← Chapters

မျိုးနွယ်စု၏ သူတော်စင်အင်ပါယာ

Vol. 88 Ch. 1218

မျိုးနွယ်စု၏ သူတော်စင်အင်ပါယာ

Vol. 88 Ch. 1218

မျိုးနွယ်စု၏ တောင်ဘက်ရှိ ကမ်းပါးထိပ်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်အနည်းငယ်က စောင့်ကြပ်နေကြသည်။ ရုတ်တရက် အရှေ့ဘက်မှနေ၍ ခပ်သွက်သွက် ပြေးလာသော ခြေသံများကို ကြားလိုက်ရ၍ သူတို့ တုန်လှုပ်သွားကာ လက်နက်များကို အသင့်ပြင်၍ ကျန်လူများကို အသိပေးလိုက်သည်။

ဝှစ်...ဝှစ်...

ဗုဒ္ဓအင်ပါယာတို့သည် စွမ်းအားကြီး ရန်သူများကို မျှော်လင့်၍ အသင့်ပြင်ထားကြသည်။ သူတို့အားလုံးသည် ချပ်ဝတ်လက်နက် အပြည့်အစုံဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပေပြီ။ ခြေသံများက ပို၍ ကျယ်လာသည်။ ထိုခြေသံများသည် သူတို့ရှိရာဘက်သို့ ဦးတည်လာနေခြင်းပင်။ မကြာခင်မှာပင် အရှေ့ရှိ ချုံပုတ်များထဲမှနေ၍ ကျားဖြူတစ်အုပ် ထွက်လာသည်။ ကျားဖြူများပေါ်တွင် ခန္ဓာကိုယ်တောင့်တင်း၍ ကြောက်မက်ဖွယ်ကောင်းသော လူရိုင်းများ ရှိနေသည်။

“တိုက်ခိုက်ကြ”

ယဉ်အင်ပါယာသည် လူရိုင်းများကို တွေ့လိုက်၍ ချက်ချင်း အော်ပြောလိုက်သည်။ သို့သော် ယဉ်ရို့ပင်းက ခပ်သွက်သွက် ပြန်ပြောသည်။

“အဲ့ဒါ ကျန်းရီပဲ”

“အာ...”

နတ်ဘုရားတစ်ပိုင်းများသည် လူရိုင်းများကြားမှ ခန္ဓာကိုယ်ကျစ်လစ်သော လူရိုင်းတစ်ယောက်ကို ကြည့်လိုက်ကြသည်။ ကျန်းရီသည် လူရိုင်းတစ်ယောက်နောက်တွင် ထိုင်နေပြီး လူရိုင်းအား ကျားဖြူကို ထိန်းချုပ်ခိုင်းထားသည်။ ထို့ကြောင့် မည်သူမှ သူ့ကို ချက်ချင်း သတိမပြုမိခဲ့ခြင်းဖြစ်သည်။ မေ့ရူကလည်း ကျားဖြူတစ်ကောင်ပေါ်တွင် ရပ်နေသည်။ ထိုကျားဖြူကိုလည်း လူရိုင်းတစ်ယောက်ကပင် ထိန်းချုပ်နေသည်။

“တော်တယ်”

ဗုဒ္ဓအင်ပါယာက ရွှင်ပြစွာ ပြုံးလိုက်သည်။ ကျန်းရီနှင့် မေ့ရူတို့က ထိုလူရိုင်းအုပ်စုကို ထိန်းချုပ်နိုင်ခဲ့ပုံပင်။ ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် အခြားသူများကလည်း ခေါင်းတညိတ်ညိတ် ဖြစ်ကုန်ကြသည်။ ကျန်းရီက တာဝန်ကို လှပသေသပ်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ လူရိုင်းများ၏ အင်အားကို ထည့်မတွက်လျှင်ပင် ခက်ထန်ကာ လေကဲ့သို့ လျင်မြန်သော ကျားဖြူများနှင့်ပင် အချို့အင်ပါယာများနှင့် နတ်ဘုရားတစ်ပိုင်းများက ယှဉ်နိုင်တော့မည် မဟုတ်ချေ။

“ဘာဖြစ်ခဲ့တာလဲ”

ဗုဒ္ဓအင်ပါယာသည် ကျန်းရီက မျက်နှာပျက်နေကြောင်းကို တွေ့လိုက်သောအခါ မျက်နှာပြန်တည်လိုက်၏။ ရီချန်သည် ကျန်းရီ ကျားဖြူပေါ်မှ ဆင်းလာသည်အထိ စောင့်၍ ခပ်သွက်သွက် မေးလိုက်သည်။

“ကျန်းရီ... ဘာဖြစ်ခဲ့တာလဲ”

ကျန်းရီက ထိုနေရာရှိ လူအားလုံးကို ကြည့်၍ ပြောလိုက်၏။

“အဲ့လူရိုင်းတွေ ပြောတဲ့အတိုင်းဆိုရင်တော့ ဗုဒ္ဓဧကရာဇ်တို့က ဒီကုန်းမြေရဲ့ သူတော်စင်အင်ပါယာက ဖမ်းတာကို ခံလိုက်ရတဲ့ပုံပဲ”

“ဘာ...”

ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ရွှမ်အင်ပါယာတို့ အံ့အားသင့်သွားသည်။ ဗုဒ္ဓအင်ပါယာကလည်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အခြေအနေကို အသေးစိတ် ပြောပြပါ”

ကျန်းရီသည် မေ့ရူကို ဆက်ရှင်းပြခိုင်းလိုက်သည်။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်ကာ ကျန်းရှောင်နူ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ သူမက အဆင်ပြေမည်ဖြစ်ကြောင်း အတည်ပြုပြီးမှ သူမထံ အသံပို့လွှတ်ကာ ကောင်းကောင်းအနားယူရန် ပြောလိုက်သည်။ မြေခွေးလေးသည် ကလေးမလေးပုံစံပြောင်း၍ ကျန်းရီ၏ ပေါင်ပေါ်သို့ ခုန်တက်ကာ လူရိုင်းများကို ကြည့်၍ စိတ်ဝင်တစား မေးသည်။

“အစ်ကိုကြီး... ဘာလို့ အဲ့လူတွေက အဝတ်မဝတ်ထားတာလဲ”

“ဟင်းဟင်း...”

ကျန်းရီသည် ရှောင်ဖေး၏ ပျော့ပျောင်းသော ဆံနွယ်ရှည်များကို ပွတ်သပ်၍ ပြန်ပြောလိုက်သည်။

“သူတို့က လူရိုင်းတွေ... ဒီနေရာက အရမ်းခေတ်နောက်ကျတယ်”

မေ့ရူသည် ရရှိထားသော သတင်းအချက်အလက်အားလုံးကို ဗုဒ္ဓအင်ပါယာတို့အား ပြောပြပြီးသွား၏။ ဗုဒ္ဓအင်ပါယာက ခေတ္တမျှ တွေးတောကာ မေ့ရူကို မေးလိုက်သည်။

“မင်း သူတို့ကို ‌သေမင်းကုန်းမြေရဲ့ မြေပုံကြမ်းကို ဆွဲခိုင်းလို့ရလား။ ပြီးတော့ စွမ်းအားကြီး သိုင်းသမားတွေ၊ ထူးဆန်းတဲ့သားရဲတွေနဲ့ သူတော်စင်အင်ပါယာတို့က ဘယ်နေရာမှာ နေကြတယ်ဆိုတာကိုရော ညွှန်ပြခိုင်းလို့ရလား...”

မေ့ရူက ကျန်းရီကို လှမ်းကြည့်၏။ ကျန်းရီ ခေါင်းညိတ်ပြလိုက်သည်။ ထိုမှ မေ့ရူသည် လူရိုင်းများနှင့် စကားပြောဆိုလိုက်သည်။ လူရိုင်းများက ကိစ္စများစွာကို ဝူးဝူးဝါးဝါးပြောသည်။ ယဉ်အင်ပါယာတို့သည် ထိုစကားကို လုံးဝ နားမလည်နိုင်ကြပေ။ သို့သော် ရီချန်က အာရုံစိုက်၍ နားထောင်နေသည်။ ထို့နောက် သူမသည် အံ့ဩတကြီး ထပြောလိုက်သည်။

“ဒီက ဘာသာစကားက ကမ္ဘာဦးဘာသာစကားလား။ ဒီမှာနေတဲ့ လူတွေက ရှေးခေတ်တုန်းက ဒီနေရာကို ပြောင်းရွှေ့လာခဲ့တဲ့ လူတွေလား”

“ကမ္ဘာဦးဘာသာစကားဆိုတာ ဘာလဲ”

ရွှမ်အင်ပါယာက စိတ်ဝင်တစား မေးလိုက်သည်။ အားလုံး၏ အကြည့်များကလည်း ရီချန်အပေါ်သို့ ကျသွားသည်။ ရီချန်က ရှင်းပြသည်။

“အဲ့ဒါက ရှေးခေတ်တုန်းက သုံးခဲ့တဲ့ လူသားဘာသာစကားပဲ။ ကျွန်မ မှန်းတာ မမှားရင် ကျွန်မ သူတို့ရဲ့ စာကိုတောင် ရေးနိုင်လောက်တယ်”

ရီချန်သည် ပြောပြောဆိုဆိုဖြင့် သစ်ကိုင်းခြောက်တစ်ခုကို ကောက်ကာ မြေပြင်ပေါ်တွင် စတင် ရေးခြစ်လိုက်သည်။ စာလုံးများက လျှောက်ခြစ်ထားသလိုပင်။ သူမသည် စာလုံးအချို့ကို ရေးပြီးနောက် မေ့ရူအား လူရိုင်းများကို ဖတ်ခိုင်းကြည့်ရန် ပြောလိုက်သည်။ စာကို ဖတ်ကြည့်သော လူရိုင်းသည် သရဲတစ်ကောင်ကို တွေ့လိုက်သကဲ့သို့ ရီချန်ကို ကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

“ဒါတွေက ကမ္ဘာဦးအက္ခရာတွေပဲ။ ရှေးခေတ်တုန်းက သုံးခဲ့တဲ့ စာပေါ့”

ရီချန်သည် အနည်းငယ်ပင် ဂုဏ်မယူပေ။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် အခြေအနေကို သုံးသပ်ကာ ပြောလိုက်သည်။

“ရှေးခေတ်တုန်းက ပင်လယ်နက်ထဲမှာ မိစ္ဆာတွေ မရှိခဲ့လောက်သေးဘူး။ အဲ့ခေတ်မှာ မိစ္ဆာမျိုးနွယ်က လူသားတွေကို သတ်ဖြတ်နေခဲ့လို့ ဒီလူတွေက ရှောင်ရင်းရှားရင်း ဒီနေရာကို မတော်တဆရှာတွေ့ပြီး နေရာပြောင်းရွှေ့လာခဲ့တာဖြစ်မယ်။ အဲ့ကတည်းက သူတို့က အပြင်လောကနဲ့ အထိအတွေ မရှိလောက်တော့ဘူး။ အဲ့ဒါကြောင့် သူတို့က ရှေးခေတ်က စာနဲ့ ဘာသာစကားကို အခုထိ သုံးနေကြသေးတာပဲ။ သူတို့က ကျင့်ကြံခြင်းကိုလည်း မသိလောက်ဘူး။ သူတို့ရဲ့ ရုပ်ခန္ဓာတွေ သန်မာလာရတာက ဒီဆန်းကြယ်နယ်မြေထဲမှာရှိတဲ့ သိပ်သည်းတဲ့ မိုးမြေအတွင်းအားကြောင့် ဖြစ်လိမ့်မယ်”

“တော်တယ်”

ကျန်းရီက လက်မထောင်လိုက်သည်။ ယဉ်အင်ပါယာနှင့် အခြားသူများကလည်း ရီချန်ကို ချီးကျူးလိုက်ကြသည်။ မိန်းမတစ်ယောက်က လှပလျှင် တန်ဖိုးရှိနေပြီဖြစ်သည်။ ရီချန်ကမူ ပါရမီလည်းထူးသလို၊ ဉာဏ်ကောင်းကာ ဗဟုသုတကြွယ်ဝသဖြင့် ပို၍ပင် တန်ဖိုးရှိနေသည်။ ယခုတွင် သူမက အတိတ်အကြောင်းရော၊ ပစ္စုပ္ပန်အကြောင်းကိုပါ နှံ့စပ်ကြောင်း ပြသနနေသည်။ သို့ဖြစ်ရာ သူမ၏ အငွေ့အသက်က ထူးခြားပြီး သူမက လောကနံပါတ်(၂) အလှပဂေး ဖြစ်နေခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။

ရီချန်သည် အခြားသူများ၏ ချီးကျူးမှုများကို အရေးမစိုက်ပေ။ သို့သော် ကျန်းရီ၏ ချီးကျူးမှုကို သူမကို ပျော်သွားစေသည်။ ထို့ကြောင့် သူမ ရှက်သွေးဖြာသွားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ ဗုဒ္ဓအင်ပါယာက အလွန်ကျေနပ်သဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။ မေ့ရူကမူ လူရိုင်းများနှင့် ဆက်၍ စကားပြောနေသည်။ ထို့နောက် လူရိုင်းတစ်ယောက်က မြေပုံတစ်ခုကို စတင်ရေးဆွဲလိုက်လေသည်။

ရီချန်သည် မြေပုံကို စေ့စေ့စပ်စပ် ကြည့်၍ မျက်မှောင်ကြုတ်ကာ အလေးအနက် ပြောလိုက်သည်။

“ဒီသေမင်းကုန်းမြေက အမှန်တော့ အဲ့လောက်မကြီးဘူးပဲ... သားရဲလူသားနယ်မြေအရွယ်အစားလောက်ပဲ ရှိမယ်။ ဒီမြေပုံက အရမ်းရိုးရှင်းလွန်းတယ်။ ဒါပေမဲ့ ကြည့်ရသလောက်တော့ ဒီကုန်းမြေ‌ပေါ်မှာ မျိုးနွယ်စုတစ်ရာကျော်လောက် ရှိပုံပဲ။ ကုန်းမြေအလယ်မှာက သူတော်စင်အင်ပါယာမြို့ရှိတယ်”

မေ့ရူက လူရိုင်းများနှင့် စကားပြောနေခြင်းကို ခေတ္တရပ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောသည်။

“ဟုတ်တယ်.. ဒီလူပြောတာကတော့ မျိုးနွယ်စု တစ်ရာသုံးဆယ့်ခြောက်စု ရှိတယ်တဲ့။ မျိုးနွယ်စုတစ်စုစီမှာ လူသောင်းနဲ့ချီပြီးရှိတယ်။ သူတို့က အဆင့်အနိမ့်ဆုံး ရဲရင့်သူရဲကောင်းတွေပဲ။ သူတို့အထက်မှာ ခက်ထန်သူရဲကောင်းတွေရှိတယ်၊ အဲ့အထက်မှာတော့ မျိုးနွယ်စုအကြီးအကဲတွေရှိတယ်။ အဆင့်အမြင့်ဆုံးကတော့ သူတော်စင်အင်ပါယာပဲ။ သူတို့ပြောပုံအရတော့ သူတော်စင်အင်ပါယာက မျိုးနွယ်စုခေါင်းဆောင်တွေကို လက်သီးတစ်ချက်တည်းနဲ့ အသားပုံကြီးဖြစ်သွားအောင် လုပ်နိုင်တဲ့ပုံပဲ။ သူက သေမင်းကုန်းမြေမှာတော့ ပြိုင်ဘက်ကင်းပဲ”

ရှူး...ရှူး...

အားလုံး တစ်ပြိုင်တည်း ပင့်သက်ရှိုက်လိုက်ကြသည်။ ဗုဒ္ဓအင်ပါယာပင် မရယ်နိုင်တော့ပေ။ ထိုလူရိုင်းပြောသည်များက အမှန်ဆိုလျှင် ဗုဒ္ဓဧကရာဇ်တို့က အမှန်ပင် အဖမ်းခံလိုက်ရခြင်း ဖြစ်နိုင်သည်။ ထို့ပြင် သူတော်စင်အင်ပါယာ၏ စွမ်းအားများကို ပုံမှန်အတိုင်း ခန့်မှန်း၍ မရပေ။

ဤဆန်းကြယ်နယ်မြေထဲရှိ မျိုးနွယ်စုများမှ လူသားများက သဘာဝစွမ်းအားများနှင့် မွေးဖွားလာခြင်းဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းသည် ခုခံစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ အပြင်မှနေ၍ ဤနယ်မြေထဲသို့ ရောက်လာသူများကမူ ထူးဆန်းသော အာကာပြင်၏ ဖိနှိပ်မှုကို ခံထားရသဖြင့် စွမ်းအားအပြည့်အဝ မသုံးနိုင်ပေ။ အပြင်လောကတွင်ဆိုလျှင် ထိုလူရိုင်းများက သိပ်၍စွမ်းအားကြီးမည် မဟုတ်ချေ။ အနည်းဆုံးတော့ ရီချန်၏ အမြန်နှုန်းက သူတို့၏ အမြန်နှုန်းနှင့် ယှဉ်နိုင်လောက်ပြီး ကျန်းရှောင်နူက သူတို့ကို အလွယ်တကူ ကျော်တက်နိုင်လောက်သည်။

“ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိတယ်”

ကျန်းရီက ရုတ်တရက် အခြားကိစ္စတစ်ခုကို တွေးမိ၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကြိုးကိုင်သူက ဗုဒ္ဓဧကရာဇ်ရဲ့ ဗာဂျရာကျိုင်းနဲ့ တခြားဧကရာဇ်တွေရဲ့ လက်နက်တွေကို စစ်မျိုးနွယ်၊ ရှစ်မျိုးနွယ်နဲ့ မာမျိုးနွယ်ကို ပေးခဲ့တယ်။ ဗုဒ္ဓဧကရာဇ်တို့က အဖမ်းခံခဲ့ရတာဆိုရင် လက်နက်တွေလည်း အသိမ်းခံရမှာပဲ။ ဒါပေမဲ့... မေးခွန်းက ဘာလို့ လက်နက်တွေက အပြင်ကို ရောက်လာရတာလဲ။ ကြိုးကိုင်သူက... ဒီနယ်မြေက သူတော်စင်အင်ပါယာများ ဖြစ်နေမလား။ ဒါမှမဟုတ် သူတော်စင်အင်ပါယာက ကြိုးကိုင်သူရဲ့ လက်အောက်ကလား”

အားလုံး ငြိမ်ကျသွားသည်။ အမှန်တော့ ဗုဒ္ဓအင်ပါယာနှင့် အခြားသူများလည်း ထိုသို့ သံသယရှိနေပြီးဖြစ်သည်။ သူတို့သည် သူတို့၏ အမြင်ကို ထုတ်ဖော်မပြောလိုခဲ့ကြခြင်းသာ။ ယခုတွင် အားလုံးသည် ‌‌‌ရွေးချယ်စရာမရှိတော့ဘဲ ထိုအမှန်တရားကို ရင်ဆိုင်ရတော့ပေမည်။ မည်သို့ပင်ဖြစ်စေ ဤဆန်းကြယ်နယ်မြေထဲမှ လူများက ကြိုးကိုင်သူနှင့် သေချာပေါက် ပတ်သတ်နေလောက်သည်။ မဟုတ်လျှင် ဗုဒ္ဓဧကရာဇ်တို့၏ လက်နက်များက အ‌ရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်လာစရာအကြောင်း မရှိပေ။

ဗုဒ္ဓဧကရာဇ်က ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် သူနှင့် ယှဉ်နိုင်သူ အနည်းငယ်သာရှိသည်။ ယခုတွင်မူ သူက အကျဉ်းသားတစ်ယောက် ဖြစ်နေပေပြီ။ အခြေအနေ မည်သို့ရှိနေသည်ကိုလည်း မည်သူမှ မသိရပေ။ ထို့ကြောင့် ကျန်းရီတို့အားလုံး စိတ်ဓာတ်ကျနေကြသည်။ သူတို့အုပ်စုထဲတွင် ကျန်းရီနှင့် ဗုဒ္ဓအင်ပါယာက အသန်မာဆုံးဖြစ်သည်။ သို့သော် သူတို့က ကြယ်ရှစ်ပွင့်အဆင့်သာ ရှိသေးသည်။ ဗုဒ္ဓဧကရာဇ်ပင် မနိုင်ခဲ့သော သူကို သူတို့က မည်သို့ အနိုင်ယူနိုင်မည်နည်း။

ထို့ပြင် ယခုကိစ္စက ကြိုးကိုင်သူနှင့်လည်း ပတ်သတ်နေသည်။ ၎င်းကြိုးကိုင်သူမှာ ကောက်ကျစ်သောဉာဏ်ရည်ရှိပြီး ဤလောကထဲရှိ လူတိုင်းကို အသုံးချမည့်သူဖြစ်သည်။ သူက ကျန်းရီတို့ ဤနေရာသို့ ဝင်လာခဲ့သည်ကို သိပြီးပြီလော။ ဤဆန်းကြယ်နယ်မြေထဲတွင် ကြိုးကိုင်သူက ထောင်ချောက်ဆင်လိုက်သည်နှင့် ကျန်းရီတို့သည် သေခြင်းတရားကို စောင့်နေရန်သာ ရှိတော့သည်။

“သိပ်သည်း စိတ်ဓာတ်မကျကြပါနဲ့”

ဗုဒ္ဓအင်ပါယာက ပြုံး၍ ပြောလိုက်သည်။

“ဘယ်သူသိမှာလဲ... ကြိုးကိုင်သူရဲ့ အကြီးမားဆုံး နယ်ရုပ်က ဒီကုန်းမြေပေါ်မှာ ရှိနေတယ်တဲ့။ ဒါပေမဲ့ သူတော်စင်အင်ပါယာတော့ မဟုတ်လောက်ဘူး။ ဒီကလူတွေက အရမ်းခေတ်နောက်ကျနေပြီဆိုတော့ အပြင်လောကနဲ့ အဆက်အသွယ် မရှိနိုင်ဘူး။ မဟုတ်ရင် ဒီလူရိုင်းတွေအကုန်လုံး အဝတ်အစား ဝတ်ထားကြမှာပေါ့။ ငါတို့မှာ မျှော်လင့်ချက်ရှိပါသေးတယ်”

ဗုဒ္ဓအင်ပါယာ၏ စကားများက အဓိပ္ပာယ်ရှိသည်။ သို့သော် ယဉ်အင်ပါယာတို့က စိတ်ဓာတ်ကျနေဆဲပင်။ ကျန်းရီသည် ငါးမိနစ်မျှ နှုတ်ဆိတ်နေပြီးနောက် ခေါင်းမော့ကာ ပြောလိုက်သည်။

“အရင်ဆုံး ကျွန်တော် သူတို့ရဲ့ မျိုးနွယ်စုထဲ ခိုးဝင်ပြီး သတင်းအချက်အလက်တွေ ထပ်စုဆောင်းသင့်တယ်လို့ ထင်တယ်။ သတင်းအချက်အလက်တွေ မရှိဘဲနဲ့ ဘာမှ မလုပ်နိုင်ဘူး”

“မဖြစ်ဘူး”

ရီချန်က ခေါင်းခါကာ ပြောသည်။

“ကျန်းရီ... အရင်ဆုံး ရှင် ကျင့်ကြံသင့်တယ်လို့ ကျွန်မ ထင်တယ်။ ရှင် ပိုသန်မာလာမှ လုပ်စရာရှိတာကို လုပ်သင့်တယ်။ မဟုတ်လို့ ရှင် အဖမ်းခံလိုက်ရရင် ကျွန်မတို့အကုန်လုံးအတွက် မျှော်လင့်ချက်မဲ့သွားမှာပဲ”

“ငါ အဲ့လောက်ကြာကြာ မစောင့်နိုင်တော့ဘူး...”

ကျန်းရီ ခေါင်းခါလိုက်သည်။ အပြင်ဘက်မှ ကြိုးကိုင်သူက ထပ်မံလှုပ်ရှားနေလောက်ပေပြီ။ သူလှုပ်ရှားသည်နှင့် အောင်းလု၊ နှင်းဒေသမှ သူတော်စင်ဧကရီနှင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်း အနီးမှ မြို့နှစ်မြို့က အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ သူတို့ ဤနယ်မြေထဲတွင် ဆယ်နှစ်၊ နှစ်နှစ်ဆယ် ပိတ်မိနေလျှင် နောက်ဆုံး၌ ပြန်ထွက်နိုင်လျှင်ပင် အပြင်ဘက်မှ အရာအားလုံးက အမှုန့်ဖြစ်သွားလောက်ပေပြီ။

ကျန်းရီသည် တောက်ပသော မျက်ဝန်းများဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

“အရင်ဆုံး သူတို့ရဲ့ ဘာသာစကား၊ အမူအကျင့်တွေကို စသင်ရမှာပဲ။ သူတို့အကြောင်းကို ပိုနားလည်မှ သူတို့နဲ့ ရောနှောနေပြီး သတင်းအချက်အလက်တွေ စုံစမ်းနိုင်မှာ။ ငါးရက်နေရင် ကျွန်တော် သူတို့မျိုးနွယ်စုထဲကို သူတို့နဲ့အတူ ရောဝင်မယ်။ ဒီဆုံးဖြတ်ချက်က အတည်ပဲ”

***

All Chapters