ထူးဆန်းသောသစ်တုံး
Vol. 16 Ch. 217
လှပသောမိန်းမပျိုသုံးယောက်က ကြီးမားသော လင်ဗန်းတစ်ခုကို အတူတကွသယ်ဆောင်လာကြသည်။ တာဝန်ခံက ဖုံးအုပ်ထားသော အနီရောင်ပိတ်စကို ဖယ်လိုက်သောအခါ သေဆုံးပြီးသစ်ပင်တစ်ပင်မှ ကြိတ်ဆုံအရွယ် အစိတ်အပိုင်းတစ်ခု ထွက်ပေါ်လာသည်။
သေဆုံးနေသော သစ်တုံး၏အသွင်အပြင်ကြောင့် လေလံခန်းမတစ်ခုလုံး လှောင်ပြောင်သံ၊ စိတ်ပျက်သံများ ပြည့်နှက်သွားခဲ့သည်။
"လူတိုင်း ကျေးဇူးပြုပြီး ကျွန်တော့်စကားကို တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ပေးပါ။ ဒီသစ်တုံးကို သစ်တောထဲမှာ ဆေးပင်ရှာဖွေသူတစ်ယောက်က တွေ့ရှိလာတာဖြစ်ပါတယ်။ ဒါက ဘာသစ်အမျိုးအစားဖြစ်တယ်ဆိုတာကိုတော့ ကျုပ်တို့လည်း မသိပါဘူး။ ဒီသစ်သားက အလွန်လေးပြီးတော့ ဒီအစိတ်အပိုင်းတစ်ခုတည်းက ကီလိုဂရမ်နှစ်ရာလေးပါတယ်။ ပြီးတော့ သစ်တုံးကနေ သစ်သားချီတွေစိမ့်ထွက်နေပြီး သာမန်သစ်ဝိညာဥ်သလင်းကျောက်တစ်ခုရဲ့ အစွမ်းတိုးမြှင့်ပေးနိုင်တာနဲ့ ညီမျှပါတယ်။ ဒါက သစ်သားအမျိုးအစားကျင့်စဥ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကြမ်းခင်းစျေးကတော့ ချီစုစည်းဆေးလုံးငါးရာပါ"
လေလံတာဝန်ခံက သစ်တုံးအကြောင်းမိတ်ဆက်၍ ပြည့်စုံစွာရှင်းပြလိုက်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဤသစ်တုံးက သစ်ဝိညာဥ်သလင်းကျောက်တစ်ခုနှင့် အစွမ်းညီမျှသော်လည်း သလင်းကျောက်တစ်ခု၏စျေးနှုန်း ကချီစုစည်းဆေးလုံးနှစ်ရာသာ ရှိသည်။ အသုံးမဝင်သော သစ်သားအပိုင်းအစတစ်ခုအတွက် ဤစျေးက အလွန်များပြားနေသည်။ လေလံခန်းမသည် သစ်သားတုံးမှာ သစ်သားချီကို ပိုမိုမြှင့်တင်ပေးနိုင်သည်ဟူသော အစွမ်းတစ်မျိုးတည်းကိုသာ ရှာတွေ့ခဲ့ပုံပေါ်သည်။ ၎င်း၏အဓိကအသုံးဝင်ပုံနှင့် တန်ဖိုးကိုမူ ရှာတွေ့ခဲ့ပုံမရချေ ။သို့သော် ထူးဆန်းသည့်ပစ္စည်းများကို ဝယ်စုတတ်သော ဝါသနာရှင်သူဌေးများ ရှိတတ်သည့်အတွက် သူတို့က လေလံတင်ရောင်းချခြင်းဖြစ်နိုင်သည်။
ဆန်းကျယ်ကာ အမျိုးအမည်မသိရသော သစ်တုံးထံ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ရောက်ရှိသွားခဲ့သည်။ ၎င်းက သာမန်သစ်ပင်တစ်ပင်နှင့်တူသော်လည်း ပြင်ပအားကြောင့် ဖျက်ဆီးခံခဲ့ရပုံပေါ်သည်။ သဘာဝအတိုင်းဆွေးမြေ့၍ ခြောက်သွေ့အက်ကွဲခြင်းမျိုး မဟုတ်ပေ။ သစ်တုံး၏အပြင်ပိုင်းတွင် မီးလောင်ခံထားရသော သဲလွန်စအချို့လည်း ရှိနေသည်။
ယဲ့ချန်သည် ယခုတစ်ခေါက်တွင် ကောင်းကင်သားရဲနတ်ဘုရင်၏ အသိစိတ်နှင့် မတွေ့ဆုံခဲ့ပေ။ နတ်ဘုရင်က လေလံပွဲမှ ထွက်ခွာသွားပုံပေါ်သည်။
ထို့နောက် ယဲ့ချန်က စိတ်အေးသက်သာသွားခဲ့ပြီး သစ်တုံးကို ဂရုတစိုက်လေ့လာလိုက်သည်။ သစ်သားချီအနည်းငယ်က ၎င်းထံမှ စိမ့်ထွက်နေသော်လည်း ပမာဏက အလွန်နည်းပါးသည်။ သို့သော် ဝိညာဥ်အသိစိတ်က သစ်တုံး၏အတွင်းပိုင်းသို့ ဖောက်မဝင်နိုင်သောအခါ ယဲ့ချန်မှာ အံ့သြတကြီးဖြစ်နေခဲ့သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်ပင် ထွင်းဖောက်မရသော သစ်တုံး၏ဖွဲ့စည်းပုံက အလွန်ထူးခြားနေသည်။ ဝိညာဥ်အသိစိတ်ဆိုသည်က ရုပ်ဒြပ်ရှိသော အရာမျိုးမဟုတ်ပေ။
ဤတစ်ခေါက်က နက်ခရိုရေကန်အတွင်း ယဲ့ချန်၏ဝိညာဥ်အသိစိတ် မဝင်ရောက်နိုင်သော အဖြစ်နှင့် ကွဲပြားခြားနားသည်။ နက်ခရိုရေကန်၏ရေများက တိုက်စားနိုင်စွမ်းမြင့်သောကြောင့် ယဲ့ချန်က အသိစိတ်ဖြင့်ဝင်ရောက်နိုင်သော်လည်း မစွန့်စားရဲခြင်းဖြစ်သည်။ သို့သော် ဤသစ်တုံးအတွင်းကိုမူ သူ၏ဝိညာဥ်အသိစိတ်က လုံးဝင်ရောက်မရခြင်းဖြစ်သည်။ ဤလောကတွင် မရေမတွက်နိုင်အောင်များပြားသော ထူးဆန်းသည့် ရတနာမျိုးစုံရှိသည်။ ယဲ့ချန်သည် ဤသစ်တုံးက မည်မျှစျေးကြီးပါစေ အရယူမည်ဟု ချက်ချင်းဆုံးဖြတ်လိုက်သည်။ ၎င်း၏အသုံးဝင်မှုကို လက်ရှိတွင် သူက ဘေးချိတ်ထားခဲ့သည်။
"ချီစုစည်းဆေးလုံးငါးရာ"
အခန်းသုံးမှ ယဲ့ချိန်ရွှမ်းက ပထမဆုံးလေလံဆွဲလိုက်သည်။
"ခြောက်ရာ"
"ရှစ်ရာ"
လေလံစျေးများ စတင်မြင့်တက်လာသည်။ အများစုက ဤသစ်တုံးကို ဂရုမစိုက်သော်လည်း အယောက်နှစ်ဆယ်ခန့်က စိတ်ဝင်စားနေကြသည်။ အချိန်တစ်ခုအတွင်း သစ်တုံး၏တန်ဖိုးက ချီစုစည်းဆေးလုံးသုံးထောင်အထိ ရောက်ရှိလာသည်။
"လေးထောင်"
"ငါးထောင်"
"ခြောက်ထောင်"
လေလံစျေးမြင့်တက်လာသည်နှင့်အမျှ လက်လျှော့သွားသူ အရေအတွက်က ပိုများလာသည်။ ယဲ့ချန်က စျေးကို ချီစုစည်းဆေးနှစ်သောင်းအထိ မြှင့်တင်လိုက်သောအခါ မည်သူမှ သူနှင့်ယှဥ်ပြီး လေလံမဆွဲကြတော့ပေ။ ဤပမာဏက အများစုအတွက် များပြားသောငွေကြေးဖြစ်သည်။ ချမ်းသာသောမျိုးနွယ်ကြီးများပင်လျှင် သေဆုံးပြီးသစ်ပင်၏ အစိတ်အပိုင်းတစ်ခုအတွက် ဤစျေးနှုန်းကို ပေးချေမည်မဟုတ်ပေ။
ထို့နောက် ဝန်ထမ်းတစ်ယောက်က ယဲ့ချန်ထံ သစ်တုံးကို ယူဆောင်လာခဲ့သည်။
မင်ဝူနှင့်ရွှမ်းယီမှာ ယဲ့ချန်၏လုပ်ရပ်များကြောင့် စိတ်ရှုပ်နေကြသည်။ လေလံပွဲတွင် ရတနာများစွာရှိသော်လည်း ယဲ့ချန်က အဖက်မလုပ်ခဲ့ပေ။ သို့သော် ကျောက်စိမ်းနက်အရိုင်းတုံးနှင့် သစ်တုံးတစ်ခုကိုမူ စျေးနှုန်းမြင့်မားစွာပေး၍ လေလံဆွဲခဲ့သည်။ သူတို့အနေဖြင့် ဤသစ်တုံးက မည်သို့အသုံးဝင်ကြောင်းကို မပြောနိုင်ကြသဖြင့် ပဟေဠိဖြစ်နေကြသည်။
သစ်တုံးက အမှန်တကယ်ပင်လေးလံပြီး ရွှမ်သံသတ္တုဖြင့်ပင် ယှဥ်နိုင်သည်။ ယဲ့ချန်က ၎င်းကို စားပွဲပေါ်တင်၍ သေချာစွာစစ်ဆေးလိုက်သည်။ အပြင်ပုံပန်းအရ သစ်တုံးက သာမန်သစ်သားများနှင့်မကွဲပြားပေ။ ၎င်းက သာမန်သစ်ဝိညာဥ်သလင်းကျောက်တစ်ခုကဲ့သို့ သစ်သားချီအနည်းငယ်ကို ထုတ်လုပ်ပေးနေခဲ့သည်။
"ဒီသစ်တုံးက တကယ်ထူးဆန်းပေမယ့် အကျိုးသက်ရောက်မှုက သစ်ဝိညာဥ်သလင်းကျောက်ကို မမီဘူး"
မင်ဝူက စိမ့်ထွက်လာသော သစ်သားချီကိုအာရုံခံ၍ မှတ်ချက်ပေးလိုက်သည်။
ယဲ့ချန်က တစ်ချက်တွေးတော၍ သစ်သားစိမ်းချီကျင့်စဥ်ကို လည်ပတ်လိုက်သည်။ သူ၏လက်ဝါးမှ သစ်သားချီများထွက်ပေါ်လာပြီး သစ်တုံးကိုထိကပ်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သေဆုံးပြီးဖြစ်ဟန်တူသော သစ်တုံးထံမှ အလွန်ပြင်းထန်သည့် စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်၏လက်ဝါးက သစ်တုံးတွင်ကပ်သွားပြီး တစ်ကိုယ်လုံးရှိသစ်သားချီများက ၎င်းထံ အဆက်မပြတ် တဟုန်ထိုးစီးဆင်းသွားခဲ့သည်။
ယဲ့ချန်က အလန့်တကြားဖြင့် သစ်သားစိမ်းကျင့်စဥ်ကို ရပ်တန့်လိုက်သောအခါတွင်မှ သစ်တုံး၏စုပ်အား ပြေလျော့လာကာ သူ၏လက်ဝါးကို ပြန်ဆွဲခွာနိုင်ခဲ့သည်။ ယဲ့ချန်မှာ သစ်သားချီများကိုစုပ်ယူနိုင်သော သစ်တုံး၏အစွမ်းကြောင့် တုန်လှုပ်ခဲ့ရသည်။
အချို့သောအကြောင်းအရင်းများကြောင့် ယဲ့ချန်သည် သစ်တုံးထံမှ အသက်အားတစ်ခုကို ခံစားလိုက်ရသည်။ သူက ရွှမ်းယီနှင့်မင်ဝူကို အကဲခတ်လိုက်သောအခါ နှစ်ယောက်လုံးက သူကဲ့သို့ အာရုံခံမိပုံမရချေ။ သစ်တုံးအပေါ်ကိုပင် သူတို့က စိတ်ဝင်စားခြင်းမရှိပေ။
ယဲ့ချန်သည် သူ၏စိတ်ထဲတွင် ဤနေရာက သစ်တုံးကိုစမ်းသပ်ရန် နေရာကောင်းမဟုတ်ဟု သိထားခဲ့သည်။ သူက ၎င်းကိုလေ့လာချင်လျှင် အချိန်နှင့်နေရာကို သီးသန့်လိုအပ်သည်။ လက်ရှိတွင် ယဲ့ချန်သည် သစ်တုံးကို လက်မောင်းကာအတွင်း သိမ်းဆည်းထားရန်သာ တတ်နိုင်ပေသည်။
ယဲ့ချန်က လေလံပွဲ၏နောက်ထပ်ရတနာများကို ထပ်မံဝယ်ယူခြင်းမရှိပေ။ ယဲ့ချိန်ရွှမ်းကမူ ယဲ့မျိုးနွယ်၏တိုးတက်ရေးတွင် အသုံးချရန် ရတနာအချို့ကို ထပ်မံလေလံဆွဲခဲ့သည်။
နေ့လယ်အချိန်တွင် လေလံခန်းမသည် ယဲ့ချန်တို့အဖွဲ့အနားယူနိုင်ရန် အနီးရှိတည်းခိုခန်းတစ်ခုတွင် ပြင်ဆင်ပေးခဲ့သည်။ ယဲ့ချန်နှင့်အမွေးပွလေးက အဖိုးတန်ဇိမ်ခံပစ္စည်းများနှင့် အလှအပများဆင်ယင်ထားသော အခန်းတစ်ခုကို ရရှိခဲ့သည်။ ရှောင်ရိနှင့်ဝူစီအတွက် အလားတူတစ်ခန်းနှင့် မင်ဝူနှင့်ရွှမ်းယီအတွက်လည်း အလားတူအခန်းမျိုး ကိုယ်စီရရှိနေထိုင်ခဲ့ကြသည်။
ယဲ့ချန်သည် တည်းခိုခန်းအတွင်း အစွမ်းထက်ကျင့်ကြံသူများ နေထိုင်ကြောင်း အာရုံခံနိုင်ခဲ့သည်။ ကောင်းကင်ဝိဇ္ဇာများ၊ ဆန်းကျယ်ဝိဇ္ဇာများနှင့် ဆန်းကျယ်အဆင့် ကောင်းကင်သားရဲနှစ်ကောင်ပင် ပါဝင်နေသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က တည်းခိုခန်းတစ်ခုလုံးကို လွှမ်းခြုံပြီး ကောင်းကင်သားရဲနတ်ဘုရင်မရှိကြောင်း အတည်ပြုလိုက်သည်။ ဆန်းကျယ်အဆင့် ကောင်းကင်သားရဲနှစ်ကောင်မှာမူ ယဲ့ချန်ကို နတ်ဘုရင်ဟု ထင်မှတ်သွားကြသဖြင့် ကြောက်ဒူးတုန်နေကြသည်။
"အမွေးပွလေး ဒီနေ့ရလာတာ တကယ်မဆိုးဘူး။ ဝိညာဥ်ကျောက်စိမ်းတစ်ခုနဲ့ ဆန်းကျယ်တဲ့ သစ်သားစတစ်ခု ရခဲ့တယ်"
ယဲ့ချန်က ပြောပြောဆိုဆိုနှင့် လေလံဆွဲလာခဲ့သော ရတနာနှစ်ခုကို လက်မောင်းကာအတွင်းမှထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။ အမွေးပွလေးက သိလိုစိတ်ဖြင့် စားပွဲပေါ်ခုန်တက်ကာ ရတနာနှစ်ခုကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
ယဲ့ချန်က ကျောက်စိမ်းနက်အရိုင်းတုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကျောက်စိမ်းနက်က အပိုင်းပိုင်းအစစကြေမွသွားကာ ခိုဥတစ်လုံးအရွယ်ရှိ ဝိညာဥ်ကျောက်စိမ်းတုံးက အနက်ရောင်တလက်လက်နှင့် ထွက်ပေါ်လာသည်။
"ဒါလေးကသေးနေတာ အတော်ဆိုးတာပဲ။ မင်းအတွက် ဆွဲသီးတစ်ခု လုပ်ပေးချင်ပေမယ့် ငါလည်း လက်မှုပညာမတတ်ဘူး"
ယဲ့ချန်ကခေါင်းကုတ်၍ ဝိညာဥ်ကျောက်စိမ်းကို စားပွဲပေါ်တင်လိုက်သည်။ အမွေးပွလေးက ၎င်းဘေးတွင်ရပ်ကာ ပါးစပ်ကိုဟ၍ ပုံရိပ်ယောင်ပုလဲကို ထွေးထုတ်လိုက်သည်။ ပုံရိပ်ယောင်ပုလဲက ဝိညာဥ်ကျောက်စိမ်းအပေါ်သို့ ဖြည်းညှင်းစွာရောက်ရှိသွားသည်။ ထို့နောက် အဖြူရောင်အလင်းများ ကျဆင်းလာကာ ဝိညာဥ်ကျောက်စိမ်းကို လွှမ်းခြုံလာခဲ့သည်။ ဝိညာဥ်ကျောက်စိမ်းက ဆက်တိုက်တုန်ခါလာပြီး မျက်စိကျိန်းစပ်လောက်အောင် တောက်ပလာ၏။ ထို့နောက် ဝှစ်ခနဲအသံနှင့်အတူ ၎င်းက ပုံရိပ်ယောင်ပုလဲအတွင်း ရောက်ရှိသွားပြီး အမွေးပွလေးက ပုလဲကို မျိုချလိုက်သည်။
"အမွေးပွလေး ဝိညာဥ်ကျောက်စိမ်းကို သိမ်းလိုက်တာလား"
ယဲ့ချန်က တအံ့တသြမေးလိုက်သည်။ ပုံရိပ်ယောင်ပုလဲက ပစ္စည်းများကိုပင် သိမ်းဆည်းနိုင်သဖြင့် အံ့ဖွယ်ပင်ဖြစ်သည်။
"ဟုတ်"
အမွေးပွလေးက ခေါင်းညိတ်သည်။ မြေခွေးများ၏မျိုးနွယ်ရတနာက အမှန်တကယ်အသုံးဝင်ပေသည်။
"မင်းအတွက် ဝိညာဥ်ကျောက်စိမ်း ထပ်ယူဦးမလား"
ယဲ့ချန်ထံတွင် နတ်ဝိညာဥ်လက်ကောက်ရှိနေသောကြောင့် သူက အမွေးပွလေးကို ပေးချင်ခဲ့သည်။
သို့သော် အမွေးပွလေးက ခေါင်းယမ်း၍ ဝိညာဥ်ကျောက်စိမ်းတစ်ခုတည်းက လုံလောက်ကြောင်းဖော်ပြခဲ့သည်။ ယဲ့ချန်သည် ဝိညာဥ်ကျောက်စိမ်းလက်ပတ်က အမွေးပွလေးအတွက် အသုံးဝင်သောကြောင့် ပေးလိုသော်လည်း သူမက ဆက်တိုက်ငြင်းပယ်နေသည်။ အမွေးပွလေး၏အမူအရာကြောင့် ယဲ့ချန်က လက်လျှော့လိုက်ရသည်။ သူ၏အကြည့်က သစ်တုံးထံကျရောက်သွားကာ မည်သည့်အရာဖြစ်ကြောင်း ဖော်ထုတ်လိုခဲ့သည်။
ယဲ့ချန်က ပိရှို့ကိုနှိုးဆွ၍ သစ်သားစိမ်းချီကျင့်စဥ်ကို လည်ပတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ခဏအတွင်း သစ်သားချီများပြည့်နှက်သွားခဲ့သည်။ ထို့နောက် သူက ဂရုတစိုက်ဖြင့် ညာလက်ဝါးကို သစ်တုံးပေါ်တင်လိုက်သောအခါ ဆွဲကပ်ခံလိုက်ရ၏။ သူ၏ကိုယ်တွင်းမှ သစ်သားချီများက သစ်တုံးထံ ဒီရေအလားတဟုန်ထိုး စီးဝင်သွားခဲ့သည်။
"မြန်လှချည်လား"
ယဲ့ချန်က သစ်တုံး၏စုပ်ယူနှုန်းကို သိထားသော်လည်း အံ့သြနေဆဲပင်ဖြစ်သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤနှုန်းဖြင့် ကောင်းကင်ချီများကိုစုပ်ယူခံလိုက်ရပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်။
ကံကောင်းစွာဖြင့် ဓားပျံက သူ့အတွက် လိုသလောက်ချီများကို ထောက်ပံ့ပေးနိုင်နေသည်။ ကောင်းကင်ချီပင်လယ်မှ ချီစွမ်းအင်များက ကုန်ခမ်းသွားသော သစ်သားချီများကို ပြန်လည်ဖြည့်တင်းပေးခဲ့သည်။
သာမန်ကျင့်ကြံသူများ၏ ကောင်းကင်ချီက ဤသစ်တုံးအပေါ် မည်သည့်သက်ရောက်မှုမှမရှိကြောင်းကို ယဲ့ချန် မသိခဲ့ပေ။ သူ၏ရှေ့တွင် သစ်သားချီကို ကျင့်ကြံသူများစွာက သစ်တုံးကိုစမ်းသပ်ခဲ့သော်လည်း တုံ့ပြန်မှုမရှိပေ။ ယဲ့ချန်၏သစ်သားချီက ထိုလူများထက် ပို၍အဆင့်မြင့်ကြောင်း သိသာနေသည်။ ပိရှို့၏ကောင်းကင်ချီများက သန့်စင်သော စွမ်းအင်အရင်းအမြစ်ပင် ဖြစ်သည်။
နာရီဝက်ကြာသည်အထိ သစ်တုံးက သစ်သားချီများကို စုပ်ယူနေဆဲပင်။ ဤမျှများပြားသော ပမာဏက ၎င်းကိုမဖြည့်တင်းနိုင်သည်မှာ အံ့သြစရာကောင်းနေခဲ့သည်။ အမွေးပွလေးသည်လည်း သစ်တုံးကို စပ်စုလိုစိတ်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် ယဲ့ချန်သည် သူ၏လက်ဝါးအောက်မှ ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရပြီး ပြင်းထန်သော အသက်အားတစ်ခုက သစ်တုံးထံမှ ထွက်ပေါ်လာသည်။
ထို့နောက် သစ်တုံး၏အကိုင်းအခက်တစ်ခုတွင် သေးငယ်သော အဖူးတစ်ခုဖြစ်ပေါ်လာကာ အနက်ရောင်မဟုတ်ဘဲ အစိမ်းရောင်သမ်းနေခဲ့သည်။
ယဲ့ချန်သည် ဤသစ်တုံး၏အမျိုးအစားကို မသိသော်လည်း ၎င်းက မသေသေးကြောင်း နားလည်သွားသည်။ သူရောအမွေးပွလေးပါ ဤအခြေအနေကြောင့် အလွန်အံ့သြသွားခဲ့သည်။ ဤအခြေအနေထိရောက်အောင် အချိန်များစွာ ထိခိုက်ခံခဲ့ရသော်လည်း ဤသစ်တုံးက အပင်ပြန်ပေါက်လာနိုင်သည်။
ယဲ့ချန်အနေဖြင့် ၎င်း၏အမျိုးအစားကို မသိသော်လည်း အပင်ပေါက်လာသဖြင့် စိုက်ပျိုးရန် နေရာလိုအပ်လာပြီဖြစ်သည်။ သူက သစ်တုံးကြီးကို သွားလေရာသယ်ဆောင်ပြီး သစ်သားချီဖြင့် ထောက်ပံ့မပေးနိုင်ပေ။ သစ်ပင်တစ်ပင်အတွက် ရှင်သန်ရန် ရေ၊ မြေဆီလွှာနှင့် နေရောင်တို့လိုအပ်သည်က ပုံမှန်ဖြစ်သည်။ သူ့အနေဖြင့် ဤသစ်တုံးကို မည်သည့်နေရာတွင် စိုက်ပျိုးသင့်သနည်း။