ခေါင်းဆောင်
Vol. 88 Ch. 1228
သက်သေမှာ ချိပ်စည်းကျောက်တုံးတစ်တုံးဖြစ်သည်။
ချိပ်စည်းကျောက်တုံးက ပုံရိပ်များကို မှတ်တမ်းတင်နိုင်သည်။ ထိုချိပ်စည်းကျောက်တုံးကို မီးတောက်နယ်မြေမှ အကြီးအကဲတစ်ယောက်က ပေးခဲ့ခြင်းဖြစ်သည်။ အထဲမှ ပုံရိပ်တွင် ကျန်းရီ၏ပုံ မပါသလို အောင်းလု သို့မဟုတ် ကျန်းရီက တိုက်ပွဲဧကရာဇ်ကို သတ်နေသည့် ပုံလည်း မပါပေ။
သို့သော် ကောင်းကင်ထဲတွင် ခပ်ရေးရေး လူရိပ်နှစ်ခုက ထိပ်တန်းအလျင်ဖြင့် ပျံသန်းနေသောပုံရိပ် ပါပေသည်။ ထိုလူရိပ်များ၏ အမြန်နှုန်းက အလွန်မြန်သည်။ သူတို့က ထိပ်တန်း သိုင်းပညာရှင်များဖြစ်ကြောင်း ထင်ရှားသည်။ သူတို့ထဲက တစ်ယောက်မှာ ဆံပင်အစိမ်းရောင်နှင့် ဖြစ်ပြီး၊ ကျန်တစ်ယောက်က အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။
မျိုးနွယ်ကြီးများမှ နတ်ဘုရားတစ်ပိုင်းများသည် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ကြားမှ စစ်ပွဲတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် ၎င်းပုံရိပ်ကို မြင်သောအခါ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ထရပ်ကာ အော်ပြောလိုက်သည်။
“အဲ့ဒါက အောင်းလုနဲ့ အနက်ရောင်နတ်ဘုရားပဲ”
“သူတို့က တကယ်ကို စွမ်းအားကြီး မိစ္ဆာသားရဲတွေပဲ”
“ဒီချိပ်စည်းကျောက်တုံးထဲက ပုံရိပ်ကို မီးတောက်နယ်မြေမှာ ဖမ်းမိခဲ့တာဆိုတော့ အောင်းလုနဲ့ အနက်ရောင်နတ်ဘုရားက မီးတောက်နယ်မြေမှာ ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့တာလား။ အချိန်နဲ့ နေရာက တိုက်ဆိုင်လွန်းနေတယ်။ ဘာမှ မမှားနိုင်တော့ဘူး... သေချာပေါက် အောင်းလုက တိုက်ပွဲဧကရာဇ်ရဲ့ သေဆုံးခြင်းနဲ့ ပတ်သတ်နေမှာပဲ။ တိုက်ပွဲဧကရာဇ်ကို သတ်ဖို့ အောင်းလုနဲ့ ကျန်းရီတို့က အင်အားပူးပေါင်းခဲ့တာ ဖြစ်မယ်”
“ဟုတ်တယ်... ဓားဧကရာဇ်က မပြောခဲ့ဘူးလား၊ သူတို့ လိုက်ဖမ်းခဲ့တဲ့ ရန်သူက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးခဲ့တယ်လို့။ အဲ့ရန်သူက ကျန်းရီပဲ ဖြစ်ရမယ်။ သူပဲ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်တာ။ ဘာမှ မှားစရာ မရှိဘူး...”
“မျိုးမစစ် သစ္စာဖောက် ကျန်းရီ... ဆန်းကြယ်ဧကရာဇ်က အမြင်မှောက်ပြီး မင်းလို တိရိစ္ဆာန်ကောင်ကို ဆန်းကြယ်နတ်ဘုရားနန်းတော် ဆက်ခံစေခဲ့မိတာနေမှာ”
ဝူရဲတိုက်ဝန်းထဲရှိ ရင်ပြင်မှ လူများက ဒေါသတကြီးဖြင့် အော်ဟစ်ကာ ကျန်းရီကို ကျိန်ဆဲကြသည်။ မျိုးနွယ်ကြီးများသည် သူတို့၏ဒေါသက အမှန်တရားဘက်မှ ဒေါသဟု ယုံကြည်ကြသည်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဆက်ခံသွားနိုင်ခဲ့ခြင်းကပင် သူတို့ကို ဒေါသထွက်နေစေပြီဖြစ်သည်။ ထို့ပြင် သူက တိုက်ပွဲအတွင်းတွင် မိစ္ဆာမျိုးနွယ်ဘက်မှ ရပ်တည်ခဲ့ရာ သူ့ကို မုန်းသူများ ပိုများလာခဲ့သည်။ ထို့ကြောင့် ၎င်းချိပ်စည်းကျောက်တုံးထဲမှ ပုံရိပ်က အစစ်အမှန် ဟုတ်၊ မဟုတ်ကိုပင် မည်သူမှ မတွေးကြတော့ပေ။ သူတို့သည် ကျန်းရီနှင့် အောင်းလုက ကြိုးကိုင်သူအစစ်အမှန်များဟု တန်း၍ ကောက်ချက်ချလိုက်ကြသည်။
ထိုသို့ကောက်ချက်ချရန် လွယ်ကူသော်လည်း မည်သို့ဆက်လုပ်ရမည်ကိုမူ မည်သူမှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရီထံတွင် ဆန်းကြယ်နတ်ဘုရားနန်းတော် ရှိနေ၍ပင်။ ထို့ပြင် သူ့တွင် ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်လည်း ရှိနေသေးသည်။ ၎င်းတို့က ကျန်းရီကို ပြိုင်ဘက်ကင်း ဖြစ်နေစေသည်။ တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့ပင် သူ့ကို မသတ်နိုင်ခဲ့လျှင် မည်သူက သတ်နိုင်ပါမည်နည်း။
ထို့ပြင် ကျန်းရီဘက်၌ ကျန်းရှောင်နူနှင့် မြေခွေးလေးလည်း ရှိနေသည်။ ကျန်းရီက မိစ္ဆာစစ်တပ်ကို ဦးဆောင်၍ အရှေ့ဘက် တော်ဝင်နယ်မြေု တိုက်ခိုက်မည်ဆိုလျှင် မြေခွေးလေးသည် သေချာပေါက် ကောင်းကင်ဧကရာဇ်အားလုံးကို ညှို့လိုက်ပေလိမ့်မည်။ ထို့နောက် ကျန်းရှောင်နူ၊ အောင်းလုနှင့် ကျန်းရီတို့က အင်အားပူးပေါင်းကာ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကို သတ်ကြပေမည်။ ထိုသို့ဖြစ်လာလျှင် သူတို့ကို မည်သူက အနိုင်ယူနိုင်တော့မည်နည်း။
မိစ္ဆာစစ်တပ်က အမှန်ပင် အရှေ့ဘက် တော်ဝင်နယ်မြေကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် ပရမ်းပတာ စစ်ပွဲကြီးတစ်ခု ဖြစ်လာကာ လူသားမျိုးနွယ်၏ တစ်ဝက်ကျော်လောက် မျိုးပြုတ်သွားနိုင်သည်။ ထိုအခါ ကျန်းရီထံတွင် လက်အောက်ခံလျှင်ခံ၊ မခံလျှင် သေရန်သာ ရှိပေလိမ့်မည်။
မျိုးနွယ်ကြီးများသည် သစ္စာဖောက်တစ်ယောက်ထံတွင် လက်အောက်ခံလိုပါမည်လော။ သူတို့သည် ကျန်းရီနှင့် မိစ္ဆာများထံတွင် အောက်ကျို့ကာ ရှင်သန်နိုင်ပါမည်လော။ ထိုသို့ တွေးမိသောအခါ အားလုံး မခံမရပ်နိုင် ဖြစ်သွားကြသည်။ ထို့ပြင် ဤတစ်ခေါက်၌ မျိုးနွယ်ကြီးများမှ စွမ်းအားကြီး သိုင်းပညာရှင်များအားလုံး ကျဆုံးသွားလျှင် ကျန်လူသားမျိုးနွယ်သည် နှစ်ပေါင်းများစွာ ကြာအောင် မိစ္ဆာများ၏ အုပ်စိုးမှုအောက်တွင် နေရပေလိမ့်မည်။ ကျန်းရီ သေသွားပြီးနောက်တွင် လောကကြီးက ရှေးခေတ်ကကဲ့သို့ မဟာမိစ္ဆာကိုလိုနီနယ်နမိတ် ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် လူသားမျိုးနွယ်သည် အမှန်ပင် ဒုက္ခခံရရမည်ဖြစ်သည်။
လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အများစုက ကျန်းရီနှင့် အောင်းလုတို့ကို ကျိန်ဆဲနေကြပြီး အချို့က သူတို့ကို အနိုင်ယူနိုင်မည့် ဗျူဟာများ ဆွေးနွေးနေကြသည်။ ထိုအခိုက်တွင် လူအချို့သည် မဟာမိတ်စစ်တပ် ပြန်ဖွဲ့စည်း၍ အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာအားလုံးကို သတ်ပစ်ကာ ကျန်းရီနှင့် သူသေကိုယ်သေ ရင်ဆိုင်ရန်ပင် ပြောလာကြသည်။
ထိုနေရာတွင် ထန်ရှန်းကျိလည်း ရှိနေသည်။ သူသည် ပူပင်သော မျက်နှာထားဖြင့် ထိုင်နေပြီး ဒေါသထွက်နေသော လူအုပ်ကြီး၏ မကျေမနပ် အော်ဟစ်သံများကို နားထောင်နေလေသည်။ လူများသည် ဒေါသကြောင့် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။ ရုတ်တရက် သူ ချောင်းနှစ်ချက်ဟန့်လိုက်သည်။ ရုတ်ခြည်းပင် အားလုံး တိတ်ဆိတ်သွားသည်။
ထန်ရှန်းကျိသည် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်မှ ရဲတိုက်များကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ပြောလိုက်လေသည်။
“အားလုံးပဲ စိတ်ငြိမ်ငြိမ်ထားကြပါ။ တိုက်ပွဲဧကရာဇ် မသေခင်တုန်းက ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်ကလူက ကျန်းရီနဲ့ အောင်းလုဆိုတာကို အတည်ပြုမသွားနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် အခု ကျုပ်တို့ လုပ်ရမှာက လူတွေ စေလွှတ်ပြီး ကျန်းရီကို ရှာဖို့ပါပဲ။ ရှာတွေ့မှ ကျန်းရီဆီက ရှင်းပြချက် တောင်းရပါမယ်။ အားလုံးကို သေချာအတည်ပြုပြီးမှ လက်စားချေဖို့ကို ဆက်ပြောသင့်ပါတယ်။ တကယ်လို့ ကျန်းရီက ဒီကိစ္စနဲ့ မသက်ဆိုင်ဘူးဆိုရင် အဆုံးမဲ့ပင်လယ်နက်မှာ သူပြောခဲ့သလိုပဲ လူသားနဲ့ မိစ္ဆာ တိုက်ကြရင် သူ လူသားဘက်က ရပ်တည်ပါလိမ့်မယ်...”
ထန်မျိုးနွယ်သည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူသားများကို အဓိကထားခဲ့သည်။ သူသည် ကျန်းရီအပေါ် ယခင်ကတည်းက အကောင်းမြင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ကျန်းရီနှင့် ဆက်ဆံရေးကောင်းများ ဖန်တီးလိုနေသည်။ သူ၏ လူအကဲခတ်မှုက လွဲခဲပေသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် အားလုံးက ပြောနေသကဲ့သို့ ဆိုးသွမ်းလိမ့်မည်ဟု သူ မယုံပေ။ အဘယ်ကြောင့် ဆန်းကြယ်ဧကရာဇ်က ထိုကဲ့သို့ ဆိုးသွမ်းသူတစ်ယောက်ကို သူ၏ပစ္စည်းများ ဆက်ခံခိုင်းမည်နည်း။
“ဟွန်း...
ထန်ရှန်းကျိ၏ စကားများက လူများစွာကို မကျေမနပ် ဖြစ်သွားစေ၏။ ရှေးဟောင်းမျိုးနွယ်တစ်ခုမှ မျိုးနွယ်ခေါင်းဆောင်ကလည်း ထရပ်ကာ ပြောလိုက်သည်။
“ထန်မျိုးနွယ်ခေါင်းဆောင်... ခင်ဗျားက ဘာတွေကိ အတည်ပြုချင်သေးလို့လဲ။ ချိပ်စည်းကျောက်တုံးကို အတုလုပ်လို့ ရမှာလား။ အောင်းလုနဲ့ အနက်ရောင်နတ်ဘုရားကို အတုလုပ်လို့ ရမှာလား။ ပြီးတော့ ကျန်းရီကလွဲလို့ ဘယ်သူက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်သေးလို့လဲ။ ခင်ဗျားက ကျန်းရီကို ဒီကိုခေါ်လာပြီး ရှင်းပြချက်တောင်းမယ်ပေါ့လေ။ ဟားဟားဟား... ပြီးခဲ့တဲ့ တိုက်ပွဲပြီးသွားကတည်းက ခင်ဗျား ကျန်းရီအကြောင်းကို ကြားခဲ့ရဲ့လား။ သူက အဆုံးမဲ့ပင်လယ်နက်ထဲမှာ နေပြီး အဲ့က မိစ္ဆာတွေနဲ့ အကြံအစည်တွေ ထုတ်နေတယ်ဆိုတာ အသိသာကြီးပဲ။ သူက လူသားတွေကို ကူညီလိမ့်ဦးမယ်လို့ ခင်ဗျား မျှော်လင့်နေတာလား။ အဲ့ဒါက ဟာသပဲ”
ထန်ရှန်းကျိက မည်သို့မှ ပြန်မပြောနိုင်ခင်မှာပင် သားရဲဧကရာဇ်က ဒေါသတကြီး အော်ပြောလိုက်သည်။
“ကျုပ်တို့က ဘာတွေကို အတည်ပြုရဦးမှာလဲ။ ထန်ရှန်းကျိ... ခင်ဗျား ရူးနေပြီလား။ ဘာတွေများ ထပ်သိဖို့ လိုသေးလို့လဲ။ ခင်ဗျားက ကျန်းရီကို အကြိမ်ကြိမ် ကူညီပေးခဲ့တယ်။ ခင်ဗျားက သူနဲ့ ပတ်သတ်မှုရှိနေတာလား။ သူက မိစ္ဆာစစ်တပ်ကို ဦးဆောင်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေကို လာတိုက်မှ သူက လူသတ်သမားဆိုတာ ခင်ဗျား ယုံမှာလား။ ဒီတစ်ခေါက် ကျုပ်တို့က ဘာလုပ်ဖို့ စုဝေးကြတာလဲ။ ရန်သူကို တိုက်ခိုက်ဖို့ နည်းလမ်းတွေကို အားလုံး ခေါင်းချင်းဆိုင်ပြီး စဉ်းစားဖို့ မဟုတ်ဘူးလား။ ကျုပ်တို့က တစ်စိတ်တစ်ဝမ်းတည်း မဟုတ်ရင် ဒီစုဝေးပွဲကို ဖျက်သိမ်းပစ်လိုက်တော့။ ကိုယ်အိမ်ကိုယ်ပြန်ပြီး သေမှာပဲ စောင့်နေကြတော့”
လူများစွာသည် သားရဲဧကရာဇ်၏ စကားများကို ထောက်ခံလိုက်ကြသည်။ သူတို့သည် လက်ဖက်ရည်သောက်ရန် စုဝေးခြင်းမဟုတ်။ ပြဿနာအတွက် အဖြေရှာရန် စုဝေးခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ အကြီးမားဆုံးရန်သူများကို ရင်ဆိုင်ရန် အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဆွေးနွေးရမည်ဖြစ်သည်။ ဤကဲ့သို့သော အချိန်တွင် မစည်းလုံးပါက အောင်းလုနှင့် ကျန်းရီတို့ လာတိုက်သည်အခါ လူသားမျိုးနွယ်က ကူကယ်ရာမဲ့နေပေလိမ့်မည်။
စစ်ဖုန်းထျန်းက စစ်မျိုးနွယ်ကိုယ်စား ထပြောသည်။ သူသည် ထရပ်ကာ လူအားလုံးကို လက်ဝှေ့ယမ်း၍ အော်ပြောလိုက်သည်။
“သားရဲဧကရာဇ်ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့က မဟာမိတ်တစ်ခု ဖွဲ့ဖို့ လိုအပ်နေတာပါ။ ကျွန်တော်တို့ရဲ့ အင်အားကို ပူးပေါင်းပြီး ရန်သူကို အတူတကွ တိုက်ခိုက်ရမှာပါ။ ဒီနေ့ လူအများကြီး စုဝေးနေကြတာဆိုတော့ အခု ကျွန်တော် မဲခွဲချင်ပါတယ်။ ကျွန်တော်က စစ်မျိုးနွယ်ရဲ့ ကိုယ်စား မဟာမိတ်အဖွဲ့မှာ ပူးပေါင်းမယ်လို့ မဲပေးပါတယ်”
“ကျုပ်လည်း ရှစ်မျိုးနွယ်ကိုယ်စား မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းမယ်လို့ မဲပေးတယ်”
“ကျုပ်လည်း ရွှမ်မျိုးနွယ်ကိုယ်စား မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းမယ်လို့ မဲပေးတယ်”
“ဖီးနစ်ဂိုဏ်းကလည်း မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းမယ်”
“...”
လူများစွာသည် သူတို့၏မျိုးနွယ်များ၊ ဂိုဏ်းများကိုယ်စား အော်၍ မဲပေးနေကြသည်။ သို့သော် သားရဲဧကရာဇ်၊ ဓားဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများက တစ်ခွန်းမှ ဝင်မပြောကြပေ။ မြောက်ဘက်ဧကရာဇ်သည် အိမ်ရှင်ထိုင်ခုံတွင် ထိုင်ကာ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည်။ မျိုးနွယ်ကြီးများမှ မျိုးနွယ်ခေါင်းဆောင်များသည် မြောက်ဘက်ဧကရာဇ်က နှုတ်ဆိတ်နေကြောင်း တွေ့လိုက်သောအခါ စကားမပြောဝံ့ကြတော့ပေ။ ထန်ရှန်းကျိကလည်း စက္ကန့်များစွာ စောင့်ဆိုင်းပြီးမှ မြောက်ဘက်ဧကရာဇ်ဘက်လှည့်ကာ ပြောလိုက်သည်။
“ဝူရှန်း... ခင်ဗျားရော ဘယ်လိုမြင်လဲ”
“ကျုပ် ဘယ်လိုမှ မမြင်ဘူး”
မြောက်ဘက်ဧကရာဇ်က ပြန်ပြောသည်။
“ခင်ဗျားတို့ ဆွေးနွေးပါ။ ကျုပ် အများစုရဲ့ အမြင်ကို လက်ခံပါမယ်”
“အာ...”
ထန်ရှန်းကျိနှင့် မျိုးနွယ်ခေါင်းဆောင်များသည် အချင်းချင်း အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ မြောက်ဘက်ဧကရာဇ်၏စကားက သူ၏အကျင့်စရိုက်နှင့် ကွဲပြားနေသည်။ ကြည့်ရသည်မှာ သူသည် ဦးဆောင်၍ သတ္တိမရှိတော့ဘဲ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် မဖြစ်လိုတော့ခြင်း ဖြစ်မည်။ သို့သော် သူက အသက်ရှင်ကျန်နေသေးသည့် တစ်ဦးတည်းသော ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်ဖြစ်သည်။ သူက မဟာမိတ်အဖွဲ့ကို မဦးဆောင်လျှင် မည်သူက ဦးဆောင်မည်နည်း။
သားရဲဧကရာဇ်က ဒေါသတကြီးဖြင့် ထပ်အော်ပြောသည်။
“ဝူရှန်း... ဒါက ခင်ဗျားရဲ့ တာဝန်ကို ရှောင်လွှဲနေတာပဲ။ ဒီလို အချိန်မျိုးမှာ ခင်ဗျားက ကျုပ်တို့ကို ဦးမဆောင်ချင်တော့ဘူးလား။ အဲ့ဒါဆို ခေါင်းဆောင်နေရာကို ဘယ်သူက ယူရဲမှာလဲ။ ခင်ဗျား ထိုင်နေပြီး ဘာမှမလုပ်လို့ မရဘူး။ ပြီးတော့... ခင်ဗျားရဲ့ မျိုးနွယ်က ကျန်းရီနဲ့ ရန်ငြိုးရှိတယ်။ ခင်ဗျား အားလုံးအတွက် မလုပ်ချင်ရင်တောင် ဝူမျိုးနွယ်အတွက် လုပ်ရမှာပဲ”
ဟူး...
မြောက်ဘက်ဧကရာဇ်က ထရပ်လိုက်ပြီး အားလုံးကို ဝေ့ဝဲကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒီမဟာမိတ်အဖွဲ့အတွက် ကျုပ် ခေါင်းဆောင်မဖြစ်နိုင်ပါဘူး။ အရင်တုန်းက တိုက်ပွဲဧကရာဇ်က ခေါင်းဆောင်ခဲ့တာပါ။ သူ ဘာဖြစ်သွားခဲ့လဲ။ ဒီလိုအချိန်မျိုးမှာ အားလုံးက ကိုယ့်အကြောင်းနဲ့ကိုယ်ရှိကြပါတယ်။ ကျုပ် ဒီကိစ္စမှာ ဆက်ပြီး ဦးမဆောင်ချင်တော့ဘူး။ ခင်ဗျားတို့ပဲ ခေါင်းဆောင်တစ်ယောက်ကို ရွေးလိုက်ကြပါ။ ကျုပ် လူအများရဲ့ ဆန္ဒကို နာခံပါမယ်။ အလွန်ဆုံးမှ... ဝူမျိုးနွယ်က ပုန်းနေလိုက်ရုံပါပဲ။ ကျုပ် အတော်လေး ပင်ပန်းနေပါပြီ”
“ဝိုး...”
အားလုံး ဒေါသထွက်သွားကြသည်။ မြောက်ဘက်ဧကရာဇ်က သူ ကြောက်နေသည်ဟု ဆိုနေခြင်းလော။ သူက မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာလျှင် တိုက်ပွဲဧကရာဇ်ကဲ့သို့ အဆုံးသတ်ရမည်ကို ကြောက်နေသည်လော။
မုဆိုးသည် ထင်ပေါ်သော ငှက်ကို ပစ်မည်ဖြစ်သည်။ ကျန်းရီသည် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ကို အရင် သတ်ပေလိမ့်မည်။ သို့သော် မြောက်ဘက်ဧကရာဇ်သည်ပင် ထိပ်ဆုံးက သေရမည်ကို ကြောက်နေလျှင် မည်သူက ရှေ့ထွက်ဝံ့တော့မည်နည်း။ မည်သူက အားလုံး၏ လေးစားမှုကို ရမည်နည်း။ ထို့ပြင် မြောက်ဘက်ဧကရာဇ်က ပုန်းအောင်းရန် ပြောနေပေသည်။ ကြည့်ရသည်မှာ ဝူမျိုးနွယ်က ပုန်းအောင်းရန် နေရာကောင်းတစ်ခုကို ရှာတွေ့ထားပြီးပုံပင်။ သို့သော် အခြားမျိုးနွယ်များတွင် ထိုကဲ့သို့ နေရာကောင်းတစ်ခု မရှိပေ။ သူတို့ တိုက်ခိုက်ကာ ရှုံးနိမ့်ခဲ့လျှင် သူတို့၏မျိုးနွယ်များက ပျက်သုဉ်းရမည်ဖြစ်သည်။
အားလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ သူတို့သည် မည်သို့ လုပ်ရမည်ကို မသိဘဲ စတင် တုန်လှုပ်လာကြသည်။ ထန်ရှန်းကျိလည်း တုန်လှုပ်နေပြီဖြစ်သည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် မြောက်ဘက်ဧကရာဇ်က ခေါင်းရှောင်နေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ် မဟာမိတ်အဖွဲ့ကို ဖွဲ့နိုင်ရန် မျှော်လင့်ချက် မရှိလောက်တော့ပေ။
***