ဘုန်းတော်ကြီး
Vol. 88 Ch. 1221
ကျန်းရီသည် သက်ရှည်မျိုးနွယ်စုတွင် မိမိကိုယ်ကို ခက်ခက်ခဲခဲ ထိန်းကာ နေထိုင်ရ၏။ အရှေ့ဘက် တော်ဝင်နယ်မြေကလည်း မကြာသေးခင်တွင် မငြိမ်းမချမ်း ပြန်ဖြစ်လာခဲ့သည်။ ကြိုးကိုင်သူက ထပ်မံ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် အပြစ်သားပင်လယ်၏ မြောက်ဘက်ရှိ နယ်မြေဆယ်ခုကျော်က တိုက်ခိုက်ခံခဲ့ရသည်။ ထိုနယ်မြေများတွင် ရုတ်တရက် စစ်ပွဲ ဖြစ်ပေါ်လာခဲ့သည်။ သူတို့သည် စစ်တပ်သုံးတပ်ခွဲကာ တစ်တပ်ကိုတစ်တပ် တိုက်ခိုက်ကြသည်။ တပ်သားများက အရပ်သူ၊ အရပ်သားများကိုလည်း မဆင်မခြင် သတ်ဖြတ်ခဲ့ကြသည်။ အရှေ့ဘက် တော်ဝင်နယ်မြေက ထိုသတင်းကို ရလိုက်ချိန်တွင် လူသန်းထောင်ချီ သေခဲ့ပြီဖြစ်သည်။
အတိတ်တွင် ရီမျိုးနွယ်သည် အနောက်မြောက်ဘက်မှ အရေးကိစ္စများကို တာဝန်ယူ ကိုင်တွယ်ခဲ့သည်။ သို့သော် ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က ပျောက်ဆုံးနေပြီး ရီမျိုးနွယ်ကလည်း မျိုးနွယ်(၃၆)ခု၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အထိနာထားသည်။ ထို့ကြောင့် တိုက်ပွဲဧကရာဇ်သည် ဗျူဟာအသစ်ကို ဆွေးနွေးရန် မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်၊ ထန်ရှန်းကျိနှင့် အခြားသူများကို ဆင့်ခေါ်လိုက်သည်။ နောက်ဆုံးတွင် မျိုးနွယ်အချို့က အခြေအနေကို ထိန်းချုပ်ရန်အတွက် အင်အားပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။
ပြီးခဲ့သော လများအတွင်း လူများစွာ သေဆုံးခဲ့သည်။ သူတို့သည် ထိုသို့ ဆက်အဖြစ်မခံနိုင်ပေ။ မျိုးနွယ်အသီးသီသည် ယခုကိစ္စကို စုံစမ်းလိုက်ကြ၏။ ဤစစ်ပွဲ၏ နောက်ကွယ်မှ ကြိုးကိုင်သူကလည်း အောင်းလုပေလော။ သို့ဆိုလျှင် သူတို့သည် ကျန်းရီကို ရှာ၍ သူ့စကားအတိုင်း အဆုံးမဲ့ပင်လယ်နက်သို့ သွားစေ၍ စာရင်းရှင်းခိုင်းရမည်ဖြစ်သည်။
နောက်ဆုံးတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်ကျော်က ထိုနယ်မြေလေးများသို့ စေလွှတ်ခံရသည်။ သို့သော် သူတို့ ပြန်ရောက်မလာကြပေ။ သူတို့အားလုံးသည် မီးတောက်နယ်မြေမှ တိုက်ပွဲတွင် အသတ်ခံခဲ့ရသည်။ ထို့ကြောင့် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများ အလွန်အံ့အားသင့်သွားကြသည်။ သူတို့သည် ထပ်မံဆွေးနွေးကာ ကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုကိစ္စများနောက်ကွယ်မှ ကြိုးကိုင်သူက အောင်းလုဖြစ်ကြောင်း အတည်ပြုပြီးလျှင် သူတို့သည် စစ်တပ်ကို ထပ်မံဖွဲ့စည်း၍ အဆုံးမဲ့ပင်လယ်နက်သို့ ပြန်၍ စစ်ချီကြမည်ဖြစ်သည်။
ဤတစ်ခေါက်တွင် တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် လူများစွာ စုစည်းလိုက်သည်။ ဒေသများကို စောင့်ကြပ်ရန် တာဝန်ယူရသော စွမ်းအားကြီး သိုင်းပညာရှင်များမှလွဲ၍ သူတို့သည် နတ်ဘုရားတစ်ပိုင်းအချို့ကို စုဝေးခဲ့သည်။ ထို့ပြင် သောင်းချီသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကိုလည်း စုစည်းသည်။ သူတို့အားလုံးသည် ယဉ်ဧကရာဇ်မြို့သို့ တည်နေရာပြောင်းရွှေ့ကြသည်။ ထိုမှနေ၍ အနောက်မြောက်ဘက်ရှိ နယ်မြေဆယ်ခုကျော်သို့ ချီတက်ကြသည်။
ထိုသတင်း ပျံ့နှံ့သွားသောအခါ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
တော်ဝင်နယ်မြေမှ အရပ်သူ၊ အရပ်သားများသည် စစ်ပွဲကြီးတစ်ပွဲ ထပ်ဖြစ်တော့မည်ဟု တွေးလိုက်ကြသည်။ ပြီးခဲ့သော စစ်ပွဲတွင် သူတို့ဘက်မှ စွမ်းအားကြီး သိုင်းသမား သန်းဆယ်နှင့်ချီ၍ ဆုံးရှုံးခဲ့ရသည်။ ယခု အဆုံးမဲ့ပင်လယ်နက်ကို ထပ်မံ တိုက်ခိုက်မည်ဆိုလျှင် သူတို့၏ စွမ်းအားအကြီးဆုံး သူရဲကောင်းများထဲမှ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ကျဆုံးသွားပေလိမ့်မည်။ သို့ဆိုလျှင် တော်ဝင်နယ်မြေတစ်ခွင်လုံး ပရမ်းပတာ ဖြစ်သွားမည်ဖြစ်သည်။
အကယ်၍ မျိုးမစစ်ကျန်းရီနှင့် အောင်းလုတို့က အင်အားပူးပေါင်း၍ သူတို့ကို လာရောက်တိုက်ခိုက်မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ထို့ပြင် အရှေ့ဘက် တော်ဝင်နယ်မြေမှ အရပ်သူ၊ အရပ်သားများသည် မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့၏ လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြသည်။
“ဆန်းကြယ်နတ်ဘုရားနန်းတော် ထပ်ပေါ်လာရင် ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ လူသားမျိုးနွယ် ပျက်သုဉ်းရလိမ့်မယ်”
ဆန်းကြယ်ဧကရာဇ်၏ ရှေ့ဖြစ်ဟောကိန်းက တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေသည်။ လူများစွာသည် ကျန်းရီကို ကပ်ဘေးဖြစ်စေသည့်သူအဖြစ် စတင် မြင်လာကြသည်။ မဟုတ်လျှင် ဆန်းကြယ်နတ်ဘုရားနန်းတော် ထွက်ပေါ်လာပြီး မကြာခင်မှာပင် ကပ်ဘေးတစ်ခု ဖြစ်လာရမည်နည်း။ အဘယ်ကြောင့် လူသားမျိုးနွယ်က ပျက်သုဉ်းရမည်နည်း။
***
ပျံ့နှံ့နေသော ကောလာဟလများကြောင့် လူများ တုန်လှုပ်နေကြသည်။ သို့သော် အချိန်က သူ့အတိုင်းသာ ဆက်ကုန်ဆုံးသွားသည်။
ကျန်းရီသည် သက်ရှည်မျိုးနွယ်စုတွင် တစ်လခွဲကြာ နေထိုင်ခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတွင် သူတော်စင်အင်ပါယာမြို့မှ တမန်တော်ဖြစ်သော ဘုန်းတော်ကြီး ရောက်ရှိလာသည်။ ဘုန်းတော်ကြီးက သက်ရှည်မျိုးနွယ်စုတွင် သုံးရက်နေမည်ဖြစ်သည်။ မျိုးနွယ်စုမှ စစ်ဆေးစရာရှိသည်အားလုံးကို စစ်ဆေးပြီးလျှင် သူသည် သူတော်စင်အင်ပါယာမြို့သို့ ပြန်မည်ဖြစ်သည်။
“ခင်ဗျား တာဝန်ရခဲ့လား”
ချွေးယဲ့က သတင်းလာပို့သောအခါ ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ သူသာ သူတော်စင်အင်ပါယာမြို့ထဲသို့ ဝင်နိုင်လျှင် မြို့ထဲတွင် ရောနှောနေကာ ဗုဒ္ဓဧကရာဇ်တို့၏ သတင်းကို စုံစမ်းနိုင်မည်ဖြစ်သည်။ သူတို့ သေပြီလော၊ အသက်ရှင်နေသေးသလောကို အတည်ပြုနိုင်ပေလိမ့်မည်။
အကယ်၍ ဗုဒ္ဓဧကရာဇ်တို့က သေပြီဆိုလျှင် ကျန်းရီသည် ဤဆန်းကြယ်နယ်မြေထဲမှ ပြန်ထွက်နိုင်မည့် နည်းလမ်းကို တုံ့ဆိုင်းမှုမရှိဘဲ ရှာမည်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်တို့၏ အခြေအနေကို အတည်ပြုနိုင်ရန် သူတော်စင်အင်ပါယာမြို့သို့ သွားရပေမည်။ သက်ရှည်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်က ချွေးယဲ့ကို ဘုန်းတော်ကြီးကို လိုက်ပါပို့ဆောင်မည့် အဖွဲ့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ သူက ရဲရင့်သူရဲကောင်း အယောက်တစ်ရာကို ဦးဆောင်၍ ဘုန်းတော်ကြီးကို စောင့်ရှောက်ကာ လိုက်ပါပို့ဆောင်ရမည်ဖြစ်သည်။ ကျန်းရီက ထိုအဖွဲ့နှင့် အလွယ်တကူ လိုက်သွားနိုင်သည်။
ဘုန်းတော်ကြီးသည် မျိုးနွယ်စုသို့ ရောက်လာသောအခါ မျိုးနွယ်စုခေါင်းဆောင်၏ တဲထဲ၌သာ နေခဲ့သည်။ ကျန်းရီသည်လည်း ချွေးယဲ့ သတင်းလာပို့သည်နှင့် လွဲသွားမည်စိုး၍ သူ့တဲထဲမှ မထွက်ဝံ့ပေ။ ပြီးခဲ့သော တစ်လကျော်အတွင်း သူ အရိုးစွပ်ပြုတ်ကို နေ့စဉ်သောက်ခဲ့သည်။ သူ၏ခွန်အားနှင့် အမြန်နှုန်းက ယခင်ကထက် ငါးဆပိုတိုးလာပြီဖြစ်သည်။ သူ ကြိုးစားမည်ဆိုလျှင် ချွေးယဲ့တို့ကို အမီလိုက်နိုင်ပေပြီ။ သို့သော် သူ၏ ခံနိုင်ရည်ကိုမူ မသေချာသေးပေ။ အဘယ်ကြောင့်ဆိုသော် စမ်းသပ်ကြည့်ရန် အခွင့်အရေး မရှိခဲ့၍ပင်။
“အရှင်... ကျွန်တော်တို့ ထွက်ခွာနိုင်ပါပြီ”
သုံးရက်ကြာပြီးနောက် ချွေးယဲ့က ကျန်းရီ၏ တဲထဲသို့ ဝင်လာသည်။ ကျန်းရီ ထရပ်လိုက်ပြီး ချွေးယဲ့နောက်သို့ လိုက်သွားလိုက်သည်။ အပြင်သို့ ရောက်သောအခါ ကိုယ်ပိုင်ကျားဖြူတစ်ကောင်ကို စီးလိုက်သည်။ ဤတစ်ခေါက်ခရီးတွင် စုစုပေါင်း လူတစ်ရာပါမည်ဖြစ်သည်။ ထိုလူတစ်ရာထဲတွင် မေ့ရူက လူဆယ်လောက်ကျော်ကို ထိန်းချုပ်ထားပြီးပေပြီ။
“သွားကြမယ်”
ချွေးယဲ့က သစ်သားတုတ်ကို ဝှေ့ယမ်း၍ အော်ပြောလိုက်သည်။ လူတစ်ရာသည် တောင်ဘက်ရှိ ဂိတ်တံခါးကြီးဆီသို့ ဦးတည်သွားလိုက်ကြသည်။ အပြင်သို့ ရောက်သောအခါ လူတစ်ထောင်နီးပါးလောက်က အပြင်တွင် စောင့်နေကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ သူတို့အားလုံးက ကျားတစ်ကောင်စီ စီးထားကြပြီး ရှိန်ဖွယ်ကောင်းနေသည်။
ချွေးယဲ့၏ ဦးဆောင်မှုအောက်တွင် လူတစ်ရာက စီတန်းရပ်၍ စောင့်နေကြသည်။ ကျန်းရီက ငယ်ရွယ်ကာ အခြားသူများလောက် သန်မာပုံ မပေါ်ပေ။ ထို့ကြောင့် လူများစွာက သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ သို့သော် မည်သူကမှ မည်သည့်မေးခွန်းမှ မမေးသဖြင့် တော်ပေသေးသည်။ အခြားတပ်စုများထဲတွင်လည်း လူငယ်များ ပါသည်။ မျိုးနွယ်အသီးသီးမှ လူငယ်မျိုးဆက်များက အတွေ့အကြုံရရန် အပြင်သို့ လိုက်ကြခြင်းမှာ ပုံမှန်သာဖြစ်သည်။
ကျန်းရီသည် ချွေးယဲ့နောက်မှ တိတ်တဆိတ် လိုက်သွားပြီး စိတ်ဝင်တစား စောင့်နေသည်။ ဘုန်းတော်ကြီးက သူတော်စင်အင်ပါယာမြို့မှ တမန်တော်ဖြစ်သည်။ ထို့ကြောင့် သက်ရှည်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ထက် အဆင့်အတန်းမြင့်လောက်သည်။ သို့ဆိုလျှင် သူ့စွမ်းအားကလည်း အတော်လေး ကြောက်မက်ဖွယ်ကောင်းလောက်ပေသည်။
ဘုန်း...ဘုန်း...ဘုန်း...
ငါးမိနစ်ကြာပြီးနောက် ကျားတစ်အုပ်ကို မြင်လိုက်ရသည်။ ထိုကျားများက လမ်းရှင်းပေးရန် စေလွှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီသည် သူ့အရှေ့ရှိ တပ်သားများကြားမှ လှမ်းကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အနီရောင်ကျားတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုကျားပေါ်တွင် လူတစ်ယောက် ထိုင်နေပြီး ကျားပတ်ပတ်လည်တွင် လူရိုင်းတစ်စုက ဝန်းရံထားသည်။ ကျားပေါ်မှလူက ဘုန်းတော်ကြီး ဖြစ်လောက်သည်။
“အာ...”
ကျန်းရီသည် ဘုန်းတော်ကြီးကို မြင်လိုက်သောအခါ အလွန်အံ့အားသင့်သွားသည်။ သူသည် ချက်ချင်း ချွေးယဲ့နောက်တွင် ပုန်းလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ထိုဘုန်းတော်ကြီးက မိန်းမတစ်ယောက်ဖြစ်နေသည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လှပ၊ ငယ်ရွယ်သည့် မိန်းမပျိုတစ်ယောက်ပင်။
ဤသေမင်းကုန်းမြေက အလွန်ခေတ်နောက်ကျသည်။ သူတို့တွင် သတ္တုအသုံးအဆောင်များပင် မရှိချေ။ လူအားလုံးကလည်း တိရစ္ဆာန်သားရေများကိုသာ ဝတ်ဆင်ကြသည်။ ချွေးယဲ့၏ မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်၏ သမီးဖြစ်သော ချွေးလီသည်ပင် တိရိစ္ဆာသားရေကိုသာ ဝတ်ဆင်သည်။ သို့သော် ထိုသူတော်စင်မက လှပသော ဝတ်စုံဖြူကို ဝတ်ထားသည်လော။
ကျန်းရီကို အံ့အားအသင့်စေဆုံးမှာ ထိုမိန်းမပျို၏ အသားအရေဖြစ်သည်။
မျိုးနွယ်စုထဲမှ လူအားလုံးက ဝါကျင့်ကျင့် အသားအရေရှိကြသည်။ ထိုအသားအရေက နေလောင်ထားသဖြင့် ကြေးညိုရောင်သန်းနေသည်။ သို့သော် ထိုသူတော်စင်မ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သည်။ သူမသည် အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်ကြီးတစ်ခုမှ ဂုဏ်သရေရှိ သခင်မလေးတစ်ယောက်နှင့် တူနေသည်။ ယင်းမှာ အလွန်ထူးဆန်းပေသည်။
ထို့ကြောင့် ကျန်းရီသည် ထိုမိန်းမပျိုကို မြင်လျင်မြင်ချင်း ပြဿနာကြီးတစ်ခု ရှိနေပြီဖြစ်ကြောင်း သိလိုက်သည်။ ဗုဒ္ဓဧကရာဇ်တို့၏ လက်နက်များကို စစ်မျိုးနွယ်သို့ ပေးခဲ့သည့် ကြိုးကိုင်သူကိုလည်း တွေးမိလိုက်သည်။ ထိုဝတ်စုံဖြူနှင့် မိန်းမပျိုလေးက အဆင့်အတန်း မြင့်လောက်သည်။ သူမက ကြိုးကိုင်သူ၏ လက်အောက်ငယ်သားတစ်ယောက် ဖြစ်နေနိုင်သည်။
‘ရှုပ်ထွေးလိုက်တာကွာ...’
ကျန်းရီသည် မိန်းမပျိုက မည်သူဖြစ်နိုင်ကြောင်း ခန့်မှန်းမိသောအခါ ဝမ်းသာရမည့်အစား ရင်လေးသွားသည်။ သူတော်စင်မက သူတော်စင်အင်ပါယာမြို့၏ တမန်တော်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမက ထိုမြို့တွင် အဆင့်အတန်းမြင့်သည်ဆိုသော အဓိပ္ပာယ်ပင်။ ထို့ပြင် သူတော်စင်အင်ပါယာက ကြိုးကိုင်သူဖြစ်နိုင်သည်ဆိုသော ဖြစ်နိုင်ခြေလည်း ရှိလာသည်။
“သွားကြမယ်”
သူတော်စင်မ၏ အဖွဲ့က စတင်ထွက်ခွာသည်။ မျိုးနွယ်စု၏ အဖွဲ့က နောက်မှ လိုက်ရသည်။ ကိုယ်ရံတော်များက လူစုခွဲလိုက်ကြသည်။ ချွေးယဲ့က ကျန်းရီကို လှမ်းခေါ်သည်။ သူတို့သည် အရှေ့ကို ကြည့်လျှင် ကျားပေါ်မှ မိန်းမပျို၏နောက်ကျောကို ခပ်ရေးရေး မြင်ရသည်။ သို့သော် ကျန်းရီသည် ရွေးချယ်စရာမရှိသဖြင့် တိတ်တဆိတ်သာ လိုက်သွားရသည်။ သူသည် လမ်းတွင် အကြံထုတ်ရန် တွေးလိုက်သည်။
သူတော်စင်အင်ပါယာမြို့သို့ ရောက်ရန် အဝေးကြီး သွားရမည်ဖြစ်သည်။ အနည်းဆုံး အချိန်နှစ်ပတ် လိုပေလိမ့်မည်။ ထို့ပြင် အုပ်စုတစ်စုလုံးက မြန်မြန် သွားမနေပေ။ ချွေးယဲ့၏ အဖွဲ့က သူတော်စင်မ၏ အနောက်မှ လိုက်ရသည်။ သူတို့သည် သူတော်စင်မ၏ နောက်ကျောဘက် ငါးကီလိုမီတာအတွင်းမှ အခြေအနေများကို မပြတ်စောင့်ကြည့်ရသည်။ သူတို့က သူတော်စင်မကို အလစ်တိုက်ခိုက်မှုများမှ ကာကွယ်ပေးရမည်ဖြစ်သည်။
တစ်ရက်အတွင်းမှာပင် ကျန်းရီသည် ကိစ္စများစွာကို တွေးတောလိုက်သည်။ နောက်ဆုံးတွင် မည်သည့် နည်းလမ်းကောင်းမှ မရှိကြောင်း သူ သဘောပေါက်သွားသည်။ ချွေးယဲ့၏ ပြောပြမှုအရ သူတော်စင်မ၏ စွမ်းအားက မျိုးနွယ်စုခေါင်းဆောင်၏ စွမ်းအားနှင့် ညီသည်ဟု သိရသည်။ သူမက ရဲရင့်သူရဲကောင်း ထောင်ကျော်ကို အလွယ်တကူ သတ်ပစ်နိုင်သည်။ ထို့ပြင် သူမနှင့်အတူ ရဲရင့်သူရဲကောင်း တစ်ထောင်လည်း ပါလာသည်။ ကျန်းရီသည် ချွေးယဲ့နှင့် သူ့လက်အောက်မှ လူများကို အသုံးချ၍ တိုက်ခိုက်မည်ဆိုလျှင်ပင် သူတော်စင်မ အနားကို ကပ်နိုင်မည် မဟုတ်ပေ။ သို့သော် သူတော်စင်မကို ဖမ်းနိုင်လိုက်လျှင်လည်း မည်သို့ဆက်လုပ်မည်နည်း။ သူတော်စင်အင်ပါယာမြို့ထဲတွင် ဘုန်းတော်ကြီးများ၊ သူတော်စင်မများ မည်မျှ ရှိမည်ကို မည်သူ သိမည်နည်း။ အကယ်၍ သူတော်စင်အင်ပါယာက သူ့ကို ကိုယ်တိုင်လာသတ်လျှင် သူ သေချာပေါက် သေရပေလိမ့်မည်။
‘ကြိုးကိုင်သူက ဘယ်ကောင်လဲကွာ။ ဘယ်သူက အဲ့လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားလဲ။ သူက ဘယ်လိုလုပ် သေမင်းရဲ့ သိပ်သည်းပင်လယ်ကိုတောင် ထိန်းချုပ်နိုင်ရတာလဲ’
ကျန်းရီသည် သူတော်စင်မ၏ နောက်ကျောပြင်ကို အဝေးမှ ငေးကြည့်၍ တွေးတောလိုက်သည်။ သူ့အကြည့်များက အေးစက်နေပြီး သူ့ရင်ထဲတွင် လေးလံနေသည်။ ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက် ချကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“သူတော်စင်မကို ထိန်းချုပ်နိုင်မဲ့နည်းကို စဉ်းစားရမယ်။ မေ့ရူသာ သူ့ရဲ့ စိတ်ဝိညာဉ်ကို ဘယ်သူမှ သတိမထားမိအောင် ထိန်းချုပ်နိုင်ရင် အခြေအနေတွေက ပြောင်းသွားလိမ့်မယ်”
***