← Chapters

ရွှေတံဆိပ်ပြား၏ အဆင့်အတန်း

Vol. 16 Ch. 215

ရွှေတံဆိပ်ပြား၏ အဆင့်အတန်း

Vol. 16 Ch. 215

"ဘာဖြစ်လို့လဲ"

မင်ဝူနှင့်ရွှမ်းယီက ယဲ့ချန်ကို လှည့်ကြည့်လာကြသည်။

"ဆရာ ကျွန်တော့်ဆီမှာ ရွှေရောင်တံ​ဆိပ်ပြားရှိတယ်။ ပိုကြီးတဲ့သီးသန့်ခန်းကို ယူကြတာပေါ့"

ယဲ့ချန်သည် ရွှေရောင်တံ​ဆိပ်ပြားတစ်ခုကို လက်မောင်းကာအတွင်းမှ ထုတ်ယူလိုက်သည်။ ၎င်းကို မည်သည့်သတ္တုဖြင့် ပြုလုပ်ထားကြောင်း မသိရသော်လည်း တဖိတ်ဖိတ်တောက်ပနေသည်။

ရွှမ်းယီနှင့်မင်ဝူသည် ရွှေရောင်တံဆိပ်ပြား၏အဓိပ္ပါယ်ကို သေချာစွာသိထားသဖြင့် အံ့သြသွားကြသည်။ ရွှေရောင်တံဆိပ်ပြားရရှိရန် လူတစ်ယောက်သည် ထန်းတုကုန်သည်အသင်းနှင့် ချီစုစည်းဆေးလုံးဆယ်သန်းပမာဏအထိ ကုန်သွယ်ဖူးရမည်ဖြစ်သည်။ ထို့အပြင် ဤအချက်တစ်ခုတည်းက ရွှေရောင်တံဆိပ်ပြားရရန် မလုံလောက်ပေ။ ထန်းတုကုန်သည်အသင်းမှ ဤလူကို အလားအလာရှိသည်ဟုသတ်မှတ်ပြီး အရေးကြီးစီးပွားဖက်တစ်ယောက်အဖြစ် လက်ခံမှသာ ထုတ်ပေးခြင်းဖြစ်သည်။

ယဲ့မျိုးနွယ်သည် ထန်းတုကုန်သည်အသင်းနှင့် တစ်ခေါက်သာကုန်သွယ်ဖူးသော်လည်း ပမာဏက ချီစုစည်းဆေးဆယ်သန်းမကပေ။ ဤပမာဏက အခြားမျိုးနွယ်များ၏ လေးငါးနှစ်ခန့်ကုန်သွယ်ကြသော တန်ဖိုးထက်ပင် ကျော်လွန်နေခဲ့သည်။ ထို့အပြင် ယဲချန်သည် ထောက်ပံ့ရေးစာချုပ်တစ်ခုကိုပင် ချုပ်ဆိုခဲ့သောကြောင့် နှစ်စဥ်ကုန်သွယ်မည့်ပမာဏက ချီစုစည်းဆေးလုံးသန်းငါးဆယ် အနည်းဆုံးရှိပေသည်။

ထို့ကြောင့် ထန်းတုကုန်သည်အသင်းက ရွှေရောင်တံဆိပ်ပြားသုံးခု တပြိုင်နက်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့လေသည်။

ထန်းတုကုန်သည်အသင်းသည် အရှေ့ကုန်းမြေတိုက်တွင် ရွှေရောင်တံဆိပ်ပြားငါးဆယ်အထိသာ ထုတ်ပေးထားသည်။ ပိုင်ဆိုင်သူတိုင်းက ကုန်းမြေတစ်ခုလုံးကို လှုပ်ကိုင်နိုင်စွမ်းရှိသော အစွမ်းထက်ဖြစ်တည်မှုများ ဖြစ်သည်။

ဤရွှေရောင်တံဆိပ်ပြားက အောင်မြင်မှုနှင့်ဂုဏ်ကျက်သရေ၏ ပြယုဂ်တစ်ခု ဖြစ်သည်။

မင်ဝူနှင့်ရွှမ်းယီတို့ အံ့သြတကြီးဖြစ်သွားသည်မှာ အဆန်းမဟုတ်တော့ပေ။ ယဲ့ချန်၏သရုပ်အမှန်က သူတို့၏စိတ်ထဲတွင် ပိုမိုဆန်းကျယ်လာခဲ့သည်။ ဆေးဆရာရွှမ်းယီသည် သူ၏တပည့်တွင် ဤမျှနက်ရှိုင်းသော သမိုင်းကြောင်းတစ်ခုရှိနေမည်ဟု မျှော်လင့်မထားပေ။ ယဲ့ချန်၏နောက်ခံအရဆိုလျှင် သူ့ထက်ပိုတော်သော ဆရာများရှာဖွေရန် ခက်ခဲမည်မဟုတ်ပေ။ ရွှမ်းယီက ဤအချက်ကိုနားမလည်သော်လည်း ချက်ချင်းမေ့ပစ်လိုက်သည်။ သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက်လှမ်းနေသော သူ့အတွက် ယဲ့ချန်၏သရုပ်မှန်နှင့် အဆင့်အတန်းက အရေးမပါပေ။ သူက တပည့်ထံမှ မည်သည်ကိုမှလိုချင်လောဘမရှိသော ဆရာစစ်ဆရာမှန် ဖြစ်လေသည်။

"ဂုဏ်သရေရှိဧည့်သည်တော်တို့ ကျေးဇူးပြုပြီးကြွပါ။ လိုအပ်တာရှိရင် အချိန်မရွေးပြောပါ။ ကျွန်တော်တို့က ချက်ချင်းဆောင်ရွက်ပေးပါ့မယ်"

ယဲ့ချန်၏ရွှေရောင်တံဆိပ်ကို မြင်သောအခါ အစောင့်ရဲမက်က ချက်ချင်းခါးကိုကိုင်း၍ အရိုအသေပေးလိုက်သည်။ သူ၏အပြုအမူက ယဲ့ချန်တို့အဖွဲ့အပေါ် ပိုမိုယဥ်ကျေးကာ ရိုသေလာခဲ့သည်။

ရဲမက်၏စကားအဆုံးတွင် ပိုးဝတ်စုံကိုယ်စီဖြင့် မိန်းမလှလေးများ ထွက်လာကြသည်။ ထို့နောက် သူတို့က အရေးကြီးဧည့်သည်အတွက် အနီရောင်ပိတ်စကိုလမ်းခင်းကာ ဘယ်ညာတစ်ဖက်စီတွင် တန်းစီရပ်လိုက်ကြသည်။ ဤကား ရွှေရောင်တံဆိပ်ပြားပိုင်ရှင်၏ အခွင့်ထူးဖြစ်သည်။ အကယ်၍ ယဲ့ချန်တို့ကသာ မိန်းမလှလေးများကို ခန္ဓာကိုယ်အားတောင်းဆိုလျှင်ပင် သူတို့က ငြင်းဆန်ဝံ့မည်မဟုတ်ပေ။

"ငါတို့က ယဲ့ချန်အပေါ် အခွင့်အရေးယူမိပြီထင်တယ်"

ခဏတာမင်သက်သွားပြီးနောက် မင်ဝူက သတိပြန်ဝင်လာပြီး ရယ်ရယ်မောမောပြောဆိုလိုက်သည်။ သူ၏စိတ်ထဲတွင် ယဲ့ချန်၏အဆင့်အတန်းက ပိုမိုမြင့်တက်လာသော်လည်း သူက ဧကရာဇ်တစ်ပါးဖြစ်နေသည်။ သူက ယဲ့ချန်အတွက် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်လိုသဖြင့် အခွင့်အရေးယူရမည်ကို အားတုံ့အားနာဖြစ်နေခဲ့သည်။

ရွှမ်းယီရောမင်ဝူပါ နားလည်မှုရှိစွာဖြင့် ယဲ့ချန်၏ ရွှေရောင်တံဆိပ်ပြားအကြောင်း မစပ်စုခဲ့ပေ။

အဖိုးတန်ကျောက်များဖြင့် ခင်းထားသော စင်္ကြံလမ်းတစ်ခုကို ဖြတ်သန်းပြီးနောက် ယဲ့ချန်သည် သီးသန့်ခန်းတစ်ခုထံ ရောက်ရှိလာခဲ့သည်။ အခန်းက စတုရန်းမီတာရာချီကျယ်ဝန်းပြီး လူပေါင်းဒါဇင်ခန့် နေထိုင်နိုင်သည်။ အဖိုးတန်စားပွဲကုလားထိုင်များ ခင်းကျင်းထားသကဲ့သို့ နံရံများကိုလည်း လှပစွာဆင်ယင်ထားသည်။ သူတို့၏ရှေ့တည့်တည့်တွင် ဖောက်ထွင်းမြင်ရသော သလင်းကျောက်မျက်နှာပြင်တစ်ခု ရှိသည်။ ဤမျက်နှာပြင်တွင် ထူးခြားသော စွမ်းရည်တစ်ခုရှိသည်။ သီးသန့်ခန်းအတွင်းမှ လူများသာ အပြင်ဘက်ရှိ လေလံပွဲကိုမြင်နိုင်ပြီး အပြင်ဘက်မှ မမြင်ရခြင်းဖြစ်သည်။ အခန်းတွင်းမှ လေလံဆွဲသံကိုသာ ပြင်ပရှိလူများက ကြားနိုင်လေသည်။

အချိန်ခဏအတွင်း ဝန်ထမ်းတစ်ယောက်ရောက်ရှိလာကာ စားသောက်ဖွယ်ရာများနှင့် ပန်းချီဆရာများဖြင့် သေချာစွာမှတ်တမ်းတင်ထားသော စာရင်းစာအုပ်များကို ပို့ဆောင်ခဲ့သည်။

"ဂုဏ်သရေရှိဧည့်သည်တော်တို့ ရတနာတစ်ခုခု ရောင်းချချင်ရင် ကြိုက်တဲ့အချိန် ဆက်သွယ်လိုက်ပါခင်ဗျာ။ ကျွန်တော်တို့က လေလံတာဝန်ခံကို ဧည့်သည်တော်တို့နဲ့ဆွေးနွေးဖို့ စီစဥ်ပေးပါမယ်"

ထိုအချိန်တွင် ရှောင်ရိနှင့်ဝူစီက သီးသန့်ခန်းအတွင်း ခုန်ပေါက်ဆော့ကစားနေကြပြီး ယဲ့ချန် ၊ရွှမ်းယီနှင့် မင်ဝူက လေလံစာရင်းကို စိတ်ဝင်တစားဖတ်ရှုနေကြသည်။

ဤစာအုပ်များတွင် ယနေ့လေလံတင်မည့် ရတနာများသာမက အဓိကလေလံပွဲတွင် ရောင်းချမည့်ရတနာအချို့ကိုပါ မှတ်တမ်းပြုစုထားသည်။ ၎င်းတို့တွင် အဆင့်ခြောက်နှင့်အထက် ဆေးလုံးများ၊ အဆင့်ငါးအထက် ဝိညာဥ်လက်နက်များနှင့် ရှားပါးသော ရတနာမျိုးစုံပါဝင်သည်။ နောက်ဆုံးတွင်ရှိသော ရတနာများကိုမူ အပေါ်ယံသာဖော်ပြထားပြီး အသေးစိတ်ရေးမထားခဲ့ပေ။ သရုပ်ဖော်ပုံကိုပင် ချန်လှပ်ထားသဖြင့် လူတိုင်း၏သိလိုစိတ်ကို နိုးကြားလာစေသည်။

ထန်းတုကုန်သည်အသင်းသည် စျေးကွက်စိတ်ပညာကို နားလည်ထားသည်။ ၎င်းက အရှေ့ကုန်းမြေတိုက်ကြီးတွင် စီးပွားရေးများ ဖြန့်ကျက်ထားနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။

ယဲ့ချန်သည် အဓိကလေလံပွဲ၏ရတနာများကို ကြည့်ရှုလိုက်သည်။ အနိမ့်ဆုံးမှာ ဝိညာဥ်အဆင့်သုံးလက်နက်ဖြစ်ပြီး ချီပြိုကွဲဆေးလုံးထောင်ချီ တန်ပေသည်။ အကယ်၍ လေလံပြိုင်ဆွဲကြမည်ဆိုလျှင် စျေးနှုန်းက သောင်းချီသောပမာဏအထိ ခုန်တက်သွားနိုင်သည်။ ချီပြိုကွဲဆေးလုံးတစ်သောင်းက ချီစုစည်းဆေးလုံးသန်းချီနှင့် ညီမျှသည်ဖြစ်ကာ အဆင့်ငါးဝိညာဥ်လက်နက်တစ်ခု၏ စျေးနှုန်းဆိုလျှင် အဆမတန်မြင့်မားပေလိမ့်မည်။

အတိတ်တွင် ချီစုစည်းဆေးလုံးထောင်ချီ အသုံးပြုရလျှင် ယဲ့ချန်က မွဲသွားမည်ဖြစ်သည်။ ချီပြိုကွဲဆေးလုံးတစ်လုံးက သူ့အတွက် ရတနာဖြစ်သည်။ သူ၏အဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ ဤအရာများက အဖိုးမတန်ကြောင်း သိလာရသည်။ ထန်းတုကုန်သည်အသင်းနှင့် ကြွယ်ဝသောမျိုးနွယ်များက ဆေးလုံးသန်းချီပမာဏကို အလွယ်တကူရောင်းဝယ်နေကြလေသည်။

အမှန်တကယ်ဆိုလျှင် ရှီဝူအင်ပါယာသည် အရှေ့ကုန်းမြေတိုက်ကြီးတွင် အဆင့်နှစ်တိုင်းပြည်တစ်ခုပင် မဟုတ်ပေ။ ထို့အတူ တုန်းလင်ပြည်နယ်၏ ယဲ့မျိုးနွယ်မှာလည်း သေးငယ်သော အဆင့်သုံးမျိုးနွယ်လေးတစ်ခုသာ ဖြစ်သည်။ ယဲ့ချန်သည် အတိတ်တွင် လောကကြီးကိုမမြင်ဖူးသော ရေတွင်းထဲမှ ဖားတစ်ကောင် ဖြစ်ခဲ့ရလေသည်။

ယဲ့ချန်က လက်မောင်းကာအတွင်း စစ်ဆေးလိုက်သောအခါ ချီပြိုကွဲဆေးလုံးငါးထောင်နှင့် ချီစုစည်းဆေးလုံးရှစ်သိန်းကိုသာ တွေ့လိုက်ရ၏။ အနည်းငယ်တွက်ချက်ပြီးနောက် ဤပမာဏက အဆင့်သုံးလက်နက်တစ်ခုကိုသာ ဝယ်နိုင်မည်ဖြစ်ကြောင်း သူက သိလိုက်ရသည်။ သို့သော် ယဲ့ချန်၏လက်မောင်းကာအတွင်း ဤအဆင့်လက်နက်များ မရှားပါးချေ။ သူ့အတွက် လိုအပ်နေသည်မှာ အဖိုးတန်ရတနာများကို လေလံဆွဲရန်အတွက် ပိုက်ဆံလဲရန်ဖြစ်သည်။ အဆင့်လေးဝိညာဥ်လက်နက်တစ်ခုက ချီပြိုကွဲဆေးလုံးသောင်းချီ တန်ပေသည်။

မင်ဝူသည် ယဲ့ချန်၏အတွေးကိုသိလျှင် နံရံနှင့် ခေါင်းကို ပြေးဆောင့်မိပေလိမ့်မည်။ သူက တော်ဝင်ဘဏ္ဍာတိုက်ကို မြေလှန်ခဲ့သည့်တိုင်အောင် ချီပြိုကွဲဆေးလုံးတစ်သောင်းခန့်သာ ရရှိခဲ့၏။ လေလံမှတ်တမ်းကိုကြည့်ပြီးနောက် မင်ဝူသည် အဆင့်သုံးလက်နက်ဝယ်ယူရန် အတွေးကိုစွန့်လွှတ်ကာ အဆင့်နှစ်ကာကွယ်ရေးလက်နက်များကို ရွေးချယ်လိုက်သည်။ သူက လေလံပွဲအတွက် ငွေကြေးဖန်တီးရန် ရွှေခရမ်းနတ်ဆေးအချို့ကို ရောင်းထုတ်ချင်သော်လည်း အနည်းငယ်နှမြောနေခဲ့သည်။

ဆေးဆရာရွှမ်းယီကမူ ဆေးအမယ်များကိုသာ စိတ်ဝင်တစားကြည့်ရှုနေလေသည်။

"ငရဲဖြိုခွဲဓားက ဘယ်အဆင့်လက်နက်လဲ မသိဘူး။ အနက်ရောင်ပုလဲ၊ ကောင်းကင်ကြယ်တာရာတံဆိပ်၊ ကောင်းကင်မီးလက်မောင်းကာနဲ့ ဆေးအိုးလေးအကြောင်းလည်း မသိဘူး"

ယဲ့ချန်တွင် သူကိုယ်တိုင်ပင်မသိသော အဖိုးတန်ရတနာများစွာရှိသည်။ ထို့ကြောင့် သူက သာမန်ရတနာများကို တစ်ချက်သာကြည့်၍ အမှန်တကယ်လိုအပ်သော ရတနာကိုသာ ဝယ်ယူမည်ဖြစ်သည်။

လေလံခန်းမအတွင်း တာဝန်ခံက လေလံတူကို ဆက်တိုက်ထုနေပြီး ရတနာများ တစ်ခုပြီးတစ်ခု ရောင်းထွက်ခဲ့သည်။

"နောက်လေလံတင်မှာက ကျောက်စိမ်းနက်အရိုင်းတုံးပါ။ ဒီအဆင့်မြင့်အရည်အသွေးနဲ့ အလယ်အဆင့်မာကျောမှုရှိတဲ့ ကျောက်စိမ်းနက်ကို ဆယ်မိုင်အကွာက ကျောက်စိမ်းနက်မိုင်းတွင်းက တူးဖော်ခဲ့တာဖြစ်ပါတယ်။ ဘယ်သူတွေများ လိုချင်ကြသလဲ"

တာဝန်ခံ၏စကားအဆုံးတွင် ညှို့အားပြင်းသော မိန်းမပျိုတစ်ယောက်က လင်ဗန်းတစ်ခုနှင့် ကျောက်စိမ်းနက်ကို သယ်ဆောင်လာသည်။

"ကျောက်စိမ်းနက်က ကောင်းကင်ချီကျင့်ကြံတာကို အကူအညီပေးနိုင်ပြီး မြေ၊သတ္တု၊မိုးကြိုးစတဲ့ အမျိုးအစားတွေ အများကြီးခွဲနိုင်တယ်။ ဒီကျောက်အရိုင်းတုံးက အလွန်မြင့်တဲ့အရည်အသွေးရှိတယ်။ မြေအမျိုးအစားကျောက်စိမ်းနက်ကို ဖွင့်နိုင်လိုက်မယ်ဆိုရင် နေ့ချင်းညချင်းချမ်းသာဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး"

"ကျေးဇူးပြုပြီး သေချာကြည့်ပေးကြပါ။ ကျုပ်တို့လေလံခန်းမရဲ့ ကျောက်စိမ်းအကဲဖြတ်သူက ဒီရတနာရဲ့တန်ဖိုးကို ချီစုစည်းဆေးလုံးငါးထောင် သတ်မှတ်ထားပါတယ်"

တာဝန်ခံ၏စကားအဆုံးတွင် ခန်းမအတွင်းရှိ သာမန်ဧည့်သည်များက တုန်လှုပ်သွားကြသည်။

ယဲ့ချန်သည် ကျောက်စိမ်းနက်အပေါ် သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ ထန်းတုကုန်သည်အသင်းသည် ဤကျောက်စိမ်းနက်ကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။ ထို့အပြင် ကောင်းကင်ချီကျင့်ကြံမှုနှင့် ဤကျောက်စိမ်းနက်က မည်သို့ဆက်စပ်နေကြောင်း သိလိုသဖြင့် ဝိညာဥ်အသိစိတ်ကို ၎င်းထံ ပို့လွှတ်လိုက်သည်။

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က လေလံခန်းမကို ဖြတ်သန်းသွားရသဖြင့် ဆွေးနွေးသံများကို ကြားနိုင်ခဲ့သည်။

"အခန်းသုံးက ဒီတစ်ခေါက်ရော လေလံဆွဲဦးမှာလား"

"အခန်းသုံးရဲ့ပိုင်ရှင်က ဘယ်သူဆိုတာကို မသိကြဘူးလား။ လေလံပွဲအစတည်းက သူဝယ်ထားတာ ရတနာတွေ ဒါဇင်ချီနေပြီ"

"ဂုဏ်သရေရှိသီးသန့်ခန်းမှာ နေနိုင်ဖို့ဆိုတာ တကယ်မလွယ်ဘူး။ သူတို့က အရမ်းချမ်းသာလွန်းတော့ ငါတို့မယှဥ်နိုင်ပါဘူး"

ယဲ့ချန်သည်ပင် အခန်းသုံး၏ပိုင်ရှင်ကို စပ်စုလိုသွားခဲ့သည်။ ထိုအချိန်တွင် ကျောက်စိမ်းနက်အရိုင်းတုံးနှင့် ထိတွေ့လိုက်သော သူ၏ဝိညာဥ်အသိစိတ်ထံမှ ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်။

"ဝိညာဥ်ကျောက်စိမ်း"

"ကျောက်စိမ်းနက်က ဝိညာဥ်ကျောက်စိမ်း ဖြစ်နေတာလား"

အကယ်၍ ဤကျောက်စိမ်းနက်အရိုင်းတုံးကသာ ဝိညာဥ်ကျောက်စိမ်းဖြစ်နေလျှင် ၎င်း၏တန်ဖိုးက ချီစုစည်းဆေးလုံးထောင်ချီမကပေ။ အမွေးပွလေး၏စကားအရ ဝိညာဥ်ကျောက်စိမ်းများက ရှားပါးနေပြီဖြစ်သော်လည်း ကျောက်စိမ်းနက်မိုင်းတွင်းများက နေရာအနှံ့တွင် တွေ့ရှိနိုင်ပေသည်။

ယဲ့ချန်က တစ်ချက်တွေးဆ၍ ဝိညာဥ်အသိစိတ်ကို ကျောက်စိမ်းနက်အတွင်း နက်ရှိုင်းစွာထိုးဖောက်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က အလယ်ပိုင်းသို့ရောက်သောအခါ ခိုဥတစ်လုံးပမာဏရှိသော ဝိညာဥ်ကျောက်စိမ်းတစ်တုံးကို တွေ့လိုက်ရသည်။ ၎င်းက ယဲ့ချန်တွင်ရှိနေသော လက်ကောက်အောက် သေးငယ်သော်လည်း ဆွဲသီးတစ်ခုလုပ်ရန် လုံလောက်အောင်ကြီးမားပေသည်။

ဝိညာဥ်ကျောက်စိမ်း၏ အပိုင်းအစသေးသေးလေးကပင် အလွန်အဖိုးတန်သည်။ ၎င်းကိုလက်လွှတ်လိုက်ရပါက အလွန်နှမြောစရာကောင်းမည် ဖြစ်လေသည်။

All Chapters