ကောင်းကင်သားရဲနတ်ဘုရင်
Vol. 16 Ch. 216
ဝိညာဥ်ကျောက်စိမ်းအရိုင်းတုံးများက မြေအောက်တွင် တိမ်မြုပ်နေပုံပေါ်သည်။ ၎င်းတို့က အရေအတွက်နည်းသော်လည်း ကျန်ရှိနေဆဲပင်ဖြစ်နိုင်သည်။ ထို့ကြောင့် ကျောက်စိမ်းနက်အရိုင်းတုံး၌ ကပ်ပါလာခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ယဲ့ချန်သည် မည်မျှသုံးရပါစေ ဝိညာဥ်ကျောက်စိမ်းကို ဝယ်ယူသင့်သည်။ သူ့အနေဖြင့် ဤအခွင့်အရေးကို လက်လွှတ်ခံ၍ မရပေ။
ယဲ့ချန်က ဤသို့စဥ်းစားနေစဥ် အစွမ်းထက်အသိစိတ်တစ်ခုက ကျောက်စိမ်းနက်အရိုင်းတုံးထံ လာရောက်ရိုက်ခတ်သည်ကို ခံစားလိုက်ရ၏။ အသိစိတ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်မိသောအခါ ယဲ့ချန်ရောတစ်ဖက်လူပါ ဝိညာဥ်အသိစိတ်များကို လျင်မြန်စွာရုတ်သိမ်းလိုက်ကြသည်။
"နတ်ဘုရင်အဆင့် သားရဲတစ်ကောင်ပါလား။ ကျူကုန်းကုန်းလို မှော်သားရဲနတ်ဘုရင်မဟုတ်ဘဲ ကောင်းကင်သားရဲနတ်ဘုရင် တစ်ယောက်ရှိနေတယ်"
ယဲ့ချန်က အလွန်တုန်လှုပ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ယဲ့ချန်ရောကောင်းကင်သားရဲကပါ အချင်းချင်းခြေရာမခံခဲ့ကြပေ။ ထို့ကြောင့် တစ်ယောက်၏တည်နေရာကို တစ်ယောက်က မသိချေ။
ယဲ့ချန်နှင့်နတ်ဘုရင်တစ်ယောက် တွေ့ဆုံခြင်းက အလွန်တိုက်ဆိုင်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။ လူသားများ၏လေလံပွဲသို့ တက်ရောက်ကာ ရတနာလာရှာသော နတ်ဘုရင်များရှိတတ်သည်။ သို့သော် သူတို့က လူသားများအတွင်း ကောင်းစွာဖုံးကွယ်နေနိုင်သဖြင့် လူတစ်ယောက်က နတ်ဘုရင်တစ်ယောက်ကိုတွေ့ရန် မလွယ်ပေ။ သာမန်လူများဆိုလျှင် ဘေးနားတွင် နတ်ဘုရင်တစ်ယောက်လာရပ်နေလျှင်ပင် သိမည်မဟုတ်ချေ။ ဝိညာဥ်အသိစိတ်ကို ပိုင်ဆိုင်ထားသူသည်သာ နတ်ဘုရင်များကို ထောက်လှမ်းနိုင်ပေသည်။
ယဲ့ချန်သည် ကိုယ့်ကိုကိုယ်တည်ငြိမ်ဟန်ဆောင်၍ ကျောက်စိမ်းနက်အရိုင်းတုံးထံမှ ဝိညာဥ်အသိစိတ်ကို ရုတ်သိမ်းလိုက်၏။
ကောင်းကင်သားရဲ၏အသိစိတ်က သူ့နောက်သို့ လိုက်ပါမလာသဖြင့် ရန်လိုခြင်းမရှိဟု သူက ခံစားလိုက်ရသည်။ ခဏတာတွေးတောပြီးနောက် တစ်ဖက်လူသည်လည်း သူ့ကို အစွမ်းထက်နတ်ဘုရင်တစ်ယောက်ဟု ထင်မှတ်သဖြင့် အကြောင်းအရင်းမရှိ ရန်မစလိုသောကြောင့်ဟု ယဲ့ချန်က သတ်မှတ်လိုက်သည်။
ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ကောင်းကင်သားရဲနတ်ဘုရင်နှင့် ပြဿနာမတက်လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် သူ့အနေဖြင့် ကျောက်စိမ်းမြို့တော်တွင် ကြာရှည်စွာနေထိုင်၍ မဖြစ်ချေ။ နတ်ဘုရင်တစ်ယောက်မှ သူ့ကို နတ်ဘုရင်အတုမှန်းသိသွားလျှင် လက်ချောင်းလေးများဖြင့်ပင် အလွယ်တကူသတ်ဖြတ်သွားနိုင်သည်။
"ဒီနတ်ဘုရင်ကလည်း ဝိညာဥ်ကျောက်စိမ်းကို တွေ့သွားလောက်ပြီ။ ငါ ဝယ်ရမလား"
ဤကိစ္စတွင် ယဲ့ချန်က ဝိညာဥ်ကျောက်စိမ်းတစ်ခုအတွက် နတ်ဘုရင်တစ်ယောက်နှင့် တိုက်ခိုက်မည်မဟုတ်ပေ။ အကယ်၍ပြဿနာတက်ပါက အန္တရာယ်များနိုင်သောကြောင့် သူက တိတ်တဆိတ်ထိုင်နေလိုက်သည်။
လေလံခန်းမအတွင်း၌ ကျောက်စိမ်းနက်အရိုင်းတုံး၏တန်ကြေးက ဆက်တိုက်မြင့်တက်နေပြီး ခဏအတွင်း ချီစုစည်းဆေးလုံးခုနစ်ထောင်သို့ ရောက်လာခဲ့သည်။ ယဲ့ချန်သည် လေလံဆွဲသူများကြားတွင် နတ်ဘုရင်ကို လိုက်လံရှာဖွေနေခဲ့သည်။ သူ၏အဆင့်အတန်းအရ ထန်းတုကုန်သည်အသင်း၏ ရွှေတံဆိပ်ပြားတစ်ခုရရန် မခက်သောကြောင့် နတ်ဘုရင်သည် ဂုဏ်သရေရှိသီးသန့်ခန်းများအတွင်း ရှိမည်ဖြစ်သည်။
"ရှစ်ထောင် ပေးမယ်"
အခန်းသုံးမှ လေလံကြေးမြှင့်ပေးလိုက်သည်။
ကောင်းကင်သားရဲက အခန်းသုံးမှပုဂ္ဂိုလ်လည်း ဖြစ်နေနိုင်သည်။
"ရှစ်ထောင့်သုံးရာ"
ခန်းမအတွင်းမှ ကျင့်ကြံသူတစ်ယောက်က လေလံဝင်ဆွဲခြင်းဖြစ်သည်။
"ရှစ်ထောင့်ငါးရာ"
အခန်းသုံးမှလူက လေလံကြေးကို ဆက်လက်မြှင့်တင်လိုက်ပြန်သည်။
ယဲ့ချန်သည် နတ်ဘုရင်မှ ဝိညာဥ်ကျောက်စိမ်းကို တွေ့ပြီးသည့်တိုင်အောင် အဘယ်ကြောင့်စျေးခေါ်ရာတွင် ဆေးလုံးတစ်ရာနှစ်ရာသာတိုးပေးသည်ကို နားမလည်နိုင်ဖြစ်နေသည်။ ကောင်းကင်သားရဲနတ်ဘုရင်အတွက် ချီစုစည်းဆေးလုံးများကို ဂရုစိုက်နေရန် မလိုချေ။
ယဲ့ချန်သည် အခန်းသုံးမှဧည်သည့်၏သရုပ်မှန်ကို သိလိုစိတ်ဖြစ်ပေါ်လာသည်။ စပ်စုခြင်းက လူကိုသေစေတတ်သော်လည်း သူက စိတ်မထိန်းနိုင်သဖြင့် ဝိညာဥ်အသိစိတ်ကို ပို့လွှတ်လိုက်သည်။ သူက တစ်ချက်လောက်သာချောင်းကြည့်လျှင် ပြဿနာမရှိနိုင်ပေ။ တစ်ဖက်လူမှ သူ့ကို ခြေရာမခံနိုင်လျှင် အဆင်ပြေပေလိမ့်မည်။
ဘေးတွင်ထိုင်နေသော ရွှမ်းယီနှင့်မင်ဝူက အချိန်ခဏအတွင်း ဤကိစ္စများဖြစ်ပျက်နေသည်ကို မသိခဲ့ကြပေ။ သူတို့က ကျောက်စိမ်းနက်အရိုင်းတုံးကို စိတ်မဝင်စားသောကြောင့် လေလံစာရင်းများကို ဖတ်ရှုနေကြသည်။ ရှောင်ရိနှင့်ဝူစီကလည်း အခန်းတွင်း၌ ပျော်ရွှင်စွာကစားနေကြပြီး အမွေးပွလေးသာလျှင် ယဲ့ချန်ကို စိုးရိမ်တကြီးစိုက်ကြည့်နေခဲ့သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အခန်းသုံးသို့ ရောက်ရှိသွားသော်လည်း နံရံကိုဖြတ်၍ မမြင်နိုင်ခဲ့ပေ။ အခန်းသုံးကို အစီအရင်တစ်ခုကာရံထားသဖြင့် ပိန်းပိတ်အောင်မှောင်မည်းနေကာ တစ်မျိုးတစ်ဖုံ ကြောက်မက်ဖွယ်ပင်ဖြစ်သည်။
ယဲ့ချန်က ကြောက်စိတ်ကိုပယ်ရှားကာ ဝိညာဥ်အသိစိတ်ကို အခန်းတွင်းသို့ ထိုးဖောက်စေသည်။ အခန်းသုံးထဲတွင် ထိုင်ခုံတစ်လုံးဖြင့်ထိုင်နေသော လူတစ်ယောက်မှအပ တစ်ခန်းလုံး ဗလာဖြစ်နေခဲ့သည်။
ထိုလူမှာ ယဲ့ချန်၏ရင်းနှီးသော မိသားစုဝင် ယဲ့ချိန်ရွှမ်းဖြစ်နေကြောင်း ဝိညာဥ်အသိစိတ်မှတဆင့် သူက သိလိုက်ရသည်။
"ဘိုးဘိုးကြီးက ဘာကြောင့် ကျောက်စိမ်းမြို့ကိုလာရတာလဲ"
ယဲ့ချန်က အတွေးနက်သွားသည်။ မူလတွင် သူက ယဲ့ချိန်ရွှမ်းကို ကောင်းကင်သားရဲတစ်ကောင်ဟု ထင်မှတ်နေခဲ့သည်။ ယဲ့မျိုးနွယ်က ထန်းတုကုန်သည်အသင်း၏ စီးပွားဘက်ဖြစ်လာသောကြောင့် လေလံပွဲတက်ရန် ယဲ့ချိန်ရွှမ်းရောက်ရှိလာခြင်းက ပုံမှန်ဖြစ်သည်။ ယဲ့မျိုးနွယ်တွင် ဆေးလုံးများမရှားပါးသော်လည်း ဝိညာဥ်လက်နက်များနှင့် မျိုးနွယ်ခွန်အားတိုးစေရန်အတွက် ရတနာများ လိုအပ်ကြောင်းကို ယဲ့ချန်က စဥ်းစားမိလိုက်သည်။
"ဒီအဆင့်နှစ်နဲ့အဆင့်သုံး ဝိညာဥ်လက်နက်တွေက မဆိုးဘူး။ ငါက အဆင့်လေးလက်နက်ကိုလည်း လေလံဆွဲရမယ်။ ဒီသိုင်းပညာကျင့်စဥ်တွေကလည်း ကောင်းမွန်တယ်။ မိုးကြိုးကျင့်စဥ်တွေကို ဝယ်ရမလား။ ဒါဆိုရင် ငါတို့က မျိုးနွယ်အတွက် ကျင့်စဥ်တွေ သင့်တော်အောင် ဖန်တီးနိုင်မယ်ထင်တယ်"
ယဲ့ချိန်ရွှမ်းက လေလံစာရင်းကို စေ့စေ့စပ်စပ်ကြည့်၍ ခပ်တိုးတိုးရေရွတ်နေခဲ့သည်။
လေလံပွဲအတွင်း သူက ရတနာများ ဝယ်ယူထားပြီးဖြစ်သော်လည်း အဓိကလေလံပွဲ၏ ရတနာအချို့ကိုလည်း မျက်စိကျနေခဲ့သည်။
"ဒီကျောက်စိမ်းနက်အရိုင်းတုံးက စျေးကြီးလွန်းနေပြီ။ ဒါက ကျင့်ကြံခြင်းကို ကူညီပေးနိုင်ပေမယ့် ဒီစျေးနဲ့ဆိုရင် သန့်စင်ပြီးသားကျောက်စိမ်းနက်ကို ဝယ်လို့ရတယ်။ ကံဆိုးလို့ရှိရင် ဒီကျောက်စိမ်းနက်အရိုင်းတုံးက အမှိုက်လည်း ဖြစ်သွားနိုင်တယ်"
ယဲ့ချိန်ရွှမ်းက လေလံခန်းမအတွင်းကြည့်၍ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ လက်ရှိတွင် ယဲ့မျိုးနွယ်က ချမ်းသာသော်လည်း သူက လက်လွတ်စပယ်မဖြုန်းတီးလိုသဖြင့် ကျောက်စိမ်းနက်၏တန်ဖိုးကို တွက်ချက်နေသည်။ သို့သော် သူမသိသည်မှာ ဤအရိုင်းတုံး၏အတွင်း၌ အဖိုးမဖြတ်နိုင်သော ဝိညာဥ်ကျောက်စိမ်းတုံးတစ်တုံး ရှိနေသည်ကိုပင်။
လေလံစျေးက ချီစုစည်းဆေးလုံး တစ်သောင်းနှစ်ထောင်အထိ မြင့်တက်လာခဲ့သည်။ ဤစျေးနှုန်းကို ကြားသောအခါ ယဲ့ချိန်ရွှမ်းက ၎င်းကိုရယူရန် လက်လျှော့လိုက်သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က လေလံဆွဲလိုက်သော သီးသန့်အခန်းငယ်ကို စစ်ဆေးလိုက်ရာ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကို တွေ့ခဲ့သည်။ သူက ကောင်းကင်သားရဲနတ်ဘုရင်မှ လေလံမဆွဲရသော အကြောင်းအရင်းကို သိချင်နေမိသည်။ တစ်ဖက်လူမှ သူ့ကို ဤကျောက်စိမ်းနက်အရိုင်းတုံးကိုပေးရန် ဆန္ဒရှိနေသည်လည်း ဖြစ်နိုင်သည်။
"ချီစုစည်းဆေးလုံးတစ်သောင်းနှစ်ထောင် တစ်ကြိမ် .......နှစ်ကြိမ်..."
တာဝန်ခံက လေလံကြေးကို ကြေငြာနေရာမှ ရုတ်တရက်ရပ်တန့်သွားသည်။ ထို့နောက် သူ၏အကြည့်က ဂုဏ်သရေရှိသီးသန့်ခန်းများထံ ကျရောက်လာခဲ့သည်။
"အခန်းငါးက ချီစုစည်းဆေးလုံး သုံးသောင်းပေးထားပါတယ်"
အခန်းငါး၏ပိုင်ရှင်က ယဲ့ချန်ဖြစ်သည်။ သူက ဝိညာဥ်ကျောက်စိမ်းကို ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏လက်ထဲ အပါမခံနိုင်ပေ။ အကယ်၍ ကောင်းကင်သားရဲကသာ ဝိညာဥ်ကျောက်စိမ်းကိုလိုချင်လျှင် သူက လက်ရှောင်ပေးမည်ဖြစ်သည်။
"ဆေးလုံးသုံးသောင်း ဟုတ်လား။ ဒီလူက ရူးနေပြီလား"
လေလံခန်းမအတွင်း လူတိုင်း မျက်လုံးပြူးသွားကြသည်။ ဤစျေးနှုန်းဖြင့်ဆိုလျှင် ကျောက်စိမ်းနက်အရိုင်းတုံးကို ဝယ်ယူမည့်အစား သန့်စင်ပြီးကျောက်စိမ်းနက်ကိုသာ ဝယ်ယူကြပေလိမ့်မည်။
ယဲ့ချန်က လေလံကြေးကို ဤမျှတိုးမြှင့်လိုက်ရသောအကြောင်းမှာ နတ်ဘုရင်ကို စမ်းသပ်လို၍ဖြစ်သည်။ သာမန်လူများက ဝိညာဥ်ကျောက်စိမ်း၏တန်ဖိုးကို မသိသောကြောင့် လေလံကြေးကို ဆက်လက်တိုးမြှင့်သူသည် သေချာပေါက် ကောင်းကင်သားရဲနတ်ဘုရင် ဖြစ်ပေလိမ့်မည်။
"ချီစုစည်းဆေးလုံးသုံးသောင်း တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်။ ရောင်းချလိုက်ပါပြီ"
တာဝန်ခံက စားပွဲကို တူငယ်တစ်လက်ဖြင့် ထုရိုက်၍ ကြေငြာလိုက်သည်။
ကောင်းကင်သားရဲနတ်ဘုရင်က ဝိညာဥ်ကျောက်စိမ်းအတွက် ယဲ့ချန်ကို မယှဥ်ပြိုင်ခဲ့ပေ။
ယဲ့ချန်က စိတ်အေးသွားသော်လည်း ပဟေဠိဖြစ်နေခဲ့သည်။ ဝိညာဥ်ကျောက်စိမ်းက နတ်ဘုရင်များအတွက် အဖိုးမတန်သော ရတနာမဟုတ်ပေ။ ၎င်း၏တန်ဖိုးနှင့်ယှဥ်လျှင် ဆေးလုံးသုံးသောင်းက ပြောပလောက်အောင် မရှိချေ။
ကောင်းကင်သားရဲနတ်ဘုရင်သည်လည်း ယဲ့ချန်ကဲ့သို့ အတွေးချင်းတူညီနေကာ အဆင့်တူချင်း ရန်မစလိုသောကြောင့်လည်း ဖြစ်နိုင်သည်။ ယဲ့ချန်က အဖြေကို စဥ်းစားမရသဖြင့် ခေါင်းရှုပ်မခံတော့ပေ။ ဤအချိန်တွင် သူက စိုးရိမ်တကြီးတွေးပူနေလျှင် တစ်ဖက်လူမှ သူ့ကို အနိုင်ကျင့်ရလွယ်ကူသည်ဟု ထင်မြင်သွားနိုင်သည်။ သူက နတ်ဘုရင်အစစ်မဟုတ်သည့်တိုင်အောင် ဟန်ဆောင်ရပေဦးမည်။
"လေလံပွဲမှာ စိတ်ဝင်စားစရာ ဘာထပ်တွေ့ဦးမလဲ"
အချိန်တစ်ခုကြာသော်လည်း ယဲ့ချန်က နတ်ဘုရင်၏ဝိညာဥ်အသိစိတ်ကို ထပ်မတွေ့ခဲ့ပေ။ ၎င်းက သဲလွန်စမချန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်၏စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေသည်။
သူက ယဲ့ချိန်ရွှမ်းကိုသွားတွေ့ရန် သင့်မသင် ချင့်ချိန်လိုက်သည်။ သို့သော် သူ၏အဘိုးကိုသွားတွေ့ရာတွင် နတ်ဘုရင်မှ သိရှိသွားပါက ယဲ့ချိန်ရွှမ်းအတွက် အန္တရာယ်ရှိသောကြောင့် ယဲ့ချန်သည် ဤအတွေးကို စွန့်လွှတ်လိုက်ရသည်။
လေလံပွဲတွင် ဆက်လက်ရောင်းချသော ရတနာတစ်ဒါဇင်အထိ ယဲ့ချန်မျက်စိကျသော ရတနာမျိုးမရှိပေ။ ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက်က ကျောက်စိမ်းနက်အရိုင်းတုံးကို လာရောက်ပို့ဆောင်ပြီး ကျသင့်တန်ဖိုးကို ကောက်ခံသွားလေသည်။
"ယဲ့ချန် ဒီကျောက်စိမ်းနက်က မင်းအတွက် ဆုံးရှုံးမှုကြီးနိုင်တယ်။ ဒါကိုဝယ်ဖို့အတွက် ချီစုစည်းဆေးသုံးသောင်းအထိ သုံးလိုက်တာက ဖြုန်းတီးရာကျတယ်။ ဒီစျေးနဲ့ဆိုရင် သန့်စင်ကျောက်စိမ်းနက်တွေကို ဝယ်လို့ရတယ်"
မင်ဝူက ပြောလိုက်ခြင်းဖြစ်သည်။
"စိတ်ချပါဗျာ။ ကျွန်တော်က အကြောင်းအရင်းရှိလို့ စျေးကြီးကြီးပေးပြီး ဝယ်လိုက်တာပါ"
ယဲ့ချန်သည် မင်ဝူ၏စေတနာကို နားလည်သောကြောင့် ယဥ်ယဥ်ကျေးကျေး တုံ့ပြန်လိုက်သည်။
"သြော် ဒီလိုလား"
မင်ဝူက ခေါင်းညိတ်၍ ထပ်မပြောတော့ပေ။
ယဲ့ချန်သည် ကျောက်စိမ်းနက်ကို လက်မောင်းကာအတွင်း သိမ်းဆည်းခဲ့သည်။ နောက်တွင် သူက ၎င်းအတွင်းမှ ဝိညာဥ်ကျောက်စိမ်းကို ထုတ်ယူပြီး အမွေးပွလေးအတွက် ဆွဲသီးတစ်ခုလုပ်ပေးရန် စဥ်စားထားခဲ့သည်။
တစ်နာရီအကြာတွင် လူတိုင်းက သီးသန့်ခန်းအတွင်းမှ အစားအသောက်များကို မြည်စမ်းခဲ့ကြသည်။ ၎င်းတို့က အမှန်တကယ်အရသာရှိသောကြောင့် ရှောင်ရိမှာ ခေါင်းမဖော်တမ်း စားသောက်နေသည်။
"နောက်လာမှာကတော့ နောက်ခံကိုမသိရတဲ့ ရတနာတစ်ခု ဖြစ်ပါတယ်။ လူတိုင်း မျက်စိကိုဖွင့်ပြီး ရှုစားကြပါ"
လေလံတာဝန်ခံ၏စကားက ယဲ့ချန်၏အာရုံကို ဖမ်းစားသွားခဲ့သည်။ သရုပ်မှန်မသိရသော ရတနာများကို သူက အလွန်စိတ်ဝင်စားလေသည်။