← Chapters

ချွေးခွမ်း

Vol. 88 Ch. 1223

ချွေးခွမ်း

Vol. 88 Ch. 1223

“ထွက်ခွာမယ်”

သေမင်းကုန်းမြေ၏ အရှေ့တောင်ဘက်ရှိ တောင်ခြေတစ်ခုတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ သူတော်စင်မကို လိုက်ပါပို့ဆောင်ပေးနေသော တပ်သားများက တောင်ပေါ်သို့ စတင် တက်လိုက်ကြသည်။ ကျန်းရီသည်လည်း များစွာပို၍ စိတ်လှုပ်ရှားလာသည်။

တောင်ပေါ်လမ်းက အလွန်မက်စောက်ကာ ကျဉ်းမြောင်းသည်။ အချို့လူရိုင်းများက လူခွဲကာ အခြားလမ်းကြောင်းများမှ သွားကြသော်လည်း အများစုသည် လူတန်းရှည်ကြီး စီတန်းကာ သွားနေကြသည်။ ကျန်းရီသည် သူရှိနေသော နေရာမှနေ၍ သူတော်စင်မကို လှမ်းမမြင်နိုင်တော့ပေ။

“ချွေးယဲ့... ကျွန်တော့်ကို ခင်ဗျားနဲ့အတူ ကင်းလှည့်ခေါ်သွားပါ။ ခင်ဗျားရဲ့ မျိုးနွယ်စုဝင်တွေ အကုန်လုံးကို ကျွန်တော် ထိန်းချုပ်လိုက်မယ်”

ငါးမိနစ်ကြာ သွားပြီးနောက် လူတန်းကြီးက ပို၍ပင် ရှည်လာသဖြင့် ကျန်းရီသည် လုပ်ငန်းစရန် ဆုံးဖြတ်လိုက်သည်။ မေ့ရူက လူရိုင်းများကို အလွန်လျင်မြန်စွာ ထိန်းချုပ်နိုင်သည်။ အရှေ့မှ တပ်သားများသည် အလွန်ဝေးကွာနေသဖြင့် အနောက်တွင် ဖြစ်နေသော ကိစ္စများကို သိမည် မဟုတ်ပေ။ ကျန်းရီနှင့် ချွေးယဲ့သာ ခိုးကြောင်ခိုးဝှက် ပြုမူပါက ထိုနေရာရှိ လူတစ်ရာကို အလွယ်တကူ ထိန်းချုပ်နိုင်ပေလိမ့်မည်။

ထိုတောင်က အလွန်မက်စောက်ကာ အလွန်အန္တရာယ်များပုံပေါ်သည်။ တောင်ကို ကျော်ပြီးလျှင်တော့ အရှေ့တွင် လွင်ပြင်များသာ ရှိတော့သည်။ ထို့ကြောင့် ဤတောင်က ကျန်းရီအတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ သူ သူတော်စင်မကို ထိန်းချုပ်နိုင်လိုက်လျှင် အခြေအနေက ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။

ချွေးယဲ့က ကျန်းရီ၏ အမိန့်များကို မလွန်ဆန်ဝံ့ပေ။ ဝိညာဉ်ကျွန်များက သူတို့၏ သခင်များကို မဆန့်ကျင့်နိုင်သည် မဟုတ်ပါလော။ မေ့ရူက ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ရှိနေ၍ ချွေးယဲ့ကို ထိန်းချုပ်ရန် လွယ်ကူပေသည်။ ချွေးယဲ့သည် ကျန်းရီကို သူ၏ကျားဖြူပေါ်တွင် တင်ခေါ်၍ တောင်ပေါ်တောအုပ်ထဲတွင် ကင်းလှည့်ကာ အနီးရှိ မျိုးနွယ်စုဝင်အချို့ထံသို့ သွားလိုက်သည်။

“မင်း... ဒီကိုလာခဲ့”

ချွေးယဲ့က မျိုးနွယ်စုဝင်တစ်ယောက်အနားသို့ ရောက်သောအခါ လှမ်းခေါ်လိုက်သည်။ ထိုလူက သူ၏ကျားကို ခပ်သွက်သွက် ထိန်းချုပ်၍ ချွေးယဲ့ဆီသို့ သွားလိုက်သည်။ ချွေးယဲ့က ကျန်းရီကို ညွှန်ပြကာ ပြောသည်။

“သူ့ကို ပတ်ဝန်းကျင်ကို ကြည့်ရအောင် ‌ခေါ်သွားပေးလိုက်”

မျိုးနွယ်စုမှ လူရိုင်းတိုင်းက ကျန်းရီကို သိကြသည်။ ထို့ကြောင့် လူရိုင်းသည် ထိုအမိန့်ကို များစွာ မတွေးတောပေ။ ကျန်းရီက လူရိုင်း၏ ကျားပေါ်သို့ ကျင်လည်စွာ ခုန်တက်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ကြားမှ နေ၍လည်း အနက်ရောင်အလင်းတန်းတစ်တန်း ထွက်လာကာ လူရိုင်း၏ ဦးခေါင်းထဲသို့ ဝင်သွားသည်။ ယင်းက အလွန်လွယ်ပေသည်။ ရုတ်ခြည်းအတွင်းမှာပင် လူရိုင်းက ထိန်းချုပ်ခံလိုက်ရပေပြီ။

ထိုသို့ဖြင့် ချွေးယဲ့သည် ကျန်းရီကို ခေါ်ဆောင်ကာ ဘေးနှစ်ဘက်စလုံးတွင် ကင်းလှည့်နေသော လူရိုင်းနှစ်ဆယ်လောက်ကို မေ့ရူ၏ ဝိညာဉ်ကျွန်များအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ချွေးယဲ့သည် ထိုလူစုကို စုစည်း၍ လူတန်းရှည်ထဲတွင် ပြန်ပေါင်းခိုင်းလိုက်သည်။ ပြီးမှ ထိန်းချုပ်မခံရသေးသော မျိုးနွယ်စုဝင်များကို ကင်းလှည့်စေလိုက်သည်။

“ပြီးပြီ”

တစ်နာရီအတွင်းမှာပင် ချွေးယဲ့၏ မျိုးနွယ်စုမှ မျိုးနွယ်စုဝင်တစ်ရာစလုံးသည် ကျန်းရီ၏ ဝိညာဉ်ကျွန်များ ဖြစ်သွားသည်။ ယခုတွင် ကျန်းရီ ပို၍ ယုံကြည်မှုရှိလာသည် အကယ်၍ တစ်ခုခု ဖြစ်လာလျှင် အနည်းဆုံးတော့ သူ မျိုးနွယ်စုဝင်တစ်ရာကို ထိန်းချုပ်ကာ အခြေအနေကို ကိုင်တွယ်နိုင်ပေလိမ့်မည်။

တောင်ပေါ်လမ်းက သွားရလာရ ပိုခက်လာသည်။ အရှေ့တွင် သားရဲများ၏ ဟိန်းဟောက်သံများနှင့် လူရိုင်းများ၏ အော်သံများကို မကြာခဏဆိုသလို ကြားလာရသည်။ တိုက်ပွဲများ ဖြစ်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် အရှေ့မှ ဆင့်ခေါ်မှုများတော့ မရှိသေးသဖြင့် ကျန်းရီတို့သည် အရှေ့သို့ မဆင်မခြင် တက်မသွားဝံ့ကြပေ။ သူတို့သည် နောက်ပိုင်းကိုသာ ဆက်၍ စောင့်ကြပ်နေရသည်။

ဝုန်း...ဝုန်း...ဝုန်း...

အရှေ့တွင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်နေပေပြီ။ ဤတစ်ကြိမ်တွင် သားရဲရိုင်းအုပ်ကြီး တစ်အုပ်က လာရောက်တိုက်ခိုက်နေပုံပင်။ အရှေ့မှနေ၍ အမိန့်ရောက်လာသည်။ ခရီးကို ရပ်တန့်ကာ တိုက်ပွဲအတွက် အသင့်ပြင်ထားရပေမည်။ အခွင့်အရေး ရောက်လာပြီဟု ကျန်းရီ တွေးလိုက်သည်။ သို့သော် တစ်နာရီကြာပြီးသည်အထိ အရှေ့မှ စစ်ကူ လှမ်းမတောင်းသေးပေ။

ဟိန်း...ဟိန်း...

နောက်တစ်နာရီ ကြာပြီးနောက် အရှေ့မှနေ၍ ကျယ်လောင်သော ဟိန်းသံများကို ကြားလိုက်ရသည်။ ထို့နောက် လူရိုင်းများ၏ ဒေါသတကြီး အော်လိုက်သံများ ထွက်ပေါ်လာသည်။ နာကျင်တကြီး အော်ဟစ်သံများလည်း ပို၍ပို၍ များလာသည်။ ခေတ္တကြာပြီးနောက် လူရိုင်းတစ်ယောက်က အရှေ့မှနေ၍ အနောက်သို့ လျင်မြန်စွာ ပြေးလာပြီး အဝေးမှ လှမ်းအော်လိုက်သည်။

“အားလုံး အရှေ့ကို တက်... အရှေ့က တပ်ကို စစ်ကူပေးကြ။ မိစ္ဆာနဂါးအုပ်ကြီးတစ်အုပ်က တိုက်ခိုက်နေတယ်”

“သွားမယ်...”

ကျန်းရီသည် ထိုအခိုက်ကို စောင့်နေခြင်းပင်။ သူသည် ချွေးယဲ့ကို မျက်နှာရိပ်ပြလိုက်၏။ ချွေးယဲ့က အချက်ပြလိုက်ရာ မျိုးနွယ်စုဝင် တစ်ရာလုံး အရှေ့သို့ ချီတက်သွားကြသည်။ တစ်ချိန်တည်းမှာပင် နောက်ပိုင်းကို ကာကွယ်နေသော အခြားလူရိုင်းတစ်ရာလည်း အရှေ့သို့ တက်သွားသည်။ အရှေ့မှ တပ်က ဆက်မတောင့်ခံနိုင်တော့သဖြင့် စစ်ကူလှမ်းတောင်းကြောင်း ထင်ရှားပေသည်။

တစ်ကီလိုမီတာ၊ နှစ်ကီလိုမီတာမျှ အပြင်းအထန် ချီတက်ပြီးနောက်တွင် မြေပြန့်ကျယ်တစ်ခုကို တွေ့လိုက်ရသည်။ ကျန်းရီသည် တစ်ချက်ကြည့်ပြီးနောက် အံ့အားသင့်သွား၏။ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်နေပေပြီ။ လူရိုင်း နှစ်ရာကျော်၊ သုံးရာလောက်က သေသူသေ၊ ဒဏ်ရာရသူရနှင့် ရှိနေသည်။ သားရဲရာဂဏန်းအနည်းငယ်ကလည်း အသတ်ခံထားရသည်။ သို့သော် သားရဲများက အဝေးရှိ ချုံပုတ်များထဲမှနေ၍ အဆက်မပြတ် ထွက်လာနေသည်။ ထိုတောင်ပေါ်ကို တက်ရန် လမ်းတစ်လမ်းသာ ရှိသည်။ သူတို့ ထိုသားရဲများကို မသတ်လျှင် ရှေ့ဆက်သွားနိုင်မည် မဟုတ်ပေ။

ထိုသားရဲများက နဂါးများနှင့် ဆင်သည်။ သို့သော် ၎င်းတို့တွင် ခြေရှစ်ချောင်းရှိ၏။ အရှေ့ဆုံးမှ ခြေနှစ်ချောင်းက အလွန်တိုကာ ခပ်ရေးရေး တောက်ပနေသော ချွန်မြသည့် လက်သည်းများ ရှိပေသည်။ ၎င်းတို့က မကြီးပေ။ ကြံအရွယ်သာရှိသည်။ အမြီးကလည်း မရှည်ချေ။ ၎င်းတို့၏ ကျောပေါ်တွင် ဆူးချွန်များ ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ဒိုင်နိုဆောများနှင့် ပိုတူပေသည်။ ၎င်းတို့၏ ဦးခေါင်းက ကြီးပြီး အစွယ်များက ရှည်ကာ ချွန်မြသည်။ တစ်ကိုယ်လုံးကို အနက်ရောင် အကြေးခွံများက လွှမ်းခြုံထားသည်။ ၎င်းတို့သည် လေကဲ့သို့ လျင်မြန်ကာ ခံနိုင်ရန် ကောင်းကြသည်။

‘အဲ့သူတော်စင်မက တော်တော်သွေးအေးတာပဲ’

ကျန်းရီသည် လှပသော သူတော်စင်မနှင့် သူမ၏ ကိုယ်ရံတော်နှစ်ရာက တိုက်ပွဲကို ရပ်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ လူရိုင်းများကသာ တိုက်ပွဲကို တိုက်နေရသည်။ သက်ရှည်မျိုးနွယ်စုဝင်များကလည်း တိုက်ပွဲထဲသို့ ပြေးသွားကြသည်။ သူတော်စင်မ၏ မျက်လုံးထဲတွင် ဤကုန်းမြေပေါ်မှ လူများက ခေတ်နောက်ကျသော လူရိုင်းများဖြစ်၍ သူတို့၏အသက်က အရေးမပါပုံပင်။

“သတ်ကြ”

ချွေးယဲ့က သူ၏လူများကို ဦးဆောင်၍ အရှေ့သို့ ပြေးသွားသည်။ သူသည် တိုက်ပွဲကို ရပ်ကြည့်နေမည် မဟုတ်ပေ။ သူက တိုက်ပွဲထဲ ဝင်သွားပြီဖြစ်၍ ကျန်းရီလည်း ဝင်ပါရတော့သည်။ မဟုတ်လျှင် သူတော်စင်မက သံသယဝင်သွားနိုင်ပေသည်။

ကျန်းရီ၏ မူလခန္ဓာက မဆိုးပေ။ သူ့ခန္ဓာကိုယ်သည် နဂါးညှိုးရော်မြက်ပင်ကြောင့် ပြောင်းလဲကာ သန်မာလာခဲ့သည်။ ကြယ်တာရာစွမ်းအားများလည်း ရှိသည်။ ထို့ပြင် တော်ဝင်အရိုးစွပ်ပြုတ်ကို တစ်လကျော်လောက်လည်း သောက်ခဲ့ရသေးသည်။ ထို့ကြောင့် သူ့ခွန်အား၊ အမြန်နှုန်းနှင့် ခံနိုင်ရည်တို့က ဤဆန်းကြယ်နယ်မြေထဲမှာပင် သာမန်ရဲရင့်သူရဲကောင်းများနှင့် ယှဉ်နိုင်နေသည်။ သူသည် သစ်သားလှံကို ဆွဲကိုင်ကာ ကျားစီး၍ ချွေးယဲ့နောက်သို့ လိုက်သွားလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ တိုက်ပွဲထဲသို့ ရောက်သွားလေသည်။

ထိုကဲ့သို့သော တိုက်ပွဲမျိုးက ပျင်းစရာကောင်းသည်၊ အသေအပျောက်များသည်၊ ပြင်းထန်သည်၊ အလွန်ရှေးကျသည်။

တိုက်ပွဲမှာ အနီးကပ်တိုက်ပွဲဖြစ်သည်။ လူရိုင်းများက သိုင်းမတတ်သလို တာအိုပုံသဏ္ဌာန်များကိုလည်း မသိကြပေ။ မိစ္ဆာနဂါးများကလည်း မည်သည့်မိစ္ဆာအတတ်ကိုမှ မတတ်ကြချေ။ ထို့ကြောင့် နှစ်ဘက်စလုံးသည် သူတို့၏ အမြန်နှုန်း၊ ခွန်အားနှင့် ခံနိုင်ရည်တို့ကို မှီခို၍ တိုက်ခိုက်နေကြသည်။ လူရိုင်းများက မိစ္ဆာနဂါးများကို ရင်ဆိုင်ရာတွင် အလွန်ကျင်လည်ကြသည်။ သူတို့သည် သစ်သားလှံများကို အသုံးပြု၍ နဂါးများ၏ မျက်လုံးများနှင့် ပါးစပ်များကို တိုက်ခိုက်ကြသည်။ ထို့ပြင် ထိုးစိုက်ရ အလွယ်ကူဆုံးဖြစ်သော မေးနှင့် ဝမ်းဗိုက်ကို ထိုးစိုက်ကြသည်။

ထိုသစ်သားလှံများက အလွန်ထူးခြားသော သစ်သားတစ်မျိုးမှ ပြုလုပ်ထားခြင်းဖြစ်သည်။ မျိုးနွယ်စုဝင်တိုင်းတွင် လှံတစ်ချောင်းစီ ရှိကြသည်။ ထိုလှံကို ထိုးစိုက်လိုက်သည့်အခါတိုင်း လှံတွင် အလင်းဖျော့ဖျော့ လင်းလာသည်။ ၎င်းလှံများက အလွန်မာကြောသော အရာများကိုပင် ထိုးဖောက်နိုင်သည်။ ကျန်းရီသည် ထိုသစ်သားလှံများက အဘယ်ကြောင့် ထူးခြားနေရသနည်းဟု ချွေးယဲ့ကို မေးခဲ့ဖူးသည်။ သို့သော် ချွေးယဲ့က မသိပေ။ ကျန်းရီသည် သူ၏အာရုံများကို အသုံးပြု၍လည်း လေ့လာကြည့်ခဲ့သည်။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။

ကျန်းရီသည် ချွေးယဲ့နောက်မှ လိုက်နေသည်။ သူတို့၏ ကျားများက မိစ္ဆာနဂါးတစ်ကောင်ဆီသို့ ဦးတည်နေသည်။ ကျန်းရီ၏ မျက်ဝန်းများက အေးစက်စက်အလင်း လက်သွား၏။ သူ့လက်ထဲမှ လှံက မိစ္ဆာနဂါး၏ မျက်လုံးကို လှစ်ခနဲ ထိုးစိုက်လိုက်သည်။

ဟိန်း...

မိစ္ဆာနဂါး၏ တုံ့ပြန်မှုက လျင်မြန်သည်။ ၎င်းသည် ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး ခေါင်းကို အရှေ့သို့ တိုးလိုက်သည်။ ၎င်း၏ ချွန်မြသော အစွယ်ကြီး နှစ်ချောင်းက ကျန်းရီထံသို့ တန်းတန်းမတ်မတ် ဦးတည်နေသည်။

“ဟွန်း...”

ကျန်းရီက တိုက်ပွဲအတွေ့အကြုံ မည်မျှ ရှိပါသနည်း။ သူသည် ကြည့်ရန်ပင် မလိုဘဲ မိစ္ဆာနဂါး၏ လှုပ်ရှားမှုများကို ခန့်မှန်းထားပြီးဖြစ်သည်။ သူ၏ သစ်သားလှံက အရှေ့သို့ အရှိန်တင်လိုက်သည်။ သူကမူ ခါးကိုင်းကာ အစွယ်ကို ရှောင်လိုက်သည်။ သစ်သားလှံသည် မိစ္ဆာနဂါး၏ ပိတ်ထားသော မျက်လုံးကို အခက်အခဲမရှိ ဖောက်ဝင်သွားလေသည်။

ဟိန်း...

မိစ္ဆာနဂါးက နာကျင်တကြီး အော်လိုက်ပြီး မြေပေါ် လဲကျသွားသည်။ ကျန်းရီသည် လှံကို ပြန်နှုတ်ကာ ကျားဖြူကြီးကို အခြားတစ်နေရာသို့ သွားစေလိုက်သည်။ ချွေးယဲ့၏ မျက်လုံးများ အရောင်လက်သွား၏။ သူ စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်သည်။

“ချွေးခွမ်း... တော်တယ်”

မျိုးနွယ်စုတွင် ကျန်းရီ၏ အမည်မှာ ချွေးခွမ်းဖြစ်သည်။ အနားမှ လူဒါဇင်ကျော်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အော်ဟစ်ကာ ချီးကျူးလိုက်ကြသည်။ ကျန်းရီနေရာတွင် သူတို့ဆိုပါက ဒဏ်ရာရလျှင်မရ၊ မရလျှင်လည်း တိုက်ခိုက်ရန် လက်လျှော့လိုက်ကြမည်ဖြစ်သည်။ ပြင်ပပုံပန်းအရ ကျန်းရီသည် ကလေးတစ်ယောက်နှင့် တူနေသေးသဖြင့် အားလုံးသည် သူ၏ အရည်အချင်းကို အလွန်အထင်ကြီးနေကြပေသည်။

ကျန်းရီ၏ မျက်နှာထားက အလွန်ဝမ်းမြောက်သွားသကဲ့သို့ ဝင်းပသွား၏။ သူသည် သူ၏ကျားကို ထိန်းချုပ်ကာ နောက်ပစ်မှတ်တစ်ခုဆီသို့ သွားလိုက်သည်။ သူ တိုက်ခိုက်လိုက်တိုင်း မိစ္ဆာနဂါးများ၏ မျက်လုံးများက ကန်းသွားရသည်။ သူ၏ စွမ်းဆောင်ချက်များက လူရိုင်းများကို ဆွံ့အနေစေလေသည်။

ကျန်းရီ၏ သန်မာလာသော ရုပ်ခန္ဓာက သူ၏ အမြန်နှုန်းနှင့် လှုပ်ရှားမှုများကို သွက်လက်လာစေသည်။ ထို့ပြင် သူက တိုက်ပွဲအတွေ့အကြုံများစွာရှိသူ ဖြစ်သည်။ ယင်းတို့ကို ထိုလူရိုင်းအုပ်စုက မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ပေ။ သူသာ အတွင်းအားနှင့် သိုင်းပညာကို သုံးနိုင်ပါက သူ၏ လက်ရှိရုပ်ခန္ဓာနှင့် ပေါင်းစည်းလိုက်လျှင် ထိုမိစ္ဆာနဂါးများကို အလွယ်လေးသတ်နိုင်မည်ဖြစ်သည်။

ကျန်းရီ၏ ငယ်ရွယ်သော ပုံပန်းနှင့် ပြောင်မြောက်သော စွမ်းဆောင်ချက်များက လှပသော သူတော်စင်မကို အာရုံစိုက်သွားစေသည်။ သူမပတ်ပတ်လည်မှ ကိုယ်ရံတော်နှစ်ရာကလည်း အာရုံစိုက်သွားသည်။ သူမ၏ မျက်ဝန်းများက ထူးဆန်းစွာ လင်းလက်သွားပြီး သူမ၏အကြည့်က ကျန်းရီအပေါ်တွင် ဝဲနေပေသည်။ ထိုအကြည့်ထဲတွင် သံသယအရိပ်အယောင်တစ်ခု ပါနေလေသည်။

ထိုရလဒ်မှာ ကျန်းရီ အလိုရှိသည်နှင့် တစ်ပုံစံတည်းပင်။

ကျန်းရီသည် သူတော်စင်မ၏ အာရုံစိုက်မှုကို လိုချင်ခဲ့ခြင်းဖြစ်သည်။ ထိုမှ သူမ၏အနားသို့ ကပ်နိုင်ပေလိမ့်မည်။

***

All Chapters