လက်နက်ဝိညာဥ်များမိတ်ဆက်
Vol. 16 Ch. 219
"မိန်းကလေးဝမ်ချင်ပါလား"
"နှစ်တွေကြာလေလေ မိန်းကလေးဝမ်ချင်က ပိုပိုပြီးလှလာတယ်။ သူမက ထန်းတုကုန်သည်အသင်းရဲ့ ထိပ်တန်းလေလံပစ်သူ ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်ထိုက်ပါတယ်"
ခန်းမအတွင်းရှိလူများက တီးတိုးပြောဆို ဆွေးနွေးနေကြသည်။ သူတို့၏ဘဝတွင် မိန်းမလှမျိုးစုံ တွေ့ဖူးသော်လည်း ချီလင်ဝမ်ချင်ကိုမူ မကြည့်ဘဲမနေနိုင်ပေ။ သို့သော် မည်သူမှ တဏှာအတွေးများ မတွေးရဲကြချေ။ မိန်းမတစ်ယောက်အတွက် ထန်းတုကုန်သည်အသင်းကဲ့သို့ အင်အားစုကြီးမျိုးကိုရန်စရခြင်းက ထိုက်တန်မည်မဟုတ်။ ရောက်ရှိလာသော ဧည့်သည်တော်တိုင်းက သက်ဆိုင်ရာအဆင့်အတန်း ကိုယ်စီရှိကြသဖြင့် မိန်းမလှများရှာဖွေရန် မခက်ခဲချေ။
ယဲ့ချန်သည် ချီလင်ဝမ်ချင်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ သူမထံမှ ဝိညာဥ်စွမ်းအားကို အာရုံမခံမိသော်လည်း ခြားနားသောစွမ်းအားတစ်ခု ထွက်ပေါ်နေသည်။ ချီလင်ဝမ်ချင်က အသက်နှစ်ဆယ့်ခုနစ်အရွယ်သာ ဖြစ်သော်လည်း ကျင့်ကြံဆင့်က ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူမ၏ပါရမီက ဧကရာဇ်မင်ဝူထက်ပင် သာလွန်သောကြောင့် အပေါ်ယံတွင် မြင်နေရသလောက် ရိုးရှင်းမည် မဟုတ်ပေ။
"ဒီမိန်းကလေးက ချီလင်ဝမ်ချင်လို့ခေါ်တယ်။ သူမက အလယ်အင်ပါယာ ထန်းတုကုန်သည်အသင်းကလာတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်တယ်။ အသက်၂၇နှစ်နဲ့ မြေဝိဇ္ဇာထိပ်ဆုံးအဆင့်ကို ရောက်နေပြီ။ တော်တော်ထူးချွန်တယ်"
မင်ဝူသည် ယဲ့ချန်က ချီလင်ဝမ်ချင်ကို အာရုံစိုက်ကြည့်နေကြောင်း သတိပြုမိသောအခါ မိတ်ဆက်ပေးလိုက်သည်။ သူသည်လည်း လူငယ်ဘဝတွင် လှပသော မိန်းမပျိုများကိုတွေ့လျှင် အကြည့်မလွှဲနိုင်ခဲ့ပေ။
မင်ဝူ၏စကားက ယဲ့ချန်ကို သံသယဖြစ်သွားစေသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် နောက်တစ်ကြိမ်စစ်ဆေးလိုက်သောအခါ ချီလင်ဝမ်ချင်က အထူးနည်းလမ်းတစ်မျိုးဖြင့် စွမ်းအင်များကို ထိန်းချုပ်ထားကြောင်း သိလိုက်ရသည်။ သာမန်ကျင့်ကြံသူများ၏အမြင်တွင် သူမက မြေဝိဇ္ဇာထိပ်ဆုံးအဆင့်ဖြစ်နေပြီး ယဲ့ချန်တစ်ယောက်သာလျှင် ဝိညာဥ်အသိစိတ်ကြောင့် အမှန်တရားကို သိရှိနိုင်ခဲ့သည်။
ဤမျှထူးချွန်ကာ ပါရမီရှိသော မိန်းကလေးတစ်ယောက်က ထန်းတုကုန်သည်အသင်းတွင် လေလံပစ်သူအဖြစ် လုပ်ကိုင်နေခြင်းက ပုံမှန်မဟုတ်နိုင်ပေ။
"ဧည့်သည်တော်များရှင် ကျောက်စိမ်းမြို့တော်လေလံပွဲက ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အခမ်းအနားက ရှင်တို့တစ်သက်မမေ့စရာ ဖြစ်စေရမယ်လို့ အာမခံနိုင်ပါတယ်"
ချီလင်ဝမ်ချင်က လူတိုင်း၏အကြည့်အောက်တွင် တည်ငြိမ်စွာဖြင့် လေလံပွဲကို စတင်ဖွင့်လှစ်လိုက်သည်။ သူမ၏အသံက တေးသီငှက်လေး၏ ဂီတနုတ်များပမာ လူတိုင်း၏နားအတွင်း ချိုသာစွာ ဝင်ရောက်လာခဲ့သည်။
ယဲ့ချန်က စားပွဲကို လက်ချောင်းများဖြင့်ခေါက်၍ အတွေးနက်နေသည်။ ချီလင်ဝမ်ချင်ကို ငယ်ငယ်ရွယ်ရွယ်နှင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ရန် ပြုစုပျိုးထောင်နိုင်သော နောက်ခံက သေချာပေါက်ထူးခြားပေမည်။ မိုင်ပေါင်းထောင်ချီဝေးကွာသော အလယ်အင်ပါယာတွင် လူသားမျိုးနွယ်၏ အစစ်အမှန်အစွမ်းထက် ကျင့်ကြံသူများ နေထိုင်ပုံပေါ်လေသည်။
အလယ်အင်ပါယာတွင် ခြေကုပ်ယူနိုင်ခဲ့သော ယဲ့မျိုးနွယ်ခွဲသည် အစွမ်းထက်မျိုးနွယ်တစ်ခု ဖြစ်လာသည်။ ယဲ့ချန်သည် သူ၏မျိုးနွယ်ကို ထိုအဆင့်သို့ခေါ်ဆောင်သွားရန် မည်မျှခက်ခဲမည်ကို တွေးဆလိုက်သည်။ အလယ်အင်ပါယာရှိ ယဲ့မျိုးနွယ်က ရှီဝူအင်ပါယာရှိ ယဲ့မျိုးနွယ်ကို အထင်သေးသည်မှာ အဆန်းမဟုတ်ပေ။ နိုင်ရာစားလောကကြီးတွင် အစွမ်းထက်သူများကို အားနည်းသူများက မော့ကြည့်ရသည်မှာ ဓမ္မတာပင်ဖြစ်သည်။
အလယ်အင်ပါယာဆိုသည်နှင့် ယဲ့လော့က ယဲ့ချန်၏စိတ်အတွင်း ဝင်ရောက်လာသည်။ သူက အလယ်အင်ပါယာသို့ သူ၏မျိုးနွယ်ကိုခေါ်ဆောင်သွားပြီး ထိုနေရာမှ ယဲ့မျိုးနွယ်ခွဲကို သူတို့အား နောက်တစ်ကြိမ်အထင်မသေးရဲစေရန် သင်ခန်းစာပေးမည်ဖြစ်သည်။
ဤဆုံးဖြတ်ချက်က ယဲ့ချန်၏စိတ်ထဲတွင် ခိုင်မာစွာအမြစ်တွယ်သွားခဲ့သည်။ သူ၏လက်ရှိခွန်အားက အလယ်အင်ပါယာတွင် ပါမွှားသာဖြစ်ကြောင်း နားလည်ထားသည်။ သို့သော် သူ့ထံတွင် ငယ်ရွယ်ခြင်းဟူသော အရင်းအနှီးရှိနေသဖြင့် ကျင့်ကြံရေးခရီးရှည်ကြီးတွင် အောင်မြင်လာပေလိမ့်မည်။
ယဲ့ချန်က အတွေးနက်နေစဥ် လေလံပွဲက စတင်နေပြီဖြစ်သည်။
"ဧည့်သည်တော်များရှင် ပထမဆုံးလေလံတင်မှာက အဆင့်သုံးလက်နက် ကောင်းကင်ဝံပုလွေလှံပုဆိန် ဖြစ်ပါတယ်။ ဒါက ကီလိုဂရမ်ခြောက်ရာ့ငါးဆယ်လေးလံပြီး မိုးကြိုးသတ္တုနဲ့ သွန်းလုပ်ထားပါတယ်။ ဒီလက်နက်မှာ စစ်ဝိညာဥ်ဖြစ်တည်ပြီးဖြစ်လို့ သေချာပေါက်အစွမ်းထက်ပါတယ်"
"ကြမ်းခင်းစျေးက ချီစုစည်းဆေးလုံးရှစ်ထောင်ပါရှင်"
ချီလင်ဝမ်ချင်၏ သွယ်လျသော လက်အစုံက လှံပုဆိန်ကြီးတစ်ခုကို ကိုင်မြှောက်ပြီး မိတ်ဆက်လိုက်သည်။
ကောင်းကင်ဝံပုလွေလှံပုဆိန်ကြောင့် ခန်းမတစ်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ ပထမဆုံးလေလံတင်သော ရတနာက ဤမျှကောင်းမွန်နေမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ လူတိုင်းက ချက်ချင်းလေလံဆွဲလိုက်ကြသည်။
"ရှစ်ထောင့်တစ်ရာ"
"ရှစ်ထောင့်သုံးရာ"
"ရှစ်ထောင့်ငါးရာ"
ချီစုစည်းဆေးရှစ်ထောင်က သာမန်ကုန်သည်များနှင့် သာမန်မျိုးနွယ်များအတွက် အဆမတန်များသော ပမာဏတစ်ခု ဖြစ်သည်။ ရှီဝူအင်ပါယာ၌ပင် တော်ဝင်မျိုးနွယ်၊ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဟောင်မျိုးနွယ်မှလွဲလျှင် ဤစျေးနှုန်းကို တတ်နိုင်သူမရှိချေ။ အခြားမျိုးနွယ်များက ရှိသမျှရောင်းချလျှင်ပင် မပြည့်မီနိုင်ပေ။
လေလံပွဲ၏ ပထမဆုံးရတနာက ဆေးလုံးရှစ်ထောင်သို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။ ပထမအကြိမ်မှာပင် ထန်းတုကုန်သည်အသင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်ရန် အကွက်ကျကျကစားသွားပြီး အဆင့်သုံးလက်နက်တစ်ခုကိုပင် ထုတ်ယူလာသည်။ နောက်ရတနာများ၏တန်ဖိုးက ပြန်လည်နိမ့်ကျသွားပေလိမ့်မည်။
မင်ဝူထံတွင် အဆင့်သုံးလက်နက်တစ်ခုရှိနေပြီး သူ၏ပစ်မှတ်က ကာကွယ်ရေးရတနာများ ဖြစ်သောကြောင့် ဤရတနာကို စိတ်မဝင်စားခဲ့ပေ။
"စစ်ဝိညာဥ်ဆိုတာက ဘာများလဲ။ လက်နက်ဝိညာဥ်တွေကိုရော အဆင့်ခွဲထားသေးတာလား"
ယဲ့ချန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
"လက်နက်ဝိညာဥ်အမျိုးအစား အများကြီးရှိတယ်။ အသိစိတ်က ထင်ထင်ရှားရှားမရှိသေးရင် သာမန်အဆင့်လို့ ခေါ်တယ်။ ပိုပြီးအစွမ်းထက်တဲ့ လက်နက်ဝိညာဥ်ကိုတော့ စစ်အဆင့်လို့ခေါ်ပြီး လူတွေနဲ့ဆက်သွယ်နိုင်တဲ့အပြင် တိုက်ပွဲထဲမှာ စွမ်းအားထောက်ပံ့ပေးနိုင်ရင်တော့ သိုင်းအဆင့်လို့ခေါ်တယ်။ အဲ့ထက်မှာ နောက်တစ်ဆင့်ရှိတယ်လို့ ပြောကြပေမယ့် ငါလည်းမသိဘူး။ အချို့အစွမ်းထက်လက်နက်ဝိညာဥ်တွေက အသိစိတ်မျှင်လေးတစ်ခုတည်းနဲ့ ကပ်ဘေးဆိုက်အောင် စွမ်းနိုင်တယ်လို့ ကြားဖူးတယ်။ လက်နက်ဝိညာဥ်က ပိုအဆင့်မြင့်လေလေ လက်နက်က ပိုပြီးစျေးကြီးလေလေဖြစ်တယ်"
ရွှမ်းယီက ရှင်းပြလိုက်ခြင်းဖြစ်သည်။ သူက ဆေးဆရာတစ်ယောက်ဖြစ်သောကြောင့် လက်နက်ဝိညာဥ်များအကြောင်း အသေးစိတ်တော့ မသိထားပေ။ ပန်းပဲဆရာများက ဆေးဆရာများထက် ပို၍ရှားပါးသူများဖြစ်သည်။
ပန်းပဲဆရာများက ဆေးဆရာများထက် ပို၍ငွေရှာနိုင်ကြသည်။ ဆေးလုံးများတွင် အဆင့်တစ်မှတစ်ဆယ်၊ လူသား၊ မြေနှင့် ကောင်းကင်ဟူ၍ အဆင့်များခွဲခြားထားသည်။ လက်နက်များကိုလည်း ထိုနည်းတူ အဆင့်ခွဲထားသည်။ ကောင်းကင်အဆင့်ဆေးတစ်လုံးက ချီစုစည်းဆေးအလုံးသောင်းချီတန်ပြီး စျေးကြီးသော အမျိုးအစားဆိုလျှင် သိန်းချီပေးချေရသည်။ သို့သော် လက်နက်များတွင် အဆင့်သုံးလက်နက်တစ်ခုကို ဆေးလုံးသောင်းချီတန်ဖိုးရှိ၍ အဆင့်ငါး၊ခြောက်များကိုပင် မိုးထိုးနေသော စျေးကွက်ရှိသည်။ လူသား ၊မြေနှင့် ကောင်ကင်အဆင့်လက်နက်များဆိုလျှင် ဆိုဖွယ်ရာမရှိချေ။
တန်ဖိုးကြီးမားသော်လည်း လက်နက်ထုလုပ်ခြင်းက ဆေးဖော်စပ်ခြင်းထက် ပို၍ခက်ခဲသည်။ ပန်းပဲဆရာတစ်ယောက်သည် လက်နက်ဝိညာဥ်သန္ဓေသားကို ဝိညာဥ်လက်နက်ဖြစ်လာနိုင်သော လက်နက်တစ်ခုတွင် ပေါင်းစပ်ပြီး တိုက်ပွဲများကျော်ဖြတ်ရသည်။ သန္ဓေသားက လက်နက်ဝိညာဥ်အဖြစ် ကြီးထွားလာမည်ဖြစ်သော်လည်း ၎င်းက အထိအခိုက်မခံသဖြင့် အစွမ်းမထက်လာခင် ပျက်စီးနိုင်ချေမြင့်သည်။ ဆေးဆရာများက ဆေးဖော်စပ်ရုံသာ လိုအပ်သည်။ ထို့ကြောင့် ဆေးလုံးများက လိုအပ်ချက်တစ်ခုဖြစ်သော်လည်း ဝိညာဥ်လက်နက်များက ရှားပါးအရေးပါနေရခြင်း ဖြစ်သည်။
ယဲ့ချန်သည် ရွှမ်းယီ၏ရှင်းပြမှုကြောင့် လက်နက်ဝိညာဥ်များအပေါ် ပိုမိုသဘောပေါက်လာခဲ့သည်။ ငရဲဖြိုခွဲဓားတွင် စစ်ဝိညာဥ်ရှိနေနိုင်ပြီး အဆင့်ခြောက်လက်နက်ဖြစ်နိုင်သည်။ ကောင်းကင်မီးချပ်ကာ၏ လက်နက်ဝိညာဥ်က ပိုမိုအဆင့်မြင့်ပုံပေါ်ကာ အဆင့်လည်း မြင့်ပေလိမ့်မည်။ ယဲ့ချန်သည် သူ၏စိတ်အတွင်းရှိနေသော ဓားပျံကို တွေးမိလိုက်သည်။ အလွန်အစွမ်းထက်သော ၎င်းက လူသား၊ မြေနှင့် ကောင်းကင် မည်သည့်အဆင့်တွင် ရှိနေမည်နည်း။
လေလံခန်းမ၏ပတ်ဝန်းကျင်က လျင်မြန်စွာ သက်ဝင်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် ကောင်းကင်ဝံပုလွေလှံပုဆိန်ကို မြောက်ပိုင်းမျိုးနွယ်တစ်ခုက ဆေးလုံးတစ်သောင်းတစ်ထောင်ဖြင့် ဝယ်ယူသွားခဲ့သည်။
နောက်ထပ်လေလံတင်သော ရတနာက အစိတ်အပိုင်းသုံးခုပါဝင်သည့် အဆင့်နှစ်သံချပ်ဝတ်တစ်ခု ဖြစ်သည်။ လက်နက်ဝိညာဥ်က သာမန်အဆင့်ဖြစ်၍ ကြမ်းခင်းစျေးက ဆေးလုံးခြောက်ထောင်ဖြစ်သည်။ မင်ဝူက ၎င်းကို ကိုးထောင့်ခြောက်ရာနှင့် ဝယ်ယူနိုင်လိုက်၏။
သာမန်အဆင့်သုံးဝိညာဥ်လက်နက်တစ်ခုကြောင့် သံချပ်ကာက ထိခိုက်နိုင်သော်လည်း ထိုးဖောက်ခံရမည်မဟုတ်ပေ။ မင်ဝူက ကန့်သတ်ဒေသတိုက်ပွဲအတွက် သေချာပြင်ဆင်နေခဲ့သည်။
ကာကွယ်ရေးရတနာတစ်စုံကို ဤမျှစျေးမြင့်မြင့်ဖြင့် ရောင်းထွက်သွားသောအခါ ယဲ့ချန်သည် ကာကွယ်ရေးတွင် အစွမ်းထက်လွန်းသော သူ၏ပိုးဝတ်စုံကို တွေးမိလိုက်သည်။ ယဲ့ချန်က ငရဲဖြိုခွဲဓားဖြင့် ၎င်းကို အကြိမ်အနည်းငယ်ထိုးစိုက်ခဲ့သော်လည်း လုံးဝထိခိုက်မှုမရှိချေ။ ကာကွယ်ရေးသက်သက်တွင် ပိုးဝတ်စုံက အဆင့်လေးသံချပ်ကာများအောက် လုံးဝမနိမ့်ပေ။ ချီစုစည်းဆေးလုံးငါးသိန်းဖြင့် ကမ်းလှမ်းလာလျှင်ပင် သူက ပိုးဝတ်စုံကိုထုတ်ရောင်းမည် မဟုတ်ပေ။
ဝိညာဥ်ရတနာများက တစ်ခုပြီးတစ်ခု ရောင်းချခံနေရသည်။ အများစုက အဆင့်နှစ်နှင့်သုံးဖြစ်ပြီး အဆင့်လေးဝိညာဥ်လက်နက်တစ်ခုပင် ပါဝင်သည်။ သို့သော် လက်နက်ဝိညာဥ်က အစွမ်းမထက်သောကြောင့် ၎င်းက အဆင့်သုံးလက်နက်များထက် အနည်းငယ်သာ ပို၍အစွမ်းထက်သည်။ ထို့ကြောင့် ဆေးလုံးနှစ်သောင်းဖြင့် ရောင်းထွက်သွားခဲ့သည်။
လက်နက်များအပြင် အဆင့်ရှစ်နှင့်ခုနစ် ဆေးလုံးများလည်း လေလံပွဲ၏အလယ်ပိုင်းတွင် ထွက်ပေါ်လာသည်။ ရွှမ်းယီက ဆေးပင်များဝယ်ယူရန်အတွက် ဆေးလုံးသုံးသောင်းကို မျက်တောင်တစ်ချက်မခတ်ဘဲ အသုံးပြုလိုက်သည်။ ချမ်းသာမှုအရာတွင် သူက မင်ဝူထက် သာလေသည်။
ဤကား အဓိပ္ပါယ်ရှိပေသည်။ ရွှမ်းယီသည် အရှေ့ကုန်းမြေတွင် ထိပ်တန်းဆေးဆရာ ဆယ်ယောက် စာရင်းဝင်ဖြစ်သည်။ သူကမြေအဆီအနှစ်ဆေးတစ်လုံးကို ဖော်စပ်လိုက်လျှင် သာမန်မျိုးနွယ်များ၏ တစ်နှစ်စာဝင်ငွေကို ရနိုင်သည်။ မင်ဝူ၏ရင်မျိုးနွယ်က ငွေရှာရာတွင် ဆေးဆရာတစ်ယောက်ကို မမီချေ။
ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ဖြင့် ယဲ့ချိန်ရွှမ်းကိုလည်း ရှာတွေ့ခဲ့သည်။ သီးသန့်အခန်းငါးတွင်ရှိနေသည့် သူ၏အဘိုးက အဆင့်သုံးလက်နက်နှစ်ခုကို ဝယ်ယူထားနိုင်သည်။ တစ်ခုလျှင် ဆေးလုံးသောင်းချီတန်သော ဤလက်နက်မျိုးကို ယခင်ကယဲ့မျိုးနွယ်ဆိုလျှင် စိတ်တောင်ကူးဝံ့မည် မဟုတ်ချေ။
လေလံပွဲ၏အလယ်ပိုင်းတွင် ယဲ့ချန်ကို အာရုံစိုက်စေသော ရတနာတစ်ခု ထွက်ပေါ်လာသည်။
"နောက်ထပ်လေလံတင်မှာကတော့ ဆန်းကျယ်အဆင့် သားရဲအမြုတေ ဖြစ်ပါတယ်"
ချီလင်ဝမ်ချင်သည် လက်သီးဆုပ်အရွယ်ရှိ တောက်ပခမ်းနားသော သားရဲအမြုတေတစ်လုံးကို ထုတ်ပြလာသည်။
"ဒီအမြုတေကို ပေလိတိုင်းပြည်ရဲ့နယ်စပ်က တောင်ပေါ်သစ်တောမှာ ထန်းတုကုန်သည်အသင်းရဲ့ ဆရာသခင်တစ်ယောက် တွေ့ရှိခဲ့ပါတယ်။ ဆန်းကျယ်အဆင့်မှော်သားရဲရဲ့ အလောင်းကနေ ထုတ်ယူလာတဲ့ ဒီအမြုတေက အလွန်အရည်သွေးကောင်းမွန်ပါတယ်။ သတ္တုနဲ့ သစ်သားအမျိုးအစား ချီတွေပါဝင်လို့ ဆေးပညာအတွက် အကောင်းဆုံးဖြစ်ပါတယ်"
"ကြမ်းခင်းစျေးကတော့ ချီစုစည်းဆေးသုံးသောင်း ဖြစ်ပါတယ်ရှင်"
ချီလင်ဝမ်ချင်၏ စကားအဆုံးတွင် ခန်းမအတွင်းရှိ သားရဲများက စတင်လေလံဆွဲလာကြသည်။ သူတို့က ဆန်းကျယ်အဆင့်မှော် သားရဲအမြုတေအတွက် စိတ်လှုပ်ရှားစွာ ပြိုင်ဆိုင်နေကြသည်။
"လေးသောင်း"
"လေးသောင်းငါးထောင်"
"ငါးသောင်း"
ဆန်းကျယ်အမြုတေက ရတနာတစ်ခုဖြစ်သော်လည်း ယဲ့ချန်အတွက် များစွာအသုံးမဝင်ပေ။ ထို့အပြင် မိုးထိုးမတတ်မြင့်မားနေသော ဤစျေးကိုလိုက်ရန် လုံလောက်သော ဆေးလုံးများ လက်မောင်းကာအတွင်း၌ ပြတ်လပ်နေသည်။ ထိုအခိုက်တွင် ယဲ့ချန်သည် ကောင်းကင်သားရဲများနှင့် မှော်သားရဲများတွင် တူညီသော အချက်တစ်ခုကို သတိပြုမိလိုက်သည်။ သားရဲတစ်ကောင်ချင်းစီတွင် လူသားနောက်လိုက်များ ရှိနေကြလေသည်။