လူသားမျိုးနွယ် မဟာမိတ်စစ်တပ်
Vol. 88 Ch. 1229
“ဟွန်း...”
ဓားဧကရာဇ်၏ အေးစက်စက်မျက်ဝန်းများက အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ရုတ်တရက် သူ ထရပ်ကာ အော်ပြောလိုက်သည်။
“ဝူရှန်း... ခင်ဗျား ခေါင်းရှောင်လို့ မရဘူး။ ခင်ဗျား ခေါင်းရှောင်ရင် လူသားမျိုးနွယ်က သေချာပေါက် ပျက်သုဉ်းသွားလိမ့်မယ်။ ခင်ဗျား ဒီမဟာမိတ်အဖွဲ့ကို ဦးဆောင်ပေးရမယ်။ လူတွေက ခင်ဗျားအမိန့်ကို မနာခံမှာကို ခင်ဗျားက စိုးရိမ်နေတာလား။ သူတို့က ခင်ဗျားဆီမှာ လက်အောက်မခံမှာကို စိတ်ပူတာလား။ အဲ့ဒါက ဖြေရှင်းဖို့ လွယ်ပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ကို တကယ်ဖွဲ့ကြပြီဆိုရင် ခင်ဗျားရဲ့ အမိန့်တွေကို မလိုက်နာတဲ့လူတိုင်းကို ရှင်းပစ်လိုက်ရုံပေါ့”
သားရဲဧကရာဇ်ကလည်း ဝင်ထောက်ခံသည်။
“ဟုတ်တယ်... ဝူရှန်း၊ ခင်ဗျား ခေါင်းဆောင်ဖြစ်လာလို့ရှိရင် တစ်ယောက်ယောက်က ခင်ဗျားကို ဆန့်ကျင်တာနဲ့ ကျုပ် သူ့ရဲ့ မိသားစုတစ်စုလုံးကို သတ်ပစ်မယ်”
“အာ...”
ထန်ရှန်းကျိသည် ဒေါသဖြစ်နေသော ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကို လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း သူ ခံစားလာရသည်။ ထိုဧကရာဇ်နှစ်ပါးစလုံးက ဝူရှန်းကို ကာကွယ်ပေးနေကြသည်လော။ ပြီးခဲ့သောအခေါက်က မဟာမိတ်စစ်တပ်အတွက် အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူတို့က မြောက်ဘက်ဧကရာဇ် ဝူရှန်းကိုသာ ခေါင်းဆောင်တင်နေကြသည်လော။ သူတို့က အားလုံးကိုပင် ဝူရှန်း၏ အမိန့်များကို နာခံစေချင်နေသည်လော။ ထိုဧကရာဇ်နှစ်ပါးစလုံးသည် မြောက်ဘက်ဧကရာဇ်ကို နိုင်ငံတော်တစ်ခု ထူထောင်၍ လောကကြီးကို သိမ်းပိုက်နိုင်ရန် ကူညီပေးကြတော့မည်လော။
လူများသည် မဟာမိတ်အဖွဲ့ ဖွဲ့ဖို့ ဆွေးနွေးရန်အတွက် ဤတစ်ခေါက်တွင် စုဝေးကြခြင်းဖြစ်သည်။ ထို့ကြောင့် ဤတစ်ခေါက်ကလည်း ယခင်တစ်ခေါက်ကနှင့် တူညီလိမ့်မည်ဟု ထန်ရှန်းကျိ ထင်ခဲ့သည်။ ဂုဏ်သတင်းကြီးသော မျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်များက အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ဆုံးဖြတ်ချက်တစ်ခုချရန် အားလုံးက ဆွေးနွေး၊ မဲခွဲကြလိမ့်မည်ဟု တွေးခဲ့သည်။
သို့သော် ယခု အခြေအနေများအရ ဝူရှန်း ခေါင်းဆောင်ဖြစ်သွားသည်နှင့် မဟာမိတ်စစ်တပ်ထဲရှိ လူအားလုံးက သူ၏ အမိန့်များကို မေးခွန်းမထုတ်ဘဲ လက်ခံရတော့မည့်ပုံပင်။ ထိုအခါ သူက ထိပ်ဆုံးမှ မဟာဧကရာဇ် ဖြစ်လာပေလိမ့်မည်။ သူ့ကို ဆန့်ကျင်သူတိုင်းက ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ လက်ထဲတွင် သေရပေလိမ့်မည်။ သို့ဆိုလျှင် ဝူရှန်းက လူသားမျိုးနွယ်တစ်ခုလုံး၏ မဟာဧကရာဇ် ဖြစ်မသွားသလော။
ထန်ရှန်းကျိ၊ ရှေးဟောင်းမျိုးနွယ်အချို့မှ မျိုးနွယ်ခေါင်းဆောင်များနှင့် လျှို့ဝှက်ဂိုဏ်ကြီးများမှ ဂိုဏ်းချုပ်များက အရူးမဟုတ်ပေ။ သူတို့သည် လျှို့ဝှက်အကြံအစည်ကို ချက်ချင်း သိမြင်သွားကြသည်။ သို့သော် ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ လက်ရှိ မျက်နှာထားများနှင့် ဖြစ်ပွားလာသော အခြေအနေကြောင့် မည်သူမှ ထမပြောရဲကြပေ။ သူတို့သည် သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့ကို ဒေါသဖြစ်သွားအောင် မလုပ်ဝံ့ချေ။ မဟုတ်လျှင် သူတို့ အသတ်ခံရပေလိမ့်မည်။
မြောက်ဘက်ဧကရာဇ်၏ မျက်နှာထားက တည်ငြိမ်နေဆဲပင်။ သူ တည်တည်ငြိမ်ငြိမ် ခေါင်းခါလိုက်သည်။
“ဟင့်အင်း... ကျုပ်က ကျန်းရီရဲ့ ကမ္ဘာ့ရန်သူပဲ။ ကျုပ်သာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာရင် နောက်ပြန်လှည့်လို့ရတော့မှာ မဟုတ်ဘူး။ နောင်ကြီးရှန်းကျိ... ဘာလို့ ခင်ဗျား ခေါင်းဆောင်မလုပ်တာလဲ။ အဲ့ဒါဆို ခင်ဗျား ကျန်းရီနဲ့ ဆွေးနွေးနိုင်လိမ့်မယ်။ ဆွေးနွေးလို့ အဆင်ပြေသွားရင် အားလုံး တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့...”
မရေမတွက်နိုင်သော မျက်လုံးများက ထန်ရှန်းကျိကို လှည့်ကြည့်လိုက်ကြသည်။ ထို့ကြောင့် ထန်ရှန်းကျိ ရင်တုန်သွားပြီး နောက်ဆုတ်သွားမိသည်။ ထိုအကြည့်များက ဖော်ရွေသော အကြည့်များ မဟုတ်ပေ။ သတ်ဖြတ်အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။ ဝူရှန်း၏ စကားများနောက်ကွယ်တွင် လျှို့ဝှက်အဓိပ္ပာယ်များ ပါပေသည်။ သူသည် ထန်ရှန်းကျိက ကျန်းရီနှင့် တစ်နည်းနည်း ပတ်သတ်နေသည်ဟု အရိပ်အမြွက်ပေးနေခြင်းပင်။ ထန်ရှန်းကျိက ကျန်းရီကို အကြိမ်ကြိမ် ကာပြောနေခဲ့သဖြင့် အားလုံးနှင့် တစ်စိတ်တစ်ဝမ်းတည်း မဟုတ်ချေ။ ထို့ကြောင့် အားလုံးသည် ထန်ရှန်းကျိက မြောက်ဘက်ဧကရာဇ်၏ အမိန့်များကို ဆန့်ကျင်မည့်သူဟု မြင်လာကြသည်။
ထန်ရှန်းကျိသည် သားရဲဧကရာဇ်၏ စူးရှသော အကြည့်များကို ကြည့်လိုက်ပြီး ခေါင်းကိုက်သွား၏။ သူက အဘယ်သို့ ခေါင်းဆောင် ဖြစ်နိုင်မည်နည်း။ မည်သူကရော သူ့စကားများကို နားထောင်မည်နည်း။ သေရမည့် အချိန်တွင်သာ ထန်မျိုးနွယ်ဝင်များက ရှေ့တန်းတွင် နေရမည်ဖြစ်သည်။ ခေါင်းဆောင်ရာထူးကို ရခြင်းက ထန်မျိုးနွယ်အတွက် မည်သည့်အကျိုးမှ မရှိပေ။ ရှုံးနိမ့်သွားလျှင်သာ အရာအားလုံးအတွက် အပြစ်ဖို့ခံရပေလိမ့်မည်။
ထို့ကြောင့် ထန်ရှန်းကျိသည် ခါးသက်သက် ပြုံး၍ ပြန်ပြောလိုက်သည်။
“ဝူရှန်း... ခင်ဗျားက ကျုပ်ကို အထင်ကြီးလွန်းနေတာပဲ။ စွမ်းရည်၊ အမြော်အမြင်နဲ့ ဗျူဟာအရာမှာ ခင်ဗျားက ကျုပ်ထက် အများကြီးပိုသာ ပါတယ်။ ကျုပ် ခေါင်းဆောင်လုပ်ရင် ခင်ဗျား ခေါင်းဆောင်လုပ်တာလောက် စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး”
“ကျုပ် သိပြီ...”
မြောက်ဘက်ဧကရာဇ်က စက္ကန့်များစွာ တိတ်ဆိတ်သွားပြီးမှ မိုမျိုးနွယ်ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။
“လောင်မို... ဘာလို့ ခင်ဗျား အားလုံးကို ဦးမဆောင်တာလဲ။ ကျုပ်က ခင်ဗျားရဲ့ အမိန့်တွေကို သေချာပေါက် နားထောင်မှာပါ။ ကျုပ်က တစ်ဘဝလုံး တိုက်ခိုက်ခဲ့ရတာ။ ကျုပ် တကယ်ပဲ ပင်ပန်းနေပြီ”
“အာ... မဖြစ်ပါဘူး။ မဖြစ်ပါဘူး”
မိုမျိုးနွယ်ခေါင်းဆောင်က ချက်ချင်း ထရပ်၍ ငြင်းဆန်လိုက်သည်။
“ဝူရှန်း... ဒီကိစ္စကို ဆက်ပြီး လက်လွှဲမနေပါနဲ့တော့။ ခင်ဗျား ခေါင်းဆောင် မလုပ်ဘူးဆိုရင် ဘယ်သူမှ ပျော်နိုင်မှာ မဟုတ်ပါဘူး”
“ဟုတ်ပါတယ်”
ထိုအခိုက်တွင် နွေးထွေး၍ ငြိမ်းအေးစေသော အသံတစ်သံ ထွက်ပေါ်လာသည်။ အားလုံးသည် လှပသော စစ်ရထားလုံး တစ်စီးက အဝေးမှနေ၍ သူတို့ထံသို့ ပျံသန်းလာကြောင်း တွေ့လိုက်ရသည်။ စစ်ရထားလုံးက ရောင်စဉ်ခုနစ်သွယ် တောက်ပနေပေသည်။ ၎င်းက သက်တန့်တစ်စင်းကို စီးလာသလိုပင် ထင်ရသည်။ ရထားလုံးထဲတွင် အလွန်လှပသော မိန်းမပျိုတစ်ယောက် ထိုင်နေသည်။ သူမ၏ အလှက ယောက်ျားအားလုံးကို ယစ်မူးသွားစေသည်။ ရထားလုံး၏ ဘေးတစ်ဘက်တစ်ချက်စီတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်က ကာကွယ်ထားကြသည်။ ထိုမြင်ကွင်းကို အဝေးမှလှမ်းကြည့်လျှင် နတ်မိမယ်တစ်ပါးက ကောင်းကင်ကိုးဘုံမှ ဆင်းသက်လာသကဲ့သို့ ထင်ရပေသည်။
ရှင်းမုန့်ဝမ်...
ထန်ရှန်းကျိ အပါအဝင် မရေမတွက်နိုင်သော လူများသည် ထရပ်လိုက်ကြသည်။ ရှင်းမုန့်ဝမ်ကြောင့်သာ မဟုတ်လျှင် လူသားစစ်တပ်က ပြီးခဲ့သော တိုက်ပွဲကတည်းက ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ဤတစ်ခေါက်တွင် ကောင်းကင်တမလွန်ဂိုဏ်းက ပေါ်မလာခဲ့သဖြင့် လူများသည် သူတို့က ထိုကိစ္စမှ လက်ရှောင်လိုက်ပြီလောဟု တွေးနေခဲ့ကြသည်။ သို့သော် ဤကဲ့သို့ အရေးပါသော အခိုက်တွင် ရှင်းမုန့်ဝမ် ရောက်လာလိမ့်မည်ဟု သူတို့ မထင်ခဲ့ပေ။
ရှင်းမုန့်ဝမ်သည် တစ်လောကလုံး၏ အလှဆုံး မိန်းမပျိုဖြစ်သည်။ သို့သော် ယခုတွင် မည်သူကမှ သူမကို မိန်းမလှတစ်ယောက်အဖြစ်သာ မမြင်ကြတော့ပေ။ သူမ၏ ထူးဆန်းသော တိုက်ပွဲအစီအရင်ကြောင့် သူမသည် ကြယ်ကိုးပွင့်အဆင့်သို့ ရောက်သွားခဲ့သည်ကို လူများစွာက မြင်တွေ့ခဲ့ရပေသည်။ တစ်နည်းဆိုရလျှင် ရှင်းမုန့်ဝမ်သာ တိုက်ခိုက်လျှင် မြောက်ဘက်ဧကရာဇ်မှလွဲ၍ ကျန်လူများအားလုံးကို သတ်နိုင်ပေလိမ့်မည်။
“သခင်မလေးမုန့်ဝမ်ကို နှုတ်ခွန်းဆက်ပါတယ်”
မျိုးနွယ်အသီးသီးမှ သခင်လေးများက ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများက တပ်မက်မှုများဖြင့် အရောင်တလက်လက် တောက်နေသည်။ သူတို့သည် ထိုနတ်မိမယ်လေးကို အလွန် ချစ်ခင်လေးစားအားကျပေသည်။ စစ်ဖုန်းထျန်းနှင့် အခြားသခင်လေးများသည် ထိုမိန်းမပျိုကို တစ်ကိုယ်လုံး ဝါးမျိုပစ်လိုနေကြသည်။
ရှင်းမုန့်ဝမ်၏ စစ်ရထားလုံးက ဖြည်းဖြည်းချင်း ရပ်သွားသည်။ သူမသည် ရထားလုံးထဲမှ ပျံထွက်လာ၏။ ထို့နောက် ရထားလုံးက ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူမသည် လူအုပ်ကို လေးလေးစားစား ခေါင်းညိတ်၍ ပြန်နှုတ်ဆက်လိုက်ပြီး မြောက်ဘက်ဧကရာဇ်ကို လှမ်းပြောလိုက်သည်။
“မြောက်ဘက်ဧကရာဇ်... ဧကရာဇ်က ခေါင်းဆောင်မလုပ်ရင် ကျွန်မ ဆန့်ကျင်ရပါလိမ့်မယ်။ ဒီတစ်ခေါက် လူသားမျိုးနွယ်က ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ ကောင်းကင်တမလွန်ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ကျွန်မတို့က စစ်ပွဲမှာ ဝင်တိုက်လို့ မရပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အဖေက အရမ်း အကြင်နာတရား ရှိပါတယ်။ သူကလည်း လူသားတစ်ယောက်ဆိုတော့ ဘာမှ မလုပ်ဘဲ ထိုင်ကြည့်မနေနိုင်ပါဘူးတဲ့။ အဲ့ဒါကြောင့် သူက ကျွန်မကို မြောက်ဘက်ဧကရာဇ်တို့ ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ သွားကူညီပေးပြီး လူသားမျိုးနွယ်ကို ကာကွယ်ပေးဖို့ ခိုင်းလိုက်တာပါ။ မြောက်ဘက်ဧကရာဇ် ခေါင်းမရှောင်ပါနဲ့တော့။ မိစ္ဆာတွေနဲ့ တိုက်ခိုက်ဖို့ ကျွန်မတို့ကို ဦးဆောင်ပေးပါ”
“ကောင်းတယ်...”
“သခင်မလေးမုန့်ဝမ်က သူ့ရဲ့ အမြင်ကို တလေးတစား ပြောခဲ့တာပဲ”
“သခင်မလေးမုန့်ဝမ်က လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက်ပဲ။ ကောင်းကင်ကိုးဘုံက စေလွှတ်လိုက်တဲ့ နတ်မိမယ်တစ်ပါးပဲ။ ကျွန်တော်တို့ဘက်မှ သခင်မလေးမုန့်ဝမ် ရှိနေမှတော့ မအောင်မြင်နိုင်တဲ့အရာ ဘာရှိဦးမှာလဲ”
“ဟုတ်တယ်.. ကျန်းရီနဲ့ အောင်းလုက စွမ်းအားကြီးချင်ကြီးလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတူပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် သူတို့ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်။ ဓမ္မက အဓမ္မကို အမြဲ အနိုင်ရမှာပဲ”
“မြောက်ဘက်ဧကရာဇ်... တာဝန်ကို ဆက်မငြင်းပါနဲ့တော့။ ကျွန်တော်တို့အားလုံးက ဧကရာဇ်ကို ကျွန်တော်တို့ရဲ့ခေါင်းဆောင် ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့က ဧကရာဇ်ရဲ့ အမိန့်တွေကို နာခံကြမှာပါ”
“ဟုတ်ပါတယ် မြောက်ဘက်ဧကရာဇ်၊ ဒီကပ်ဘေးကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးပါ။ ဘယ်သူကမှ ဧကရာဇ်ကို ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဧကရာဇ်ရဲ့ တောင်းဆိုချက်တွေကို အမိန့်လို့ မှတ်ယူပါမယ်”
“...”
ရှင်းမုန့်ဝမ်၏ စကားများက လူအုပ်ကို ဆူညံပွက်သွားစေသည်။ မျိုးနွယ်ခေါင်းဆောင်များစွာက ဝင်ရောက် ထောက်ခံကြသည်။
ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့က မြောက်ဘက်ဧကရာဇ်၏ အမိန့်များကို နာခံလိုနေကြသည်။ သို့ဖြစ်ရာ မျိုးနွယ်လေး၊ ဂိုဏ်းလေးများက ဘာငြင်းစရာ ရှိတော့မည်နည်း။ ထို့ပြင် မြောက်ဘက်ဧကရာဇ်ကဲ့သို့ စွမ်းအားအကြီးဆုံး ပညာရှင်က မဟာမိတ်စစ်တပ်ကို ဦးမဆောင်လျှင် မည်သူက ဦးဆောင်မည်နည်း။ အကယ်၍ မြောက်ဘက်ဧကရာဇ်သာ ခေါင်းရှောင်သွားလျှင် လူသားမျိုးနွယ်က အမှန်ပင် အဆုံးသတ်သွားနိုင်သည်။
ထန်ရှန်းကျိနှင့် လျှို့ဝှက်ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များက အကြည့်ချင်းဖလှယ်လိုက်ကြပြီး နှုတ်ဆိတ်နေကြလေသည်။ ထိုကဲ့သို့သော အခြေအနေတွင် မည်သူမှ မဆန့်ကျင်ဝံ့တော့ပေ။ သူတို့သည် မဟာမိတ်အဖွဲ့နှင့် မပူးပေါင်းရန် သို့မဟုတ် မြောက်ဘက်ဧကရာဇ်ကို သူတို့၏ ခေါင်းဆောင်အဖြစ် လက်ခံလိုက်ရန်သာ ရွေးချယ်ရတော့မည်ဖြစ်သည်။
“ဒါက...”
မြောက်ဘက်ဧကရာဇ်၏ မျက်နှာထားက တွေဝေသွား၏။ သူသည် တိတ်ဆိတ်စွာဖြင့် အတော်ကြာ တွေးတောပြီးမှ လက်နှစ်ဘက်မြှောက်ကာ လူအုပ်ကို တိတ်စေလိုက်သည်။
“ကျုပ် ခေါင်းဆောင်လုပ်လို့ ရပါတယ်၊ ဒါပေမဲ့ အခု လူသားမျိုးနွယ်က အရမ်းကြီးတဲ့ အန္တရာယ်ကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာဆိုတော့ အားလုံးက ကျုပ်ရဲ့ အမိန့်တွေကို နာခံဖို့တော့ လိုပါလိမ့်မယ်။ အဲ့ဒါမှ ကျုပ်တို့ ဒီကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်မှာပါ။ တကယ်လို့ တစ်ယောက်ယောက်က အတွေးပြောင်းပြီး ကျန်းရီနဲ့ ပူးပေါင်းသွားတာတို့၊ ထွက်ပြေးသွားတာတို့ ရှိလာရင် စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားသွားစေပါလိမ့်မယ်။ အဲ့အခါကျရင် ကျုပ်တို့ စစ်ပွဲကို သေချာပေါက် ရှုံးမှာပါ။ အခုကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားရပါမယ်... တကယ်လို့ အဲ့လိုကိစ္စမျိုး ရှိလာရင် ကျုပ်တို့ စည်းမျဉ်းတွေအရ စီရင်ပါမယ်။ သစ္စာဖောက်တဲ့လူတိုင်းကို ညှိနှိုင်းမှုမရှိ သတ်ပစ်ပါမယ်”
ဓားဧကရာဇ်က ခေါင်းညိတ်ကာ ဝင်ပြောသည်။
“အဲ့ဒါ ကောင်းတယ်။ အဲ့လိုပဲ လုပ်ကြတာပေါ့”
“ဟုတ်တယ်”
သားရဲဧကရာဇ်ကလည်း လူအုပ်ကို စိုက်ကြည့်လိုက်သည်။
“တကယ်လို့ တစ်ယောက်ယောက်က ကျန်းရီနဲ့ ပူးပေါင်းသွားတယ်၊ မိစ္ဆာတွေနဲ့ ဆက်သွယ်နေတယ်ဆိုရင် သူနဲ့ သူ့တစ်မိသားစုလုံး ကွပ်မျက်ခံရမယ်”
“ကျုပ်တို့ သဘောတူပါတယ်”
မျိုးနွယ်ကြီးများစွာမှ မျိုးနွယ်ခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ကြသည်။ ထို့နောက် မြောက်ဘက်ဧကရာဇ်က ထပ်မံ၍ လက်ဝှေ့ယမ်းလိုက်၏။
“ဒါပေမဲ့ ကျုပ်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်တော့ ဖြစ်လို့ မဖြစ်ဘူးပေါ့လေ။ လူသားစွမ်းအားက အကန့်အသတ်ရှိပါတယ်။ ကျုပ်တို့ ဆက်ပြီးအင်အားတောင့်တင်းနေနိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ကျုပ် ခေါင်းဆောင်ဖြစ်လာရင် အစီအစဉ်ချတာတွေ၊ ဗျူဟာဆွဲတာတွေမှာ ကူညီပေးဖို့ လက်ထောက်ခေါင်းဆောင် လေးယောက် လိုအပ်ပါတယ်။ ကျုပ်တို့ အမြင်ကွဲပြားတဲ့ ကိစ္စတွေ ရှိလာရင် ကျုပ်တို့ငါးယောက် မဲခွဲပြီး ဆုံးဖြတ်ကြပါမယ်...”
“အဲ့ဒါမှ ဒီစစ်ပွဲကို အနိုင်ရနိုင်မှာပါ။ မဟာမိတ်စစ်တပ်က ခေါင်းဆောင်တစ်ယောက်ရဲ့ တဒင်္ဂစာ အတွေးမှားသွားမှုကြောင့် ကျရှုံးသွားလို့ မဖြစ်ပါဘူး။ အဲ့တော့ လက်ထောက်ခေါင်းဆောင် လေးယောက်အဖြစ် ဓားဧကရာဇ်၊ သားရဲဧကရာဇ်၊ သခင်မလေးမုန့်ဝမ်နဲ့ နောင်ကြီးရှန်းကျိတို့ကို ကျုပ် အဆိုပြုပါတယ်။ တခြားသူတွေမှာ ငြင်းဆိုချင်တာတွေများ ရှိပါသလား”
“ဟင်းဟင်း”
ထန်ရှန်းကျိ ခါးသက်သက် ရယ်လိုက်သည်။ မဲပေးနိုင်သူက စုစုပေါင်းမှ ငါးယောက်သာရှိသည်။ သူတစ်ယောက်က လက်ထောက်ခေါင်းဆောင်အဖြစ် ထမ်းဆောင်လျှင်လည်း မည်သို့ကွာခြားပါမည်နည်း။
ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က အကြောင်းတစ်ခုကြောင့် မြောက်ဘက်ဧကရာဇ်ကို ခေါင်းဆောင် ဖြစ်စေလိုနေကြသည်။ ရှင်းမုန့်ဝမ်ကလည်း မြောက်ဘက်ဧကရာဇ်ဘက်မှ ရပ်တည်သည်။ သို့ဖြစ်ရာ ထန်ရှန်းကျိ၏ မဲက မည်သို့မှ အသုံးမည်မဟုတ်ပေ။ မြောက်ဘက်ဧကရာဇ်သည် ဝှက်ထားသော လက်သည်းကို ထုတ်ပြပြီးသော်လည်း မျှတသူတစ်ယောက်အဖြစ် ဟန်ဆောင်လိုနေပေသေးသည်။
သို့သော်...
ထိုကဲ့သို့သော အခြေအနေအောက်တွင် မည်သူကမှ မဆန့်ကျင်ဝံ့ပေ။ မည်သည့်မျိုးနွယ်၊ မည်သည့်ဂိုဏ်းမှလည်း မဟာမိတ်အဖွဲ့နှင့် မပူးပေါင်းဘဲ မနေဝံ့ချေ။ သူတို့သည် ကျန်းရီနှင့် ပူးပေါင်းနေခြင်းဟု စွပ်စွဲခံရမည်ကို ကြောက်ကြသည်။ ထိုသို့ဖြစ်လာလျှင် မည်သို့မှ ရှင်းပြနိုင်မည် မဟုတ်သလို မြောက်ဘက်ဧကရာဇ်မြို့ထဲမှလည်း အသက်ရှင်ရက် ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ချေ။
ဆွေးနွေးပြီးသောအခါ လူသားမျိုးနွယ် မဟာမိတ်စစ်တပ်ကို ထပ်မံဖွဲ့စည်းလိုက်ကြသည်။ မြောက်ဘက်ဧကရာဇ်က ခေါင်းဆောင်အဖြစ် တာဝန်ယူသည်။ အမိန့်များကို သူကသာ ပေးမည်ဖြစ်သည်။ မည်သူကမှလည်း သူ့ကို မဆန့်ကျင်ရဲပေ။