လှည့်စားခံလိုက်ရပြီ
Vol. 88 Ch. 1224
သူတော်စင်မသည် အမှန်ပင် ကျန်းရီကို စတင် သံသယရှိလာသည်။ ကျန်းရီသည်လည်း သူ့ကို ကြည့်နေသော လှပသည့် မျက်ဝန်းတစ်စုံကို သတိပြုမိပေသည်။
ကျန်းရီသည် အခြားမိစ္ဆာနဂါးတစ်ကောင်၏ မျက်လုံးကို ထိုးဖောက်လိုက်ပြီး သူတော်စင်မကို လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်က အလွန်ရဲတင်းပြီး တပ်မက်မှုများ ပါနေသည်။ သူတော်စင်မ၏ မျက်နှာထား ပြောင်းသွားသည်။ ကျန်းရီ၏ အကြည့်က သူမကို မသက်မသာ ဖြစ်သွားစေပေသည်။ ကျန်းရီ၏ ရည်ရွယ်ချက်က ရှင်းသည်။ သူက သူမ၏ အဝတ်အစားများကို ချွတ်၍ ထိုတောင်ပေါ်တောအုပ်ထဲမှာပင် သဘာဝအမှုကို ပြုလိုနေခြင်းပင်။
ထိုရဲတင်းသော အကြည့်က သူတော်စင်မကို အတန်ငယ် တွေဝေသွားစေသည်။
ကျန်းရီသည် သူတော်စင်မက တွေဝေသွားသည်ကို တွေ့လိုက်၍ ကိစ္စအချို့ကို သေချာသွားသည်။ ထိုသူတော်စင်မက အမှန်ပင် ကြိုးကိုင်သူ၏ လက်အောက်ငယ်သားပင်။ သူမသည် ချွေးခွမ်းက ကျန်းရီ ဖြစ်နေမည်လောဟု သံသယရှိခဲ့ခြင်းဖြစ်မည်။ သို့သော် ကျန်းရီက သူမကို လူရိုင်းငယ်တစ်ယောက်နှင့်မခြား တပ်မက်စွာ ကြည့်လိုက်သောအခါ သူမ တွေဝေသွားခြင်းပင်။
ချွေးခွမ်းက ကျန်းရီသာဆိုလျှင် ထိုသို့သော အကြည့်မျိုးနှင့် မကြည့်လောက်ပေ။
ပျံ့နှံ့နေသော ကောလာဟလများက ကျန်းရီက လူကြီးလူကောင်းတစ်ယောက်ဟု ဆိုကြသည်။ သူက မြာပွေတတ်သော်လည်း သူ့တွင် မိန်းမလှလေးများစွာ ရှိရာ မိန်းမ မရှားပေ။ ထို့ကြောင့် သူတော်စင်မသည် ထိုလူရိုင်းလေးက အမှန်ပင် ကျန်းရီ ဖြစ်လျှင် သူမကို ထိုသို့သော တပ်မက်သည့် အကြည့်မျိုးနှင့် မကြည့်လောက်ဟု ယူဆလိုက်သည်။
“အရမ်းကောင်းတယ်”
ကျန်းရီသည် ဆက်၍ တိုက်ခိုက်လိုက်ပြီး မိစ္ဆာနဂါးများကို ဒဏ်ရာရနေစေသည်။ သူ လုံးဝ မညှာခဲ့ပေ။ သူ၏ ရည်ရွယ်ချက်မှာ လူအများကြားတွင် ထင်ပေါ်နေရန်ဖြစ်သည်။ ထိုမှ နောက်ပိုင်းအစီအစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် သူသည် သန်မာလာသော ခန္ဓာကိုယ်နှင့် အသားကျအောင် ကြိုးစားကာ ကမ္ဘာဦးတိုက်ခိုက်နည်းကို လေ့လာနေခြင်းလည်းဖြစ်သည်။ လူရိုင်းများ၏ ဗျူဟာများကိုလည်း သူ နားလည်လိုသည်။ ယင်းတို့က နောက်ပိုင်းတွင် သေမင်းကုန်းမြေမှ စွမ်းအားကြီး မျိုးနွယ်စုများနှင့် တိုက်ခိုက်ရချိန်၌ အသုံးဝင်လာနိုင်သည်။
ကျန်းရီက ပို၍ ပို၍ ခက်ထန်လာ၏။ ထို့ကြောင့် ရဲရင့်သူရဲကောင်းအားလုံးသည် သူ့ကို စတင် သတိပြုမိလာကြသည်။ သူတို့က ကျန်းရီကို အထင်ကြီးစွာ ကြည့်ကာ ချီးကျူးကြသည်။ နောက်ငါးမိနစ်အတွင်းမှာပင် ကျန်းရီသည် မိစ္ဆာနဂါး အကောင်းသုံးဆယ်၏ မျက်လုံးများကို ထိုးဖောက်ပြီးသွားသည်။
သို့သော် မိစ္ဆာနဂါးများက အလွန်များပြားပေသည်။ ၎င်းတို့က အဆက်မပြတ် ထွက်ပေါ်လာနေသည်။ မည်မျှ ထပ်မံထွက်ပေါ်လာဦးမည်ကိုလည်း မည်သူမှ မသိနိုင်ပေ။ လူရိုင်းများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်။ သို့သော် သူတော်စင်မနှင့် သူမ၏ကိုယ်ရံတော်များက ဝင်ပါမည့်ပုံ မပေါ်သေးချေ။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။ တစ်နာရီကြာပြီးနောက် မိစ္ဆာနဂါး အကောင်ခြောက်ရာကျော် အသတ်ခံလိုက်ရပြီး လူရိုင်းတစ်ဝက်ကျော်လောက် ကျဆုံးသူ ကျဆုံး၊ ဒဏ်ရာရသူရနှင့် ဖြစ်သွားသည်။ ထိုအခိုက်တွင် အဝေးမှနေ၍ ကြက်သီးထဖွယ် ဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ယင်းနောက် သာမန် မိစ္ဆာနဂါးငါးကောင်ထက် ပိုကြီးသော ဧရာမမိစ္ဆာနဂါးကြီးတစ်ကောင်က အဝေးမှ နေ၍ လျင်မြန်စွာ ရောက်လာသည်။ ၎င်းက အလင်းလောက် မြန်သည်။ ကျန်းရီသည်ပင် ဧရာမ မိစ္ဆာနဂါးကြီး၏ ခန္ဓာကိုယ်ကို လှစ်ခနဲသာ မြင်လိုက်ရသည်။
“ရဲရင့်သူရဲကောင်းတွေ ပြန်ဆုတ်။ ခက်ထန်သူရဲကောင်းတွေ ကျွန်မနဲ့အတူ တိုက်ခိုက်ကြ”
နောက်ဆုံးတွင် သူတော်စင်မက လှုပ်ရှားပေပြီ။ အဆင့်နိမ့် ရဲရင့်သူရဲကောင်းများသည် ထိုမိစ္ဆာနဂါးဘုရင်ကို မသတ်နိုင်ပေ။ အကယ်၍ သူမ တိုက်ပွဲထဲ ဝင်မပါလျှင် ရဲရင့်သူရဲကောင်းအားလုံး သေဆုံးသွားပေလိမ့်မည်။ သူမ၏ အမိန့်ကို ကြားလိုက်သောအခါ ရဲရင့်သူရဲကောင်းအားလုံး ပြန်ဆုတ်သွားသည်။ သူတို့အားလုံးက သူမအပေါ် အလွန်ကျေးဇူးတင်ကာ ရိုသေလေးစားနေကြသည်။ ထိုလူရိုင်းများ၏ ရင်ထဲတွင် သူတော်စင်မနှင့် သူတော်စင်အင်ပါယာမှာ နတ်ဘုရားများကဲ့သို့ ဖြစ်ပေသည်။
ဝှစ်...
သူတော်စင်မက ခပ်ဖွဖွ ခြေတွတ်၍ ကျားပေါ်မှ ဆင်းလိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်းလက်သွားပြီး သူမ၏ အမြန်နှုန်းက တိုးမြင့်သွားသည်။ သူမ၏ လက်က ခါးကို ဆွဲလိုက်ရာ လက်ထဲတွင် အဖြူရောင်ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။ ဓားပျော့က တလက်လက်တောက်နေသည်။ ဓားပျော့ လှုပ်ယမ်းသွားသောအခါ သောင်းချီသော အေးစက်စက်အလင်းတန်းများက ထိုမိစ္ဆာနဂါးဘုရင်ထံသို့ ဦးတည်ဝင်ရောက်သွားလေသည်။
“ဟင်းဟင်း...”
ကျန်းရီ အေးစက်စက် ရယ်လိုက်သည်။ ဤနေရာမှ လူရိုင်းများတွင် သတ္တုလက်နက်များ မရှိပေ။ ထိုမိန်းမကမူ ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ကိုင်ထားပေသည်။ သူမက သူမကိုယ်သူမ ပေါ်သွားစေပေပြီ။
သို့သော် သူတော်စင်မ၏ တိုက်ကွက်များက အလွန်ထူးဆန်းသည်။ သူမသည် မည်သည့်တာအိုပုံသဏ္ဌာန်၊ မည်သည့်ဆန်းကြယ်စွမ်းရည်ကိုမှ မသုံးပေ။ အရိပ်တစ်ခုအလား မိစ္ဆာနဂါးဘုရင်ကို လှည့်ပတ်တိုက်ခိုက်နေသည်။ အမြန်နှုန်းကလည်း အလွန်မြန်သည်။ ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်နှင့်ပင် ယှဉ်နိုင်လောက်သည်။ ဓားပျော့ကလည်း တလက်လက် တောက်ပနေသည်။ ၎င်း လှုပ်ယမ်းသွားတိုင်း မိစ္ဆာနဂါးဘုရင် ထိခိုက်သွားသည်။
ထိုရှေးဟောင်းအသုံးအဆောင်က အလွန်ထူးဆန်းပေသည်။ ၎င်း တိုက်ခိုက်လိုက်တိုင်း ၎င်းပေါ်ရှိ သင်္ကေတများက ကြယ်များကဲ့သို့ တောက်ပလာကာ ဓားကို အစွမ်းမြှင့်ပေးသည်။ သစ်သားလှံများကလည်း ထို့အတူဖြစ်သည်။ ဓားပျော့သည် အစွမ်းမြှင့်တင်မှုကို ခံပြီးနောက်တွင် မယုံနိုင်လောက်အောင် ထက်ရှလာကာ မိစ္ဆာနဂါးဘုရင်၏ အရေပြားကို အလွယ်တကူ ထိုးဖောက်နိုင်လာသည်။
ဝူး...ဝူး...
လူရိုင်းအားလုံးသည် လှံများကို မြှောက်၍ သူတော်စင်မအတွက် အောင်ပွဲခံလိုက်ကြသည်။ သက်ရှည်မျိုးနွယ်စုမှ ခက်ထန်သူရဲကောင်းများနှင့် သူတော်စင်မ၏ ခက်ထန်သူရဲကောင်းများကလည်း စတင် တိုက်ခိုက်လိုက်ကြသည်။ ခက်ထန်သူရဲကောင်း အယောက်လေးဆယ်၊ ငါးဆယ်၏ အမြန်နှုန်းနှင့် အင်အားက ရဲရင့်သူရဲကောင်းများထက် များစွာသာသည်။ ထို့ကြောင့် အဆင့်နိမ့် မိစ္ဆာနဂါးများက တင်္ဒဂအတွင်းမှာပင် အသတ်ခံလိုက်ရသည်။ လူရိုင်းများဘက်က အသာစီး ရလာပေပြီ။
ဟိန်း...ဟိန်း...
မိစ္ဆာနဂါးဘုရင်၏ မေးအောက်ပိုင်း၊ ဝမ်းဗိုက်နှင့် အကြွေးခွံကြားနေရာများတွင် ဓားရာများနှင့် ပြည့်နှက်နေသည်။ ၎င်းသည် ဒေါသတကြီး အော်ဟစ်ကာ ထက်ရှသော လက်သည်းနှစ်ဘက်ဖြင့် သူတော်စင်မကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကလည်း ပတ်ဝန်းကျင်မှ သစ်ပင်များကို ဝင်တိုက်နေသည်။ ထိုမြင်ကွင်းက အလွန်ပရမ်းပတာဆန်ပေသည်။ ခေတ္တမျှ တိုက်ခိုက်ပြီးနောက် ၎င်းသည် သူတော်စင်မကို မထိနိုင်ကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူမကို လျစ်လျူရှုကာ ခက်ထန်သူရဲကောင်းများဆီသို့သာ ဦးတည်သွားလိုက်လေသည်။
ဝုန်း...
မိစ္ဆာနဂါးဘုရင်၏ အမြန်နှုန်းက ခက်ထန်သူရဲကောင်းများထက် များစွာပိုမြန်သည်။ ရုတ်ခြည်းအတွင်းမှာပင် ၎င်းသည် ခက်ထန်သူရဲကောင်းတစ်ယောက်ဆီ ရောက်သွားပြီး လက်သည်းဖြင့် ကုတ်ချလိုက်သည်။ ထိုခက်ထန်သူရဲကောင်းသည် လွင့်ပျံသွား၏။ သူ၏ နောက်ကျောတွင် သွေးများရွှဲသွားသည်။ သူ့အရိုးများကိုပင် မြင်နေရသည်။ ဒဏ်ရာ အပြင်းအထန် ရသွားပေပြီ။
“မိစ္ဆာကောင်... ရှင့်ရဲ့ ရန်သူက ကျွန်မပဲ”
လှပသော သူတော်စင်မသည် ရုတ်တရက် အတန်ငယ် စိတ်လှုပ်ရှားသွားပြီး မိစ္ဆာနဂါးဘုရင်နောက်သို့ လျင်မြန်စွာ လိုက်သွားလိုက်သည်။ သို့သော် ၎င်းက သူမနှင့် ရင်မဆိုင်ပေ။ သူမ တိုက်ခိုက်လိုက်တိုင်း ချက်ချင်း ရှောင်ထွက်သားသည်။ မျက်လုံးကိုလည်း မှိတ်လိုက်သည်။ ထို့ကြောင့် ၎င်း၏ မျက်လုံးကို ထိုးစိုက်နိုင်ရန် မလွယ်ချေ။
ဝုန်း...ဝုန်း...ဝုန်း...
မိစ္ဆာနဂါးဘုရင်၏ ခန္ဓာကိုယ်ကြီးက တောင်ပေါ်တောအုပ်ထဲတွင် ဗြောင်းဆန်နေစေသည်။ ခက်ထန်သူရဲကောင်းများကလည်း လွင့်ပျံထွက်သွားနေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ခက်ထန်သူရဲကောင်း ဆယ်ယောက်ကျော်က သေလုမျောပါး ဒဏ်ရာရသွားကြသည်။ သူတော်စင်မသည် မိစ္ဆာနဂါးဘုရင်ကို အပေါ်ယံဒဏ်ရာအနည်းငယ်သာ ရစေခဲ့သည်။ ၎င်းကို အပြင်းအထန်ဒဏ်ရာရသွားအောင်လုပ်ရန် မလွယ်ကူပေ။
ဟိန်း...ဟိန်း...
မိစ္ဆာနဂါးဘုရင်က ခက်ထန်သူရဲကောင်း လေးယောက်ထံ ထပ်မံ ဦးတည်သွားလိုက်သည်။ သူတော်စင်မ၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူမ၏ ဓားပျော့က ရောင်စဉ်ခုနစ်သွယ် လင်းလက်လာပြီး သူမ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပလာသည်။ ရုတ်တရက် သူမသည် မိစ္ဆာနဂါးဘုရင်၏ အောက်ဘက်သို့ ပျံသန်းသွားလိုက်ပြီး ၎င်း၏ ဝမ်းဗိုက်ကို ခွဲရန် ဟန်ပြင်လိုက်သည်။
‘အရူး...’
ကျန်းရီသည် ခပ်လှောင်လှောင် ပြုံးလိုက်၏။ သူတော်စင်မက အမှန်ပင် ကြယ်ခုနစ်ပွင့်အဆင့် ၊ ကြယ်ရှစ်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်လောက် သန်မာသော်လည်း တိုက်ပွဲအတွေ့အကြုံ အလွန်နုပေသည်။ မိစ္ဆာနဂါးဘုရင်က အသိဉာဏ်ရှိကြောင်း ထင်ရှားသည်။ ထို့ကြောင့် ၎င်းသည် ခက်ထန်သူရဲကောင်းများကို တိုက်ခိုက်ကာ သူတော်စင်မက စွန့်စားတိုက်ခိုက်လာအောင် လုပ်နေခြင်းပင်။ မိစ္ဆာနဂါးဘုရင်၏ ပစ်မှတ်အစစ်အမှန်က သူတော်စင်မဖြစ်သည်။
မျှော်လင့်ထားသလိုပင်။
မိစ္ဆာနဂါးဘုရင်၏ ဝရုန်းသုန်းကား လှုပ်ရှားမှုများက တုံ့ခနဲ ရပ်တန့်သွားပြီး ဝပ်ချလိုက်သည်။ ၎င်းသည် ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးကို သုံး၍ သူတော်စင်မကို ပိပြားသွားအောင် လုပ်လိုနေခြင်းပင်။
‘အခုပဲ’
ကျန်းရီသည် မေ့ရူကို ချွေးယဲ့ထံ အမိန့်ပို့လိုက်ရန် ပြောလိုက်သည်။ ချွေးယဲ့က ကျယ်လောင်စွာ အော်လိုက်သည်။
“သူတော်စင်မကို ကာကွယ်ကြ။ သတ်...”
ချွေးယဲ့၏ ပတ်ပတ်လည်မှ ရဲရင့်သူရဲကောင်းများသည် လှုပ်ရှားရန် အစီအစဉ်မရှိခဲ့ပေ။ သူတော်စင်မက အမိန့်မပေးသေးသည် မဟုတ်လော။ သို့သော် သူတို့၏ တာဝန်က သူတော်စင်မကို ကာကွယ်ရန်ဖြစ်သည်။ အကယ်၍ သူမ သေသွားလျှင် သူတို့အားလုံး ကွပ်မျက်ခံရပေလိမ့်မည်။ ထို့ကြောင့် ချွေးယဲ့၏ အော်သံကို ကြားလိုက်သောအခါ သူတို့အားလုံး ချက်ချင်း လှုပ်ရှားလိုက်ကြပြီး မိစ္ဆာနဂါးဘုရင်ထံသို့ အသည်းအသန် ပြေးသွားလိုက်ကြသည်။
“သူတော်စင်မကို ကာကွယ်ကြ”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာသည်။ သူက သူတော်စင်မအနားသို့ ကပ်ကာ သူမကို ထိန်းချုပ်နိုင်မည့် ဤကဲ့သို့သော အခွင့်အရေးတစ်ခုကို စောင့်နေခြင်းဖြစ်သည်။ သူသည် ချွေးယဲ့နောက်မှ ထပ်ကြပ်မကွာ လိုက်၍ အရှေ့သို့ လျင်မြန်စွာ သွားလိုက်သည်။ ခက်ထန်သူရဲကောင်းများစွာကလည်း တစ်နေရာတည်းသို့ ဦးတည်နေကြသည်။ အကယ်၍ သူတော်စင်မသေသွားလျှင် သူတို့လည်း သေရပေလိမ့်မည်။
ဟိန်း...
မိစ္ဆာနဂါးဘုရင်က ရုတ်တရက် ဟိန်းလိုက်ပြီး ခန္ဓာကိုယ်ကို ယမ်းလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်အောက်တွင် သွေးများရွှဲနေသည်။ ဤတစ်ခေါက်တွင် ဒဏ်ရာကြီးတစ်ခုကို မြင်ရပေသည်။ သူတော်စင်မကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
သူတော်စင်မသည် ဒဏ်ရာများနှင့် မြေပေါ်တွင် လဲနေသည်။ သူမတစ်ကိုယ်လုံးက မိစ္ဆာနဂါးဘုရင်၏ သွေးများနှင့် ရွှဲနစ်နေသည်။ သူမသည် ဧရာမမိစ္ဆာနဂါးဘုရင်၏ ဖိချေမှုကို တစ်ကြိမ်ခံခဲ့ရသည်။ အရိုးများ ကျိုးကုန်ပြီလောကို မည်သူမှ မသိပေ။ သူမက မြေပြင်ပေါ်တွင် လဲနေသေးသည်။ သတိမေ့သွားသည်လော။ သို့မဟုတ် သေသွားပြီလော။
ဟိန်း...ဟိန်း...
မိစ္ဆာနဂါးဘုရင်က အမှန်ပင် အသိဉာဏ်အနည်းငယ်ရှိသည်။ ၎င်းသည် ခေတ္တမျှ နာကျင်တကြီး လူးလိမ့်နေပြီးနောက် ထရပ်ကာ မလှုပ်မယှက်လဲနေသော သူတော်စင်မကို လက်သည်းများနှင့် လှမ်းကုတ်လိုက်သည်။
‘ချွေးယဲ့... အခုပဲ’
ကျန်းရီသည် သူတော်စင်မ သေမည်ကို မည်သို့ ကြည့်နေနိုင်ပါမည်နည်း။ ထို့ကြောင့် မေ့ရူအား ချွေးယဲ့ထံ အမိန့်ပို့ခိုင်းလိုက်သည်။ ချွေးယဲ့က ချက်ချင်းပင် အော်ပြောသည်။
“လှံတွေနဲ့ပစ်”
ရွှစ်...ရွှစ်...
ချွေးယဲ့နှင့် လူရိုင်းဒါဇင်အနည်းငယ်သည် သစ်သားလှံများကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ကြသည်။ သို့သော် ကျန်းရီသည် ကျားပေါ်မှ ဆင်းကာ ထက်ရှသော ဓားတစ်ချောင်းအလား သူတော်စင်မထံသို့ ပျံသန်းသွားလိုက်သည်။ မေ့ရူက ကျန်းရီ သူတော်စင်မအနီးသို့ ရောက်မည့်အချိန်ကို အသင့်စောင့်နေပေပြီ။
ဝှစ်...
မိစ္ဆာနဂါးဘုရင်သည် ၎င်းထံ ပျံဝင်လာသော သစ်သားလှံများကို တွေ့လိုက်ရ၍ ကြောက်ရွံ့သွား၏။ လက်ရှိတွင် ၎င်းက လေထဲတွင် ရှိနေသည်။ အကယ်၍ ထိုလှံများကို မရှောင်ပါက လှံများသည် ၎င်း၏ ဝမ်းဗိုက်မှ ဒဏ်ရာထဲသို့ ဝင်သွားနိုင်သည်။ သို့ဆိုလျှင် ဒဏ်ရာက ပိုဆိုးသွားပေလိမ့်မည်။ ထို့ကြောင့် ၎င်း နောက်ဆုတ်လိုက်ရသည်။
“ကောင်းပြီ”
ကျန်းရီသည် မြေပြင်ပေါ်တွင် တုန်ယင်နေသော သူတော်စင်မကို ပွေ့လိုက်သည်။ မေ့ရူက ကြောက်မက်ဖွယ်အရှိန်ဖြင့် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှ ပျံထွက်သွားပြီး သူတော်စင်မ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်သွားလိုက်ည်။ ထိုအဖြစ်အပျက်ကို မည်သူမှ သတိမပြုမိလိုက်ပေ။
သို့သော်...
ကျန်းရီက ပွေ့သယ်ထားသော သတိမေ့နေသည့် သူတော်စင်မသည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ ထို့နောက် သူမက ပဟေဠိဆန်ဆန် ပြုံးကာ ပြောလိုက်သည်။
“ရှင်က တကယ်ကို ကျန်းရီပဲ။ ဟားဟား ရှင် လှည့်စားခံလိုက်ရပြီ”
***