လေကြမ်း
Vol. 88 Ch. 1222
မေ့ရူ၏ မိစ္ဆာအတတ်များက ကြောက်မက်ဖွယ်ကောင်းသည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွင် ကျွမ်းကျင်သူ မဟုတ်ပါက သူမ၏ မိစ္ဆာအတတ်များကို ခုခံနိုင်မည် မဟုတ်ပေ။ သူမသည် ရန်သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲ ရောက်သွားသည်နှင့် အဆိပ်ငွေ့များကို ထုတ်လွှတ်ကာ စိတ်ဝိညာဉ်ကို ဝန်းရံလိုက်သည်။ ထိုလူက စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မသိထားလျှင် သူမ၏ ထိန်းချုပ်မှုကို ခံလိုက်ရပေမည်။
လူရိုင်းများ၏ ခုခံနိုင်စွမ်းက အလွန်ကောင်းသည်။ နတ်ဘုရားဇီဝိန်ခြွေပင် သူတို့ကို ထိခိုက်ရုံသာ ထိခိုက်စေနိုင်လောက်သည်ဟု ကျန်းရီ ထင်သည်။ သို့သော် လူရိုင်းများ၏ စိတ်ဝိညာဉ်ခုခံမှုက အတော်လေး အားနည်းသည်။ ထို့ကြောင့် မေ့ရူသည် လူရိုင်းဆယ်ယောက်ကျော်ကို အလွယ်လေး ထိန်းချုပ်နိုင်သည်။ အကယ်၍ သူတော်စင်မနှင့် အခြားလူရိုင်းများ၏ စိတ်ဝိညာဉ်များကလည်း ထို့အတူသာ ဖြစ်ပါက သူတို့ကို အလွယ်တကူ ထိန်းချုပ်နိုင်ပေလိမ့်မည်။
ပြဿနာမှာ သူတော်စင်မက လူရိုင်းများနှင့် အလွန်ကွာခြားခြင်းပင်။
ထို့ကြောင့် ကျန်းရီသည် မဆင်မခြင် မတိုက်ခိုက်ဝံ့ပေ။ အရင်ဆုံး လမ်းခရီးတွင် သူမကို လေ့လာစူးစမ်းရပေမည်။ အကယ်၍ အခွင့်အရေး ရလာလျှင် သူ လျင်မြန်စွာ တိုက်ခိုက်မည် ဖြစ်သည်။ မည်သည့်အခွင့်အရေးမှ မရလျှင် သူတော်စင်အင်ပါယာမြို့သို့ ရောက်သည်အထိ စောင့်ရပေမည်။ မဟုတ်လျှင် မျိုးနွယ်စုမှလူများက သံသယဝင်သွားနိုင်သည်။ သူတို့က ဤဆန်းကြယ်နယ်မြေထဲတွင် ပိတ်မိကာ ထွက်မပြေးနိုင်ဖြစ်နေသဖြင့် လူရိုင်းများနှင့် ပြဿနာတက်လျှင် သေရန်သာ ထိုင်စောင့်နေရတော့မည်ဖြစ်သည်။
ရက်ပေါင်းများစွာ ခရီးသွားကာ ဒေသများစွာကို ဖြတ်ကျော်၍ သားရဲအုပ်စု ဆယ်စုကျော်နှင့် တွေ့ဆုံပြီးနောက်တွင်ပင် ချွေးယဲ့၊ ကျန်းရီနှင့် ကျန်လူများသည် တစ်ခေါက်ပင် မတိုက်ခိုက်ခဲ့ရပေ။ သူတို့အရှေ့မှ ရဲရင့်သူရဲကောင်းများက ရန်သူများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ တပ်က တစ်ကြိမ်ပင် ရှုပ်ထွေးမသွားပေ။ ထို့ကြောင့် ကျန်းရီသည် လှပသော သူတော်စင်မအနားသို့ ကပ်ရန် အခွင့်အရေး မရခဲ့ချေ။
သူတော်စင်မ အနီးတွင် လူနှစ်ရာကျော်က အမြဲ စောင့်ကြပ်နေသည်။ သူတို့က လက်ထဲတွင် သစ်သားလှံများ ဆွဲကိုင်ထားကြသည်။ ကျန်းရီသာ အနားကပ်သွားပါက သေချာပေါက် သစ်သားလှံဖြင့် အထိုးခံရပေလိမ့်မည်။ သူ မသေလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။
‘မေ့ရူကို အဲ့လူတွေကို အရင်ထိန်းချုပ်ခိုင်းလိုက်ရမလား’
ကျန်းရီသည် ကျားပေါ်မှနေ၍ သူ့ပတ်ပတ်လည်ရှိ သူရဲကောင်းများကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ ထိုအကြံကို လက်လျှော့လိုက်ရသည်။ သူတော်စင်မက မည်မျှ သန်မာကြောင်းကို သူ မသိပေ။ သူ သတိမထားလျှင် သူမ သံသယဝင်သွားနိုင်သည်။ အမြော်အမြင်ရှိသော လုပ်ရပ်မှာ စောင့်ရန်သာဖြစ်သည်။
ရှစ်ရက်ကြာပြီးနောက် ကျန်းရီတို့သည် လမ်းတစ်ဝက်ကျိုးလာသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်း တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပေ။ ထို့ကြောင့် တပ်က တစ်စုတစ်စည်းတည်း ရှိနေသည်။ ကျန်းရီသည် လက်လျှော့ရန် စဉ်းစားနေပြီဖြစ်သည်။
ကိုးရက်မြောက်နေ့တွင် အခြေအနေ ပြောင်းလဲသွားသည်။
တပ်သည် မြင့်မားသော တောင်တစ်လုံး၏ အခြေသို့ ရောက်လာသည်။ တပ်သားများသည် အရှေ့တွင် သတိထားရန် အမိန့်ပေးခံရသည်။ ထိုတောင်အနီးတွင် အန္တရာယ်များစွာ ရှိသည်ဟု ဆိုသည်။ တပ်ဖွဲ့တစ်ဖွဲ့လုံး သုံးရက်ကြာ အနားယူမည်ဖြစ်သည်။ သူတို့ ထိုတောင်ကို ဘေးကင်းကင်းနှင့် ဖြတ်ကျော်နိုင်လျှင် ရှေ့ခရီးလမန်းက အေးချမ်းသွားပေလိမ့်မည်။
ကျန်းရီသည် ထိုသတင်းကို ရလိုက်သောအခါ ဝမ်းသာသွားသည်။ သူ့အတွက် အန္တရာယ်ပိုတွေ့လေလေ၊ ပိုကောင်းလေလေဖြစ်သည်။ သူတော်စင်မကိုယ်တိုင် ဝင်တိုက်ကာ ဒဏ်ရာရသွားလျှင်မူ အကောင်းဆုံး ဖြစ်ပေမည်။ သို့ဆိုလျှင် ကျန်းရီအတွက် သူမအနားသို့ ကပ်ကာ သူမကို ထိ်နးချုပ်ရန် အခွင့်အရေး ရလာနိုင်သည်။
“အဲ့မှာ ဘယ်လို အန္တရာယ်မျိုးတွေ ရှိလဲ”
ချွေးယဲ့သည် သူ၏ လက်အောက်ငယ်သား ဆယ်ယောက်ကို သတိမပြတ်ထားရန် မှာကြားလိုက်သည်။ ကျန်လူများကမူ အနားယူနိုင်သည်။ ကျန်းရီသည် ထိုအခွင့်အရေးကို အသုံးချ၍ ချွေးယဲ့အား မေးလိုက်သည်။ သို့သော် ချွေးယဲ့ကိုယ်တိုင်လည်း ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးပေ။ ထို့ကြောင့် သူ မသိသော ကိစ္စများစွာ ရှိနေသည်။ ကျန်းရီသည် စိတ်ပျက်စွာဖြင့် တင်ပျဉ်ခွေထိုင်ကာ အနားယူလိုက်ပြီး သုံးရက်ကြာပြီးနောက် ခရီးဆက်မည့်အချိန်ကို စောင့်နေလိုက်သည်။
***
ကျန်းရီက သူတော်စင်အင်ပါယာမြို့သို့ သွားနေစဉ်တွင် အပြင်လောက၌ တုန်လှုပ်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
သတင်းက မီးတောက်နယ်မြေမှ အရင်ဆုံး ထွက်လာခဲ့သည်။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများက တိုက်ခိုက်ခံခဲ့ရသည်။ မျိုးနွယ်အသီးသီးသည် တိုက်ပွဲသို့ စေလွှတ်ရန် စစ်တပ်တစ်တပ် အသင့် စုစည်းထားရန် အမိန့်ကို ရခဲ့သည်။
သတင်းပျံ့နှံ့သွားသောအခါ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့ကို တိုက်ခိုက်ဝံ့သူများမှာ အောင်းလုနှင့် ကျန်းရီသာ ရှိသည်။ ထို့ကြောင့် တော်ဝင်နယ်မြေမှ လူများ ဒေါသူပုန်ထသွားခဲ့ကြသည်။ သူတို့သည် အဆုံးမဲ့ပင်လယ်နက်ကို သွေးလွှမ်းစေမည်ဟု စတင် ကြုံးဝါးလာခဲ့သည်။ မဟာမိတ်စစ်တပ်က ဤတစ်ကြိမ်တွင်လည်း ရှုံးနိမ့်ဦးမည်ကို စိုးရိမ်နေသူများလည်း ပိုများလာခဲ့သည်။ ထပ်မံရှုံးနိမ့်လျှင် သူတို့ နလန်ထူနိုင်တော့မည် မဟုတ်ပေ။
လွန်ခဲ့သော သုံးရက်က...
ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခု ပျံ့နှံ့လာသည်။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး ပို၍ အုတ်အောင်သောင်းနင်း ဖြစ်သွားသည်။
တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့၏ စစ်တပ်က မီးတောက်နယ်မြေ၏ မြေနဂါးတောင်ပေါ်တွင် ထပ်မံ တိုက်ခိုက်ခံရကာ ရှုံးနိမ့်သွားခဲ့သည်။ ရန်သူက တိုက်ပွဲဧကရာဇ်ကို မျှားခေါ်သွားခဲ့သည်။ စစ်တပ်က သူ့ကို အရှေ့ဘက်ရှိ မြေနဂါးကန်ထဲတွင် ရှာတွေ့ခဲ့သည်။ တိုက်ပွဲဧကရာဇ်၏ အလောင်းက မပျက်မစီး ရှိနေသည်။ ယင်းမှာ အတုမဟုတ်ပေ။
တိုက်ပွဲဧကရာဇ် ကျဆုံးသွားပေပြီ။
ထိုသတင်းက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားသည်။ ထို့နောက် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံး၌ ပျံ့နှံ့သွားသည်။ ချက်ချင်းပင် လူအားလုံး တုန်လှုပ်သွားကြသည်။ လူများသည် မိုးပြိုကာ လောကကြီး အဆုံးသတ်နေသည်ကို ကြည့်နေရသကဲ့သို့ ခံစားနေကြရလေသည်။
ဗုဒ္ဓဧကရာဇ်ပျောက်ဆုံးသွားခဲ့ပြီး ဗာဂျရာကျိုင်း ထွက်ပေါ်လာခဲ့တုန်းက သတင်းသည် ဤမျှ မြန်မြန်ဆန်ဆန် မပျံ့နှံ့ခဲ့ပေ။ လူများက တီးတိုးပြောဆိုကြလျှင်ပင် အများစုသည် ဗုဒ္ဓဧကရာဇ်က သေဆုံးသွားလိမ့်မည်ဟု မယုံကြည်ခဲ့ကြချေ။ ဤတစ်ကြိမ်ကမူ မတူပေ။ တိုက်ပွဲဧကရာဇ်က အမှန်ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သက်သေပြစရာ သူ့အလောင်း ရှိနေသည်။ ထန်ရှန်းကျိတို့က အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်လာနေပေပြီ။ သူတို့နှင့်အတူ တိုက်ပွဲဧကရာဇ်၏ အလောင်းလည်း ပါလာသည်။
တိုက်ပွဲအင်ပါယာသည် သတင်းကို ကြားလျင်ကြားချင်း မူးမေ့လဲသွားသည်။ ဆန်းကြယ်ဧကရာဇ်မြို့ တစ်မြို့လုံး အဖြူနှင့်အနက်ကိုသာ ဝတ်ဆင်ကြသည်။ ကျန်မျိုးနွယ်ဝင်အားလုံး ပူဆွေးနေကြသည်။ မျိုးနွယ်မှ သခင်လေးများသည် ဆန်းကြယ်ဧကရာဇ်မြို့ပြင်သို့ ထွက်ပြီး တောင်တန်းများကို တိုက်ခိုက်ကာ အော်ဟစ်၍ ဒေါသဖြေကြသည်။ သူတို့၏ တိုက်ခိုက်မှုများက မြေကြီးကိုပင် တုန်ခါနေစေသည်။
ကျန်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်များသည် သူတို့၏ ဂိတ်တံခါးများတွင် အဝတ်ဖြူ ချိတ်ဆွဲကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကလည်း ထို့အတူပင် ပြုလုပ်လိုက်ကြသည်။ ယခုတွင် သံသယဖြစ်စရာ မရှိတော့ပေ။
သုံးရက်အတွင်းမှာပင် ထိုသတင်းက လောကတစ်ခွင်လုံးသို့ ရောက်ရှိသွားသည်။ လူများစွာသည် ယုံကြည်ရန် ခက်နေဆဲပင်။ တိုက်ပွဲဧကရာဇ်က အဘယ်သို့ သေဆုံးသွားခြင်းနည်း။ သူ၏စွမ်းအားက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။ မည်သူက သူ့ကို သတ်နိုင်သနည်း။ တိုက်ပွဲဧကရာဇ်က အရှေ့ဘက် တော်ဝင်နယ်မြေ၏ ကောင်းကင် ဖြစ်သည်။ ယခုတွင်မူ ထိုကောင်းကင်ကြီးက ပြိုကျသွားပေပြီ။
အပြစ်သားကျွန်းမှ တိုက်ပွဲ ပြီးနောက်တွင် မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ အမည်က လောကတစ်ခွင်လုံးတွင် ဟိုးဟိုးကျော်သွားခဲ့သည်။ သူတို့ကို လူသားမျိုးနွယ်၏ အစောင့်အရှောက်များ၊ သူရဲကောင်းအစစ်အမှန်များအဖြစ် မြင်ခဲ့ကြသည်။ အဆုံးမရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားသူများအဖြစ် ရှုမြင်ခံခဲ့ရသည်။
ယခုတွင် နတ်ဘုရားတစ်ပါး ကျဆုံးသွားပေပြီ။ အတိအကျဆိုရလျှင် အသတ်ခံခဲ့ရပေပြီ။ ဆန်းကြယ်ဧကရာဇ်၏ ရှေ့ဖြစ်ဟောကိန်းက အမှန်တကယ် ဖြစ်လာပြီဖြစ်သည်။ အားလုံးသည် သူတို့၏ အနာဂတ်က မည်းမှောင်နေသည်ဟု ခံစားနေကြရသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က တတိတိ ဖျက်ဆီးခံနေရသလိုပင်။ လူသားမျိုးနွယ်က ပျက်သုဉ်းတော့ပေမည်။
အရှေ့ဘက် တော်ဝင်နယ်မြေ၏ စွမ်းအားအကြီးဆုံး ပညာရှင်သုံးယောက်မှာ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်နှင့် ဗုဒ္ဓဧကရာဇ်တို့ ဖြစ်ကြသည်။ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ညဧကရီနှင့် ရွှမ်ဧကရာဇ်တို့က ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤကဲ့သို့သော အချိန်တွင်ပင် သူတို့က ပြန်မပေါ်လာသေးပေ။ ထို့ကြောင့် လူများသည် သူတို့က သေပြီဆိုသော ကောလာဟလများကို စတင် ယုံကြည်လာကြသည်။
ဧကရာဇ်ကိုးပါး...
လေးပါးက ပျောက်ဆုံးနေပြီး နှစ်ပါးက သေခဲ့ပြီဖြစ်သည်။ သုံးပါသာ ကျန်တော့သည်။ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့က မီးတောက်နယ်မြေတွင်သာ ရှိနေသေးသည်။ သူတို့သည် နတ်ဘုရားတစ်ပိုင်းတစ်စုနှင့်အတူ လူသတ်သမားကို လိုက်ဖမ်းနေကြသည်။ အကယ်၍ သူတို့သုံးပါးလည်း သေသွားလျှင် အရှေ့ဘက် တော်ဝင်နယ်မြေက အမှန်ပင် အဆုံးသတ်သွားပေလိမ့်မည်။
ယနေ့တွင် မီးတောက်နယ်မြေမှနေ၍ သတင်းတစ်ခု ထွက်လာသည်။ မြောက်ဘက်ဧကရာဇ်တို့က လူသတ်သမားကို မဖမ်းနိုင်ခဲ့ပေ။ ယခု သူတို့ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်လာနေကြပြီဖြစ်သည်။ ထို့ပြင် အခြားသတင်းအရင်းအမြစ်တစ်ခုသည် တိုက်ပွဲဧကရာဇ်ကို သတ်သွားသူက ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ သူက ရုတ်တရက် ထွက်ပေါ်လာပြီး လူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ရုတ်တရက် ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ပေါ်လာကာ အခြားလူတစ်ယောက်ကို သတ်ဖြတ်ပြန်သည်။ ဧကရာဇ်များသည် သူ့ကို လိုက်မမီခဲ့ပေ။ သူ့ကို လိုက်ဖမ်းရင်းဖြင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်ကျော် ကျဆုံးခဲ့ရသည်။
မည်သူက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်သနည်း။
ကောင်းကင်ရှောင်တိမ်းခြင်း သုံးနိုင်သူကို ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးက သိသည်။ ဤနယ်နမိတ်ထဲတွင် လူတစ်ယောက်သာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်သည်။ ထို့ပြင် ထိုသူ၏ ရတနာကလည်း ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်သည်။ ထိုသတင်း ပျံ့နှံ့သွားသောအခါ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး ဗြောင်းဆန်သွားသည်။ မျိုးနွယ်တိုင်း တုန်လှုပ်သွားသည်။
ကြိုးကိုင်သူများကို အတည်ပြုပြီးပေပြီ။ ကြိုးကိုင်သူများမှာ အောင်းလုနှင့် ကျန်းရီတို့ ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။ သူတို့၏ ရည်ရွယ်ချက် ရှင်းသည်။ အောင်းလုက မိစ္ဆာမျိုးနွယ်ကို ပြန်ဦးမော့လာစေလိုသည်။ ကျန်းရီကမူ ဆန်းကြယ်ဧကရာဇ်ကဲ့သို့ လောကကြီးကို ထိန်းချုပ်လိုခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် အင်အားပူးပေါင်းကာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ရှင်းပစ်၍ လူသားမျိုးနွယ်ကို အင်အားနည်းသွားအောင် လုပ်ခြင်းဖြစ်သည်။
အချိန်တိုအတွင်းမှာပင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံး ပရမ်းပတာ ဖြစ်သွားသည်။ အင်ပါယာများနှင့် လူသားနယ်မြေများ၏ အုပ်ချုပ်သူများက မြောက်ဘက်ဧကရာဇ်မြို့တွင် စုဝေးလိုက်ကြသည်။ သူတို့သည် မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးလိုနေကြသည်။
ကပ်ဘေးနှင့် ရင်ဆိုင်ရသောအခါ လူသားမျိုးနွယ်က စတင် စည်းလုံးလာလေသည်။
***
အရှေ့ဘက် တော်ဝင်နယ်မြေက အခြားနယ်မြေများစွာနှင့် ဆက်စပ်မှုရှိသော်လည်း နှင်းဒေသကမူ အေးချမ်းနေခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူတော်စင်ဧကရီက ကျန်းရီ၏ မြို့နှစ်မြို့မှ လူများနှင့် ကျန်းရီနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် လူများကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲတွင် နေစေလိုက်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဧရာမအစီအရင်ကြီးကလည်း အသင့်ဖြစ်နေသည်။
ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ရောက်လာမည့် ရန်သူမှန်သမျှကို တိုက်ခိုက်ရန် အသင့်ပြင်နေပုံပင်။ သို့သော် သူတော်စင်ဧကရီကမူ ရေကန်ဘေးရှိ အပန်းဖြေအဆောက်အအုံလေးထဲတွင် ထိုင်ကာ အပန်းဖြေနေပေသည်။ ကန်ရေပြင်ကို ဖြတ်၍ တိုက်ခတ်လာသော လေပြေလေးက သူတော်စင်ဧကရီ၏ ဝတ်စုံကို ယိမ်းကနေစေသည်။ သူမက မျက်မှောင်ကြုတ်၍ ပဉ္စမအကြီးအကဲကို ခါးသက်သက် ပြုံးပြလိုက်သည်။
“လေကြမ်းတွေ တိုက်နေပြီ။ မိစ္ဆာတစ်စုက သောင်းကျန်းနေတယ်... ပြီးတော့ ကြိုးကိုင်သူကလည်း လူလုံးထွက်ပြနေပြီ”
***
“ဟားဟား”
အဆုံးမဲ့ပင်လယ်နက်ထဲရှိ ဆန်းကြယ်သိုင်းမြို့တွင် အောင်းလု ရယ်လိုက်သည်။ သူသည် ဘေးတွင် ရပ်နေသော အရိပ်ဧကရာဇ်နှင့် ချမ်ချမ်ကို ကြည့်ကာ ထရပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကြိုးကိုင်သူက သူ့ရဲ့ ညစ်ညမ်းတဲ့ လက်သည်းတွေကို ထုတ်ပြမှာကို ငါတို့ မကြောက်ဘူး။ သူ ထုတ်မပြမှာကိုပဲ ကြောက်တာ။ သူက လူလုံးထွက်ပြပြီဆိုတော့ အခုကစပြီး ကိစ္စတွေကို ဖြေရှင်းဖို့ လွယ်သွားတော့မှာပဲ။ ကျန်းရီက ပင်လယ်နက်ထဲကနေ အသက်ရှင်ရက် ပြန်ထွက်လာနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်”
***