← Chapters

နင်ချင်းယွင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံခြင်း

Vol. 16 Ch. 213

နင်ချင်းယွင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံခြင်း

Vol. 16 Ch. 213

"ဂုဏ်ပြုပါတယ် ဆရာ"

ယဲ့ချန်က ဝမ်းမြောက်ဝမ်းသာနှင့် ပြောလိုက်သည်။

"ယဲ့ချန် ဆရာက မင်ဝူအတွက် ဆေးလုံးတွေ ဖယ်ထားပြီးပြီ။ ကျန်တာအားလုံး မင်းအပိုင်ပဲ"

ရွှမ်းယီက ယဲ့ချန်ထံ သိုလှောင်အိတ်တစ်လုံး ကမ်းပေးလိုက်သည်။

"ဆရာ့အတွက် မယူတော့ဘူးလား"

ယဲ့ချန်က ပြန်မေးသည်။

"ဟား ဟား ငါက အရိုးအိုတွေနဲ့ အဘိုးကြီးတစ်ယောက်ပါ။ ဆေးလုံးတွေသုံးရင်တောင် ကောင်းကင်ချီကျင့်ကြံခြင်းကို အထောက်အကူဖြစ်မှာ မဟုတ်ဘူး။ ဆယ်နှစ်ကျော်ရင် မြေကြီးအောက်ကိုရောက်မယ့် လူတစ်ယောက်က ဆေးလုံးတွေဖြုန်းတီးဖို့ မလိုတော့ဘူး။ မင်းရဲ့ ဆရာတူအစ်ကိုလီအတွက်က ခရမ်းရွှေနတ်ဆေးလုံးတွေက လုံလောက်နေပြီ။ မင်းက ပါရမီရှင်ဆိုတော့ ကျင့်ကြံခြင်းအတွက် ဆေးလုံးတွေ သေချာပေါက်လိုအပ်လိမ့်မယ်"

ရွှမ်းယီက ရယ်မော၍ ခေါင်းယမ်းပြလိုက်သည်။

"ဆရာ"

ယဲ့ချန်၏ရင်ထဲတွင် ရိုသေလေးစားစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ရွှမ်းယီသည် သူ၏ဖခင်၊ ဘိုးဘိုးကြီးနှင့် မိသားစုဝင်များကဲ့သို့ သူ့ကို သွေးသားအရင်းအချာပမာ ဂရုစိုက်လေသည်။

"ဆရာ ကျွန်တော့်မှာ မတော်တဆရထားတဲ့ ဆေးပညာစာအုပ်တစ်အုပ်ရှိတယ်။ ဒါက ဆရာရဲ့ဆေးလမ်းစဥ်အတွက် ကူညီပေးနိုင်မယ်ထင်တယ်။ တစ်ချက်လောက် ကြည့်ပါဦး"

ယဲ့ချန်က သိုလှောင်အိတ်အတွင်းမှ မဟာဆေးလမ်းစဥ်စာအုပ်ကို ရွှမ်းယီအား ပေးလိုက်သည်။

"ဆေးစာအုပ် ဟုတ်လား"

ရွှမ်းယီထံတွင် စုဆောင်းထားသော ဆေးကျမ်းပေါင်းထောင်ချီ ရှိသည်။ ယဲ့ချန်ထုတ်ပေးလာသော ဆေးကျမ်းက မည်မျှအဖိုးတန်မည်ကို သူက စုပ်စုလိုခဲ့သည်။

"မဟာဆေးလမ်းစဥ် ဆိုပါလား။ ဒီအမည်ကို တစ်ခါမှမကြားဖူးဘူး"

ရွှမ်းယီသည် ယဲ့ချန်ထံမှ ရှေးကျဟောင်းနွမ်းနေပုံပေါ်သော စာအုပ်ကို ယူလိုက်သည်။ ၎င်းက သက်တမ်းအလွန်ကြာမြင့်နေသဖြင့် အဖုံးပေါ်မှ ရှေးဟောင်းစာလုံးများကို မြင်သောအခါ ရွှမ်းယီ၏မျက်လုံးများ တောက်ပလာသည်။

ရွှမ်းယီက စာအုပ်ကိုဖွင့်၍ အကြမ်းဖျင်း ဖတ်ရှုလိုက်သည်။ စာအုပ်၏အစပိုင်းတွင် အခြေခံနည်းလမ်းများသာ ရှိသော်လည်း အလယ်နှင့်နောက်ပိုင်းတွင် အဆင့်မြင့်ဆေးလမ်းစဥ်ကို မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် ရွှမ်းယီ၏အမူအရာမှာ အရုပ်အသစ်ရလိုက်သဖြင့် ပျော်ရွှင်နေသော ကလေးတစ်ယောက်နှင့်ပင် မခြားပေ။

"ဒီစာအုပ်က တော်တော်အဖိုးတန်တယ်။ ရေးမှတ်ထားတဲ့ဆေးပညာက ငါ့စာအုပ်တွေထက် ပိုပြီးအဆင့်မြင့်တယ်။ ယဲ့ချန် ဆရာ့အနေနဲ့ ဒီစာအုပ်ကို မိတ္တူကူးထားလို့ရမလား"

ရွှမ်းယီက ခွင့်တောင်းလိုက်သည်။

"ရတာပေါ့ ဆရာ"

ယဲ့ချန်က ခေါင်းညိတ်သည်။ ရွှမ်းယီ၏ဝမ်း​မြောက်နေပုံကြောင့် သူလည်း ဝမ်းသာပေသည်။

"ယဲ့ချန် ဘာစာအုပ်မို့လို့ ဆရာက ဒီလောက်ပျော်ရွှင်နေရတာလဲ"

လီရှုက သိလိုစိတ်ပြင်းပြစွာဖြင့် ရှေ့တက်လာသည်။

"လီရှု မဟာဆေးလမ်းစဥ်ကို မင်းလည်း တစ်ခေါက်လောက် လာဖတ်သင့်တယ်။ ဘယ်လိုဆေးဆရာမျိုးက ဒီလောက်အဆင့်မြင့်တဲ့ ဆေးပညာကို မှတ်တမ်းတင်ထားလဲ မသိဘူး"

ရွှမ်းယီက မဟာဆေးလမ်းစဥ်ကို လီရှုထံ ကမ်းပေးလိုက်သည်။

ယဲ့ချန်သည် ဆရာနှင့်ဆရာတူအစ်ကိုက သူ၏လက်ဆောင်အပေါ် အလွန်တန်ဖိုးထားစွာဖြင့် စိတ်ဝင်တစားဖတ်ရှုနေကြသောအခါ ပြုံးလိုက်သည်။ သူက ဘေးရှိဖျာတစ်ချပ်ပေါ်တွင် တိတ်တဆိတ်ထိုင်၍ ကျင့်ကြံနေလိုက်သည်။

ရွှမ်းယီနှင့်လီရှုက ဆေးပညာကို ရူးသွပ်သူများဖြစ်၍ မဟာဆေးလမ်းစဥ်ကို နှစ်နာရီတိုင်တိုင် မရပ်မနားဖတ်ရှုခဲ့သည်။ ထို့နောက်တွင်မှ လီရှုက မှင်နှင့်စုတ်တံကို အလျင်အမြန်ပြင်ဆင်ကာ မိတ္တူတစ်စုံကို အမှားအယွင်းမရှိအောင် ကူးရေးခဲ့သည်။

"ဆရာ ကျွန်တော်တို့ ကျောက်စိမ်းမြို့တော်ကို ဘယ်အချိန်သွားကြမလဲ"

ယဲ့ချန်ကမေးလိုက်ခြင်းဖြစ်သည်။

"မနက်ဖြန်နံနက်ကို သွားမယ်။ မင်ဝူက ငါတို့အတွက် အဆင့်ငါးသားရဲ မြင်းနီငါးကောင် ပြင်ဆင်ပေးထားတယ်။ မင်းမှာကိစ္စရှိရင် အပြီးလုပ်ထားလိုက်ဦး။ ငါတို့နဲ့အတူ မင်ဝူလိုက်လာမှာဆိုတော့ နန်မန်တိုင်းပြည်က သိသွားရင် အန္တရာယ်ရှိလို့ တိတ်တိတ်ဆိတ်ဆိတ် လျင်လျင်မြန်မြန် ထွက်ခွာရမယ်"

ရွှမ်းယီက ဖြေသည်။

"ဒါဆိုရင် ကျွန်တော် အပြင်ခြံဝန်းမှာ နင်ချင်းယွင်ကို သွားတွေ့ရဦးမယ်"

ယဲ့ချန်က တစ်ချက်စဥ်းစား၍ ထိုင်နေရာမှ ထရပ်လိုက်သည်။

"မင်းတစ်ယောက်တည်း ပြဿနာမရှိတာ သေချာလား"

ရွှမ်းယီက စိုးရိမ်စွာမေးလိုက်သည်။ နင်ချင်းယွင်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်၍ တပည့်ဖြစ်သူ၏လုံခြုံရေးကို သူက စိတ်ပူနေခဲ့သည်။

"စိတ်ချပါဆရာ။ ကျွန်တော်နဲ့အတူ ရှောင်ရိကို ခေါ်သွားပါမယ်"

ယဲ့ချန်က အာမခံလိုက်သည်။ ရွှမ်းယီအနေဖြင့် နင်ချင်းယွင်က သူ၏လက်အောက်ခံဖြစ်နေကြောင်းကို မသိထားပေ။

"ကောင်းပြီ"

ယဲ့ချန်၏ ယုံကြည်မှုရှိပုံကြောင့် ရွှမ်းယီက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ယဲ့ချန်သည် ရှောင်ရိ၊ အမွေးပွလေးနှင့် ဝူစီတို့ကိုခေါ်ဆောင်ကာ တော်ဝင်မျိုးနွယ်၏ခြံဝန်းထံ ဦးတည်လိုက်သည်။

ခြံဝန်းအတွင်းရှိ ဧည့်ခန်းတစ်ခုတွင် နင်ချင်းယွင်က စိတ်မရှည်ဖြစ်နေသော်လည်း မထွက်သွားရဲပေ။ သူက အချိန်အများစုကို ကျင့်ကြံနေရင်းဖြင့် အချိန်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ သူက စောင့်ဆိုင်းနေရခြင်းကို စိတ်ပျက်သော်လည်း ရွှေသံချပ်ကာအစောင့်မှ ပါးလာသော ယဲ့ချန်၏အမိန့်ကို မလွန်ဆန်ရဲချေ။ သူ့အနေဖြင့် စောင့်ဆိုင်းရုံတစ်ခုသာ တတ်နိုင်ပေသည်။

ယဲ့ချန်ထွက်ခွာသွားချိန်တွင် မဟာဘိုးဘေးသည် နင်ချင်းယွင်အပါအဝင် မြစိမ်းတိမ်ဂိုဏ်းတစ်ခုလုံးကို နတ်ဘုရင်များအကြောင်း ထပ်ကာထပ်ကာ သတိပေးခဲ့သည်။ သူက နတ်ဘုရင်များကို မှတ်တမ်းတင်ထားသော ရှေးဟောင်းစာအုပ်များကိုပါ ထုတ်ပေးခဲ့သဖြင့် နင်ချင်းယွင်မှာ နတ်ဘုရင်တစ်ယောက်၏အစွမ်းကို ရှင်းလင်းစွာသိနေပြီဖြစ်သည်။ သူက ထိုမှတ်တမ်းများကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး ယခုထက် ဆယ်ဆခန့်ပို၍သတ္တိရှိလျှင်ပင် ယဲ့ချန်ကို သစ္စာဖောက်ရဲမည်မဟုတ်ပေ။

အခန်းတွင်းထိုင်နေသော နင်ချင်းယွင်သည် သူ့ကို မျက်လုံးတစ်စုံမှ စိုက်ကြည့်နေသယောင် ခံစားလိုက်ရသည်။ သူက အနည်းငယ်မျှပင်မလှုပ်ရဲခဲ့ဘဲ ထိုင်နေသော ပုံစံအနေအထားကိုပင် ရိုရိုသေသေဖြစ်အောင် ပြင်ဆင်လိုက်သည်။

ယဲ့ချန်သည် ခြံဝန်းအတွင်း ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ တစ်ချက်ပင်မလှုပ်ရဲအောင် တင်းတင်းကျပ်ကျပ်ထိုင်နေသော နင်ချင်းယွင်၏လေးစားမှုကြောင့် ကျေနပ်စွာပြုံးလိုက်သည်။ နင်ချင်းယွင်အနေဖြင့် သူ့ကို သစ္စာဖောက်မည့်လုပ်ရပ်မျိုး လုပ်ရဲမည်မဟုတ်တော့ပေ။

"အရှင်ရဲ့ငယ်သားက လေးစားစွာနဲ့ကြိုဆိုပါတယ်"

ယဲ့ချန်က ခန်းမအတွင်း ရောက်သောအခါ နင်ချင်းယွင်က ထိုင်နေရာမှထလာပြီး လေးစားစွာဖြင့် ဒူးထောက်ကြိုဆိုခဲ့သည်။ နင်ချင်းယွင်၏အသံက ကြောက်စိတ်ကြောင့် တုန်ယင်နေခဲ့သည်။ ရှေးမှတ်တမ်းများတွင် နတ်ဘုရင်များသည် အလွန်အမင်းရက်စက်ကာ သွေးဆာတတ်ကြောင်း ရေးမှတ်ထားသည်။ သူတို့သာ ဒေါသထွက်လျှင် မိုင်တစ်ထောင်ခန့်ကို သွေးချောင်းစီးစေသည်။ သူ၏ပေါ့ဆမှုကြောင့် ယဲ့ချန်ဒေါသထွက်သွားပြီး တစ်ချက်တည်းဖြင့် သူ၏အဖိုးတန်အသက်လေး အဆုံးသတ်ရမည့်အဖြစ်ကို မလိုလားချေ။ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို နေ့စဥ်ခံနေရသဖြင့် နင်ချင်းယွင်မှာ အသက်ကို ပိုမိုတန်းဖိုးထားတတ်လာသည်။ ထို့ကြောင့် အစွမ်းထက်မြစိမ်းတိမ်ဂိုဏ်းချုပ်ဟူသော အရှိန်အဝါက လုံးဝပျောက်ကွယ်နေသည်။

"ထပါ လူသားတွေရဲ့ကမ္ဘာမှာ ဒီလိုလုပ်ပြစရာမလိုဘူး"

ယဲ့ချန်က ပေါ့ပေါ့ပါးပါးအမိန့်ပေးလိုက်သည်။ သူက ဧည့်ခန်းအတွင်းရှိ အမြင့်ဆုံးထိုင်ခုံထက်တွင် နေရာဝင်ယူလိုက်၏။

နင်ချင်းယွင်သည် ယဲ့ချန်နှင့်အတူ လိုက်ပါလာသော ရှောင်ရိကိုမြင်သောအခါ အရိုအသေပေးလိုက်ပြန်သည်။ ထို့နောက် ယဲ့ချန်၏ပခုံးပေါ်ရှိ အမွေးပွလေးနှင့် ရှောင်ရိသယ်ဆောင်လာသော ဝူစီကို သတိထားမိသွားခဲ့သည်။ ရှောင်ရိသည် တောင်ပံပါမြွေနဂါးကြီးတစ်ကောင်ဖြစ်ကြောင်း သူက သိထားသဖြင့် နတ်ဘုရင်နှစ်ယောက်နှင့်နီးစပ်သော ဤမြေခွေးနှင့်ရေဘဝဲကို အထင်မသေးရဲပေ။ သူတို့၏အသွင်အပြင်များက လူသားများနှင့်မခြားပေ။ ထို့ကြောင့် သူက အနာဂတ်တွင် ဤမှော်သားရဲလေးနှစ်ကောင်ကိုပါ မစော်ကားမိစေရန် ဆုံးဖြတ်လိုက်လေသည်။

"မတ်တပ်ရပ်ပြီး ပြောစမ်း"

ယဲ့ချန်က အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ အရှင်"

ထိုအခိုက်တွင်မှ နင်ချင်းယွင်က သတိပြန်ဝင်လာပြီး ဘေးတစ်ဖက်တွင် ရိုရိုသေသေထရပ်လိုက်၏။ သူ၏ခြေထောက်များက ကြောက်စိတ်ကြောင့် ပျော့ခွေနေကာ ဒူးထောက်နေရခြင်းက ပို၍သက်တောင့်သက်သာဖြစ်မည်ဟု ခံစားနေရသည်။

"မြစိမ်းတိမ်ဂိုဏ်းမှာ ကိစ္စတွေ လုပ်ပြီးပြီလား"

ယဲ့ချန်က တစ်ချက်ကြည့်၍ မေးသည်။

"အရာအားလုံးဖြေရှင်းပြီးပါပြီ အရှင်။ မယုံရတဲ့တပည့်တွေကိုတော့ အကျဥ်းချထားပြီး ကျန်တပည့်တွေကို နှလုံးစားဆေးတစ်လုံးစီ တိုက်ကျွေးထားပါတယ်။ သူတို့က အရှင့်ကို သစ္စာမဖောက်ရဲတော့ပါဘူး"

နင်ချင်းယွင်က ရိုရိုသေသေလျှောက်တင်လိုက်၏။ မဟာဘိုးဘေးက သူ့ကို နတ်ဘုရင်တစ်ယောက်ရှေ့တွင် လိမ်လည်ပါက သတ်သေခြင်းဖြစ်သည်ဟု ကြိုတင်သင်ပြခဲ့သည်။ နတ်ဘုရင်တစ်ယောက်၏ ဝိညာဥ်အသိစိတ်က စိတ်ခံစားချက်များကို ထောက်လှမ်းနိုင်သဖြင့် လူတစ်ယောက်လိမ်နေလျှင် ချက်ချင်းသိနိုင်ပေသည်။

"ကောင်းတယ်။ မင်း ကောင်းကောင်းလုပ်ခဲ့တယ်"

ယဲ့ချန်ကခေါင်းညိတ်၍ လက်မောင်းကာအတွင်းမှ ရွှေခရမ်းနတ်ဆေးငါးလုံးကို ထုတ်ယူကာ နင်ချင်းယွင်ထံ ပစ်ပေးလိုက်သည်။

"ဒီဆေးငါးလုံးထဲက တစ်လုံးကို မင်းစားနိုင်တယ်။ ကျန်တာတွေကိုတော့ ဂိုဏ်းကိုပြန်ယူသွားပြီး လုပ်ဆောင်ချက်ကောင်းတဲ့ တပည့်တွေကို ဆုချလိုက်။ မင်းသာ ငါ့အမိန့်ကိုလိုက်နာရင် အကျိုးမယုတ်စေရဘူး"

ယဲ့ချန်သည် ဆုပေးဒဏ်ပေးစနစ်ဖြင့် ချုပ်ကိုင်ခြင်းကို နားလည်ထားခဲ့သည်။ လက်ရှိအချိန်တွင် နင်ချင်းယွင်နှင့်ဂိုဏ်းသားများသည် သေရမည်ကိုကြောက်သဖြင့် သူ့ကို အလွန်ကြောက်လန့်နေကြသည်။ အကယ်၍ သူကသာ လက်အောက်ခံများကို အကြောက်တရားဖြင့် ဆက်လက်ရှင်သန်စေမည်ဆိုလျှင် တစ်ချိန်တွင် အသက်စွန့်ကာတော်လှန်မှုများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူတို့အပေါ် ဆုချခြင်းဖြင့် ကြောက်စိတ်ကိုလျော့ပါးစေသည်။ သူ၏လက်အောက်တွင် အလုပ်လုပ်ရခြင်းက အကျိုးရှိနိုင်သည်ဟူသော မျှော်လင့်ချက်မျိုးကိုလည်း ပေးလိုက်ခြင်းပင်။

"ကျေးဇူးအများကြီးတင်ပါတယ် အရှင်။ မြစိမ်းတိမ်ဂိုဏ်းတစ်ခုလုံးက အရှင့်အမှုတော်ကိုထမ်းရင်း တစ်ယောက်တည်းကျန်ရင်တောင် သစ္စာစောင့်သိပါမယ်"

နင်ချင်းယွင်က ပျော်ရွှင်စွာဖြင့် ဆေးလုံးများကိုသိမ်းဆည်းလိုက်သည်။ ယဲ့ချန်က ဒဏ္ဍာရီထဲမှ နတ်ဘုရင်များကဲ့သို့ မကြမ်းကြုတ်သောကြောင့် ကြောက်စိတ်အနည်းငယ် လျော့ပါးလာသည်။ သို့သော် သူက ယဲ့ချန်၏အကန့်အသတ်ကို အသက်နှင့်ရင်းကာ စမ်းသပ်ရန်အထိ သတ္တိမရှိချေ။

"ကောင်းပြီ။ အခု မင်းက မြစိမ်းတိမ်ဂိုဏ်းကိုပြန်တော့။ နေမီးတောက်ငှက်ကို မြို့တော်ကိုလာခဲ့ဖို့ ပြောထား။ နှစ်လနေလို့ ကန့်သတ်ဒေသဖွင့်လှစ်ရင် မင်းတို့က ငါနဲ့လိုက်ခဲ့ရမယ်"

ယဲ့ချန်က အမိန့်ပေးလိုက်သည်။

"အရှင်က ကန့်သတ်ဒေသကို ဝင်ရောက်မလို့လား။ ဒါဆိုရင် ဒီငယ်သားက အခုချက်ချင်းပြန်ပါတော့မယ်"

နင်ချင်းယွင်က အနည်းငယ်မင်သက်သွားသော်လည်း ယဲ့ချန်၏သဘောထားကို မေးခွန်းမထုတ်ရဲပေ။ သူက အလျင်အမြန်ခေါင်းညိတ်နာခံခဲ့သည်။

"အလျင်လိုစရာမလိုဘူး။ မင်းတို့က ကန့်သတ်ဒေသမဖွင့်ခင် လာရင်အဆင်ပြေတယ်"

ယဲ့ချန်က ပြောလိုက်သည်။ သူ၏အတွေးတွင် မြစိမ်းတိမ်ဂိုဏ်းနှင့် ယဲ့မျိုးနွယ်ကြား အကွာအဝေးကြီးမားကြောင်းကို တွက်ချက်နေခဲ့သည်။ အကယ်၍ မြစိမ်းတိမ်ဂိုဏ်းသာ အနီးအနားတွင်ရှိနေလျှင် ယဲ့မျိုးနွယ်အန္တရာယ်ရှိပါက ချက်ချင်းကူညီနိုင်သည်။ သို့သော် ဤမျှကြီးမားသော ဂိုဏ်းကြီးတစ်ခုလုံး တည်နေရာပြောင်းလိုက်လျှင် မလိုလားအပ်သော အာရုံစိုက်မှုများ ဖြစ်လာနိုင်သည်။

"လင်းယွန်တောင်တန်း တုန်းလင်ပြည်နယ်မှာ ဂိုဏ်းခွဲတစ်ခု တည်ဆောက်လိုက်။ မြေဝိဇ္ဇာအချို့နဲ့ ထျန်းချီအဆင့်တစ်ဆယ် ကျင့်ကြံသူတွေပါရမယ်။ ငါ့အတွက် အသုံးချစရာရှိတယ်"

တစ်ချက်စဥ်းစားပြီးနောက် ယဲ့ချန်က အမိန့်ပေးလိုက်သည်။

"ဒီငယ်သားက ဂိုဏ်းကိုပြန်ရောက်ရင် ဆောင်ရွက်လိုက်ပါ့မယ် အရှင်"

နင်ချင်းယွင်က အမိန့်ကို နာယူသည်။

ထို့နောက် ယဲ့ချန်က ညွှန်ကြားချက်အချို့ ထပ်ပေးလိုက်သည်။ ယဲ့မျိုးနွယ်ပြဿနာတက်လျှင် မြစိမ်းတိမ်ဂိုဏ်းက အချိန်မီကူညီစေသည်။ သို့သော် လင်းယွန်တောင်တန်းရှိ ယဲ့မျိုးနွယ်၏ဌာနချုပ်ကိုမူ ပေးမသိခဲ့ပေ။ ၎င်းက ယဲ့မျိုးနွယ်၏အသက်သွေးကြောဖြစ်၍ ပြင်ပလူများ သိခွင့်မရှိချေ။

နင်ချင်းယွင်က ယဲ့ချန်၏အမိန့်များကို လက်ခံပြီးနောက် မြစိမ်းတိမ်ဂိုဏ်းထံ လျင်မြန်စွာပြန်သွားခဲ့သည်။

ယဲ့ချန်ကမူ ညအချိန်တွင် နက်ခရိုရေကန်သို့သွားကာ ဝူစီနှင့်အတူ ရတနာများ ထပ်မံရှာဖွေခဲ့သည်။ သို့သော် ပိုးအင်္ကျီနှင့် တစ်စုံတည်းဖြစ်သော အတွင်းဘောင်းဘီမှလွဲ၍ မည်သည်ကိုမှမရခဲ့ပေ။ သို့သော် ပိုးဝတ်စုံကိုဝတ်ဆင်ရသည်မှာ သက်တောင့်သက်သာရှိပြီး ကာကွယ်ရေးတွင် အလွန်အစွမ်းထက်သောကြောင့် ယဲ့ချန်အတွက် ကျေနပ်စရာပင်ဖြစ်သည်။ အဆင့်ခြောက်အောက်ဝိညာဥ်လက်နက်များက ဤဝတ်စုံကို မထိုးဖောက်နိုင်သကဲ့သို့ စွမ်းအားကို လျော့ချပေးနိုင်သော စွမ်းရည်တစ်ခုလည်း ရှိသည်။ ယဲ့ချန်ကို ရန်သူက တိုက်ခိုက်လာသော စွမ်းအား၏သုံးဆယ်ရာခိုင်နှုန်းကို ပိုးဝတ်စုံမှ စုပ်ယူချေဖျက်ပေးနိုင်သည်။ ဤစွမ်းရည်က ယဲ့ချန်ကို ကောင်းကင်ဝိဇ္ဇာများ၊ အားနည်းသော ဆန်းကျယ်ဝိဇ္ဇာများနှင့်တိုက်ပွဲတွင် အလွန်အထောက်အကူပြုနိုင်သည်။

ပိုးဝတ်စုံဖြင့်ဆိုလျှင် ယဲ့ချန်၏ရှင်သန်နိုင်စွမ်းလည်း တိုးတက်လာပြီး ၎င်း၏တန်ဖိုးက ခရမ်းရွှေနတ်ဆေးများထက်ပင် ပိုလေသည်။ သူက နက်ခရိုရေကန်အတွင်း ရတနာအမဲလိုက်ခြင်းကို သဘောကျနေခဲ့သည်။

နံနက်စောစော၏ တောက်ပသော နေရောင်အောက်တွင် ဆေးဆရာရွှမ်းယီ၊ ဧကရာဇ်မင်ဝူ၊ ယဲ့ချန်၊ ရင်ရှန်း၊ ရှောင်ရိနှင့် အမွေးပွလေးတို့ ခရီးစတင်ခဲ့ကြသည်။ လီရှုမှာမူ မဟာဆေးလမ်းစဥ်ကိုကူးယူရန် တာဝန်ရှိသောကြောင့် ကျောက်စိမ်းမြို့တော်ခရီး၌ မပါဝင်နိုင်ခဲ့ပေ။

All Chapters