← Chapters

ဗုဒ္ဓဧကရာဇ်က အဖမ်းခံထားရသည်

Vol. 88 Ch. 1217

ဗုဒ္ဓဧကရာဇ်က အဖမ်းခံထားရသည်

Vol. 88 Ch. 1217

ကျန်းရီသည် လူရိုင်းပြောနေသော စကားများကို အပြည့်အဝ နားမလည်နိုင်သဖြင့် အူကြောင်ကြောင်ပုံစံသာ လုပ်နေလိုက်သည်။ သူ့မျက်လုံးများထဲတွင် တုန်လှုပ်အံ့အားသင့်သည့် အရိပ်အယောင်များ ရှိနေပြီး သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ရှိနေသည်။ သူသည် ပါးစပ်ကို လက်ဖြင့် ညွှန်ပြလိုက်၏။ ထို့နောက် ပါးစပ်ဟကာ အုအုအအ ပြောလိုက်သည်။ သူက အနေသည်ဟူသော အဓိပ္ပာယ်ပင်။

လူရိုင်းနှစ်ယောက်သည် ကျန်းရီကို ‌ခေတ္တမျှ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ကြ၏။ သို့သော် နောက်ဆုံးတွင် သူတို့ ယုံသွားကြပြီး တစ်ယောက်က ဝူးဝူးဝါးဝါးအော်ကာ လာခဲ့ရာအတိုင်း ပြန်သွားလိုက်သည်။ အခြားလူရိုင်းက ကျန်းရီနားသို့ လျှောက်လာပြီး ကျန်းရီ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ သူက ကျန်းရီကိုဖမ်း၍ ပြန်ခေါ်သွားလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။

‘ချကွာ...’

ကျန်းရီတွင် အခြားရွေးချယ်စရာ မရှိပေ။ သူ အဖမ်းခံလိုက်ရလျှင် အခြေအနေက ပိုဆိုးသွားနိုင်သည်။ ထို့ကြောင့် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တိတ်တဆိတ် ထုတ်လိုက်သည်။ ပြီးနောက် နန်းတော်က လင်းလက်သွားကာ မေ့ရူနှင့် ကျန်းရှောင်နူတို့ ထွက်ပေါ်လာသည်။ သူသည် အသံပို့လွှတ်ကာ သူမတို့ကို ညွှန်ကြားထားပြီးဖြစ်ပေသည်။

ရွှစ်...ရွှစ်...

မေ့ရူသည် အပြင်သို့ ရောက်လျင်ရောက်ချင်း မြူခိုးနက်အဖြစ် ပြောင်းကာ လူရိုင်း၏ ဦးနှောက်ထဲသို့ ဝင်သွားလိုက်သည်။ ကျန်းရှောင်နူကလည်း ဓားတစ်ချောင်အလား အခြားလူရိုင်းထံသို့ ပျံဝင်သွားသည်။

“အပြင်လူတွေ...”

ကျန်းရီကို ဖမ်းထားသော လူရိုင်းက ကြောက်ရွံ့သွားပြီး လျင်မြန်စွာ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူက မေ့ရူနှင့် အလွန်နီးကပ်နေသည်။ ထို့ပြင် မေ့ရူကလည်း မနှေးပေ။ ရုတ်ခြည်းအတွင်းမှာပင် သူမက သူ့ဦးနှောက်ထဲသို့ ရောက်သွားသည်။ သူ ထပ်မလှုပ်ရှားနိုင်တော့ချေ။

“အပြင်လူတွေလား”

အခြားလူရိုင်းက ချက်ချင်း ခေါင်းလှည့်ကြည့်၏။ ကျန်းရှောင်နူက သူ့ထံသို့ ပျံသန်းလာကြောင်းနှင့် သူမ၏ ခပ်မှိန်မှိန် တောက်ပနေသော လက်သည်းစိမ်းများကို တွေ့လိုက်သည်။ လူရိုင်း၏ မျက်လုံးများထဲတွင် ရုတ်တရက် သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။ သူသည် ဒေါသတကြီးဖြင့် လက်ထဲမှ သစ်သားတုတ်ကို မွတ်နေအောင် လှည့်လိုက်ပြီး ကျန်းရှောင်နူကို ထိုးချလိုက်လေသည်။

ကျန်းရီသည် ကျန်းရှောင်နူက သူမ၏လက်သည်းများကို အသုံးပြု၍ သစ်သားတုတ်ကို ကာရန် ဟန်ပြင်နေကြောင်း တွေ့လိုက်သောအခါ ခပ်သွက်သွက် အော်ပြောလိုက်သည်။

“ရှောင်နူ... သစ်သားတုတ်ကို မခုခံနဲ့၊ ရှောင်လိုက်။ သူ့ကိုပဲ ရအောင်သတ်”

ကျန်းရှောင်နူက ကျန်းရီ၏စကားကို အမြဲ နာခံခဲ့သည်။ ထို့ကြောင့် သူမသည် တုံ့ဆိုင်းမှုမရှိဘဲ သစ်သားတုတ်ကို ရှောင်လိုက်ပြီး လူရိုင်း၏ ရင်ဘတ်ကို လက်သည်းများနှင့် ကုတ်ဖြဲပစ်လိုက်သည်။ လူရိုင်း၏ တုံ့ပြန်နှုန်းက အလွန်မြန်သည်။ သူသည် သစ်သားတုတ်ကို ချက်ချင်း ပြန်မြှောက်လိုက်ပြီး ကျန်းရှောင်နူ၏ ပခုံးကို ရိုက်ချသည်။ သူသည် ရင်ဘတ်ရှိ လက်သည်းရာနှစ်ချက်ကို ကြည့်၍ ကျန်းရှောင်နူကို ခပ်လှောင်လှောင် ပြုံးပြလိုက်သည်။

ထိုလူရိုင်းက သူ၏ခုခံနိုင်စွမ်းကို အလွန်ယုံကြည်မှုရှိနေကြောင်း ထင်ရှားသည်။ သို့သော် တဒင်္ဂအတွင်းမှာပင် သူ့မျက်ဝန်းများအတွင်းမှ ခပ်လှောင်လှောင်အရိပ်အယောင်က အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားသည်။

ရွှက်...ရွှက်...

ကျန်းရှောင်နူ၏ လက်သည်းများက နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများနှင့် နေနက်မိစ္ဆာနွယ်များကိုပင် ဖျက်ဆီးပစ်နိုင်သည်။ ထိုလူရိုင်း၏ ခုခံနိုင်စွမ်းက အမှန်ပင် အားကောင်းသော်လည်း ကျန်းရှောင်နူက သူ့ရင်ဘတ်ကို ပွင့်ထွက်သွားအောင် အလွယ်တကူ ကုတ်ပစ်လိုက်နိုင်ပေသည်။

ဂျွတ်...

သို့သော် ကျန်းရှောင်နူကလည်း ထိခိုက်ခဲ့သည်။ သူမသည် သစ်သားတုတ်နှင့် ပြင်းထန်စွာ အရိုက်ခံလိုက်သည်။ အရိုးကျိုးသံတစ်သံပင် ထွက်ပေါ်လာသည်။ သူမသည် လက်ထဲတွင် နှလုံးတစ်ခုကို ကိုင်ကာ အဝေးသို့ လွင့်ထွက်သွားသည်။

ရွှက်...ရွှက်...

ကျန်းရီသည် ဝိညာဉ်လေဓားများကို အသင့်ပြင်ထားပြီးဖြစ်သည်။ ကျန်းရှောင်နူက ဒဏ်ရာရသွားကြောင်း တွေ့လိုက်ရ‌သောအခါ သူ ရင်နာသွားပြီး ဝိညာဉ်လေဓားများကို အရှေ့သို့ ဒေါသတကြီး ပစ်လွှတ်လိုက်သည်။ ဝိညာဉ်လေဓားများက လူရိုင်း၏ အူကလီစာများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ပိုင်းဖြတ်လိုက်သည်။ ထိုလူရိုင်း သေချာပေါက် သေပေပြီ။

“ရှောင်နူ...”

ကျန်းရီသည် ကျန်းရှောင်နူထံသို့ ပြေးသွားလိုက်ပြီး သူမကို ပွေ့လိုက်သည်။ သို့သော် သူ တစ်စုံတစ်ခုကို မေ့လျော့နေခဲ့သည်။ သူက လူရိုင်းတစ်ယောက် ပုံစံပြောင်းထားသဖြင့် သူ့အရှက်နေရာကို ကာထားသော တိရစ္ဆာန်သားရေမှလွဲ၍ အခြားနေရာတွင် မည်သည့်အဝတ်အစားမှ ရှိမနေပေ။ ကျန်းရှောင်နူသည် နာကျင်မှုကြောင့် မျက်ရည်ပင် ကျနေသော်လည်း ကျန်းရီက သူမကို ပွေ့လိုက်သောအခါ ရုတ်ခြည်း ရှက်ရွံ့သွားပြီး မျက်လုံး ဖွင့်မကြည့်နိုင်တော့ပေ။

မေ့ရူက ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ ကာမနတ်ဆိုးမမျိုးနွယ်၏ တိုက်ခိုက်စွမ်းအားက နံပါတ်(၁) မဟုတ်သော်လည်း သူမတို့၏ မိစ္ဆာအတတ်များက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ မေ့ရူသည် လူရိုင်း၏ မျက်ခုံးနှစ်ခုကြားမှ ပြန်ထွက်လာပြီး ခပ်သဲ့သဲ့ရယ်ကာ ပြောလိုက်သည်။

“အရှင်... အဲ့လူရိုင်းရဲ့ စိတ်ဝိညာဉ်က မဆိုးဘူး။ ဒါပေမဲ့ မေ့ရူ သူ့ကို ထိန်းချုပ်နိုင်လိုက်ပါပြီ”

“ကောင်းတယ်...”

ကျန်းရီသည် ချက်ချင်း ထရပ်လိုက်ပြီး ကျန်းရှောင်နူကို အားဖြည်းဆေးအနည်းငယ် တိုက်ကာ အနားယူရန် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပြန်ပို့လိုက်သည်။ ထို့နောက် သူ မေ့ရူကို ပြောလိုက်သည်။

“အဲ့လူကို ထိန်းချုပ်ပြီး တစ်ခြားလူတွေကို တစ်ယောက်ပြီးတစ်ယောက် မျှားခေါ်လိုက်။ အဲ့လိုဆို ငါတို့ သူတို့အားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်”

လူရိုင်းနှစ်ယောက် ရုတ်တရက် ပျောက်သွားခြင်းက ကျန်လူရိုင်းများကို သံသယဖြစ်သွားစေပေလိမ့်မည်။ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် လုပ်ရပေမည်။ ထို့ကြောင့် ကျန်းရီသည် ထိုနေရာရှိ ကျန်လူရိုင်းများကိုလည်း ထိန်းချုပ်ရန် ကြံစည်လိုက်သည်။ ထိုမှ သူတို့အကြောင်း မပေါ်သွားမည်ဖြစ်သည်။ သူတို့အကြောင်းသာ ပေါ်သွားလျှင် လူရိုင်းမျိုးနွယ်စု၏ လိုက်ဖမ်းခြင်းကို ခံရပေလိမ့်မည်။

မေ့ရူသည် စကားဖြင့် ခိုင်းရန်ပင် မလိုပေ။ အတွေးအမိန့်ပို့လိုက်သည်နှင့် လူရိုင်းက အဝေးသို့ ပြေးထွက်သွားသည်။ ထို့နောက် ကျန်းရီသည် အခြားလူရိုင်း၏ အလောင်းကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပို့ကာ ကောင်းကင်ကိုးဘုံ နဂါးမီးတောက်ကို အသုံးပြု၍ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိုက်သည်။

ထိုအရာအားလုံး ပြုလုပ်ပြီးနောက် ကျန်းရီနှင့် မေ့ရူတို့သည် အရှေ့သို့ လျင်မြန်စွာ သွားလိုက်ပြီး လမ်းမှ စောင့်နေလိုက်သည်။

ဝူး...ဝူး...

မကြာခင်မှာပင် အဝေးရှိ လူရိုင်းများ၏ တဝူးဝူးအသံများကို ကြားလိုက်ရသည်။ ကျန်းရီသည် မေ့ရူကို ကြည့်၍ မျက်နှာရိပ်မျက်နှာကဲဖြင့် အချက်ပြလိုက်သည်။ မေ့ရူက လျင်မြန်စွာ ပုန်းအောင်းလိုက်ပြီး ကျန်းရီက လူရိုင်းပုံစံဖြင့် ထွက်ရပ်နေလိုက်သည်။

ဝှစ်...ဝှစ်...

လူရိုင်းနှစ်ယောက်က လျင်မြန်စွာ ရောက်ရှိလာသည်။ ကျန်းရီသည် နေရာမှ မရွေ့ဘဲ အရှေ့သို့သာ ကြည့်နေသည်။ ထိုလူရိုင်းနှစ်ယောက်ထဲမှ တစ်ယောက်က မေ့ရူ၏ ထိန်းချုပ်မှုကို ခံထားရသော လူရိုင်းဖြစ်သည်။ ကျန်လူရိုင်း၏ မျက်နှာမှာမူ သံသယများ၊ နားမလည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ ကျန်းရီကို မြင်သောအခါ ထိုလူရိုင်းက ပို၍ သတိကြီးသွားသည်။

အရှေ့မှ လူရိုင်းက အနောက်မှ လူရိုင်းကို အခြေအနေ ရှင်းပြလိုက်သည်။ သူတို့၏ စကားများကို ကျန်းရီ အနည်းငယ် နားလည်သည်။ အရှေ့မှ လူရိုင်းသည် အနောက်မှ လူရိုင်းကို ကျန်းရီက သူတို့မျိုးနွယ်စုမှ လေလွင့်သူတစ်ယောက်ဖြစ်ကြောင်း ပြောနေခြင်းပင်။ ထို့ပြင် ကျန်းရီကို မျိုးနွယ်စုသို့ ပြန်ခေါ်လိုသလောဟုလည်း မေးနေသည်။

“မေ့ရူ... အဲ့လူရိုင်းကို အလစ်တိုက်ခိုင်းလိုက်။ ပြီးရင် ရသမျှ အခွင့်အရေးကို အမိအရယူ”

ကျန်းရီက အသံပို့လွှတ်လိုက်၍ မေ့ရူက ချက်ချင်း ဆောင်ရွက်လိုက်သည်။ အထိန်းချုပ်ခံထားရသော လူရိုင်းက ရုတ်တရက် အခြားလူရိုင်း၏ ရင်ဘတ်ကို ထိုးလိုက်သည်။ ‌မေ့ရူသည် ထိုအခွင့်အရေးကို အသုံးချ၍ ပုန်းနေရာမှ ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အခြားလူရိုင်း၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်သွားလေသည်။ ကျန်ကိစ္စများမှာ အလွန်ရိုးရှင်းပေသည်။ မေ့ရူက မိစ္ဆာအတတ်ကို အသုံးပြု၍ ထိုလူရိုင်းကို ထိန်းချုပ်လိုက်တော့သည်။

“ပြီးပြီ”

မေ့ရူက ထိုလူရိုင်း၏ မျက်ခုံးနှစ်ခုကြားမှ ပြန်ထွက်လာပြီး ခန္ဓာကိုယ်အစစ်အဖြစ် ပြန်ပြောင်းလဲလိုက်သည်။ ကျန်းရီသည် လက်မထောင်ကာ ချီးကျူးလိုက်သည်။

“လှလှပပလေး လုပ်သွားတာပဲ.. တော်ပါပေတယ်”

“အခုလို ချီးကျူးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အရှင်”

မေ့ရူက အတန်ငယ် စိတ်မသက်မသာ ဖြစ်နေပုံပေါ်သည်။ သူမက ကျန်းရီကို အလွန်ကြောက်ရွံ့ခဲ့သည်။ သို့သော် ထိုအခိုက်တွင် ကျန်းရီက ထင်သလောက် ကြောက်စရာမကောင်းဘဲ အ‌တော်လေး သဘောကောင်းသော အရှင်တစ်ယောက်ဖြစ်ကြောင်း သူမ သိလာသည်။ သူမသည် အသုံးအဆောင်ဝိညာဉ်၏ ထိန်းချုပ်မှုကို ခံထားရခြင်းဖြစ်သော်လည်း ထိုအသုံးအဆောင်ဝိညာဉ်၏ သခင်က ကျန်းရီဖြစ်သည်။ ထို့ကြောင့် ဆိုရလျှင် သူမ၏ အရှင်သခင်အစစ်အမှန်က ကျန်းရီဖြစ်သည်။

ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိ၍ ပြောသည်။

“မေ့ရူ... မင်း ငါ့အတွက် ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်ပေးရင် နှစ်ငါးဆယ်အတွင်း ငါ မင်းရဲ့ လွတ်လပ်မှုကို ပြန်ပေးမယ်”

“တကယ်လား...”

မေ့ရူ အလွန်ပျော်သွားသည်။ သူမသည် အသုံးအဆောင်ဝိညာဉ်၏ ထိန်းချုပ်မှုကို ခံလိုက်ရကတည်းက စိတ်အားငယ်နေခဲ့ရသည်။ သူမက တစ်ဘဝလုံး ကျွန်အဖြစ် နေရတော့မည်ဟု ထင်ခဲ့သည်။ ကျန်းရီက ထိုသို့ သူမကို အံ့အားသင့်စေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“ငါက အမြဲ ပြောတဲ့အတိုင်း လုပ်တယ်”

ကျန်းရီက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဆက်ပြောသည်။

“အလုပ်ဆက်လုပ်ကြတာပေါ့”

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”

မိစ္ဆာမျိုးနွယ်အတွက် နှစ်ငါးဆယ်ဆိုသည်မှာ အလွန်တိုတောင်းပေသည်။ မိစ္ဆာများက အသက်ရှည်ကြသည် မဟုတ်လော။ မေ့ရူသည် မျှော်လင့်ချက်ကင်းမဲ့နေချိန် အလင်းကို မြင်လိုက်ရသူတစ်ယောက်ကဲ့သို့ မျက်လုံးများ တောက်ပနေသည်။ ယခုတွင် သူမသည် ကျန်းရီအတွက် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်လာပြီဖြစ်သည်။ သူမသည် လူရိုင်းနှစ်ယောက်ကို ပြန်သွားစေလိုက်ပြီး အခြားလူရိုင်းများကို ထပ်ခေါ်လာစေလိုက်သည်။

ထိုသို့ဖြင့် တစ်နာရီအတွင်းမှာပင် မေ့ရူက လူရိုင်းဒါဇင်ကျော်ကို ထိန်းချုပ်နိုင်လိုက်သည်။ သူတို့အားလုံးက ဝိညာဉ်ကျွန်းများ ဖြစ်သွားပေပြီ။ မေ့ရူသည် အံ့အားသင့်စရာအကြောင်းတစ်ခုကိုလည်း ရှာတွေ့ခဲ့သည်။ ထိုကျားဖြူများက လူရိုင်းများ မွေးထားသော တိရိစ္ဆာန်များပင်။ သို့ဖြစ်ရာ လူရိုင်းများကို ထိန်းချုပ်နိုင်သည်နှင့် ကျားဖြူများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။

“တာဝန်ပြီးဆုံးပါပြီ”

နောက်ဆုံး လူရိုင်းသုံးယောက်ကို ထိန်းချုပ်ပြီးနောက်တွင် ကျန်းရီက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး မေ့ရူကို ပြောလိုက်သည်။

“မင်း သူတို့ရဲ့ ဦးနှောက်ထဲကနေ သတင်းအချက်အလက်တွေ ရှာနိုင်လား။ ဗုဒ္ဓဧကရာဇ်တို့က ဘယ်ကိုရောက်နေလဲဆိုတာကို သိနိုင်လောက်လား”

“မရှာနိုင်ပါဘူး”

မေ့ရူက ‌ခေါင်းခါကာ ပြောသည်။

“ဒါပေမဲ့ မေ့ရူ သူတို့ကို မေးလို့ရပါတယ်။ သူတို့ မဖြေဘဲ မနေရဲပါဘူး”

“မြန်မြန်မေးလိုက်”

ကျန်းရီက ခပ်သုတ်သုတ် ပြောလိုက်သည်။ မေ့ရူသည် သူမ၏စွမ်းအားကို အသုံးပြု၍ လူရိုင်းများနှင့် စိတ်ချင်းဆက်သွယ်လိုက်သည်။ ထိုလူရိုင်းများက ကိစ္စများစွာကို ပြောနေသော်လည်း ကျန်းရီ အပြည့်အဝ နားမလည်နိုင်။ ဆယ်မိနစ်ကြာပြီးနောက် မေ့ရူက နောက်လှည့်ကာ ပြောသည်။

“မေ့ရူ ကိစ္စတစ်ခုကို သိရပါပြီ။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက အပြင်လူတစ်စုက သေမင်းကုန်းမြေထဲ တကယ်ပဲ ဝင်လာခဲ့ပါတယ်။ သူတို့သက်ရှည်မျိုးနွယ်စုက အဲ့အပြင်လူတွေကို တိုက်ခိုက်ခဲ့ပါတယ်တဲ့။ နောက်ဆုံးကျ အဲ့အပြင်လူတွေအကုန်လုံးကို သူ‌တော်စင်အင်ပါယာက ဖမ်းသွားပါတယ်တဲ့။ ဒါပေမဲ့ သူတို့လည်း သေချာတော့ မသိပါဘူး။ ကောလာဟလတချို့ကိုပဲ ကြားခဲ့ရတာပါ”

“သူတော်စင်အင်ပါယာလား။ ဗုဒ္ဓဧကရာဇ်တို့က အဖမ်းခံခဲ့ရတာလား”

ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ဤကုန်းမြေပေါ်မှ လူသားများက အလွန်သန်မာသည်။ သူတို့၏ သူတော်စင်အင်ပါယာဆိုလျှင် မည်မျှ သန်မာမည်နည်း။ ဗုဒ္ဓဧကရာဇ်တို့ပင် အဖမ်းခံလိုက်ရလျှင် ကျန်းရီတို့က သူတို့ကို မည်သို့ ကယ်နိုင်မည်နည်း။ ထို့ပြင် သူတို့ ဤဆန်းကြယ်နယ်မြေထဲမှ မည်သို့ ပြန်ထွက်ရမည်နည်း။ သူတို့ ပြန်မထွက်နိုင်လျှင် တစ်သက်လုံး ဤလူရိုင်းများနှင့် နေရပေတော့မည်။

***

All Chapters