ကျောက်စိမ်းမြို့တော်
Vol. 16 Ch. 214
ကျောက်စိမ်းမြို့တော်သည် ရှည်လျားသော ရှေးသမိုင်းကြောင်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်းကို နှစ်ထောင်ပေါင်းများစွာအကြာက အရှေ့ကုန်းမြေတွင် ပထမဆုံးကုန်သည်များဖြစ်သော ထန်းတုကုန်သည်အသင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထန်းတုကုန်သည်အသင်း၏ တည်ထောင်သူ သွမ့်ကန်းဟုန်သည် မူလက အရာရှိတစ်ယောက်ဖြစ်သည်။ သူသည် အစွမ်းထက်ကျင့်စဥ်တစ်ခုပါဝင်သော စာအုပ်တစ်အုပ်ကို ကံအားလျော်စွာရရှိ၍ ကျင့်ကြံခဲ့သည်။ သူ၏စွမ်းအားများ တိုးတက်လာသောအခါ ဒုတိယမင်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ သူက စီးပွားရေးကို အလွန်စိတ်ဝင်စားပြီး ထိုအချိန် ကျောက်စိမ်းမြို့တော်နေရာတွင် ကျောက်စိမ်းနက်ဟုခေါ်တွင်သော အဖိုးတန်သတ္တုများစွာ ထွက်ရှိသည်။ ကျောက်စိမ်းနက်တွင် လောကချီအဆီအနှစ်ပါဝင်သောကြောင့် ကျင့်ကြံသူများ မက်မောကြသည်။ ကျောက်စိမ်းနက်ကုန်သွယ်ရေးကို ချမ်းတိုင်းပြည်ဟုခေါ်တွင်သော တိုင်းပြည်တစ်ခုက လက်ဝါးကြီးအုပ်ထားခဲ့သည်။ သွမ့်ကန်းဟုန်သည် ကျောက်စိမ်းနက်များကို ခိုးကြောင်ခိုးဝှက်ရောင်းဝယ်ခြင်းဖြင့် အရင်းအမြစ်များစုစည်းကာ သူ၏ခရီးကို စတင်ခဲ့လေသည်။
နှစ်ပေါင်းငါးဆယ်အကြာတွင် သွမ့်ကန်းဟုန်သည် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်လာ၍ ထန်းတုကုန်သည်အသင်းကို တည်ထောင်ခဲ့သည်။ သူ၏ချမ်းသာမှုက တိုင်းပြည်တစ်ခုကို ယှဥ်နိုင်နေပြီဖြစ်သည်။ သူက ကျောက်စိမ်းမြို့တော်ကို တည်ဆောက်လိုက်ချိန်တွင် ချမ်းတိုင်းပြည်၏ အမျက်တော်ရှခြင်းကို ခံခဲ့ရသည်။ ချမ်းတိုင်းပြည်က ကျောက်စိမ်းမြို့ကိုသိမ်းပိုက်ရန် ကြိုးစားလာခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထန်းတုကုန်သည်အသင်းသည် သူတို့၏ကြွယ်ဝမှုဖြင့် မရေမတွက်နိုင်သော လုပ်ကြံရေးသများများကို ချမ်းတိုင်းပြည်ထံစေလွှတ်ကာ ကပ်ဘေးတစ်ခု ဖန်တီးခဲ့သည်။ ဤတိုက်ပွဲအပြီးတွင် ချမ်းတိုင်းပြည်က အလွန်အားနည်းသွားသဖြင့် နန်မန်တိုင်းပြည်၏ ကျွန်ပြုခြင်းခံရကာ လွတ်လပ်မှုကို ဆုံးရှုံးသွားလေသည်။
ကျောက်စိမ်းမြို့တော်က အစွယ်ထုတ်ပြလာချိန်တွင် ပတ်ဝန်းကျင်တိုင်းပြည်များက ရန်မစရဲတော့ပေ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ထန်းတုကုန်သည်အသင်း၏စီးပွားရေးကို သွမ့်ကန်းဟုန်၏မျိုးဆက်များက အရှေ့ကုန်းမြေတစ်ခုလုံးသို့ ဖြန့်ကျက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် အခြားကုန်သည်များကလည်း ကျောက်စိမ်းမြို့တော်အခြေစိုက် ထန်းတုကုန်သည်အသင်းနှင့် ပူးပေါင်းလာကြသည်။ ထန်းတုကုန်သည်အသင်းက ကြီးမားစွာတိုးတက်လာသည်။ ထို့ကြောင့် အလယ်အင်ပါယာရှိ ထန်းလျောင်တိုင်းပြည်နှင့် အခြားတိုင်းပြည်များက ထန်းတုကုန်သည်အသင်း၏ အလားအလာကိုတွက်ဆကာ ပိုင်နက်များတွင် နေရာတစ်ခုစီ ခွဲပေးလာခဲ့သည်။ ထို့နောက် အလယ်အင်ပါယာက ထန်းတုကုန်သည်အသင်းကို လာရောက်အခြေချရန် ဖိတ်ခေါ်ခဲ့လေသည်။
ထန်းတုကုန်သည်အသင်း၏ ဌာနချုပ်က အလယ်အင်ပါယာသို့ ပြောင်းရွှေ့သွားသော်လည်း ကျောက်စိမ်းမြို့တော်ကို ထိခိုက်မှုမရှိပေ။ ထိုအစားက ၎င်းက အကျော်ကြားဆုံး ကုန်သွယ်ရေးမြို့ဖြစ်လာခဲ့သည်။ ဤနေရာတွင် ငွေ၊ ရွှေ၊ ချီစုစည်းခြင်းဆေးလုံး၊ ချီပြိုကွဲဆေးလုံးစသည်တို့ကို ရောင်းဝယ်ဖောက်ကားရေးအတွက် ပိုက်ဆံအဖြစ် အသုံးချနိုင်သည်။ သင့်၌ ပိုက်ဆံလုံလောက်လျှင် ကောင်းမွန်စွာလေ့ကျင့်ပေးထားသော မိန်းမလှကျွန်များ၊ ဝိညာဥ်လက်နက်အမျိုးမျိုး၊ အဖိုးတန်ဆေးလုံးများနှင့် အစွမ်းထက်မှော်သားရဲများကိုပင် ဝယ်ယူနိုင်သည်။ ထို့အပြင် ပိုက်ဆံဖြင့် တိုင်းပြည်အချို့မှမင်းသမီးများ၊ ဘုရင်မများ၊ အစွမ်းထက်ကျင့်ကြံသူ မိန်းမပျိုများနှင့် တစ်ညတာကို ကုန်ဆုံးနိုင်ပေသည်။ ဤနေရာတွင် လူတစ်ယောက်၏အဆင့်အတန်းက လျစ်လျူရှုခံထားရသည်။
ကျောက်စိမ်းမြို့တွင် ပိုက်ဆံက ဘုရားသခင်ဖြစ်ပြီး အကြမ်းဖက်မှုကို တားမြစ်သည်။ ကျင့်ကြံသူများက ဤနေရာတွင်ပြဿနာရှာလျှင် ထန်းတုကုန်သည်အသင်း ဦးဆောင်သော ကုန်သည်အသင်းကြီး၏အမဲလိုက်ခြင်းကို တစ်သက်လုံးခံရပေလိမ့်မည်။
ကျောက်စိမ်းမြို့၏ပိုင်နက် ကီလိုမီတာတစ်ထောင်ကို ထန်းတုကုန်သည်အသင်းက အုပ်ချုပ်သဖြင့် တိုက်ခိုက်မှုနှင့်အကြမ်းဖက်မှုများ မရှိပေ။ ယဲ့ချန်တို့လူစုက ကျောက်စိမ်းမြို့သို့ လုံခြုံစွာ တိတ်တဆိတ်ရောက်လာခဲ့သည်။ ထန်းတုကုန်သည်အသင်း၏ဖိတ်စာဖြင့် သူတို့က မြို့စောင့်များကို ကျော်ဖြတ်လာခဲ့သည်။
ယဲ့ချန်သည် မြို့တံခါးကိုစောင့်ကြပ်နေသူများမှာ မြေဝိဇ္ဇာများဖြစ်နေကြောင်း သိလိုက်ရသဖြင့် အလွန်အံ့သြသွားခဲ့သည်။ ဤအလုပ်က မြေဝိဇ္ဇာများအတွက် ရှက်ဖွယ်ဖြစ်သော်လည်း ပိုက်ဆံက ခိုင်းစေနိုင်ခဲ့သည်။
ယဲ့ချန်သည် ကျောက်စိမ်းမြို့တော်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း ဖြစ်သည်။ သူက မြို့တော်၏ကြီးကျယ်ခမ်းနားမှုကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ ၎င်းက သေးငယ်သည်ဟု ဆိုနိုင်သော်လည်း ကြွယ်ဝမှုနှင့်ခမ်းနားမှုတွင် ရှီဝူအင်ပါယာ၏မြို့တော်ပင် မယှဥ်နိုင်ပေ။
လမ်းက ခြောက်မီတာခန့်သာ ကျယ်သော်လည်း ရွှေပြားများခင်းထားသဖြင့် တဖိတ်ဖိတ်တောက်နေသည်။ လမ်းဘေးဝဲယာတွင် ဆိုင်ခန်းတိုင်းကို အဖိုးတန်ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားကာ ကျောက်မျက်ရတနာများနှင့် အလှဆင်ထားသည်။ ချမ်းသာသောကုန်သည်များအပြင် အရှင်သခင်များ၊ ကိုယ်လုပ်တော်များ၊ မင်းသမီးများနှင့် မျိုးနွယ်ခေါင်းဆောင်များကိုပင် နေရာတိုင်းတွေ့နိုင်သည်။ တစ်ကိုယ်တော်ကျင့်ကြံသူများပင် ကျောက်စိမ်းမြို့တော်သို့ ရောက်ရှိနေကြသည်။
၎င်းက အလွန်ခမ်းနားသော သီးသန့်ကမ္ဘာတစ်ခုပင် ဖြစ်သည်။
ထန်းတုန်ကုန်သည်အသင်းသည် ကြွယ်ဝမှုကိုပြသရန် လမ်းကို ရွှေဖြင့်ခင်းထားခြင်းဖြစ်သည်။ ဤနေရာသို့လာရောက်သော ဧည့်သည်တော်များက ကြွယ်ဝသဖြင့် ခိုးယူခံရမည်ကို စိုးရိမ်ရန်မလိုချေ။ ထို့အပြင် ထန်းတုကုန်သည်အသင်းက တစ်မြို့လုံးတွင် မျက်လုံးနှင့်နားများ ဖြန့်ကျက်ထားသဖြင့် လမ်းပေါ်ရှိရွှေများက တစ်ကြိမ်မျှ အခိုးမခံခဲ့ရပေ။
"အစ်ကိုကြီး ဒီလမ်းတွေကို ရွှေနဲ့ လုပ်ထားတာမလား။ ဒါတွေကိုတူးသွားရင် ဘန်းမုန့်တွေ အများကြီးဝယ်စားလို့ရပြီ"
ရှောင်ရိက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
သူ၏စကားကိုကြားသောအခါ ဖြတ်သွားဖြတ်လာတိုင်းက ထူးဆန်းဟန်ဖြင့် လှည့်ကြည့်သွားကြသည်။ လမ်းပေါ်ရှိရွှေများကို တူးခြင်းက မြို့စောင်ရဲမက်များကို မထီမဲ့မြင်ပြုခြင်းပင်။
"ရှောင်ရိ ဒီရွှေတွေကို ထန်းတုကုန်သည်အသင်းက ပိုင်တယ်။ မင်း ဒါတွေကို တူးလို့မရဘူး။ သူတို့က လာဖမ်းမှာသေချာတယ်"
မင်ဝူက ရှောင်ရိကို လျင်မြန်စွာတားမြစ်လိုက်သည်။
ရှောင်ရိက နားလည်ဟန်ဖြင့် ခဏတာတိတ်ဆိတ်သွားခဲ့သည်။ မင်ဝူသည်လည်း ရှောင်ရိ၏အမူအရာကြောင့် စိတ်အေးသွားခဲ့သည်။ သို့သော် ရှောင်ရိထပ်ပြောလိုက်သော စကားကြောင့် သူက ဟပ်ထိုးလဲကျလုမတတ် ဖြစ်သွားလေသည်။
"ဒါဆိုရင် ညကျမှ လာခိုးကြတာပေါ့"
ရှောင်ရိက ယဲ့ချန်ကို စိုက်ကြည့်၍ အကြံတောင်းလိုက်သည်။ ရှောင်ရိ၏လက်ထဲတွင် ပိုက်ထားသော ဝူစီကလည်း ထောက်ခံဟန်ဖြင့် အဆက်မပြတ် ခေါင်းညိတ်ပြနေခဲ့သည်။
ရှောင်ရိ၏အသံက အလွန်ကျယ်လောင်သောကြောင့် ချပ်ဝတ်တန်ဆာအပြည့်အစုံ ဝတ်ဆင်ထားသော ရဲမက်အချို့ ကြားလိုက်ရသည်။ သို့သော် ထန်းတုကုန်သည်အသင်း၏ ဖိတ်ကြားခြင်းခံထားရသော ဧည့်သည်တော်များကို သူတို့က မစော်ကားရဲပေ။ ရှောင်ရိမှ ရွှေများကို မတူးမချင်း သူတို့က တားမြစ်ရန် သတ္တိမရှိချေ။
အမွေးပွလေးမှာ နဖူးကို လက်ဝါးဖြင့်ရိုက်လိုက်မိသည်။ မည်သည့်သူခိုးက ခိုးမည့်အကြောင်းကို လူပုံအလယ်တွင် အော်ကြီးဟစ်ကျယ်ပြောမည်နည်း။ သူမက နောက်တွင် ရှောင်ရိကို ခိုးယူခြင်းနှင့်ပတ်သက်၍ သေချာသင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်မှာ ဤရွှေများကို မထိသင့်ကြောင်း ရှောင်ရိကို ရှင်းပြလိုက်ရလေသည်။
ထိုအချိန်တွင် ယဲ့ချန်သည် ဝိညာဥ်အသိစိတ်အချို့က သူတို့ထံ ရောက်လာကြောင်း ခံစားလိုက်ရသည်။ ၎င်းတို့က မည်သည့်နေရာမှထွက်ပေါ်လာကြောင်း မသိရသော်လည်း ယဲ့ချန်က သတိကြီးကြီးထားလိုက်သည်။ ကျောက်စိမ်းမြို့အတွင်း ကောင်းကင်သားရဲများရှိနေပြီး အမွေးပွလေးနှင့်ဝူစီ၏ပုံသဏ္ဍာန်ကြောင့် ထောက်လှမ်းလာြခင်း ဖြစ်နိုင်သည်။
၎င်းတို့အထဲတွင် ဆန်းကျယ်အဆင့် ကောင်းကင်သားရဲများလည်း ပါဝင်သည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်တစ်ခုက သူတို့ထံ ပေါ်တင်ဝင်ရောက်လာကြောင်း သိလိုက်ရသည်။ သူ၏ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်ကာ တစ်အုပ်စုလုံးကို လွှမ်းခြုံလိုက်သည်။ ကောင်းကင်သားရဲများ၏ ဝိညာဥ်အသိစိတ်များက ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့်အတွေ့တွင် ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြသည်။
ယဲ့ချန်နှင့်အမွေးပွလေးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်က စိတ်ချင်းဆက်သွယ်ထားသဖြင့် ထုတ်ပြောရန်မလိုပေ။ သူတို့အနေဖြင့် ကျောက်စိမ်းမြို့တော်တွင် ကောင်းကင်သားရဲများကို တွေ့ဆုံနိုင်သည်။
မှော်သားရဲတစ်ကောင်အတွက် လူအသွင်ဖန်ဆင်းရခြင်းက အလွန်ခက်ခဲသည်။ ရှောင်ရိကမူ ချွင်းချက်ဖြစ်သည်။ ကျန်တစ်ဖက်တွင် အဆင့်မြင့်ကောင်းကင်သားရဲများက အလွယ်တကူ လူအသွင်ပြောင်းနိုင်ပြီး လူအုပ်ကြားတွင် ရောနှောနေထိုင်နိုင်သည်။ ယဲ့ချန်သည် ကောင်းကင်သားရဲများက ရတနာဝယ်ယူရန် ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။
ကောင်းကင်သားရဲများမှာ ယဲ့ချန်၏အစွမ်းထက်ဝိညာဥ်အသိစိတ်ကြောင့် ကြောက်လန့်သွားကာ နောက်တစ်ဖန် မနှောင့်ယှက်ရဲကြတော့ပေ။
ယဲ့ချန်က အဝေးသို့ကြည့်လိုက်သောအခါ လေလံပွဲတစ်ခုကျင်းပနေသည်ကို တွေ့လိုက်ရသည်။ လူများစွာ ဝင်ထွက်သွားလာနေသဖြင့် ဆူညံသံများ ထွက်ပေါ်နေသည်။
"လေလံပွဲက မနက်ဖြန်မှစမှာ မဟုတ်ဘူးလား"
ယဲ့ချန်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။
"အဓိကလေလံပွဲက မနက်ဖြန်မှ စတင်မှာပါ။ ဒီလေလံပွဲက အဆင့်နိမ့်ရတနာတွေလောက်ကို ရောင်းချတာပါ။ တစ်ချိန်တည်းမှာပဲ သူတို့က လေလံတင်ဖို့ရတနာတွေကိုလည်း လက်ခံတယ်။ ဒီလေလံပွဲကို နေ့တိုင်းကျင်းပပြီး ထန်းတုကုန်သည်အသင်းရဲ့ ဖိတ်စာမရှိတဲ့လူတွေက ရဲမက်အစောင့်အကြပ်အောက်က ဝင်ရောက်ရတယ်"
ရွှမ်းယီက ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်သည်။
"ဒါဆိုရင် တစ်ချက်လောက် သွားကြည့်ရအောင်"
မင်ဝူက အကြံပြုလိုက်သည်။
သူတို့အုပ်စုက ခြောက်မီတာမြင့်သော လှေကားထစ်များကိုကျော်ဖြတ်၍ လေလံခန်းမထံ ချီတက်လာကြသည်။ ခန်းမ၏ဝင်ပေါက်တွင် မြေဝိဇ္ဇာအဆင့်တစ်ယောက် ဦးဆောင်သော ထျန်းချီအဆင့်တစ်ဆယ် မြို့စောင့်ရဲမက်အုပ်စုတစ်ခု စောင့်ကြပ်နေသည်။
သူတို့ဝတ်ဆင်ထားသည့် သံချပ်ဝတ်ကို အလွန်အဖိုးတန်သော ရွှမ်သံသတ္တုနှင့် ပြုလုပ်ထားသည်။ ဤအချက်က ထန်းတုကုန်သည်အသင်း၏ကြွယ်ဝမှုကို မီးမောင်းထိုးပြနေသည်။ ထို့အပြင် ကျောက်စိမ်းမြို့တော်ကို ဆန်းကျယ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ယောက်က စောင့်ရှောက်အုပ်ချုပ်ပေးနေသည်။
ယဲ့ချန်တို့အဖွဲ့ရောက်ရှိလာသောအခါ မြို့စောင့်ရဲမက်တစ်ယောက်က ရိုရိုသေသေဦးညွှတ်၍ ကြိုဆိုလိုက်သည်။
"ဂုဏ်သရေရှိဧည်သည့်တော်တို့ ထန်းတုကုန်သည်အသင်းရဲ့တံဆိပ်ပြား ရှိကြပါသလား"
ရဲမက်က အလွန်ယဥ်ကျေးစွာဖြင့် မေးမြန်းလာသည်။
"တံဆိပ်ဘယ်နှခုလိုတာလဲ။ ငါတို့အားလုံးဝင်ရောက်ဖို့ တစ်ယောက်ကို တစ်ခုစီလိုတာလား"
ယဲ့ချန်က မေးလိုက်သည်။ သူ့ထံတွင် တံဆိပ်တစ်ခုတည်း ရှိပေသည်။
"ဧည့်သည်တော်တို့ ထန်းတုတံဆိပ်ပြားတွေကို အနီရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး အဆင့်အတန်းခွဲထားပါတယ်။ တံဆိပ်ပြားမရှိရင် ရဲမက်အစောင့်တစ်ယောက်နဲ့ ခန်းမအတွင်းမှာ ထိုင်ရပါတယ်။ အနီရောင်ဆိုရင် သေးငယ်တဲ့သီးသန့်ခန်းတစ်ခု စီစဥ်ပေးပါမယ်။ငွေရောင်ဆိုရင် ပိုကြီးတဲ့အခန်းတစ်ခု ရပါမယ်။ ရွှေရောင်ဆိုရင် ကျွန်တော်တို့က အဆင့်မြင့်ဇိမ်ခံသီးသန့်ခန်းကို ပေးမှာပါ။ တံဆိပ်ပြားတစ်ခုတည်းနဲ့ မိတ်ဆွေတွေကို ခေါ်ဆောင်နိုင်ပေမယ့် အခန်းကသေးငယ်ရင် မဆံ့မှာ စိုးရိမ်မိပါတယ်။ လေလံပွဲတက်သူတွေများလွန်းလို့ ဒီလိုစီစဥ်ထားရတာကို နားလည်ပေးစေချင်ပါတယ်"
ရဲမက်က အပြုံးတစ်ခုဖြင့် အသေးစိတ်ရှင်းပြခဲ့သည်။
"ငါ့မှာ အနီရောင်တံဆိပ်ရှိတယ်"
မင်ဝူက ထန်းတုကုန်သည်အသင်း၏ ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်သည်။
"ငါ့မှာလည်း အနီရောင်တစ်ခုရှိတယ်။ သီးသန့်ခန်းငယ်နှစ်ခု ရနိုင်မလား"
ရွှမ်းယီကလည်း သိုလှောင်အိတ်အတွင်းမှ သူ၏တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
"ရပါတယ်ခင်ဗျာ။ ဧည့်သည်တို့ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ။ လိုအပ်တာရှိရင် အချိန်မရွေးပြောနိုင်ပါတယ်"
ရဲမက်က အနီရောင်တံဆိပ်နှစ်ခုကိုကြည့်၍ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညွတ်အရိုအသေပေးခဲ့သည်။
"ခဏနေဦး"
ယဲ့ချန်က ရွှမ်းယီနှင့်မင်ဝူကို တားမြစ်လိုက်သည်။ အနီရောင်တံဆိပ်ပြားဖြင့် သီးသန့်ခန်းငယ်နှစ်ခုကို ယူမည်ဆိုလျှင် သူတို့အဖွဲ့က လူစုကွဲသွားပေလိမ့်မည်။ ဤအချက်က ပြဿနာများနိုင်လေသည်။