← Chapters

ထုံတန်ခြင်္သေ့ဘုရင်

Vol. 16 Ch. 221

ထုံတန်ခြင်္သေ့ဘုရင်

Vol. 16 Ch. 221

ယဲ့ချန်က ခေါင်းညိတ်၍ တံခါးကိုပိတ်ကာ အခန်းအတွင်းသို့ ဝင်လိုက်၏။ သူက သတိကြီးကြီးထားနေရသည်။ ဤလူသန်ကြီးက သူ့ကို နတ်ဘုရင်တစ်ယောက်ဟု ထင်မှတ်နေသော​ကြောင့်သာ ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းဖြစ်သည်။ သူက နတ်ဘုရင်အတုဖြစ်​ကြောင်းသိလျှင် ဤအမူအရာဖြင့် ဆက်ဆံနိုင်မည် မဟုတ်ပေ။

"မင်း လက်ဖက်ရည် သောက်ချင်လား။ အနောက်ပိုင်းဒေသကထွက်တဲ့ ပုလုရိုးရာလက်ဖက်ရည်ဆိုတာ ဒါကွ"

လူသန်ကြီးက လက်ဖက်ရည်တစ်ခွက်ငှဲ့၍ ယဲ့ချန်ထံ အပြုံးတစ်ခုဖြင့် ကမ်းပေးလိုက်၏။

ယဲ့ချန်က လူသန်ကြီးနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူနှင့်လူသန်ကြီးကြားတွင် အရွယ်အစားကွာခြားလွန်းသဖြင့် အရွယ်ရောက်ပြီးလူတစ်ယောက်နှင့် ကလေးတစ်ယောက် ထိုင်နေသည့်ပမာ ထင်မှတ်ရလေသည်။

ယဲ့ချန်သည် လက်ဖက်ရည်ခွက်ကို လက်ခံလိုက်သော်လည်း လူသန်ကြီးက ရန်သူလား မိတ်ဆွေလားဟု မခွဲခြားနိုင်သဖြင့် သောက်ရန်အကြောင်း မရှိပေ။

"ဟား ဟား မင်းက ငါ့ကို သံသယဝင်နေတာထင်တယ်။ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါ့နာမည်က ထုံတန်တဲ့။ အများကတော့ ခြင်္သေ့ဘုရင်လို့ခေါ်ကြတယ်"

ယဲ့ချန်၏အမူအရာကို သတိပြုမိသောအခါ ထုံတန်က စိတ်ဆိုးခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းရယ်မောလိုက်သည်။

ယဲ့ချန်က စိတ်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ဤလူသန်ကြီးက မင်ယွမ်၏ဆရာဖြစ်နေပြီး ခြင်္သေ့ဘုရင်နန်းတော်၏အရှင် ဖြစ်သည်။ အမွေးပွလေးသည် ရှီဝူအင်ပါယာက မူလတွင် ထုံတန်၏ပိုင်နက်ဖြစ်ကြောင်း ​ပြောပြထားခဲ့သည်။ လက်ရှိတွင် ၎င်းပိုင်နက်ကို ဝံပုလွေတိုင်းပြည်က သိမ်းပိုက်သွားခဲ့သည်။

လူတစ်ယောက်သည် ကျေးဇူးကိုသိတတ်ရန် လိုအပ်ပေသည်။ ယဲ့မျိုးနွယ်တွင် ယဲ့ချန်သည် ခြင်္သေ့ဘုရင်နန်းတော်ထံမှ လက်ဆောင်များစွာကို ရယူနိုင်ခဲ့သည်။ ထုံတန်က ယဲ့ချန်သည်သာ နတ်ဘုရင်အတုဖြစ်ကြောင်းသိလျှင် သွေးအန်မတတ် ဒေါသထွက်သွားနိုင်သည်။ ယဲ့ချန်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဤလူသန်ကြီးသည် သူ့အတွက် ကျေးဇူးရှင်မိတ်ဆွေတစ်ယောက်ဟု ဆိုနိုင်သည်။

အတိတ်တွင် မင်ယွမ်သည် ယဲ့အိမ်တော်သို့လာရောက်ကာ ကပ်ဘေးကိုဖြေရှင်းပြီးနောက် အဖိုးတန်ဆေးပင်များကိုပင် လက်ဆောင်ပေးခဲ့သည်။ ဤအချက်အတွက် ယဲ့ချန်သည် ခြင်္သေ့ဘုရင်ကို သေချာပေါက်ကျေးဇူးတင်ရပေလိမ့်မည်။

"ခြင်္သေ့ဘုရင် ကိစ္စတစ်ခုခု ရှိလို့လား"

ယဲ့ချန်က ထုံတန်၏ရည်ရွယ်ချက်ကို တီးခေါက်ကြည့်လိုက်သည်။

"ညီအစ်ကို ငါက မင်းနဲ့ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးချင်လို့ပါ။ မင်းက လူသားတွေကြားမှာ နေထိုင်နေတာဆိုတော့ ဘာတွေများ ဉာဏ်အလင်းပွင့်နေပြီလဲ"

"စကားမစပ် မင်းကို ငါ ဘယ်လိုခေါ်ရမလဲ"

ထုံတန်က တစ်လုံးချင်းပြောလိုက်သည်။

"ယဲ့ချန်"

ထုံတန်က ကျင့်ကြံခြင်းနှင့် သိုင်းလမ်းစဥ်အကြောင်း ဆွေးနွေးလိုသည်ဟု ဆိုသောအခါ ယဲ့ချန်၏ရင်ထဲမှ အလုံးကြီးကျသွားခဲ့သည်။ တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ပြစရာမလိုလျှင် ယဲ့ချန်အနေဖြင့် ဟန်ဆောင်ထားခြင်းပေါ်သွားမည်ကို ကြောက်နေရန်မလိုပေ။

"ယဲ့ချန် လူသားနာမည်လား"

ထုံတန်က အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူက ယဲ့ချန်၏နာမည်ကို အံ့သြသွားပုံပေါ်သည်။

"နာမည်ဆိုတာ ပညတ်ချက်တစ်ခုပါ"

ယဲ့ချန်ကပြုံး၍ ပြောလိုက်သည်။

"နာမည်ဆိုတာ ပညတ်ချက် ဟုတ်လား"

ထုံတန်က မင်သက်သွားပြီး သူ၏စိတ်ထဲတွင် အတွေးတစ်စ ဖြစ်ပေါ်လာသည်။ လူသားများကြားတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သော ယဲ့ချန်မှာ သူ့ထက်ပို၍ နားလည်နိုင်စွမ်းမြင့်မားပေလိမ့်မည်။ ကောင်းကင်သားရဲဖြစ်စေ၊ လူသားဖြစ်စေ ဤအရာက နာမည်တစ်ခုသာဖြစ်သည်။ နာမည်သည် သတ္တဝါမျိုးစုံနေထိုင်သော ဤလောကတွင် အရေးမပါချေ။ ထုံတန်၏ရင်ထဲတွင် ဉာဏ်အလင်းတစ်ချက် တောက်ပလာသည်။

ယဲ့ချန်သည် သူ၏စကားတစ်ခွန်းက ထုံတန်ကို ဤမျှအတွေးနက်သွားစေမည်ဟု မထင်ထားပေ။

"ခြင်္သေ့ဘုရင် ခင်ဗျားက နတ်ဘုရင်အထွတ်အထိပ် ကျင့်ကြံသူလား"

ယဲ့ချန်က မေးလိုက်သည်။ သူက တစ်ချက်တွေးတော၍ ဆက်လက်ဟန်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ သူက ပို၍ဆန်းကျယ်ဟန်ဆောင်လေလေ ပို၍လုံခြုံလေလေဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူက နတ်ဘုရင်အထွတ်အထိပ်ကျင့်ကြံသူဟု ဟန်ဆောင်ရပေမည်။ သေရေးရှင်ရေးနှင့် ပတ်သက်လာလျှင် ရွေးစရာမရှိချေ။

"ဟုတ်တယ်။ ငါက နတ်ဘုရင်အထွတ်အထိပ်အဆင့်ကို ရောက်နေတာ နှစ်ထောင်ချီကြာပြီ။အဆင့်မတက်နိုင်တာကတော့ နှမြောစရာပဲ"

ထုံတန်က ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူသာ အဆင့်တက်သွားလျှင် ဝံပုလွေတိုင်းပြည်နှင့်ရင်ဆိုင်ရာတွင် ဤမျှစိုးရိမ်နေရန် မလိုပေ။

"ငါတို့ခြင်္သေ့မျိုးနွယ်က ဝိညာဥ်အသိစိတ်နဲ့ပတ်သက်ရင် အမြဲတမ်းကျွမ်းဝင်တယ်။ မင်းရဲ့ဝိညာဥ်အသိစိတ်ကနေ ရင်းနှီးမှုတစ်ခုကို ခံစားနေရတယ်။ မင်းရဲ့မူလအသွင်ကို ပြသပေးနိုင်မလား ညီအစ်ကို"

ထုံတန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ရင်းနှီးတဲ့စွမ်းအင် ဟုတ်လား"

ယဲ့ချန်က အနည်းငယ်မင်သက်သွားပြီး ခေါင်းထဲတွင် အတွေးတစ်ချက် ​ဖြတ်ခနဲလင်းလက်သွားခဲ့၏။ အကြောင်းအရင်းက ခရမ်းမီးတောက်ကြယ်ခြင်္သေ့ ဖြစ်သည်။

ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြောင့် ထပ်ကာထပ်ကာ ဖျက်ဆီးခံခဲ့ရသဖြင့် ၎င်း၏စွမ်းအင်အကြွင်းအကျန်များ ကပ်ငြိတွယ်နေပုံပေါ်သည်။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ရော ခြင်္သေ့ဘုရင်ပါ မျိုးနွယ်တူချင်းဖြစ်၍ ထုံတန်က ဤသို့ခံစားရသည်မှာ မထူးဆန်းတော့ပေ။

ယဲ့ချန်က ခဏတာအတွေးနက်ပြီးနောက် ဝိညာဥ်အသိစိတ်ကို ထုံတန်သံသယမဝင်စေရန် ဂရုတစိုက်ထုတ်လွှတ်လိုက်၏။ သူ၏အနက်ရောင်မျက်ဝန်းများတွင် ခရမ်းရောင်မီးတောက်တစ်ခုစီ ထွက်ပေါ်လာခဲ့သည်။

"ဒါ......ဒါက... ခရမ်းရောင်မီးတောက်လား"

ထုံတန်သည် ယဲ့ချန်၏မျက်လုံးအတွင်းမှ ခရမ်းရောင်မီးတောက်ကို မြင်သောအခါ အံ့သြလွန်းသဖြင့် အသံများ တုန်ခါသွားလေသည်။

ယဲ့ချန်သည် ခရမ်းရောင်မီးတောက်ကို အသုံးပြု၍ ခြင်္သေ့မျိုးနွယ်ဝင်ဟု ဟန်ဆောင်လိုက်သည်။ သူက ထုံတန်၏အမူအရာကို မြင်သောအခါ တစ်စုံတစ်ခုအမှားလုပ်မိပြီဟု ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားခဲ့၏။

"အရှင်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်ကလား"

ထုံတန်မှာ အံ့သြလွန်းသဖြင့် ထိုင်နေရာမှ ထခုန်လုမတတ် ဖြစ်သွားခဲ့သည်။

"ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်"

ယဲ့ချန်သည် ထုံတန်၏အမူအရာကို မြင်သောအခါ အနည်းငယ်နောက်ဆုတ်လိုက်၏။ ထုံတန်၏ခန္ဓာကိုယ်ကြီးသာ အမှန်တကယ်ခုန်ထွက်လာလျှင် ယဲ့ချန်က အသားပြားဖြစ်အောင် ပိသွားနိုင်ချေရှိသည်။

"ကျုပ် မဆင်မခြင်လုပ်မိသွားတယ်။ တောင်းပန်ပါတယ်"

ထုံတန်က သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်သည်။ သူ၏ရင်ဘတ်က အသက်ရှူပြင်းပုံ​ကြောင့် နိမ့်တုံမြင့်တုံလှုပ်ရှားနေခဲ့သည်။

"ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်က နှစ်ထောင်ပေါင်းများစွာတည်းက ပျောက်ကွယ်သွားပြီလို့ ထင်ထားခဲ့တယ်။ အရှင်က ဒီအဖြစ်ဆိုးကို ကျော်လွှားရှင်သန်နိုင်ခဲ့တာ တကယ်ကံကောင်းလွန်းပါတယ်"

အချိန်တစ်ခုကြာသောအခါ ထုံတန်၏စကားသံက တုန်ယင်စွာထွက်ပေါ်လာသည်။

ယဲ့ချန်၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်နေသော်လည်း မေးရန်မသင့်တော်ချေ။ ဤမျိုးနွယ်အကြောင်းက သားရဲများ၏စစ်ပွဲတစ်ခု ဖြစ်နိုင်လေသည်။

ယဲ့ချန်သည် ထုံတန်၏အမူအရာကို အကဲခတ်လိုက်သည်။ ထုံတန်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်အပေါ် ရန်လိုစိတ်မရှိကြောင်း သတိထားမိခဲ့သည်။

"ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ခြင်္သေ့မျိုးနွယ်အားလုံးထဲမှာ အသန်မာဆုံးဖြစ်ပြီး ကာကွယ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ ခြင်္သေ့မျိုးနွယ်၏အမည်နာမတော်အားဖြင့် ကျွန်ုပ် ထုံတန်က အရှင့်ကို အရိုအသေပေးပါတယ်"

ထုံတန်က ထိုင်နေရာမှထရပ်လိုက်ပြီး ခါးကိုင်း၍ အလွန်ရိုသေလေးစားဟန်ဖြင့် ဦးညွှတ်လာသည်။

ထုံတန်၏အမူအရာက စစ်မှန်လွန်းနေသဖြင့် ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်သည် ခြင်္ငေ့မျိုးနွယ်တွင် အဆင့်အတန်းမြင့်မားပုံပေါ်သည်။ ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံ​ဆိပ်အတွင်းမှ ခြင်္သေ့ကြီးအကြောင်း တွေးမိလိုက်သည်။ အကယ်၍ ထုံတန်သာ သူက ခရမ်းမီးတောက်ကြယ်ခြင်္သေ့တစ်ကောင်ကို အကျဥ်းချဖမ်းဆီးထားကြောင်းသိလျှင် ချက်ချင်းထ၍ တိုက်ခိုက်ပေလိမ့်မည်။

ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို သူ၏လက်အောက်ခံသားရဲဖြစ်စေရန် ယဲ့ချန်က ကြိုးစားရပေလိမ့်မည်။ ဤနည်းဖြင့် သူ၏ခွန်အားက အလွန်အစွမ်းထက်လာကာ နတ်ဘုရင်အဆင့်များကို ရင်ဆိုင်ရာတွင် အနည်းဆုံးလွယ်ကူသွားပေလိမ့်မည်။

"ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်က ရှေးကျပြီး အသန့်စင်ဆုံးမျိုးဆက်သွေးကို ပိုင်ဆိုင်တယ်။ တစ်လသားအရွယ် ခြင်္သေ့တစ်ကောင်က နတ်ဘုရင်အဆင့်ကို ရောက်နိုင်တယ်။ အရွယ်ရောက်ပြီးရင် မဟာအဆင့်ကိုရောက်ပြီး အစွမ်းထက်ဖြစ်တည်မှုမျိုး ဖြစ်လာနိုင်တယ်။ အရှင်က ဘာကြောင့်......"

ထုံတန်က ယဲ့ချန်ကိုစိုက်ကြည့်ပြီး သူ၏စကားကို ဆက်ပြောရန် သင့်မသင့် ချင့်ချိန်နေသည်။

"ငါငယ်ငယ်က အပြင်းအထန် ဒဏ်ရာရခဲ့ဖူးတယ်"

ယဲ့ချန်သည် ထုံတန်၏စကားကြောင့် စိတ်အတွင်းတုန်လှုပ်သွားသော်လည်း ဆင်ခြေတစ်ခုကို လျင်မြန်စွာစဥ်းစားလိုက်သည်။ သူ့အနေဖြင့် ထုံတန်၏စိတ်ထဲတွင်ရှိနေသော သံသယကို အလျင်အမြန်ပယ်ဖျောက်ပေးရမည် ဖြစ်သည်။

"အရှင်ရဲ့မျိုးဆက်သွေးက သိပ်ပြီးမသန့်စင်ဘူးလို့ ကျုပ်ခံစားနေရတာ ဒါကြောင့်ဖြစ်တယ်။ ဘယ်သူက အရှင့်ကို ထိခိုက်အောင်လုပ်ခဲ့မှန်းမသိပေမယ့် ရန်သူက တော်တော်အစွမ်းထက်မယ်ထင်တယ်။ ဒါပေမယ့် အရှင်ရဲ့ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားရင် သန့်စင်တဲ့မျိုးဆက်သွေးက တစ်ဖန်ပြန်လည်နိုးထလာပါလိမ့်မယ်"

ထုံတန်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ယဲ့ချန်က မည်သည့်မှတ်ချက်မှမပေးဘဲ ခေါင်းညိတ်ပြလိုက်၏။ သူက ဆက်လက်ဟန်ဆောင်နေခြင်းက ကောင်းသည်လားဆိုးသည်လား မတွေးတတ်တော့ပေ။ အရေးအကြီးဆုံးမှာ ကျောက်စိမ်းမြို့တော်မှ လုံခြုံစွာထွက်ခွာနိုင်ရေးပင် ဖြစ်သည်။

"အရှင်က လူသားတွေကြားမှာ ဟန်ဆောင်နေထိုင်ပြီး ကျင့်ကြံနေတာ ဒီအကြောင်းအရင်းကြောင့် ဖြစ်နေတာကိုး။ ကျုပ်ရှိနေသရွေ့ အရှင့်ကို သေချာပေါက် ဘယ်သူမှမနှောင့်ယှက်နိုင်စေရဘူး။ တစ်နေ့မှာ အရှင်ရဲ့ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားရင် ခြင်္သေ့မျိုးနွယ်ရဲ့ဂုဏ်ကျက်သရေကို ပြန်လည်ယူဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ထုံတန်က ပြောလိုက်သည်။ လက်ရှိတွင် သူက ခြင်္သေ့ဘုရင်နန်းတော်၏ အခက်အခဲကြောင့် ခေါင်းကိုက်နေရသည်။ ကျောက်စိမ်းမြို့တော်သို့ရောက်လာခြင်း အကြောင်းမှာ ဝံပုလွေတိုင်းပြည်အရေးကိုဖြေရှင်းရန် မဟာမိတ်နတ်ဘုရင်တစ်ယောက် လာရောက်ရှာဖွေလိုသောကြောင့်ပင်။

မမျှော်လင့်စွာဖြင့် သူက ခရမ်းမီးတောက်ကြယ်ခြင်္သေ့တစ်ကောင်ကို တွေ့ဆုံခဲ့သည်။ ယဲ့ချန်က အစွမ်းထက်ရန်သူများလက်မှ လွတ်မြောက်ရန် လူသားများအကြား ရုပ်ဖျက်နေထိုင်ပုံပေါ်သည်။ သို့သော် ခြင်္သေ့မျိုးနွယ်တူချင်းဖြစ်နေ၍ ထုံတန်က သေချာပေါက်ကူညီရလိမ့်မည်။ အကယ်၍ ယဲ့ချန်သာ ဒဏ်ရာများပျောက်ကင်းသွား၍ မဟာအဆင့်သို့ရောက်လျှင် ခြင်္သေ့ဘုရင်နန်းတော်၏အခက်အခဲက တစ်ခါတည်းဖြေရှင်းပြီး ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် ဤခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် ဆက်ဆံရေးကောင်းရန် လိုအပ်သည်ဟု ထုံတန်က ဆုံးဖြတ်လိုက်လေသည်။

"ကောင်းပြီ။ ငါ အကောင်းဆုံးလုပ်မယ်"

ယဲ့ချန်က ပြန်ဖြေလိုက်၏။ သူက ခရမ်းမီးတောက်ကြယ်ခြင်္သေ့အဖြစ် ဟန်ဆောင်ခြင်းမှ သရုပ်မှန်ထွက်ပေါ်မသွားလျှင် ပြဿနာလုံးဝမရှိနိုင်ပေ။

ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ခြင်္သေ့ကြီးနှင့်လေ့ကျင့်ခြင်းက သူ့ကို သေရေးရှင်ရေးတွင် ကယ်တင်ပေးနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက နတ်ဘုရင်တစ်ယောက်အဖြစ် ဟန်ဆောင်ရခြင်းမှာ ရွေးချယ်စရာမရှိသောကြောင့် ဖြစ်သည်။ အလိမ်အညာဆိုသည်က တစ်နေ့တွင် ပေါ်ပေါက်သွားနိုင်သည်ဖြစ်ရာ အကြွင်းမဲ့ခွန်အားကသာလျှင် အားကိုးစရာဖြစ်သည်။

"ဒါက ကျုပ်ရဲ့တံဆိပ်ပြားပါ အရှင်။ အရှင်က အကူအညီလိုရင် ဘယ်ထန်းတုကုန်သည်အသင်းကိုမဆိုသွားပြီး တာဝန်ရှိသူကို စေခိုင်းနိုင်ပါတယ်။ အရှင့်ရဲ့ခွန်အားအရဆိုရင် ဒီလူတွေက ယင်ကောင်သာသာဖြစ်ပေမယ့် လူသားကမ္ဘာမှာဆိုတော့ အကူအညီပေးနိုင်ပါလိမ့်မယ်"

ထုံတန်က အနက်ရောင်တံဆိပ်ပြားတစ်ခုကို ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ သူ၏စကားက မသင့်တော်မည်ကို စိုးရိမ်သဖြင့် ဖြည့်စွက်ပြောလိုက်ပြန်သည်။

ယဲ့ချန်သည် ထုံတန်ပေးလာသော တံဆိပ်ပြားကို လက်ခံလိုက်၏။ ၎င်းကို အမျိုးအမည်မသိရသော အလွန်မာကျောသည့် သလင်းကျောက်တစ်မျိုးဖြင့် ပြုလုပ်ထားသည်။ တံဆိပ်ပြားက အနက်ရောင်တောက်ပနေသည်။

"ထန်းတုကုန်သည်အသင်းကို မင်း ပိုင်တာလား"

ယဲ့ချန်က တအံ့တသြမေးလိုက်မိသည်။ ထန်းတုကုန်သည်အသင်းသည် အရှေ့ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အင်အားအကြီးဆုံး စီးပွားရေးအဖွဲ့ဖြစ်သည်။ ၎င်း၏လုပ်ငန်းများက လောကတစ်ခွင် ပျံ့နှံတည်ရှိသည်။ ဤကုန်သည်အသင်း၏ပိုင်ရှင်က သူ၏ရှေ့တွင်ထိုင်နေသော ခြင်္သေ့ဘုရင်ထုံတန် ဖြစ်နေသည်။

"ဟုတ်ပါတယ်။ ထန်းတုကုန်သည်အသင်းကို ကျုပ်ပိုင်တယ်ဆိုတာ လူနည်းနည်းလေးပဲ သိထားပါတယ်။ နှစ်ထောင်ပေါင်းများစွာအကြာက သွမ့်ကန်းဟုန်ကို ကျုပ်ကိုယ်တိုင် နောက်ကွယ်ကမကူညီပေးခဲ့ရင် သူ ဒါမျိုးအဖွဲ့ကို တည်ထောင်နိုင်မှာမဟုတ်ဘူး"

ထုံတန်က တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်သည်။

"ထန်းတုကုန်သည်အသင်းအပြင် အလယ်အင်ပါယာရဲ့ တော်ဝင်မျိုးနွယ်တစ်စိတ်တပိုင်း၊ ဂိုဏ်းကြီးငါးဂိုဏ်းထဲက နတ်ဆရာဂိုဏ်းနဲ့ မဟူရာဂိုဏ်း တို့ကလည်း ကျုပ်လက်အောက်မှာ ရှိပါတယ်။ ဒီတံဆိပ်ပြားနဲ့ဆိုရင် အရှင်က သူတို့ကို စိတ်ကြိုက်စေခိုင်းနိုင်ပါတယ်"

ယဲ့ချန်က စားပွဲကို လက်ချောင်းများဖြင့် အသာအယာတောက်လိုက်သည်။ သူ့အနေဖြင့် ထုံတန်က လူသားအင်အားစုများစွာကို ထိန်းချုပ်ထားနိုင်မည်ဟု မမျှော်လင့်ထားပေ။ လက်ရှိတွင် သူက အနက်ရောင်တံဆိပ်ပြား၏တန်ဖိုးကို အမှန်တကယ်နားလည်သွားခဲ့သည်။

"ဒါဆိုရင် ငါက အပြန်အလှန်အနေနဲ့ ဘာလုပ်ပေးရမလဲ"

အလကားရသော နေ့လယ်စာမရှိကြောင်းကို နားလည်ထားသော ယဲ့ချန်က ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

All Chapters