← Chapters

နတ်ဘုရင်၏ဖိတ်စာ

Vol. 16 Ch. 220

နတ်ဘုရင်၏ဖိတ်စာ

Vol. 16 Ch. 220

"ဆရာ ဒီလူတွေက ဘယ်သူတွေလဲ"

ယဲ့ချန်သည် ဆန်းကျယ်အမြုတေကို လုနေကြသော သားရဲများကိုညွှန်ပြ၍ ရွှမ်းယီထံ စပ်စုလိုက်သည်။

"သြော် သူတို့လား။ ဒီတစ်​ယောက်က မြောက်ပိုင်းလျောင်တိုင်းပြည်၊ ရဲလူမျိုးနွယ်ရဲ့ခေါင်းဆောင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်တယ်။ ဟိုတစ်ယောက်ကတော့ နန်မန်တိုင်းပြည် လဲ့ယုမျိုးနွယ်ရဲ့ ခေါင်းဆောင်။ သူ့အဆင့်ကိုတော့ သေချာမသိဘူး။ ဟိုနားကလူက ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ဖြစ်ပြီး ရှီဝူအင်ပါယာနဲ့ အခြားတိုင်းပြည်တွေမှာ ငွေတိုက်ခုနစ်ခု ပိုင်ထားတယ်။ ငါတောင် သူရဲ့ငွေတိုက်တွေနဲ့ အလုပ်လုပ်ဖူးတယ်"

ရွှမ်းယီက တစ်ချက်ပြုံး၍ တစ်ယောက်စီအကြောင်းကို ရှင်းပြလိုက်သည်။

ယဲ့ချန်က ကုလားထိုင်၏လက်ရန်းကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။ ဤသားရဲများက လူသားကမ္ဘာတွင် အဆင့်တန်းမြင့်သော နေရာများကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ကောင်းမွန်စွာဖုံးကွယ်ထားပြီး မှော်သားရဲနှင့် ကောင်းကင်သားရဲများဖြစ်ကြောင်းကို မည်သူမှမသိခဲ့ကြပေ။

ဤသားရဲများက လူသားများကြားတွင် အဘယ်ကြောင့်ပုန်းကွယ်နေကြသနည်း။ သူတို့၏ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်သနည်း။

ယဲ့ချန်သည် အမွေးပွလေးထံမှ နတ်ဘုရင်များကြားတွင် ပိုင်နက်များခွဲထားကြောင်း သိခဲ့ရသည်။ တစ်ယောက်၏ပိုင်နက်ကို တစ်​​ယောက်ကျူးကျော်လျှင် ပြဿနာများ ဖြစ်တတ်ကြသည်။ ပြဿနာက ကြီးမားလာလျှင် သားရဲပေါင်းသောင်းချီပါဝင်သော စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်သည်။ ဤပုန်းကွယ်နေသော သားရဲများက မည်သည့်နတ်ဘုရင်၏လက်အောက်မှဖြစ်ကြောင်းကို ယဲ့ချန်က အတွေးနက်နေမိသည်။

ကြည့်ရသည်မှာ သူက ဤလောက၏ရှုပ်ထွေးပုံကို အထင်သေးမိပုံရသည်။ လက်ရှိတွင် သူက အခြေအနေများစွာကို အတိအကျမသိရသော်လည်း ကျင့်ကြံဆင့်မြင့်မားလာလျှင် အရာအားလုံးကို သေချာပေါက်နားလည်ပေလိမ့်မည်။

သားရဲများစွာက လူသားများအကြားတွင် ပုန်းကွယ်နေကြောင်းသိလျှင် ယဲ့ချန်သည် အစွမ်းမထက်ခင် သူ့ကိုယ်သူမဖော်ထုတ်မိစေရန် ဆုံးဖြတ်လိုက်သည်။

အဆုံးတွင် ဆန်းကျယ်အဆင့် မှော်သားရဲအမြုတေသည် ဆန်းကျယ်အဆင့် ကောင်းကင်သားရဲတစ်ယောက်၏လက်ထဲသို့ ဆေးလုံးခုနစ်သောင်းဖြင့် ရောက်ရှိသွားခဲ့သည်။

ဆေးလုံးခုနစ်သောင်းဟူသော ပမာဏက လေလံပွဲကို အစွမ်းကုန်မြင့်တက်သွားစေပြီး နောက်ထပ်လေလံတင်သော ရတနာများက ပိုမိုစျေးကြီးလာခဲ့သည်။ ခဏအတွင်း ထိပ်တန်းအဆင့်သုံး ဝိညာဥ်လက်နက်များက လေလံပွဲတွင် ထွက်ပေါ်လာကြသည်။

ထိုအချိန်တွင် ယဲ့ချန်၏အခန်းရှေ့တွင် တံခါးခေါက်သံများ ထွက်ပေါ်လာသည်။

"ဝင်ခဲ့"

ရွှမ်းယီက အမိန့်ပေးလိုက်သည်။

"ဂုဏ်သရေရှိဧည့်သည်တော်တို့ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ အခန်းကိုးက ဧည့်တော်က ခင်ဗျားတို့ထံ ဖိတ်စာပို့လိုက်ပါတယ်။ ဘယ်သူ့ကို ကျွန်တော် ပေးရမလဲဗျ"

အစေခံက အခန်းအတွင်းသို့ရောက်သောအခါ ရွှမ်းယီနှင့်မင်ဝူကို ခေါင်းမော့၍ ကြည့်လိုက်မိသည်။ အခန်းကိုးမှဧည့်သည်က သူ့ကို ဖိတ်စာပို့ခိုင်းသော်လည်း လက်ခံသူကို မပြောခဲ့ပေ။ မူလတွင် သူက အခန်းနှစ်တွင် ဧည့်သည်တစ်​ယောက်တည်းသာရှိမည်ဟု ထင်ထားသော်လည်း လူများစွာရှိနေသောအခါ အကျပ်ရိုက်သွားခဲ့သည်။

ရွှမ်းယီနှင့်မင်ဝူက ယဲ့ချန်ကို တပြိုင်နက်လှည့်ကြည့်လိုက်သည်။ သူတို့ကြားတွင် ဤဖိတ်စာကို လက်ခံခွင့်ရှိသူမှာ ယဲ့ချန်သာ ဖြစ်နိုင်သည်။

"ငါ့ကို ပေးပါ"

ယဲ့ချန်ကရှေ့ထွက်၍ အစေခံထံမှ ဖိတ်စာကို လက်ခံလိုက်သည်။ ဤနေရာတွင် အခန်းငါးရှိယဲ့ချိန်ရွှမ်းမှလွဲလျှင် သူက အသိမရှိသောကြောင့် ဖိတ်စာပို့သူကို မစဥ်းစားနိုင်ခဲ့ပေ။

ဖိတ်စာကိုပေးပြီးနောက် အစေခံက ရိုရိုသေသေခေါင်းညွှတ်၍ ထွက်ခွာသွားခဲ့သည်။

ရွှမ်းယီနှင့်မင်ဝူသည် ဖိတ်စာပါအကြောင်းအရာကို သိလိုသော်လည်း သူတို့၏ကိစ္စ မဟုတ်ပေ။ သူတို့က ယဲ့ချန်ကို တစ်ချက်သာကြည့်၍ အာရုံကို လေလံပွဲထံ ပြောင်းလိုက်၏။

ယဲ့ချန်နှင့်အမွေးပွလေးက အကြည့်ချင်းဖလှယ်၍ သူက ဖိတ်စာကို မျက်မှောင်ကြုတ်ကာ ဖွင့်လိုက်သည်။ ဖိတ်စာကိုဖွင့်လိုက်သောအခါ ထူးဆန်းသောစာလုံးများ ရေးထားပြီး ယဲ့ချန်က မဖတ်တတ်ပေ။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် သားရဲဘာသာစကားဖြင့် ရေးသားထားကြောင်း သူက ချက်ချင်းသိရှိသွားခဲ့သည်။

"သားရဲဘာသာစကား ဖိတ်စာ"

ယဲ့ချန်၏စိတ်များ လေးလံသွားခဲ့သည်။ ကျောက်စိမ်းနက်အရိုင်းတုံးကို စစ်ဆေးစဥ်က တွေ့ရှိခဲ့သော ကောင်းကင်သားရဲနတ်ဘုရင်က သူ၏အတွေးထဲတွင် ဖြစ်ပေါ်လာသည်။ ထိုကောင်းကင်သားရဲက ယဲ့ချန်ကို ရှာတွေ့သွားပုံပေါ်သည်။

ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိက အခန်းထောင့်သို့ ရောက်သွားကြသည်။

"အမွေးပွလေး ဒီဖိတ်စာက ဘာပြောထားတာလဲ"

ယဲ့ချန်က မေးလိုက်သည်။

အမွေးပွလေးက ဖိတ်စာကိုဖတ်၍ သားရဲဘာသာစကားဖြင့် ပြောလိုက်သည်။

"အမ​ပြောတာက ဖိတ်စာပို့တဲ့သူဟာ အစ်ကိုကြီးကို အခန်းကိုးဆီလာခဲ့ပါတဲ့"

ရှောင်ရိက ဘာသာပြန်ပေးလိုက်သည်။

"အခန်းကိုး ဟုတ်လား ။ကြည့်ရတာ နတ်ဘုရင်များလား"

ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ကို အခန်းကိုးထံ ပို့လွှတ်လိုက်၏။ အခန်း၏အပြင်တွင် အစွမ်းထက်ဝိညာဥ်အသိစိတ်ကို တွေ့လိုက်ရသည်။ ၎င်းက သူ ကျောက်စိမ်းမျှော်စင်တွင်တွေ့ခဲ့ဖူးသော ဝံပုလွေအသိစိတ်ထက် အနည်းငယ်ပို၍ အစွမ်းထက်ပေသည်။

ယဲ့ချန်က နတ်ဘုရင်သေချာကြောင်းသိလျှင် ဝိညာဥ်အသိစိတ်ကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်သည်။

ဤနတ်ဘုရင်က အဘယ်ကြောင့် သူ့ကိုဖိတ်ခေါ်ရသနည်း။

ယဲ့ချန်က အနည်းငယ်ခေါင်းရှုပ်နေခဲ့သည်။ တစ်ဖက်လူမှ မည်သည်ကိုကြံစည်နေသည်ဖြစ်စေ ယဲ့ချန်က စိုးရိမ်ခဲ့ရသည်။ လက်ရှိတွင် နတ်ဘုရင်တစ်ယောက်ကို သူက လုံးဝမယှဥ်နိုင်ပေ။ ထို့အပြင် ၎င်းက ကောင်းကင်သားရဲတစ်ကောင်ဖြစ်နေသောအခါ ယဲ့ချန်ကိုသတ်ရန် အတွေးတစ်ချက်သာ လိုပေလိမ့်မည်။

ကောင်းကင်သားရဲနတ်ဘုရင်တစ်ကောင်က သားရဲများ၏လောကတွင် အရှင်သခင်တစ်ယောက်ဖြစ်သည်။ သူတို့၏ကြောက်မက်ဖွယ်ခွန်အားက သားရဲတိုင်းကို ကြောက်လန့်စေသည်။

ဝံပုလွေဝိညာဥ်အသိစိတ်နဲ့ ရင်ဆိုင်ခဲ့ရာတွင် ယဲ့ချန်သည် ပြိုင်ဘက်ကို အနည်းငယ်ဖိနှိပ်နိုင်ခဲ့သည်။ ၎င်း၏ပိုင်ရှင်က ကျောက်စိမ်းမျှော်စင်အတွင်းဝင်ရန် အလျင်လိုနေသောကြောင့် သူ့ကို အာရုံမစိုက်ခဲ့သည်မှာ ကံကောင်းမှုဖြစ်သည်။ ထိုအချိန်မှစ၍ ယဲ့ချန်သည် နတ်ဘုရင်တစ်ယောက်၏အစွမ်းကို နားလည်သွားခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲနိုင်သော်လည်း တစ်ဖက်လူမှ သူ့ကို အရူးလုပ်နေကြောင်းသိသွားလျှင် ဒေါသတကြီးဖြင့် သတ်ဖြတ်လာနိုင်သည်။

ဆန်းကျယ်အဆင့်သားရဲများနှင့် ရင်ဆိုင်ရာတွင် ယဲ့ချန်က အေးစက်စက်ဖြင့် နတ်ဘုရင်တစ်ယောင်ပမာ ဟန်ဆောင်နိုင်သည်။ နတ်ဘုရင်တစ်ယောက်နှင့်အတွေ့တွင် ယဲ့ချန်က စိုးရိမ်စိတ်များနေခဲ့သည်။ ထို့အပြင် သူက တစ်ဖက်လူ၏ရည်ရွယ်ချက်ကို မသိပေ။

အမွေးပွလေးက ယဲ့ချန်ကိုမော့ကြည့်ကာ စိုးရိမ်တကြီးဖြင့် ခေါင်းယမ်းပြလိုက်သည်။ အမွေးပွလေးက သူ့ကိုမသွားစေလိုကြောင်း ယဲ့ချန် နားလည်လိုက်သည်။

သို့သော် ယဲ့ချန်၌ ရွေးချယ်စရာမရှိပေ။ နတ်ဘုရင်တစ်ယောက်၏ ဝိညာဥ်အသိစိတ်သည် ကျောက်စိမ်းမြို့တစ်ခုလုံးကို ဖုံးကွယ်နိုင်သည်။ သူတို့အတွက် ပြေးစရာမြေမရှိပေ။ ယဲ့ချန်က ဖိတ်ကြားချက်ကိုလက်မခံလျှင် နတ်ဘုရင်မဟုတ်ကြောင်း သံသယဝင်ခံရနိုင်သည်။ ယဲ့ချန်မသွားလျှင် သေခြင်းတစ်မျိုးသာရှိပြီး သွားရောက်တွေ့ဆုံလျှင် အနည်းဆုံး အခွင့်အရေးရှိပေသည်။

"ရှောင်ရိ အမွေးပွလေး မင်းတို့နေခဲ့ကြ။ ငါ အခန်းကိုးကို တစ်ယောက်တည်းသွားတွေ့လိုက်မယ်"

ယဲ့ချန်က ကြောက်လန့်နေသော်လည်း ယောကျ်ားပီပီသတ္တိမွေး၍ ပြောလိုက်သည်။ သူက ကြောက်စိတ်ကို ပယ်ရှားကာ ပြတ်သားစွာဆုံးဖြတ်လိုက်သည်။

"အစ်ကိုကြီး ကျွန်တော်လိုက်ခဲ့မယ်"

ရှောင်ရိက ယဲ့ချန်၏အင်္ကျီစကို ဆွဲကိုင်၍ ခွင့်တောင်းလိုက်သည်။ ရှောင်ရိက ငယ်ရွယ်ပြီး ကလေးအတွေးသာရှိသော်လည်း သူက ယဲ့ချန်ကို အလွန်အားကိုးချစ်ခင်လေသည်။ ဝူစီကမူ အခြေအနေကိုနားမလည်နိုင်ဟန်ဖြင့် မျက်လုံးပြူးပြူးလေးများနှင့် စိုက်ကြည့်နေခဲ့မိသည်။

"ရှောင်ရိ ငါ ပြန်လာတာကို စောင့်နေပါ။ ငါ ဘာမှမဖြစ်ဘူး။ မစိုးရိမ်ပါနဲ့။ နတ်ဘုရင်က ငါ့ကိုစကားပြောချင်လို့ ဖိတ်စာတစ်စောင် ပို့လိုက်တယ်"

ယဲ့ချန်က ရှောင်ရိ၏ခေါင်းကိုပုတ်၍ နှစ်သိမ့်လိုက်သည်။

"တကယ်လား"

ရှောင်ရိက တစ်လုံးချင်းပြောလိုက်သည်။

"အစ်ကိုကြီး သွားတော့မယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။

အမွေးပွလေးသည်လည်း နတ်ဘုရင်ထံမှ ထွက်မပြေးနိုင်ကြောင်း နားလည်ထားသဖြင့် ယဲ့ချန်၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။

"ဆရာ အရှင်မင်းကြီး ကျွန်တော် အခန်းကိုးကို သွားလိုက်ဦးမယ်"

ယဲ့ချန်က ရွှမ်းယီနှင့်မင်ဝူထံ အသိပေးလိုက်၏။

"ကောင်းပြီ"

ရွှမ်းယီက သံသယဝင်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ ယဲ့ချန်က ထောင့်တစ်ထောင့်တွင် အမွေးပွလေးတို့နှင့်တိုင်ပင်နေသော်လည်း သူတို့က ခိုးနားမထောင်ခဲ့ပေ။ သူတို့က ယဲ့ချန်သည် မိတ်ဆွေတစ်ယောက်ကို သွားတွေ့မည်ဟု ထင်ထားကြသည်။

ယဲ့ချန်က ဖိတ်စာကို လက်မောင်းကာအတွင်း ထည့်သိမ်းလိုက်ပြီး ရှောင်ရိ၊အမွေးပွလေးနှင့်ဝူစီကို တစ်ချက်ကြည့်ကာ အခန်းအပြင်ထွက်သွားခဲ့၍ အခန်းကိုးထံ ဦးတည်လိုက်သည်။ သူက ရှည်လျားသော စင်္ကြံလမ်းတွင် စိတ်လေးစွာဖြင့်လျှောက်လာခဲ့သည်။ လက်ရှိတွင် သူက နတ်ဘုရင်တစ်ယောက်ကို မျက်နှာချင်းဆိုင်တွေ့ရတော့မည်ဖြစ်သည်။ အမှားတစ်ချက်က သူ၏အသက်ကို နုတ်ယူသွားပေလိမ့်မည်။

လေလံပွဲက ဆက်လက်ကျင်းပနေပြီး ဆူညံသံများက ခန်းမအတွင်းမှ ကျယ်လောင်စွာထွက်ပေါ်နေသည်။

ယဲ့ချန်သည် အခန်းကိုးရှေ့သို့ရောက်သောအခါ ဝိညာဥ်အသိစိတ်တစ်ခု လွှမ်းခြုံထားသဖြင့် အထဲကိုမမြင်နိုင်ခဲ့ပေ။ လမ်းတွင်ရပ်နေသော ယဲ့ချန်၏ဘေးမှ အစေခံများက တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေး၍ ဖြတ်သွားကြသည်။ သူတို့က ယဲ့ချန်ကို စပ်စုလိုဟန်ဖြင့် ကြည့်သွားခဲ့လေသည်။

အခန်းကိုး၏တံခါးကို ခရမ်းရွှေသတ္တုဖြင့် ပြုလုပ်ထားသောကြောင့် အလွန်ထူပြီးမာကျောသည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်က အဆင့်သုံးလက်နက်ဖြင့် တိုက်ခိုက်လျှင်ပင် ဤတံခါးကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။ လေလံအိမ်က ဧည့်သည်တော်များ၏လုံခြုံရေးအတွက် များစွာအားထုတ်ထားလေသည်။

ယဲ့ချန်သည် တံခါး၏နောက်ကို စစ်ဆေးရန် ဝိညာဥ်အသိစိတ်ကို မထုတ်ဖော်ခဲ့ပေ။ သူက ဝိညာဥ်အသိစိတ်ကို အသုံးမပြုလျှင် နတ်ဘုရင်မှ သံသယဖြစ်စရာအချက်များကို ရှာတွေ့မည်မဟုတ်ပေ။ ရွေးစရာမရှိသော အခြေအနေမှမဟုတ်လျှင် ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်သုံး၍ မဖြစ်ချေ။

"ဒေါက် ဒေါက် ဒေါက်"

ယဲ့ချန်က တံခါးခေါက်လိုက်သည်။ တံခါးက ချက်ချင်းပွင့်သွားခဲ့သည်။

"ဝင်ခဲ့"

အားမာန်ပါကာ ပြင်းထန်သော စကားသံတစ်ခု ထွက်ပေါ်လာ၏။ စကားသံက ကျယ်လောင်သော ဗုံသံတစ်ခုကဲ့သို့ ယဲ့ချန်၏စိတ်အတွင်းပိုင်းအထိ မြည်ဟီးသွားခဲ့သည်။

ယဲ့ချန်က တည်ငြိမ်စွာဖြင့် တစ်လှမ်းချင်းလျှောက်ဝင်သွားခဲ့သည်။ အခန်းကိုး၏အတွင်းပိုင်းကို ကြီးကျယ်ခမ်းနားစွာပြင်ဆင်ထားပြီး တန်ဖိုးကြီးအဆောင်အယောင်များစွာနှင့် အလှဆင်ထားသဖြင့် နန်းဆောင်တစ်ခုပမာ ထင်မှတ်ရသည်။ ယဲ့ချန်က တစ်ချက်ကြည့်လိုက်သောအခါ အခန်း၏အလယ်တွင် ဧရာမလူသန်ကြီးတစ်ယောက်က ကြီးမားသောခွက်တစ်ခွက်ဖြင့် လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရ၏။

လူသန်ကြီးက အရပ်ဆယ့်နှစ်ပေမြင့်ပြီး ခန္ဓာကိုယ်က တောင့်တင်းသန်မာလှသည်။ သူက ထိုင်နေသော်လည်း သံမျှော်စင်ကြီးတစ်ခုထောင်ထားသည့်ပမာ ထင်မှတ်ရသည်။ သူက အဖိုးတန်ဝတ်ရုံတစ်ထည်ကို ဆင်မြန်းထားပြီး ရွှေအိုရောင်ဆံပင်များက ဖြာကျနေသည်။ သူ၏အသားအရေက ရွှေရောင်တောက်ပနေကာ ဧရာမလက်ဝါးကြီးက ယပ်တောင်ကြီးများပမာ ကျယ်ပြန့်လှသည်။

လူသန်ကြီးက ခေါင်းငုံ့၍အတွေးနက်နေပြီး ခမ်းနားသောအရှိန်အဝါကို ထုတ်ဖော်ထားသည်။ သူ၏ပုံရိပ်က သာမန်လူများနှင့်ကွဲပြားသော်လည်း ထူးဆန်းမှုမရှိချေ။ သူက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိသာနေခဲ့သည်။

"မင်း ရောက်လာပြီလား"

လူသန်ကြီးက ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူက မိတ်ဆွေဟောင်းတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ ပြုံးကာ ကြိုဆိုလိုက်၏။

ယဲ့ချန်က လူသန်ကြီးကို မြင်သောအခါ အနည်းငယ်တုန်ယင်သွားခဲ့သည်။ အခန်းကိုး၏ဧည့်သည်က လူသန်ကြီးတစ်ယောက် ဖြစ်နေခဲ့လေသည်။

All Chapters