါးကြီးတစ်ခု ရှိသည်။ တစ်ချိန်ချိန်တွင် ထိုတံခါးမှနေ၍ တစ်ယောက်ယောက် ထွက်လာရပေမည်။
နေ့ဝက်၊ တစ်ရက်... နှစ်ရက်...
နောက်ဆုံးတွင် စည်းရိုးမှ တံခါးက ပွင့်လာသည်။ ထူးဆန်းသော သားရဲများကို စီးထားသော လူသားတပ်သားတစ်စု ထွက်လာသည်။ ကျန်းရီသည် ချောင်းကြည့်လိုက်ပြီး ရုတ်ခြည်း ကြောက်ရွံ့သွားသည်။ ထိုလူသားအုပ်စုက ဧရာမကျားဖြူကြီးများကို စီးထားခြင်းပင်။ ထို့ပြင် ထိုကျားဖြူများ၏ အမြန်နှုန်းက တောင်ကြားထဲမှ ဧရာမမြွေစိမ်းကြီး၏ အမြန်နှုန်းနှင့် ယှဉ်နိုင်သည်။
သို့ဖြစ်ရာ ထိုကျားဖြူများ၏ တိုက်ခိုက်စွမ်းအားကလည်း မြွေစိမ်းကြီး၏ စွမ်းအားနှင့် တန်းတူရှိလောက်သည်။
ကျန်းရီသည် မြွေစိမ်းကြီး၏ အမြန်နှုန်းနှင့် ခုခံစွမ်းအားကို ရှိန်သည်။ သူ၏ နတ်ဘုရားဇီဝိန်ခြွေပင် မြွေကြီးကို အနည်းငယ်သာ ထိခိုက်သွားစေနိုင်သည်။ ထို့ကြောင့် သူ ထိုကျားဖြူအုပ်ကို မသတ်နို်ငလောက်ပေ။ ထို့ပြင် ထိုကျားဖြူများကို လူသားများက စီးနင်းထားသည်။ ထိုလူသားများ၏ တိုက်ခိုက်စွမ်းအားက မည်မျှရှိကြောင်းကို မသိရသေးပေ။
“သွားမယ်...”
လူတစ်စုထွက်လာပြီဖြစ်၍ လူတစ်ယောက်၊ နှစ်ယောက်လောက်ကို ဖမ်း၍ သိလိုသည်များ မေးမြန်းရပေမည်။ မကြိုးစားကြည့်လျှင် သူတို့ကို ဖမ်းနိုင်မည်၊ မဖမ်းနိုင်မည်ကို မည်သို့ သိပါမည်နည်း။ ကျန်းရီသည် ထိုလူသားအုပ်စုနောက်သို့ တိတ်တဆိတ်လိုက်သွား၏။ သို့သော် ထိုနေရာမှ မြေဆွဲအားက အလွန်အားကောင်းသဖြင့် သူ ကျားဖြူများကို မီအောင် မလိုက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ထိုလူသားအုပ်စုက အရှေ့ဘက်ရှိ တောတန်းတစ်ခုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်၍သာ နေလိုက်ရလေသည်။
“ရှောင်နူ၊ မေ့ရူ... ထွက်လာခဲ့တော့”
ထိုနေရာနှင့် မျိုးနွယ်စုက အတော်လေး လှမ်းနေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်ကာ မိန်းမပျိုနှစ်ယောက်ကို အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ ကျန်းရီသည် ရှောင်နူအား ပုံစံပြောင်းစေ၍ သူ့ကို သယ်ကာ ပျံသန်းရန် ပြောလိုက်သည်။ မေ့ရူ၏ အမြန်နှုန်းက အမီလိုက်နိုင်လောက်အောင် မြန်သေးသည်။
တောတန်းသို့ ရောက်သောအခါ ကျန်းရီသည် မိန်းမပျိုနှစ်ယောက်ကို တီးတိုးပြောလိုက်သည်။
“သတိထားကြ။ လူတစ်စုက ဒီတောတန်းထဲကို ဝင်သွားတယ်။ ငါတို့ သူတို့နဲ့ ဆုံရင် အချိန်မရွေး တိုက်ပွဲဖြစ်သွားနိုင်တယ်။ မင်းတို့ ငါ့အမိန့်တွေကို နားထောင်ရမယ်”
မိန်းမပျိုနှစ်ယောက်က ခေါင်းညိတ်သည်။ ထို့ကြောင့် ကျန်းရီသည် ကျန်းရှောင်နူအား သူ့ကို အရှေ့သို့ ဆက်သယ်သွားစေလိုက်သည်။ သူကမူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ပတ်ဝန်းကျင်ကို အသေးစိတ် စူးစမ်းလိုက်သည်။ တောတန်းထဲတွင် ငါးဆယ်ကီလိုမီတာ သွားပြီးနောက် သူ ရုတ်တရက် မျက်လုံးဖွင့်ကာ ပြောသည်။
“ညာဘက်ကသွားလိုက်။ အဲ့မှာ တိုက်ပွဲဖြစ်နေတဲ့ လက္ခာတွေတွေ့တယ်။ သတိထားပါ... အသံမထွက်မိအောင် ကြိုးစားပါ”
ကျန်းရှောင်နူနှင့် မေ့ရူတို့သည် ပို၍လေးနက်သွားပြီး သတိကြီးကြီးဖြင့် ဆက်သွားလိုက်ကြသည်။ ဆယ်မိနစ်ကြာပြီးနောက် သူမတို့သုံးယောက်သည် ဦးတည်ရာသို့ ရောက်သွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီတို့ အရှေ့တွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေသည်။ ‘လူရိုင်း’ တစ်ဒါဇင်လောက်က သားရဲငယ်တစ်စုနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ ထိုလူသားအုပ်စုကို လူရိုင်းဟု ခေါ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှက်နေရာမှလွဲ၍ ကျန်နေရာများတွင် မည်သည့်အဝတ်မှ ဝတ်မထားသောကြောင့်ပင်။ အရှက်နေရာကိုပင် တိရိစ္ဆာန်သားရေဖြင့်သာ ဖုံးထားရာ သူတို့၏ တင်ပါးများကို မြင်နေရသည်။
ကျန်းရှောင်နူသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ မေ့ရူကမူ မိစ္ဆာဖြစ်၍ စိတ်မရှိပေ။ သူမသည် ထိုလူရိုင်းများကို ငေးကြည့်ကာ ခံစားချက်များနှင့် သက်ပြင်းချ၍ ပြောလိုက်သည်။
“အရှင်... အဲ့လူသားတွေက အရမ်းသန်မာတာပဲ”
“ရှူး...”
ကျန်းရီက မေ့ရူကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး ကျောက်စုလေးတစ်စုနောက်တွင် ပုန်း၍ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။ တိုက်ပွဲတစ်ပွဲတွင် မိမိ၏အင်အားနှင့် ရန်သူ၏အင်အားကို သိသူက တစ်ပန်းသာသူဖြစ်သည်။ မိမိရန်သူ၏အင်အားကို မသိလျှင် မိမိကို မည်သည်က သတ်သွားသည်ကိုပင် မသိလိုက်ရဘဲ သေရပေလိမ့်မည်။
လူရိုင်းအုပ်စုက အမှန်ပင် သန်မာသည်။ ထိုနေရာတွင် လူရိုင်း ဆယ့်ခုနစ်ယောက်၊ ဆယ့်ရှစ်ယောက်လောက် ရှိနေသည်။ သူတို့အားလုံးက သစ်သားတုတ်များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ လှုပ်ရှားမှုများကလည်း မြွေစိမ်းလေးများကဲ့သို့ လျင်မြန်သည်။ ကျားဖြူများကတော့ တိုက်ပွဲတွင် ဝင်မပါကြဘဲ ရပ်ကြည့်နေကြသည်။ လူရိုင်းများက ကျားသစ်နက်တစ်အုပ်နှင့် ရင်ဆိုင်နေခြင်းပင်။ ကျန်းရီတို့သည် ထိုကဲ့သို့ ကျားသစ်နက်များနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ၎င်းကျားသစ်နက်များက အလွန်သန်မာကြသည်။ ကျန်းရီ၏ နတ်ဘုရားဇီဝိန်ခြွေသည်ပင် ၎င်းတို့ကို အနည်းငယ်သာ ထိခိုက်သွားစေခဲ့သည်။
သို့သော်...
ထိုအခိုက်တွင် လူရိုင်းအုပ်စုက ကျားသစ်နက်များကို သစ်သားတုတ်များနှင့် ထိုး၍ အလွယ်တကူ သတ်နေကြသည်။ သူတို့၏ ကြွက်သားများက ကြောက်စရာကောင်းလောက်အောင်ပင် ကြီးထွားနေသည်။ ကြွက်သားမျှောင်းများက ကြက်သွန်ဖြူအုကဲ့သို့ အမျှောင်းမျှောင်းထနေသည်။
ကျန်းရီသည် လူရိုင်းများ၏ တိုက်ခိုက်နှုန်းကြောင့် အံ့အားသင့်နေသည်။ သို့သော် ကျန်းရီတို့သည်လည်း ဤဆန်းကြယ်နယ်မြေထဲတွင် ဖြစ်၍ နှေးနေကြခြင်းဖြစ်သည်။ အပြင်ဘက်တွင်ဆိုလျှင် သူတို့၏ တိုက်ခိုက်နှုန်းက အဆဒါဇင်အနည်းငယ် ပိုမြန်ပေလိမ့်မည်။
ဟိန်း...ဟိန်း...
လူရိုင်းတစ်ယောက်သည် ကျားသစ်နက်တစ်ကောင်၏ ဗိုက်ကို တုတ်ဖြင့် ထိုးဖောက်၍ ကျားသစ်နက်ကို လေထဲသို့ မမြှောက်လိုက်သည်။ ဘေးမှ လူရိုင်းနှစ်ယောက်က ထိုကျားသစ်နက်၏ နံနှစ်ဘက်ကို သစ်သားတုတ်ဖြင့် ထိုးဖောက်၍ ဇီဝိန်ချုပ်ပေးလိုက်သည်။
“အဲ့သစ်သားတုတ်တွေက နည်းနည်း ထူးဆန်းနေတယ်”
ကျန်းရီသည် သစ်သားတုတ်များက ကျားသစ်နက်ကို ထိုးဖောက်သွားချိန်တွင် အလင်းလက်သွားသဖြင့် အတန်ငယ် အံ့အားသင့်သွားသည်။ ကျန်းရီတို့သည်ပင် ကျားသစ်နက်များ၏ ခံစစ်ကို ဖောက်ရန် ခက်ခဲခဲ့သည်။ အဘယ်သို့ ထိုသစ်သားတုတ်များက ကျားသစ်နက်၏ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်ရသနည်း။ ထိုတုတ်များက နတ်ဘုရား အသုံးအဆောင်များလော။
ဝှစ်...ဝှစ်...
အခြားကျားသစ်နက်တစ်ကောင်သည်လည်း သေလုမျောပါးဖြစ်နေသည်။ လူရိုင်းအချို့က ၎င်းကို လေထဲသို့ မြှောက်လိုက်သည်။ ဤတစ်ခေါက်တွင် လူရိုင်းတစ်ယောက်က ရုတ်အရက် အရှေ့သို့ ပြေးသွားလိုက်ပြီး ကျားသစ်နက်၏ ဝမ်းဗိုက်ကို လက်နှစ်ဘက်ဖြင့် ထိုးဖောက်ကာ စုတ်ဖြဲပစ်လိုက်သည်။ သွေးများနှင့် အူကလီစာများ လူရိုင်း၏ ခေါင်းပေါ်သို့ ကျလာသည်။ သို့သော် ထိုလူရိုင်းသည် အူကလီစာများကို အစိမ်းစားလိုက်သည်။ စားနေရင်းနှင့်လည်း ပြုံးနေသေးသည်။
“အော့...”
ကျန်းရှောင်နူသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မထိန်းနိုင်တော့ဘဲ တအော့အော့ ဖြစ်သွားသည်။ ကျန်းရီလည်း မျက်နှာပျက်သွားသည်။ လူရိုင်းနှစ်ယောက်က သူတို့ဘက်သို့ လှမ်းကြည့်နေပေပြီ။ ထို့ကြောင့် ချက်ချင်း အသံပို့လွှတ်လိုက်သည်။
“ငါတို့ကို တွေ့သွားပြီး ပြန်ဆုတ်ကြ...”
ကျန်းရီသည် ကျန်းရှောင်နူကို ဆွဲခေါ်၍ အဝေးသို့ ပြေးသွားလိုက်သည်။ မေ့ရူကလည်း ခပ်သွက်သွက် ပြန်ဆုတ်သည်။ လူရိုင်းနှစ်ယောက်က အော်လိုက်ကြပြီး ကျန်းရီတို့နောက်သို့ မြားများအလား ပြေးလိုက်လာကြသည်။ ကျန်လူရိုင်းများသည် ထိုလူရိုင်းနှစ်ယောက်က အခြားသားရဲများနောက်သို့ လိုက်သွားသည်ဟု ထင်ကာ အရေးမစိုက်ကြဘဲ ကျားသစ်နက်များကို ဆက်သတ်နေကြလေသည်။
‘ငါတို့ မလွတ်နိုင်ဘူး’
လူရိုင်းများ၏ အမြန်နှုန်းက ကျန်းရီ၏ အမြန်နှုန်းထက် အဆအနည်းငယ် ပိုမြန်နေသည်။ ထို့ပြင် ကျန်းရှောင်နူက တအော့အော့ ဖြစ်နေသေး၍ မပျံသန်းနိုင်သေးပေ။ အနောက်မှ ခြေသံများက တဖြည်းဖြည်း နီးကပ်လာသည်ကို ကျန်းရီ ခံစားလိုက်ရသည်။ ရုတ်ခြည်းပင် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်လိုက်ပြီး ကျန်းရှောင်နူနှင့် မေ့ရူတို့ကို နန်းတော်ထဲသို့ ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်းလက်သွားပြီး ခန္ဓာကိုယ်အချိုးအစားနှင့် ရုပ်သွင်က လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူသည် လူရိုင်းငယ်တစ်ယောက် ဖြစ်သွားပေပြီ။
ဝှစ်...ဝှစ်...
လူရိုင်းနှစ်ယောက်က လျင်မြန်စွာ မီလာသည်။ ကျန်းရီကို တွေ့လိုက်ရသောအခါ သူတို့နှစ်ယောက်၏ မျက်ဝန်းများထဲတွင် သံသယများနှင့် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ သူတို့ထဲမှ တစ်ယောက်က ဝူးဝူးဝါးဝါး စကားများ ပြောလိုက်သည်။ ကျန်းရီသည် ထိုစကားက ဤနေရာမှ ဘာသာစကားဖြစ်မည်ဖြစ်ကြောင်း သိသည်။ ထိုဘာသာစကားက အပြင်ဘက်မှ ဘာသာစကားနှင့် အလွန်ကွဲပြားသည်။ သို့သော် သူ အနည်းငယ် ခန့်မှန်းကြည့်၍ ရပေသည်။ ထိုလူရိုင်းက သူ့အား မည်သည့်မျိုးနွယ်မှဖြစ်ကြောင်း မေးနေခြင်းပင်။
‘ငါ ဘာလုပ်သင့်လဲ’
ကျန်းရီ အသည်းအသန် တွေးလိုက်သည်။ သူသည် ထိုလူရိုင်းနှစ်ယောက်ကို မကြောက်ပေ။ ပြဿနာမှာ သူတို့နှင့် တိုက်ခိုက်လိုက်လျှင် ကျန်နေသေးသော လူရိုင်းများပါ ရောက်လာနိုင်ခြင်းပင်။ ထိုလူရိုင်းများက အလွန်မြန်သည်။ သူ မလွတ်နိုင်။ သူ အဝိုင်းခံလိုက်ရပြီး တိုက်ပွဲစသည်နှင့် ထိုတိုက်ပွဲ၏ အဆုံးသတ်ရလဒ်ကို ကောင်းကင်ဘုံကသာ သိနိုင်ပေလိမ့်မည်။
***