ကြိုးကိုင်သူ၏ ဇာစ်မြစ်
Vol. 88 Ch. 1226
လှပသော သူတော်စင်မက ကြာပွတ်နီကို ထိန်းချုပ်၍ သူမနှင့် ကျန်းရီကို ပြန်ခွာလိုက်သည်။ ကျန်းရီက မေ့ရူအား သူတော်စင်မထံသို့ မိစ္ဆာနဂါးဘုရင်ကို အစွမ်းကုန်သုံး၍ ပြန်တိုက်ခိုက်ဖို့ အမိန့်ပို့လွှတ်ခိုင်းလိုက်သည်။ သူ့တွင် သူတော်စင်မကို မေးလိုသည့် မေးခွန်းများစွာ ရှိနေသော်လည်း မေးရန် အချိန်မကျသေးပေ။
သူတော်စင်မက အစောတွင် အမှန်တကယ် အပြင်းအထန် ဒဏ်ရာမရခဲ့ချေ။ အပေါ်ယံဒဏ်ရာလောက်သာ ရခဲ့သည်။ သူမ၏ ဝတ်စုံက စွမ်းအားကြီးသော ခုခံစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မိစ္ဆာနဂါးဘုရင်၏ အလေးချိန်က သူမကို မဖိချေနိုင်ပေ။ သို့သော် ကျန်းရီကမူ မည်သည့် တိုက်ခိုက်မှုမှ ထပ်မလွှတ်ဝံ့တော့ပေ။ မိစ္ဆာနဂါးဘုရင်က အလွန်လျင်မြန်သည်။ သူ လိုသည်ထက် ပိုလုပ်လိုက်လျှင် အခြားသူများ၏ သံသယဝင်မှုကို ခံရပေလိမ့်မည်။
မိစ္ဆာနဂါးဘုရင်၏ ဝမ်းဗိုက်က ပွင့်နေပြီး သွေးများ ထိန်းမနိုင်သိမ်းမရ ထွက်နေသည်။ ထို့ကြောင့် ၎င်၏ အမြန်နှုန်းက သိသိသာသာ နှေးသွားသည်။ သို့သော် ယခင်ကအတိုင်း ခက်ထန်နေဆဲဖြစ်သည်။ ၎င်းသည် ခက်ထန်သူရဲကောင်း ခုနစ်ယောက်၊ ရှစ်ယောက်လောက်ကို လွင့်ပျံထွက်သွားစေပြီး ရဲရင့်သူရဲကောင်း ဒါဇင်အနည်းငယ်ကို သတ်ပစ်လိုက်သည်။
“အားလုံး ပြန်ဆုတ်ကြ”
ကျန်းရီသည် ရဲရင့်သူရဲကောင်းများက မိစ္ဆာနဂါးဘုရင်၏ ပြိုင်ဘက်မဟုတ်ကြောင်း တွေ့လိုက်သောအခါ သူတော်စင်မကို အမိန့်ပေးစေလိုက်သည်။ ချွေးယဲ့နှင့် အခြားသူများက သူမ၏အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် လျင်မြန်စွာ ပြန်ဆုတ်လိုက်ကြသည်။ ကျန်းရီသည်လည်း ထိုအခွင့်အရေးကို အသုံးချ၍ ပြန်ဆုတ်လိုက်သည်။
ယခုတွင် ကျန်းရီသည် လူရိုင်းများစွာ၏ သူ့ကိုကြည့်နေသော အကြည့်များက ကွဲပြားနေပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူက သူတော်စင်မကို ကယ်ခဲ့သူ ဖြစ်သည်။ ထို့ပြင် သူသည် သူတော်စင်မနှင့် ပွေ့ဖက်ကာ မြေပြင်တွင် ခေတ္တမျှ လူးလိမ့်နေခဲ့သေးသည်။ ထို့ကြောင့် လူရိုင်းများသည် သူ၏ကံကောင်းမှုကို အားကျနေကြပေသည်။ သူတော်စင်မက တော်ဝင်သခင်မတစ်ယောက်ဖြစ်ရာ မည်သူမှ သူမကို မဖွယ်မရာ ပြုဝံ့ပါမည်နည်း။
တိုက်ပွဲက ပြင်းထန်စွာ ဆက်၍ဖြစ်ပွားနေသည်။ မိစ္ဆာနဂါးဘုရင်က ရူးသွပ်စွာဖြင့် ခက်ထန်သူရဲကောင်းများအားလုံးကို တိုက်ခိုက်နေသည်။ ၎င်းသည် ရဲရင့်သူရဲကောင်းများထံသို့လည်း ပြေးဝင်သွားသည်။ ရဲရင့်သူရဲကောင်းများစွာ သေသွားသည်။ ကျန်းရီသည် အလွန်ဉာဏ်ကောင်းစွာဖြင့် အစောကတည်းက နောက်ဆုတ်ထားပြီးပေပြီ။ ယခုအချိန်တွင် လူစွမ်းကောင်း ဝင်လုပ်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုမိစ္ဆာနဂါးဘုရင်က အနှေးနှင့် အမြန်ဆိုသလို သေတော့မည်ဖြစ်သည်။ ကျန်းရီ၏ လက်ရှိ အင်အားနှင့်ဆိုပါက သူ အသတ်မခံရလျှင်ပင် အပြင်းအထန်တော့ ဒဏ်ရာရသွားနိုင်သည်။
သူတော်စင်မက မိစ္ဆာနဂါးဘုရင်ကို လိုက်လံတိုက်ခိုက်သည်။ မကြာခဏဆိုသလို မိစ္ဆာနဂါးဘုရင်၏ ဝမ်းဗိုက်ကို ဓားပျော့ဖြင့် ထိုးမိသည်။ ထို့ကြောင့် ဒဏ်ရာက ပိုကျယ်လာသည်။ ၎င်းသည် တစ်စထက်တစ်စ သွေးများ ဆုံးရှုံးလာ၍ နှေးကွေးလာသည်။ ငါးမိနစ်ကြာပြီးနောက်တွင် ၎င်းသည် ကျယ်လောင်စွာ အော်ကာ နောက်လှည့်၍ ထွက်ပြေးလေတော့သည်။ ၎င်း၏အော်သံကို ကြားသောအခါ အခြားမိစ္ဆာနဂါးအားလုံးလည်း ပြန်ဆုတ်သွားကြသည်။ နောက်ဆုံးတွင် တိုက်ပွဲပြီးဆုံးသွားပေပြီ။
“ဒီနေရာကို ရှင်းပြီး ခဏလောက် အနားယူလိုက်ကြ။ ခဏနေရင် ထွက်ခွာမယ်”
ကျန်းရီသည် သူတော်စင်မကို အထက်ပါအမိန့် ပေးစေလိုက်သည်။ သို့သော် သူသည် သူတော်စင်မအနားသို့ မဆင်မခြင် ကပ်မသွားပေ။ သို့ဆိုလျှင် အခြားသူများ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။ သူတော်စင်မကို သူ့ကို ဆင့်ခေါ်နိုင်ရန် အခွင့်အရေး ရှာခိုင်းရန်သာ မေ့ရူအား ခိုင်းလိုက်လေသည်။
ချွေးယဲ့တို့က တိုက်ပွဲပြင်ကို စတင် ရှင်းလင်းကြသည်။ သူတော်စင်မသည် သူမ၏ လက်စွပ်ထဲမှနေ၍ ကောင်းက်ကံကြမ္မာရွက်ဖျင်တဲတစ်လုံးကို ထုတ်၍ အထဲဝင်ကာ အနားယူလိုက်သည်။ လူရိုင်းများသည် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲ့ကို ကြည့်ကာ အံ့အားသင့်နေကြ၏။ သို့သော် မည်သူမှ မေးခွန်းမထုတ်ဝံ့ကြပေ။
“မင်း... ဒီကို လာခဲ့။ သူတော်စင်မက မင်းကို ဆင့်ခေါ်နေတယ်”
ခေတ္တကြာပြီးနောက် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲအနားမှ ခက်ထန်သူရဲကောင်းတစ်ယောက်က ကျန်းရီကို လက်ယက်၍ လှမ်းခေါ်သည်။ လူရိုင်းများက ကျန်းရီကို ကြည့်လိုက်ကြသည်။ သူတို့ရင်ထဲတွင် အားကျမှု၊ မနာလိုမှုတို့နှင့် ပြည့်နှက်နေပေသည်။ အချို့ဆိုလျှင် သူတော်စင်မကို ကယ်ရန် အပြေးမသွားခဲ့မိသည့်အတွက် နောင်တပင် ရနေကြသည်။ မဟုတ်လျှင် ယခု သူတော်စင်မ ဆင့်ခေါ်မည့်သူက သူတို့ ဖြစ်နေပေလိမ့်မည်။
ကျန်းရီ၏ မျက်နှာထားက ကြောက်ရွံ့တုန်လှုပ်နေပုံပေါ်သည်။ သို့သော် စိတ်ထဲတွင်တော့ ပြုံးနေပေသည်။ သူသည် ရွက်ဖျင်တဲထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားလိုက်၏။ သူ အထဲသို့ ဝင်လိုက်သည်နှင့် အလင်းတစ်ချက်လက်သွားပြီး မိန်းမပျိုတစ်ယောက်၏ အတွင်းဆောင်အတွင်းသို့ ရောက်သွားလေသည်။ သူတော်စင်မသည် ကျန်းရီကို တွေ့သောအခါ လေးလေးစားစား ဒူးထောက်၍ နှုတ်ဆက်လိုက်သည်။
“ဝူချွယ်အာ အရှင့်ကို အရိုအသေပေးပါတယ်”
“ဝူချွယ်အာတဲ့လား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဝူယင်အာနဲ့ မင်းက ဘာတော်လဲ”
ဝူချွယ်အာသည် အတန်ငယ် အံ့အားသင့်သွားသော်လည်း အမှန်အတိုင်း ပြောလိုက်သည်။
“သူက ကျွန်မရဲ့ အစ်မပါ”
“ဘာ...”
ကျန်းရီသည် ရုတ်တရက် သတိလွတ်သွားပြီး အော်လိုက်မိသည်။ ဝူယင်အာမှာ ဝူနီ၏ အစ်မကြီးဖြစ်သည်။ ကျန်းရီက ဝူနီကို လိုက်ဖမ်းနေခဲ့ပြီး ဟုန်ဝူမြို့ကို တိုက်ခိုက်ခဲ့စဉ်က ဝူယင်အာနှင့် သူမ၏ခင်ပွန်းကို ဓားစာခံအဖြစ် ဖမ်းခဲ့သည်။ ထို့ကြောင့် သူ ဝူယင်အာကို ကောင်းစွာ သိသည်။ ယခုတွင် ဤဝူချွယ်အာက ဝူယင်အာမှာ သူမ၏အစ်မဟု ဆိုနေသည်လော။ သို့ဆိုလျှင် ဝူချွယ်အာက ဝူနီနှင့် မောင်နှစ်မဖြစ်ပြီး ဝူမျိုးနွယ်မှ သခင်မလေးတစ်ယောက်လော။
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ ခပ်သွက်သွက် မေးလိုက်သည်။
“မင်းရဲ့ အဖေက မြောက်ဘက်အင်ပါယာလား။ မင်းရဲ့ အဘိုးက မြောက်ဘက်ဧကရာဇ်လား”
“ဟုတ်ပါတယ်”
ဝူချွယ်အာသည် ခေါင်းညိတ်၍ ပြတ်ပြတ်သားသား ဖြေလိုက်သည်။
“မြောက်ဘက်ဧကရာဇ်...”
ကျန်းရီသည် အံကြိတ်၍ ဒေါသတကြီး အော်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အမျက်တချောင်းချောင်းထနေသည်။ သူ့မျက်နှာကလည်း ရှုံတွနေသည်။ ဝူချွယ်အာက ကြိုးကိုင်သူ၏ လက်အောက်ငယ်သားတစ်ယောက်ဖြစ်နေရာ ကြိုးကိုင်သူမှာ... မြောက်ဘက်ဧကရာဇ်ပင် ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓဧကရာဇ်တို့၏ အကျိုးအကြောင်း သုံးသပ်ပြမှု၊ ယဉ်ရို့ပင်း၏ အာမခံမှု၊ လူသားများနှင့် မိစ္ဆာများကြားမှ တိုက်ပွဲတွင် ဝူရှန်း၏ ပြုမူမှုများ... ထိုအရာအားလုံးသည် မြောက်ဘက်ဧကရာဇ်က ကြိုးကိုင်သူဖြစ်နိုင်သည်ဆိုသော ကျန်းရီ၏ သံသယများကို ဖယ်ရှားခဲ့သည်။ ကျန်းရီသည် မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်က သံမဏိစည်းမျဉ်းများရှိသော ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲမှ မျိုးနွယ်တစ်ခုဖြစ်၍ မြောက်ဘက်ဧကရာဇ်တွင် မကောင်းသောအကြံများရှိလျှင်ပင် မျိုးနွယ်မှ အကြီးအကဲများက လက်မခံလောက်ဟု တွေးမိခဲ့သည်။ သို့သော် အရာအားလုံး၏ နောက်ကွယ်မှလူက အမှန်ပင် မြောက်ဘက်ဧကရာဇ် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။
အမှန်ပင် ဝူမျိုးနွယ်က ကြိုးကိုင်နေခြင်းဆိုလျှင် ကိစ္စများစွာက ပို၍အကျိုးအကြောင်း ညီလာမည်ဖြစ်သည်။
ကျီထင်ယွီနှင့် ဝူမျိုးနွယ်က ကျန်းရီ၏ အကြောင်းကို အပြည့်အဝ သိထားကြသည်။ သူတို့သည် ကျန်းရီနှင့် ကျန်းယွင်ဟိုင်၊ ချမ်ကွေ့၊ ရွှေယို့လန်၊ ယွင်ချန်းထျန်းနှင့် အခြားသူများကြားမှ ပတ်သတ်မှုကို ရှင်းရှင်းလင်းလင်း သိသည်။ ထို့ပြင် အရိပ်ဧကရာဇ်က ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ကြောင်း သတင်းပို့ခဲ့ဖူးသည်။ ထို့နောက်တွင် ကောင်းကင်ကြယ်တာရာနယ်မြေ၌ နတ်ဘုရားတစ်ပိုင်းများ ထွက်ပေါ်လာခဲ့သည်။ ယခုတွင် အရာအားလုံး ကိုက်ညီမှု ရှိလာပေပြီ။
နောက်ပိုင်းတွင် ဖြစ်ခဲ့သော အရာအားလုံးကို ခြုံငုံကြည့်လိုက်လျှင် မည်သူက နိုင်သည်ဖြစ်စေ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး ပရမ်းပတာ ဖြစ်သွားမည်ဖြစ်ကြောင်း တွေ့ရပေမည်။ ထိုအခြေအနေတွင် ဝူမျိုးနွယ်က အကျိုးအမြတ် အများဆုံး ရခဲ့သည်။
မျိုးနွယ်(၃၆)ခုကို သွေးထိုးလှုံ့ဆော်၍ ရီမျိုးနွယ်ကို တိုက်ခိုက်စေခဲ့သည့် ရည်ရွယ်ချက်ကလည်း ရှင်းသည်။ ယင်းမှာ ကျန်းရီကို စေတီမြို့တွင် ထောင်ချောက်ဆင်ဖမ်းကာ သတ်ရန်ဖြစ်သည်။ လူသားများနှင့် မိစ္ဆာများ ကြားမှ စစ်ပွဲတွင် အောင်းလုတို့ကို အကွက်ချစွပ်စွဲ၍ မဟာမိတ်စစ်တပ်ကို စုစည်းခဲ့ရာတွင်လည်း မြောက်ဘက်ဧကရာဇ်က အဓိကနေရာမှ ပါဝင်ခဲ့သည်။
ယခုတွင် မြောက်ဘက်ဧကရာဇ်က ကြိုးကိုင်သူဖြစ်ကြောင်း အတည်ပြုပြီးသောအခါ ကိစ္စများစွာက အဓိပ္ပာယ်ရှိလာသည်။
“လွဲနေတာလေးတွေတော့ ရှိသေးတယ်”
ကျန်းရီ၏ စိတ်ထဲတွင် သံသယအချို့ ရှိနေသေးသည်။ ဤတစ်ခေါက်တွင် ကြိုးကိုင်သူက မယုံနိုင်လောက်အောင် အင်အားကြီးသည်။ မျိုးနွယ်တစ်ခုတည်းက အရာအားလုံးကို စီစဉ်ဆောင်ရွက်ရန် မဖြစ်နိုင်လောက်ပေ။ သံသယဝင်စရာတစ်ခုမှာ တိုက်ပွဲများတွင် ဝင်တိုက်ခဲ့သော ဝတ်စုံနက်နှင့် နတ်ဘုရားတစ်ပိုင်းများကို ယခင်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် မတွေ့ခဲ့ဖူးခြင်းဖြစ်သည်။ ဝူမျိုးနွယ်က ဆန်းကြယ်သော နတ်ဘုရားတစ်ပိုင်းများကို လျှို့ဝှက်ထားခဲ့ခြင်းမှာလည်း မဖြစ်နိုင်ပေ။
“ကောင်းကင်တမလွန်ဂိုဏ်း”
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွားသည်။ ကောင်းကင်တမလွန်ဂိုဏ်းက ဝူမျိုးနွယ်နှင့် မင်္ဂလာမဟာမိတ်ဖွဲ့ထားသည်။ ဝူနီ၏ အမေက ကောင်းကင်တမလွန်ဂိုဏ်းမှ အပျိုစင်ဟောင်းဖြစ်သည်။ ကျန်းရီသည် ရှင်းမုန့်ဝမ်ကိုပါ ထည့်စဉ်းစားသောအခါ ပဟေဠိအပိုင်းအစများကို ဆက်စပ်နိုင်လာသည်။
ကျန်းရီသည် ဝူချွယ်အာကို စိုက်ကြည့်၍ အေးစက်စက် မေးလိုက်သည်။
“ဒီတစ်ခေါက် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ ကောင်းကင်တမလွန်ဂိုဏ်းရော ပါလား”
“ကောင်းကင်တမလွန်ဂိုဏ်းဆိုတာ ဘာပါလဲ”
ဝူချွယ်အာက နားမလည်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ကာ ပြန်ဖြေလိုက်သည်။
“မင်း မသိဘူးလား”
ကျန်းရီလည်း ခေါင်းရှုပ်သွား၍ ထပ်မေးလိုက်သည်။
“အပြင်မှာ ဖြစ်ခဲ့တာတွေကို မင်းမသိဘူးလား။ မင်းတို့ ဝူမျိုးနွယ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ လုပ်ခဲ့တာ။ မင်း မသိဘူးလား”
“ကျွန်မ မသိပါဘူး”
ဝူချွယ်အာသည် ပို၍ပင် နားမလည်နိုင်ဖြစ်လာသည်။
“ကျွန်မတို့ ဒီဆန်းကြယ်နယ်မြေထဲကို ဝင်လာခဲ့တာ တစ်နှစ်ခွဲကျော်ပါပြီ။ အဲ့ကတည်းက အပြင်ကို ပြန်မထွက်ရသေးပါဘူး။ အဲ့ဒါကြောင့် အပြင်လောကမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မသိပါဘူး”
ကျန်းရီသည် ဝူချွယ်အာက သူ့အား မလိမ်နိုင်ကြောင်းကို သိမထားလျှင် သူမကို ပါးရိုက်မိလိုက်မည်ဖြစ်သည်။ ယခုတွင်မူ သူ အံ့ဩတကြီး မေးလိုက်သည်။
“အဲ့ဒါဆို မင်းတို့ အပြင်လောကနဲ့ ဘယ်လို ဆက်သွယ်လဲ။ ငါ ဝင်လာခဲ့တာကို မင်းတို့ ဘယ်လိုသိလဲ။ ဗုဒ္ဓဧကရာဇ်ရဲ့ ဗာဂျရာကျိုင်းကရော ဒီထဲကနေ အပြင်ကို ဘယ်လို ရောက်သွားတာလဲ။ အို့ ဟုတ်သား... ဗုဒ္ဓဧကရာဇ်တို့ အသက်ရှင်နေသေးလား”
ဝူချွယ်အာသည် မေ့ရူ၏ ထိန်းချုပ်မှုကို မခံရသေးခင်မှာပင် သူ့အား ကျန်းရီဟု ခေါ်ခဲ့သည်။ သူ သေမင်း၏ သိပ်သည်းပင်လယ်ထဲကို ဝင်လာကတည်းက သေချာပေါက် ကျရှုံးရတော့မည်ဟု ပြောခဲ့သည်။ ယင်းမှာ သူမသည် သူ ဤဆန်းကြယ်နယ်မြေထဲသို့ ဝင်လာသည့် သတင်းကို ရထားသည်ဆိုသော အဓိပ္ပာယ်ပင်။
“ကျွန်မတို့မှာ အရမ်းအားကောင်းတဲ့ လျှို့ဝှက်သတင်းပို့အစီအရင်တစ်ခု ရှိပါတယ်”
ဝူချွယ်အာက မကွယ်မဝှက် ရှင်းပြနေရသည်။
“ကျွန်မတို့မျိုးနွယ်က သတင်းလှမ်းပို့လို့ အရှင် ဒီဆန်းကြယ်နယ်မြေထဲကို ဝင်လာတယ်ဆိုတာ သိနေတာပါ။ အပြင်ဘက်က အခြေအနေတွေကိုတော့ ဘယ်သူမှ ကျွန်မတို့ကို မပြောပြပါဘူး။ ဗုဒ္ဓဧကရာဇ်တို့ရဲ့ လက်နက်တွေကို အထူးတည်နေရာပြောင်းရွှေ့အစီအရင်နဲ့ အပြင်လောကဆီ ပို့လိုက်တာပါ။ ဗုဒ္ဓဧကရာဇ်တို့က အသက်ရှင်နေပါသေးတယ်။ သူတို့ကို သူတော်စင်အင်ပါယာမြို့ထဲမှာ ဖမ်းထားပါတယ်”
“သူတို့ မသေရင် ပြီးတာပဲ... ကျန်တာက ကိစ္စမရှိဘူး”
ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။ ယခုတွင် သူသည် ဝူချွယ်အာကို ထိန်းချုပ်ထားနိုင်ပြီဖြစ်၍ ဗုဒ္ဓဧကရာဇ်တို့ကို ကယ်တင်နိုင်ခြေ ပိုများလာပေပြီ။
ကျန်းရီသည် ခေတ္တမျှတွေးတောလိုက်ပြီး ကောင်းကင်တမလွန်ဂိုဏ်းအကြောင်းကို ဆက်မမေးလိုက်တော့ပေ။ ဝူချွယ်အာက အနည်းငယ်သာ သိထားပုံပေါ်သည်။ ထိုအကြောင်းကို သူမအား ဆက်မေးနေလျှင်လည်း အကျိုးရှိမည် မဟုတ်ချေ။ ထို့ကြောင့် အရေးအကြီးဆုံး ကိစ္စကိုသာ မေးလိုက်သည်။
“ဗုဒ္ဓဧကရာဇ်တို့ကို ကယ်တင်ဖို့ မင်း ငါ့ကို ကူညီပေးနိုင်မလား၊ ပြီးတော့ ငါတို့ကို သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲကနေ အပြင်ကို ပြန်ပို့ပေးနိုင်လား”
“မပို့ပေးနိုင်ပါဘူး”
ဝူချွယ်အာသည် ခေတ္တမျှ တွေးတောပြီးနောက် ပြတ်သားစွာ ဖြေလိုက်သည်။
“ဗုဒ္ဓဧကရာဇ်တို့ကို ကယ်ဖို့က မခက်ပါဘူး။ ဒါပေမဲ့ ကျွန်မ အရှင်တို့ကို အပြင်ပြန်မပို့ပေးနိုင်ပါဘူး”
“ဘာလို့လဲ”
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ မကောင်းသောနမိတ်ကို ခံစားနေရသည်။
ဝူချွယ်အာက ခါးသက်သက်ပြုံးကာ ပြန်ဖြေသည်။
“ဘာလို့လဲဆိုတော့ ဒီနေရာကနေပြီး ဘယ်သူမှ ထွက်မသွားနိုင်လို့ပါ။ မဟုတ်ရင် လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျွန်မတို့ ဗုဒ္ဓဧကရာဇ်တို့ရဲ့ လက်နက်တွေကို အပြင်ပို့ပေးစရာ လိုမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အလောင်းတွေကို ပို့ပေးလိုက်ရုံပါပဲ”
***