← Chapters

ဆိုးဝါးလာသော အခြေအနေ

Vol. 88 Ch. 1227

ဆိုးဝါးလာသော အခြေအနေ

Vol. 88 Ch. 1227

ထွက်လမ်းမရှိဘူးလား”

ကျန်းရီ ရင်တုန်သွားသည်။ ယင်းမှာ အဆိုးဆုံးသတင်းပင်။ ထွက်လမ်းမရှိလျှင် သူ စုလောရွှယ်၊ ဖုန်းလန်၊ မိုယောင်အာ၊ ကျန်းယွင်ဟိုင်နှင် ကျန်သူများကို တွေ့နိုင်တော့မည် မဟုတ်ပေ။ သူသည် ယင်းကို လက်မခံနိုင်ပေ။

ထို့ပြင် အပြင်လောကမှ အခြေအနေများက အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။ မြောက်ဘက်ဧကရာဇ်က ကြိုးကိုင်သူဖြစ်သဖြင့် သူ၏ရည်ရွယ်ချက်က ရှင်းလင်းသည်။ သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးကို သိမ်းပိုက်ကာ ဒုတိယဆန်းကြယ်ဧကရာဇ်အနေဖြင့် နှစ်ပေါင်းများစွာ အုပ်စိုးလိုခြင်းဖြစ်သည်။

မြောက်ဘက်ဧကရာဇ်သည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးကို စုစည်းလိုခြင်းဖြစ်ရာ မိစ္ဆာမျိုးနွယ်ကို ရှင်းပစ်ရမည်ဖြစ်ပြီး နှင်းဒေသကိုလည်း သိမ်းပိုက်ရပေမည်။ အောင်းလုက သေသွားနိုင်သလို သူတော်စင်ဧကရီလည်း အန္တရာယ်ကြုံရနိုင်သည်။ ထိုအခါ စုလောရွှယ်တို့ ပြေးစရာမြေမရှိ ဖြစ်သွားပေလိမ့်မည်။

မြောက်ဘက်ဧကရာဇ်သည် ကျန်းရီက သေမင်း၏ သိပ်သည်းပင်လယ်ထဲသို့ ဝင်သွားပြီဖြစ်ကြောင်း သိထားသည်။ ကျန်းရီနှင့် ဗုဒ္ဓဧကရာဇ်တို့က ထိုဆန်းကြယ်နယ်မြေထဲမှ ပြန်ထွက်နိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သိထားသည်။ သို့ဖြစ်ရာ မြောက်ဘက်ဧကရာဇ်သည် သေချာပေါက် လှုပ်ရှားပေလိမ့်မည်။ ယခုဆိုလျှင် လှုပ်ရှားပြီးပင် နေလောက်ပေပြီ။

ကျန်းရီသည် အေးစက်စက် မျက်ဝန်းများဖြင့် ဝူချွယ်အာကို ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့ ထွက်လမ်းမရှိတာလဲ။ အရင်တုန်းက ဒီနေရာက ဘယ်သူမှ ပြန်မထွက်ဖူးဘူးလား။ အဲ့လိုဆိုရင် ဘာလို့ မင်းတို့ မိသားစုက ဒီနေရာကို ထိန်းချုပ်ထားနိုင်ရတာလဲ။ မင်းတို့ လျှို့ဝှက်သတင်းပို့အစီအရင်ကို ဘယ်လို တည်ဆောက်ကြလဲ။ ဗုဒ္ဓဧကရာဇ်တို့ရဲ့ လက်နက်တွေကိုကျ ဘာလို့ အပြင်ကို ပို့နိုင်တာလဲ”

ဝူချွယ်အာသည် မေ့ရူ၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် ကျန်းရီ၏ မေးခွန်းများကို မဖြေဘဲ မနေဝံ့ပေ။ ထို့ကြောင့် အလေးအနက် ရှင်းပြလိုက်သည်။

“ဒီနယ်မြေထဲက အာကာပြင်မှာ ဆန်းကြယ်တဲ့ ကောင်းကင်အစီအရင်တစ်ခု ရှိပါတယ်။ ဝင်လာလို့တော့ ရတယ်၊ ထွက်သွားလို့ မရဘူး။ အဲ့ကောင်းကင်အစီအရင်ကြောင့် ဒီမှာ မိုးမြေအတွင်းအားက သိပ်သည်းနေရတာပါ။ လျှို့ဝှက်သတင်းပို့အစီအရင်အကြောင်းကိုတော့ ကျွန်မလည်း မသိပါဘူး။ အဲ့ဒါကို သူတော်စင်ဘုန်းတော်ကြီးက ဖန်တီးခဲ့တာပါ။ ဒီဆန်းကြယ်နယ်မြေထဲက ကောင်းကင်အစီအရင်က ဒီက အာကာပြင်ကို အရမ်းခိုင်မာနေစေပါတယ်။ သူတော်စင်ဘုန်းတော်ကြီးက နည်းလမ်းမျိုးစုံစဉ်းစားပြီး နောက်ဆုံးကျမှ တည်နေရာပြောင်းရွှေ့အစီအရင် ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ အဲ့အစီအရင်က လက်နက်တွေ၊ ရတနာတွေနဲ့ ဝိညာဉ်ဆေးပင်တွေကိုပဲ ပြောင်းရွှေ့ပေးနိုင်ပါတယ်။ လူသားတွေက အပြင်ဘက်ကို တည်နေရာပြောင်းရွှေ့လို့ မရပါဘူး။ အလောင်းတွေတောင် မရပါဘူး...”

“အရင်တုန်းက ဝူမျိုးနွယ်က အမိန့်တစ်ခု ပိုခဲ့ပါတယ်။ အဲ့အမိန့်က ဗုဒ္ဓဧကရာဇ်တို့ကို သတ်ပစ်ပြီး သူတို့ရဲ့ အလောင်းတွေကို အပြင်ကို ပို့လိုက်ဖို့ပါ။ ဒါပေမဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ သူတို့ကို တည်နေရာမပြောင်းရွှေ့ နိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် လက်နက်တွေကိုပဲ ပို့လိုက်ရတာပါ။ နောက်တော့ ကျွန်မတို့က ဗုဒ္ဓဧကရာဇ်တို့ကို သတ်ပစ်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မျိုးနွယ်ကနေ လိုအပ်လာရင် အသုံးချရအောင် ဗုဒ္ဓဧကရာဇ်တို့ကို အရှင်ဖမ်းထားပါဆိုပြီး အမိန့်ရောက်လာပါတယ်”

ဝူချွယ်အာက အရာအားလုံးကို ရှင်းပြလိုက်သည်။ ကျန်းရီ သက်ပြင်းလေးလေး ချလိုက်ပြီး အတင်း စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက ဝူချွယ်အာကို ထိန်းချုပ်နိုင်ထားသော်လည်း သေမင်းကုန်းမြေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် သတိလွတ်၍ မဖြစ်သလို အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံး၍လည်း မဖြစ်ပေ။ သူ စိတ်တည်ငြိမ်နေဖို့ လိုသည်။ အမှန်ပင် တည်ငြိမ်နေရမည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် မေးလိုက်သည်။

“သူတော်စင်ဘုန်းတော်ကြီးက ဘယ်သူလဲ။ သူကလည်း ဝူမျိုးနွယ်ကပဲလား။ ပြီးတော့ ဒီက သူတော်စင်အင်ပါယာက မင်းတို့ဘက်ကလူပဲလား။ ပြီးတော့ သူတော်စင်ဘုန်းတော်ကြီးနဲ့ သူတော်စင်အင်ပါယာတို့က ဘယ်လောက် စွမ်းအားကြီးကြလဲ။ ဒီမှာ မင်းတို့မျိုးနွယ်ကလူတွေ ဘယ်နှစ်ယောက် ရှိလဲ”

“ကျွန်မတောင် သူတော်စင်ဘုန်းတော်ကြီးက ဘယ်သူဆိုတာကို မသိပါဘူး”

ဝူချွယ်အာက ခေါင်းယမ်း၍ ပြောသည်။

“သူက အရမ်းလျှို့ဝှက်တယ်။ ပြီးတော့ သူက ဒီကုန်းမြေရဲ့ အဓိက ဆုံးဖြတ်ချက်ချသူပဲ။ သူတော်စင်အင်ပါယာက ကျွန်မတို့ဘက်ကလူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက သူတော်စင်ဘုန်းတော်ကြီးရဲ့ စကားတွေကို အရမ်းနာခံပါတယ်။ သူတော်စင်ဘုန်းတော်ကြီးရဲ့ စွမ်းအားကတော့... ပြိုင်ဘက်ကင်းပါတယ်။ အနည်းဆုံးတော့ ဒီသေမင်းကုန်းမြေမှာပေါ့။ အပြင်ဘက်က လာခဲ့တဲ့သူတွေက ဒီနေရာမှာ စွမ်းအားတွေ ကန့်သတ်ခံရပါတတယ်။ အဲ့ဒါကြောင့်လည်း ဗုဒ္ဓဧကရာဇ်တို့က သူတော်စင်အင်ပါယာ ဖမ်းတာကို ခံလိုက်ရတာပါ။ အခု သူတို့ကို သူတော်စင်အင်ပါယာမြို့မှာ ဖမ်းထားပါတယ်...”

“သူတို့က အဆိပ်မိထားလို့ အတွင်းအား မလှည့်ပတ်နိုင်တော့ပါဘူး။ ပြီးတော့ ဒီမှာ ဝူမျိုးနွယ်ကလူ သုံးယောက် ရှိပါတယ်။ ကျွန်မတို့အားလုံးက သူတော်စင်မတွေ၊ ဘုန်းတော်ကြီးတွေပါပဲ။ ကျွန်မက အစ်ကိုသုံးရယ်၊ ညီမခြောက်ရယ်နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က ဒီကို ရောက်လာခဲ့တာပါ”

ကျန်းရီသည် တိတ်ဆိတ်သွားပြီး သတင်းအချက်အလက်များကို တွေးတောသုံးသပ်လိုက်သည်။ ထိုစဉ် ဝူချွယ်အာက တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် မေးသည်။

“ဟုတ်သား... အရှင်... အရှင်လည်း တခြားသူတွေအများကြီးနဲ့ လာခဲ့တာမလား။ သူတို့က ဘယ်မှာပါလဲ”

“ဘာလို့လဲ”

ကျန်းရီက ဝူချွယ်အာကို ကြည့်ကာ ရှင်းပြလိုက်သည်။

“တချို့က ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ၊ တချို့က တောင်ပေါ်မှာ ပုန်းနေကြတယ်”

“သွားပြီ...”

ဝူချွယ်အာက စိုးရိမ်တကြီးနှင့် ပြောလိုက်သည်။

“သူတို့က အန္တရာယ်တွေ့နေလောက်တယ်။ ကျွန်မ သက်ရှည်မျိုးနွယ်စုကို လာစစ်ဆေးတယ်ဆိုတာ တကယ်တော့ ပတ်ဝန်းကျင်ကို တပ်သားတွေ စေလွှတ်စေပြီး အရှင်တို့ကို ရှာခိုင်းဖို့ပဲ။ တကယ်လို့ သက်ရှည်မျိုးနွယ်စုက သူတို့ကို ရှာတွေ့သွားရင်၊ မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ဝင်တိုက်ခိုက်မယ်ဆိုရင် ပြဿနာတက်သွားလိမ့်မယ်။ မျိုးနွယ်စုခေါင်းဆောင်က အတော်လေး သန်မာတယ်။ သူ့ကို ဒီနယ်မြေထဲမှာ ယှဉ်တိုက်နိုင်ဖို့ အနည်းဆုံး ကြယ်ရှစ်ပွင့်အဆင့်ရှိမှ ရမယ်”

ဗုဒ္ဓအင်ပါယာတို့ သေဆုံးပြီးမှ ထိုအကြောင်းကို ပြောမည်ဆိုလျှင် ကျန်းရီ၏ အမျက်ဒေါသကို ခံရမည်ဖြစ်ကြောင်း ဝူချွယ်အာ သိသည်။ ထို့ကြောင့် သူမသည် မည်သည်ကိုမှ မထိမ်ချန်ဘဲ ထုတ်ပြောနေခြင်းပင်။ ကျန်းရီ ‌ဒေါသထွက်လာပါက သူမ အမှန်ပင် ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလော။

“လခွမ်း... မင်း အဲ့ဒါကို ဘာလို့ စောစောမပြောတာလဲ”

ကျန်းရီသည် ဝူချွယ်အာကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

“ငါ့ကို ချက်ချင်း အပြင်ပို့ပေး၊ ပြီးတော့ တပ်သားအားလုံးကို ထွက်ခွာခိုင်းလိုက်တော့”

ဝူချွယ်အာက ကျန်းရီကို အပြင်သို့ လျင်မြန်စွာ ပို့ပေးလိုက်သည်။ အပြင်မှ အရာအားလုံးကို ရှင်းလင်းပြီးဖြစ်သည်။ လူရိုင်းများသည် ကျန်းရီကို အားကျသည့်ဟန်ဖြင့် ကြည့်နေကြသည်။ သူတော်စင်မနှင့် အခန်းတစ်ခန်းထဲတွင် အတူရှိနေနိုင်ခဲ့ခြင်းမှာ ကောင်းချီးဖြစ်သလို ဂုဏ်ယူစရာလည်း ဖြစ်သည်။

ကျန်းရီသည် ကြောက်ကြောက်ရွံ့ရွံ့ ပုံစံဖြင့် ချွေးယဲ့ဘေးသို့ ပြန်သွားလိုက်၏။ ခေတ္တနေပြီးနောက် ဝူချွယ်အာ ထွက်လာကာ လက်ဝှေ့ယမ်း၍ အမိန့်ပေသည်။

“အခု ထွက်ခွာမယ်။ ငါတို့ သက်ရှည်မျိုးနွယ်စုဆီ ပြန်ကြမယ်”

“အာ...”

လူရိုင်းများသည် သူတို့ နားကြားမှားသွားသည်ဟု ထင်မိလိုက်ကြ၏။ အစောတွင်မှ သူတို့က မိစ္ဆာနဂါးဘုရင်ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရခြင်းဖြစ်သည်။ အဘယ်ကြောင့် ယခု အနောက်သို့ ပြန်လှည့်ရမည်နည်း။ သို့သော် မည်သူကမှ သူတော်စင်မ၏ အမိန့်ကို မဆန့်ကျင်ဝံ့ပေ။ ထို့ကြောင့် အားလုံးသည် ချက်ချင်း ထွက်ခွာကာ သက်ရှည်မျိုးနွယ်စုဆီသို့ ဦးတည်လိုက်ကြလေသည်။

အဆင်းခရီးက အတက်ခရီးထက် ပိုမြန်သည်။

တစ်နာရီအတွင်းမှာပင် တပ်ဖွဲ့တစ်ဖွဲ့လုံးနီးပါး တောင်အောက်သို့ ရောက်သွားသည်။ ကျန်းရီ၊ ချွေးယဲ့နှင့် သက်ရှည်မျိုးနွယ်စုမှ လူရိုင်းများက အနောက်တွင်သာ ဆက်နေရသည်။ ကျန်းရီအနားမှ လူများသည် မေ့ရူ၏ ထိန်းချုပ်မှုကို ခံထားရပြီးဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် စကားများစွာပြောရန် မလိုဘဲ ကျားပေါ်တွင် တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ လိုက်ပါလာလေသည်။ သူသည် ရရှိထားသော သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ သုံးသပ်ရန် ကြိုးစားနေခြင်းပင်။

ကျန်းရီသည် ဝူချွယ်အာထံမှနေ၍ သတင်းများစွာ ရခဲ့သည်။

ပထမဦးဆုံး မြောက်ဘက်ဧကရာဇ်က ကြိုးကိုင်သူဖြစ်ကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။ ထိုကိစ္စတွင် ကောင်းကင်တမလွန်ဂိုဏ်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထိုအကြောင်းကို သူ‌တော်စင်ဘုန်းတော်ကြီးထံမှ သို့မဟုတ် ဆန်းကြယ်နယ်မြေ အပြင်သို့ ရောက်မှ ဝူမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်းများထံမှ အတည်ပြုရပေမည်။ သူတော်စင်ဘုန်းတော်ကြီးက အလွန်စွမ်းအားကြီးသည်ဟု ဆိုသည်။ ကျန်းရီ၊ ဗုဒ္ဓအင်ပါယာနှင့် အခြားအင်ပါယာတို့ ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့ပြိုင်ဘက် မဖြစ်လောက်ပေ။ ထို့ပြင် ဝူချွယ်အာသည် ဤနယ်မြေထဲမှ ထွက်ရန် မဖြစ်နိုင်ဟုလည်း ဆိုခဲ့သည်။ ထိုကိစ္စကို ဗုဒ္ဓအင်ပါယာတို့ကို ကယ်ပြီးနောက်တွင် တွေးတောရပေမည်။

ဒုတိယအနေဖြင့် ဗုဒ္ဓဧကရာဇ်တို့က သူ‌တော်စင်အင်ပါယာမြို့တွင် အဖမ်းခံထားရကြောင်း သိခဲ့ရသည်။ ဝူချွယ်အာက ကူညီပေးမည်ဖြစ်၍ သူတို့ကို ကယ်တင်ရန် သိပ်မခက်လောက်ပေ။

ပြဿနာမှာ ထိုနောက်တွင် မည်သို့ဆက်ဖြစ်မည်ကို မသိရခြင်းပင်။

ဤဆန်းကြယ်နယ်မြေထဲမှ ပြန်ထွက်ရန် နည်းလမ်းမရှိလျှင် အဖမ်းခံထားရသူများကို ကယ်ပြီးလျှင်ပင် သူတို့အားလုံးသည် သူတော်စင်ဘုန်းတော်ကြီးနှင့် သူတော်စင်အင်ပါယာတို့၏ လိုက်ဖမ်းမှုကို ခံရမည်ဖြစ်သည်။ အခြားပြဿနာတစ်ခုလည်း ရှိသေးသည်။ အဖမ်းခံထားရသူများကို ကယ်တင်လိုလျှင် သူတော်စင်အင်ပါယာမြို့သို့ သွားရမည်ဖြစ်သည်။ ထိုမြို့သို့ ရောက်လျှင် ဝူချွယ်အာက သူမ၏ မောင်နှစ်မများနှင့် သေချာပေါက် တွေ့ဆုံရပေလိမ့်မည်။ သူတော်စင်ဘုန်းတော်ကြီး သို့မဟုတ် သူတော်စင်အင်ပါယာကလည်း သူမကို ဆင့်ခေါ်နိုင်သည်။ အကယ်၍ တစ်ယောက်ယောက်က သူမ ထိန်းချုပ်ခံထားရသည်ကို သိသွားပါက ကျန်းရီသည် ဗုဒ္ဓဧကရာဇ်တို့ကို ကယ်တင်နိုင်တော့မည် မဟုတ်ဘဲ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။

ဤဆန်းကြယ်နယ်မြေ၏ အာကာပြင်က မယုံနိုင်လောက်အောင် ခိုင်မာသည်။ ထို့ပြင် ကျန်းရီတို့၏ စွမ်းအားများနှင့် အမြန်နှုန်းက များစွာကန့်သတ်ခံထားရသည်။ သို့သော် ဒေသခံများကမူ ဤနေရာတွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်၍ နေသားကျကာ အလွန်သန်မာနေကြသည်။ ထို့ပြင် သူတို့၏ ခံနိုင်ရည်ကလည်း တုန်လှုပ်ဖွယ်ကောင်းသည်။

ကျန်းရီသည် ဝူချွယ်အာကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း ပို၍ပင် စိတ်ပူမိနေသည်။ အတန်ကြာ တွေးတောပြီးနောက် လောလောဆယ်တွင် များစွာ မတွေးသေးရန် သူ ဆုံးဖြတ်လိုက်သည်။ အရင်ဆုံး ဗုဒ္ဓအင်ပါယာတို့ကို ကယ်တင်ပြီးမှ သူတို့ကို အကျိုးအကြောင်း ပြောပြကာ အားလုံးခေါင်းချင်းဆိုင်၍ တွေးတောရမည်ဖြစ်သည်။

***

ကျန်းရီတို့သည် ထိုတောင်ကို ရောက်ဖို့ ခုနစ်ရက်ကျော် ရှစ်ရက် လာခဲ့ရသည်။ ထို့ကြောင့် တပ်ဖွဲ့သည် အရှိန်မြှင့်ကာ သွားနေသော်လည်း သက်ရှည်မျိုးနွယ်စုသို့ ပြန်ရောက်ရန် ငါးရက်၊ ခြောက်ရက်လောက် လိုပေလိမ့်မည်။ သူတို့သည် လမ်းတစ်လျှောက်တွင် သားရဲများ၏‌ နှောင့်ယှက်မှုများကို မပြတ်ခံနေရသေးသည် မဟုတ်ပါလား။ ကျန်းရီသည် စိတ်လှုပ်ရှားနေသော်လည်း အကြောင်းမရှိဘဲ သူတော်စင်မနှင့် စကားသွားမပြောဝံ့ပေ။ သံသယများ များပြားလာလျှင် သူ သူတော်စင်အင်ပါယာမြို့ကို ရောက်သည်နှင့် အသတ်ခံရပေလိမ့်မည်။

ကျန်းရီတို့က သက်ရှည်မျိုးနွယ်စုသို့ ခရီးပြင်းနှင်နေစဉ်တွင် အရှေ့ဘက် တော်ဝင်နယ်မြေ၌ ကိစ္စကြီးတစ်ခု ထပ်မံ ဖြစ်ပျက်နေသည်။ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က သူတို့၏ လူများနှင့် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်ရောက်လာကြသည်။

မျိုးနွယ်ကြီးများမှ ခေါင်းဆောင်များနှင့် မြို့ကြီးများ၏ မြို့အရှင်များက မြောက်ဘက်ဧကရာဇ်မြို့တွင် ဧကရာဇ်များ ပြန်လာမည်ကို စောင့်နေခဲ့ကြသည်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ကြယ်ကိုးပွင့်အဆင့် ပညာရှင် သုံးယောက်ရှိခဲ့သည်။ ယခုတွင်မူ မြောက်ဘက်ဧကရာဇ်သာ ကျန်တော့သည်။ ထို့ကြောင့် အားလုံးသည် မြောက်ဘက်ဧကရာဇ်က တိုက်ပွဲခေါ်၍ အရှေ့ဘက် တော်ဝင်နယ်မြေကို ထပ်မံစုစည်းကာ မဟာမိတ်စစ်တပ် ပြန်ဖွဲ့ပေးရန် မျှော်လင့်နေကြသည်။ သူတို့သည် အတူတကွပူးပေါင်း၍ ထိုကပ်ဘေးကို ကျော်ဖြတ်ရပေမည်။

ပျက်သုဉ်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ လူသားမျိုးနွယ်က မကြုံစဖူး စည်းလုံးလာသည်။ အားလုံးသည် မြောက်ဘက်ဧကရာဇ်မြို့ထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ မြောက်ဘက်အင်ပါယာနှင့် ဝူနီတို့က ဧည့်သည်တော်များကို ကိုယ်တိုင် ကြိုဆိုကာ နေရာချထားပေကြသည်။

ကျန်းရီက သက်ရှည်မျိုးနွယ်စုသို့ အပြန်ခရီးတွင် လမ်းတစ်ဝက်ရောက်သောအခါ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်စုနှင့်အတူ မြောက်ဘက်ဧကရာဇ်မြို့သို့ တည်နေရာပြောင်းရွှေ့လာကြသည်။

ထိုညတွင် မြောက်ဘက်ဧကရာဇ်က မျိုးနွယ်ကြီးများ၏ ခေါင်းဆောင်အားလုံးကို ဝူရဲတိုက်ဝန်းထဲရှိ ရင်ပြင်ထဲတွင် စုဝေးစေလိုက်သည်။ ကြီးမားသော ရင်ပြင်ထဲတွင် လူသောင်းနှင့်ချီနှင့် ပြည့်ကြပ်နေသည်။ ထို့နောက် ဓားဧကရာဇ် ကြေညာလိုက်သော အရာက အားလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ အောင်းလုက အမှန်ပင် ကြိုးကိုင်သူ ဖြစ်ပြီး တိုက်ပွဲဧကရာဇ်ကို သတ်သွားသူမှာ ကျန်းရီဖြစ်သည်။ သူတို့သည် သံမဏိကဲ့သို့ ခိုင်မာသော သက်သေကို ရခဲ့ပေပြီ။

***

All Chapters